Sunday, November 30, 2008

Walking, talking (3).


လမ်းလျှောက်သော လျှောက်လှမ်းခြင်း

“မရှိခိုးနိုးနှင့် ရိုးသားခြင်း”

မှုခင်းဆိုင်ရာ စကားလုံးအရဆိုရင် သံသယရှိသူလို့ပဲ သုံးမလား။ ပြဿနာတစ်ခုခုဖြစ်တာနဲ့ ဟုတ်သည်ရှိ မဟုတ်သည်ရှိ အထင်ခံရသူ။ ပြဿနာမဖြစ်ခင်ကတည်းက ဒီလိုလူမျိုးတွေကတော့ ဒါမျိုးလုပ်တတ်တယ်ဆိုပြီး ကြိုပိုင့်နဲ့ အထင်ခံရသူတွေတောင် ရှိပါတယ်။ ဒီနေရာမှာတော့ အဆိုးတွေပါမလာအောင်ဆိုရင် သံသယမျက်စိနဲ့ ကြည့်မဲ့သူရော၊ တဖက်ကလူရော နှစ်ဦးနှစ်ဘက်စလုံးနဲ့ ဆိုင်မယ်ထင်တယ်။ ကြည့်တဲ့သူကလည်း မှန်ကန်တဲ့အကြည့်၊ အစွဲကင်းတဲ့အကြည့် ရှိနေမှ။ တစ်ဖက်လူကလည်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကိုယ်တင်ထားမှ၊ ဒီလိုမှမဟုတ်လည်း ရိုးသာမှုကို အခြေခံတဲ့ လူနေမှုစရိုက်ရှိမှ။ ဘယ်လိုဖြစ်ဖြစ် သံသယဆိုတာက နှစ်ဦးနှစ်ဖက်စလုံးအတွက်တော့ စိတ်မသက်သာစရာပါပဲ။



နယ်ကသူငယ်ချင်းတစ်ယောက် သူရောက်နေကြောင်း အလုပ်ကို ဖုံးဆက်တယ်။ ငါ@@ဟိုတယ်မှာ ရှိနေတယ်၊ မင်းလာခဲ့ပါလား ဆိုတော့၊ အေး.. ညနေအဆင်ပြေရင် ထွက်လာခဲ့မယ် ပြောလိုက်တယ်။ ညနေ သူ့ဆီရောက်သွားတော့ အခန်းမှာ သူရှိမနေပါဘူး။ အပြင်ထွက်သွားတယ်တဲ့။ ပြောရရင်လည်း ကိုယ့်အပြစ်ပါ။ သေချာအတိအကျ လာမယ်မပြောလိုက်တော့ သူကလည်း စောင့်မနေပဲ အပြင်ထွက်သွားတာပေါ့။ အတိအကျ မပြောနိုင်တာကလည်း ကိုယ့်မှာက သူ့ဆီသွားဖို့ကို လမ်းစရိတ်ရှာရအုံးမယ်။ ခုလိုမျိုး အပြန်မသေချာရင် ကိုယ့်အခန်းရောက်အောင်ပြန်ဖို့က လွယ်မှမလွယ်ပဲ။ သူတည်းတာက လူကုံထံရပ်ကွက်။ ကိုယ်ပြန်ရမှာက မြို့စွန်။ ဒီလိုနဲ့ပဲ ညမိုးချုပ်မှ ဟိုတယ်ကြီးတွေစုထားတဲ့ ရပ်ကွက်ကနေ မြို့စွန်ပြန်ဖို့ ပြဿနာစတော့တာပါပဲ။

ဘတ်စ်ကားတွေရှိနေတဲ့ နေရာကိုရောက်ဖို့ အတော်ဝေးဝေးကို လျှောက်ရအုံးမယ်။ လူကလည်း အလုပ်မှာပင်ပန်းတာနဲ့ အလာကတည်းက ဟိုတယ်အရောက် လမ်းလျှောက်ထားရတော့ အတော်လေးပင်ပန်းနေပါပြီ။ ဒါပေမဲ့လည်း ကိုယ့်ပေတံနဲ့ ကိုယ်ပဲလေ။ အငှားကားမယူနိုင်တော့လည်း လျှောက်ပေါ့။ နည်းနည်း လျှောက်မိလာတော့ ဟိုဘက်နားက ဟိုတယ်တစ်ခုရှေ့ မှောင်ရိပ်မှာ ဆိုက်ကားတစ်စီး တွေ့တယ်။ စီးသွားရင် ကောင်းမလားပေါ့။ ဒါပေမဲ့ ဒီလိုနေရာမှာ ဆိုက်ကားက ဘာလို့ရှိနေရတာလည်း စဉ်းစားမိတော့လည်း မခေါ်ချင်ပြန်ဘူး။ ဟုတ်တယ်လေ ကိုယ့်ကားမပါတောင် အငှားကားတွေနဲ့ပဲ အဝင်အထွက်လုပ်တဲ့ ဒီလိုနေရာမှာ ညမိုးချုပ်ကို မှောင်ရိပ်မှာ ဆိုက်ကားတစ်စီးရှိနေတယ်။ ဒါနဲ့ ကိုယ့်ဘာသာကိုယ်ပဲ လမ်းလျှောက်မယ်ပေါ့။

