Sunday, June 21, 2009

Tag Post



ဝါသနာပါရာ..


တက်ဂ်ဂိမ်းလေးကို တွေ့လိုက်တော့ ကိုအောင်ပိုင်စိုး တက်ဂ်ထားတယ်ဆိုတာနဲ့ အတော်ကိုရက်ကွာသွားပါပြီ။ ဒါပေမဲ့ စောစောသိလည်း ခုလောက်မှ ရေးနိုင်မှာပါ။ အရှုပ်တွေလုပ်နေတယ်ပဲ ပြောမလား။ အလုပ်တွေ ရှုပ်နေတယ်ပဲပြောမလားပေါ့။ အွန်လိုင်းကို ကောင်းကောင်းမသုံးနိုင်ပါဘူး။ ခုတော့လည်း ကိုအောင်ပိုင်စိုးရဲ့ ကျေးဇူးနဲ့ ပိုစ့်တစ်ခုဖြစ်ပါတယ်။ ဘာရေးရမယ်စိတ်မှာ ရှာမရသေးခင် ဒါလေးရေးတာပေါ့ဆိုပြီး ရေးစရာရသွားတဲ့အတွက်တင်မဟုတ်ဘဲ ခင်မင်စွာနဲ့ တက်ဂ်ခဲ့တာကိုပါ ကျေးဇူးတင်ပါတယ်။



တစ်ကယ်တော့ ကျွန်တော်က အသက်၃၀သာ ကျော်သွားလိုက်တယ်။ ကိုယ့်ကိုကိုယ် ကလေးထင်နေတုန်းပါ။ ပြောရရင်တော့ စိတ်ဓါတ်ပိုင်း သိပ်မရင့်ကျက်တာပေါ့။ ခုချိန်ထိ “မင်း-ဘာဝါသနာပါလဲကွ”လို့ မေးခံရရင် ဟိုဟိုဒီဒီတွေ ပြောဖြစ်နေတုန်းပါ။ ငယ်ငယ်ကတည်းက ဘာဆိုတာကို သေချာမရွေးချယ်နိုင်တာလည်း ပါမှာပါ။

ခပ်ငယ်ငယ်ကတော့ ဘောလုံးကို အတော်ဝါသနာပါတာပါ။ မိုးရွာရွာ၊ နေပူပူ အဖော်တစ်ယောက်လောက်ရရင် ကစားတော့တာပါပဲ။ အဲလိုမှမဟုတ်ရင် အိမ်မှာဆော့တာပါ။ အမေကတော့ အလွန်အမြင်ကပ်ပေါ့ဗျာ။ ဘောလုံးကစားမယ်ဆိုရင် အမေ့ကိုကြည့်နေရတာက အလုပ်တစ်ခုပဲ။ တွေ့ရင် ကွင်းဘေးခဏထွက်ထိုင်၊ အမေဖြတ်သွားမှ ဆက်ကစား။ နောက်ပြီး ကစားဖော် ကစားဖက် ကောင်းကောင်းတွေလည်း ရခဲ့တာပါပဲ။ ဒါပေမဲ့ ကျောင်းသားဘဝရောက်တော့ အင်တိုက်အားတိုက် မကစားဖြစ်တော့ပါဘူး။ ထိမိ၊ ခိုက်မိတာတွေရှိဖူးပေမဲ့ ကျောင်းသားဘဝမှာ ဒူးကိုပြင်းပြင်းထန်ထန် ထိမိလိုက်ကတည်းက အသည်းအသန်ကစားတာကို ရပ်လိုက်တာပါပဲ။ နောက်ပိုင်း တယ်လီဗေးရှင်းမှာ ဘောလုံးပွဲတွေ ခေတ်ထလာတော့ ကျွန်တော်လည်း စိတ်ဝင်စားသပေါ့။

ဒါပေမဲ့ ကျွန်တော်က သူများနဲ့မတူတဲ့ အတွေးပဲတွေးတတ်သလား၊ ခံစားချက်ကိုက မတူတာလားတော့မသိဘူး။ နိုင်ငံခြားပွဲတွေကို ကိုယ့်ပွဲလိုခံစား လောင်းကြ-စားကြ။ အိပ်ရေးပျက်ခံကြည့်ကြ။ လူချင်းမဆုံလိုက်နဲ့ ဒါပဲပြော။ အဲလိုတွေကို မခံစားနိုင်ဘူးဗျ။ ကျွန်တော်က နိုင်ငံခြားပွဲတွေကြည့်တယ်ဆိုတာ သူတို့ဘယ်လိုကန်လဲ၊ ဘယ်လိုကစားကြလည်း၊ ဘောလုံးသမားတွေကရော ဘယ်လို ခြေမျိုးလည်းကို ကြည့်ချင်တာ။ အဖြေသိပြီးသား နောက်ရက်မှကြည့်လဲ ရတယ်။ အဲဒီ့မှာ အများနဲ့ကွာတော့ တယ်လီဗေးရှင်းမှာ ကြည့်တာကိုပါ ဖြတ်ထားလိုက်တယ်။ အတော်ကောင်းတဲ့ ပွဲတွေမှပဲ ကြည့်တော့တယ်။ ဒါပေမဲ့ ဘောလုံးကိုတော့ စိတ်ထဲမှာ ချစ်နေတုန်းပါပဲ။

နောက်တစ်ခုရှိတာက ငယ်ငယ်ကတည်းက အချိန်အားရရင် စာဖတ်လေ့ရှိတာပါပဲ။ တစ်ခုကောင်းသွားတာက ကျွန်တော့်အကိုနှစ်ယောက်ကလည်း စာဖတ်နာသူတွေပါ။ သူတို့မှာ စာအုပ်တွေက အမျိုးစုံပဲ။ ကျွန်တော်က ယူယူဖတ်ရင်းကနေ စာဖတ်ဝါသနာလည်း ပါနေသလိုပေါ့။

စာဖတ်တာက ကျွန်တော့်ကို ပိုဆွဲဆောင်တယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က စကားဝိုင်းဖွဲ့ပြောရတာမျိုးကို သိပ်သဘောကျသူကိုး။ သူငယ်ချင်းတွေနဲ့ အသိလေးတွေဖလှယ်ရတဲ့အခါ သဘောကျတတ်ပါတယ်။ နောက်တော့ ကျွန်တော် အတော်များများကို ဖတ်ဖြစ်တော့တာပါပဲ။ ဘာရယ်လို့လည်း မခွဲခြားပဲ အစုံဖတ်တာပါ။ ဟိုဟိုဒီဒီ ဖတ်မိလာရင် ဖြစ်လာနေကျခံစားချက်ဖြစ်တဲ့ ချရေးချင်တာလေးလည်း ကျွန်တော့်မှာ ပေါ်လာသပေါ့။ တစ်ချိန်က ကျွန်တော့်သူငယ်ချင်းတွေကို ပြောဖူးတဲ့စကားလေး အမှတ်ရသေးတယ်။ “ခပ်အေးအေးနေရာလေးမှာ ထိုင်ခုံလေးတစ်လုံးနဲ့၊ စားချိန်တန် ထစားပြီး စာလေးတွေဖတ်နေချင်တာ”လို့ ပြောခဲ့ဖူးပါတယ်။

အထက်တန်းကျောင်းသားဘဝ ကတည်းက မှတ်စုစာအုပ်ထဲမှာ ဟိုခြစ်ဒီခြစ် လုပ်တတ်ပါတယ်။ စာတို ကဗျာတိုလေးတွေပေါ့။ အဲဒီ့အကျင့်က ကျောင်းသားဘဝတစ်လျှောက်လုံးပါပဲ။ ကျွန်တော့် မှတ်စုကို သူများကိုပေးလိုက်ရင် တခြားဖတ်စရာလေးတွေပါ ပါသွားတတ်တာပါပဲ။ နောက်တော့ ကဗျာလေးတွေကို အတော်နှစ်သက်စွာ ရေးမိပါသေးတယ်။ ကောင်းတယ်ထင်ရင် စာအုပ်တစ်အုပ်နဲ့ ကူးရေးထားပေါ့။ အဲဒီလိုသာ ရေးဖူးပေမဲ့ ပုံနှိပ်စာလုံးနဲ့ တစ်ခါမှ မဖော်ပြဘူးပါဘူး။ တစ်လောကတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကျွန်တော်အဲဒီလိုပြောမိတာကို ဘယ်ဟုတ်မလဲတဲ့။ ကျောင်းတုန်းက ကဗျာစာအုပ်လေးမှာ ကျွန်တော့်ကဗျာတစ်ပုဒ် သူတို့ထည့်ဖူးသတဲ့။ အော်.. ကျွန်တော်မှ မတွေ့ဘူးပဲကိုး။

နောက်ပြီး အင်ဂျင်နီယာလည်း သိပ်ဖြစ်ချင်သူပါ။ အင်ဂျင်နီယာစာတွေ သင်ဖူးပေမဲ့ ခုချိန်ထိ အင်ဂျင်နီယာ မဖြစ်ပါဘူး။ ဖြစ်ချင်သေးလားတောင် ကိုယ့်ဘာသာကိုယ် မသေချာတော့ပါဘူး။ နောက်ပိုင်းမှာ ဖြစ်ချင်တာတွေမဖြစ်ရ၊ ဖြစ်ချင်တာဖြစ်နေသလိုပါလားလို့ ဘဝဆိုတာကိုခံစားမိနေတော့ ကျွန်တော့်ကျက်စားရာက စာဖတ်ခြင်းဆီမှာပဲ ပျော်နေပါတယ်။ တစ်ကယ်က ရေးချင်တာလည်း လက်ကိုယားလို့ ဆိုတာမျိုးထဲကပါ။ စိတ်ကူးနဲ့ စာတွေရေးကြည့်တတ်တာလည်း မကြာခဏပါပဲ။ ကျွန်တော်ပြောချင်နေတာတွေကို စာရေးပြီးပြောရင် နှစ်ယောက် သုံးယောက်မက လူအများကိုပြောသလို ပြောနိုင်မယ်။ သူတို့လည်း စဉ်းစားစရာ တွေးချင်စရာလေးဖြစ်သွားမယ်၊ စိတ်မှာ သတိကပ်သွားမယ်ဆိုရင် ကျွန်တော်က ပျော်ချင်သူပါ။ ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်က သူ့ဘလော့ဂ်လေးပြတော့ ငါလည်းလုပ်ချင်သကွဆိုပြီး ဘလော့ဂ်စာမျက်နှာတွေမှာ ပျော်နေမိတာပါ။ ဒါတောင် ကိုယ့်အရည်အချဉ်းကိုယ်သိနေတော့ ရေးချင်သမျှ ချမရေးဖြစ်ပါဘူး။ စိတ်မှာတော့ ရေးချင်တာတွေ၊ ပြောချင်တာတွေ များမှ များပေါ့ဗျာ။

ကိုအောင်ပိုင်စိုးရေ ဝါသနာအကြောင်းပြောဆိုရင်တော့ အခုပြောမိတာလေးတွေက အဓိက ဝါသနာတွေပေါ့။ ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ နောက်ထပ်ဝါသနာပါတာတွေလည်း ရှိသေးသကိုး။ ဒါပေမဲ့ ဒီအချက်တွေလောက်တော့ ကျွန်တော့်ကို မဆွဲဆောင်ဘူးဆိုတာ သေချာပါတယ်။ အထက်နားမှာ ကျွန်တော်ပြောထားသလို ဝါသနာပါတာကိုပြောဆိုရင် ဟိုဟိုဒီဒီဖြစ်လေ့ရှိသလို အခုလည်း ဟိုဟိုဒီဒီဖြစ်နေရင် နားလည်ပေးပါလို့သာ ပြောချင်မိပါကြောင်းနဲ့ သူများကို ထပ်လွှဲပေးရအောင်ကလည်း ကျွန်တော်ရောက်လေ့ရှိတဲ့ ဘလော့ဂ်တွေက ရေးပြီးသလောက်တွေဆိုတော့ ဒီလောက်နဲ့ နားလိုက်ပါတယ် ခင်ဗျာ။

ခင်မင်မှုဖြင့်
သုခမိန်
(ကိုအောင်ပိုင်စိုးလို့ ခေါ်သာ ခေါ်နေရတယ်။ ကိုယ့်ဦးလေးအရွယ်ထင်ပါတယ်။ သားတွေသမီးတွေက နိုင်ငံခြားမှာလို့တောင် ဖတ်ရလို့ပါ။ အသုံးနှုန်း ရိုင်းခဲ့မယ်ဆိုရင် ခွင့်လွှတ်စေချင်ပါတယ်။)

5 comments:

Anonymous said...

“သူတို့ဘယ်လိုကန်လဲ၊ ဘယ်လိုကစားကြလည်း၊ ဘောလုံးသမားတွေကရော ဘယ်လို ခြေမျိုးလည်းကို ကြည့်ချင်တာ။ အဖြေသိပြီးသား နောက်ရက်မှကြည့်လဲ ရတယ်။” ထူးတဲ့ပါရမီပါပဲ ဆရာသုရေ .. ဒါဟာ လွတ်ငြိမ်းချမ်းသာဖို့ရာ ရခဲတဲ့စိတ်ဓာတ်ပါဝါပါ။

ဆရာတာရာမင်းဝေရဲ့ ”လူငယ်တစ်ယောက်ရဲ့ကျောက်ထွင်းရာဇဝင်“ ကိုလည်း သတိရလွမ်းဆွတ်မိသဗျာ။ အဲဒီစာအုပ်နဲ့အတူ တွဲပြီး သိမ်းထားသင့်တာကတော့ ဆရာမောင်သစ်ဆင်းရဲ့ ”ကြောက်စိတ်“ ပါပဲ။

”ဖြစ်ချင်တာတွေမဖြစ်ရ၊ ဖြစ်ချင်တာဖြစ်နေသလိုပါလားလို့“ … မြန်မာဘာသာစကားရဲ့ ထူးခြားပုံပါပဲ။ ဒီစာကြောင်းကို တစ်ခြားဘာသာစကားကို ဘယ်လိုမှတိုက်ရိုက်ဘာသာပြန်လို့ရနိုင်မယ်မထင်ပါဘူး။ ဖွင့်ဆိုရှင်းပြပြီးတော့သာ ဘာသာပြန်ယူရပါလိမ့်မယ်။

”သူတို့လည်း စဉ်းစားစရာ တွေးချင်စရာလေးဖြစ်သွားမယ်၊ စိတ်မှာ သတိကပ်သွားမယ်ဆိုရင် ကျွန်တော်က ပျော်ချင်သူပါ။“ …သာဓု သာဓု သာဓု ပါဗျာ။ တွေးဖို့ရာမျှမဟုတ် စိတ်မှာ သတိကပ်သွားဖို့ထိ ရည်ရွယ်တာ မြင့်မြတ်လှပါတယ်။

ကဲဗျာ ဆရာသုရဲ့ ဝါသနာလေးတွေ စာရင်းချကြည့်ရအောင်

၁။ ဘောလုံးကန်ခြင်း -
ကျောင်းသားဘဝမှာ ဒူးကိုပြင်းပြင်းထန်ထန် ထိမိလိုက်ကတည်းက အသည်းအသန်ကစားတာကို ရပ်လိုက်တာပါပဲ။

၂။ တယ်လီဗေးရှင်းမှာ နိုင်ငံခြားဘောလုံးပွဲတွေကြည့်ခြင်း -
အဲဒီ့မှာ အများနဲ့ကွာတော့ တယ်လီဗေးရှင်းမှာ ကြည့်တာကိုပါ ဖြတ်ထားလိုက်တယ်။

၃။ အင်ဂျင်နီယာဖြစ်ချင်ခြင်း -
ဖြစ်ချင်သေးလားတောင် ကိုယ့်ဘာသာကိုယ် မသေချာတော့ပါဘူး။

၎။ စာဖတ်ခြင်း -
ကျွန်တော့်ကို ပိုဆွဲဆောင်တယ်ထင်ပါတယ်။ ဖြစ်ချင်တာတွေမဖြစ်ရ၊ ဖြစ်ချင်တာဖြစ်နေသလိုပါလားလို့ ဘဝဆိုတာကိုခံစားမိနေတော့ ကျွန်တော့်ကျက်စားရာက စာဖတ်ခြင်းဆီမှာပဲ ပျော်နေပါတယ်။

၅။ ဟိုဟိုဒီဒီ ဖတ်မိလာရင် ဖြစ်လာနေကျခံစားချက်ဖြစ်တဲ့ ချရေးချင်ခြင်း -
ဘလော့ဂ်စာမျက်နှာတွေမှာ ပျော်နေမိတာပါ။

အဲဒီတော့ ကျနော်က ချစ်ခြင်းအားဖြင့် ဒီလို ကောက်ကြောင်းခြစ်မယ်ဗျာ
”မရေရာ မသေချာ အင်ဂျင်နီယာ
စာဖတ်တာက သူ့ဝါသနာ
ဘလော့ဂ်တွေမှာ ပျော်နေရှာ။……….။“
ဟဲ ဟဲ ချစ်ခင်ရင်းနှီးလို့သာ ဒီလိုနောက်ပြောင်ရဲတာပေါ့ခင်မျာ။

တားမြစ် ထားသော... said...

ဟာဟ။
ဒါမှလည်း ကိုမာရေးသျှင် ပီသပေတော့မပေါ့လေ။ လျှပ်တစ်ပျက်ပေမဲ့ သဘောကျစရာ စာချိုးလေးပါ။
ကျေးဇူးဗျ။

သုခမိန်

ရောင်ပြန် said...

ဝါသနာကလည်း များလိုက်တာ.. :)

အောင်ပိုင်စိုး said...

အစ်ကိုရေ
တက်ဂ်ဂိမ်းလေး ဖြေပေးတဲ့အတွက်ကျေးဇူးအများကြီး
တင်ပါတယ်အစ်ကို ကျွန်တော်က အစ်ကို့ထက်ငယ်ပါတယ်
ကျွန်တော်အခုမှာ ၂၇ ပဲရှိပါသေးတယ်...
စာထဲမှာသားသမီးတွေက စိတ်ကူးနဲ့မွေးစားလိုက်တာအစ်ကို
ဦးလေးကြီးလို့မထင်လိုက်ပါနဲ့...

ခင်မင်လေးစားလျှက်

မသက်ဇင် said...

“ခပ်အေးအေးနေရာလေးမှာ ထိုင်ခုံလေးတစ်လုံးနဲ့၊ စားချိန်တန် ထစားပြီး စာလေးတွေဖတ်နေချင်တာ”လို့ ပြောခဲ့ဖူးပါတယ်။

ကိုသုရေ
ဝါသနာတွေကိုအခုမှ လာဖတ်ဖြစ်တယ်
အလုပ်အရမ်းများနေလို့ပါ
ဝါသနာထဲက စာဖတ်တာကိုအားပေးတယ်
ကျမလည်းကိုသုလို စာဖတ်တာဝါသနာတူတယ်
တယောက်ထဲ ခပ်အေးအေးနေရာလေးမှာလေ
ခင်မင်လျက်