ဒါပေမဲ့ ညီလေး၊ ဆိုက်ကားသွားမလား မေးသံကြားလိုက်သလို ရှိတော့ သူ့ကိုပြန်လှည့်ကြည့်မိတယ်။ သူက ထွက်လာခဲ့မယ်ဆိုတဲ့ပုံနဲ့။ ကဲ သွားမယ်ကွာဆိုပြီး လက်ပြခေါ်လိုက်တော့တယ်။
“ဘယ်ကိုသွားမှာလဲ”
“ရှေ့ကို ရောက်သလောက်အကိုရာ”
“ဟုတ်ဘူးလေ။ သွားမဲ့နေရာ ပြောမှပေါ့ကွ”
“အော်၊ ဘတ်စ်ကားဂိတ်ထိ သွားချင်တာ အကိုရ”
“လာ.. တက်လေ။ ဘယ်ထိပြန်မှာမို့လည်း”
“ကားဂိတ်ထိက ဘယ်လောက်လည်းဗျ“

မေးသင့်တာကို မေးထားမှလေ။ ကိုယ့်မှာကလည်း ကိုယ့်အတိုင်းနဲ့ကိုယ်။ ဒါပေမဲ့ ကားဂိတ်အရောက်မှ ငွေလေးရာဆိုတော့ တက်ထိုင်လိုက်ရမှာတောင် အားနာနေတယ်။ အတော်ဝေးသေးတာကိုး။ ကဲဘယ်တတ်နိုင်မလဲလေ အဆင်ပြေချင်တာလို့ပဲမှတ်ပြီး ဆိုက်ကားပေါ် ရောက်သွားတော့တယ်။ စိတ်နည်းနည်း ပေါ့သွားတော့မှ ကိုယ့်ဆရာကိုလည်း သေချာကြည့်မိ၊ ဟိုဟို ဒီဒီလေးလည်း စကားပြောချင်လာတယ်။

ကျွန်တော်က @@ရွာနားက ရပ်ကွက်ထိ ပြန်ရမှာအကိုရ၊ အဲဒါကြောင့် ဘတ်စ်ကားမရှိတော့မှာလည်း စိုးရိမ်နေတာ ဆိုပြီး စလိုက်တဲ့စကားဝိုင်းလေးပေါ့။ စိတ်မပူနဲ့ နောက်တနာရီလောက်ထိ ကားတွေလာသေးတယ်။ အေးဆေးပြန်လို့ရတယ်ဆိုမှ ကျွန်တော်လည်း စိတ်အေးတယ်။ ဒါနဲ့ပဲ ခရီးတစ်ထောက်မရောက်ခင် သူ့ကို ဗျူးမိတော့တာပဲ။ သူ့ပုံစံက အတော်လေးကို ပိန်ခြောက်ခြောက်၊ ဆံပင်ထိုးထိုးထောင်ထောင်နဲ့ပါ။ ဒါပေမဲ့ ဆိုက်ကားကို နင်းနေတာကတော့ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပဲ။ စကားလေးတွေ လိုက်ထောက်ပေးနေယုံနဲ့ကို သူပြောစရာမကုန်အောင် မမောတန်းပြောတော့တာပါပဲ။

ဒီဟိုတယ်ကြီးတွေရဲ့ ဟိုးဘက်နောက်ထဲမှာ ရပ်ကွက်သေးသေးလေးရှိတယ်။ အဓိကနေကြတာတော့ ပန်းရံသမားတွေ များတယ်တဲ့။ ဟိုတယ်တွေက မကြာခဏ ပြုပြင်ကြတော့ အဲဒီ့ အလုပ်ခွင်တွေမှာ လုပ်ကြသူတွေတဲ့။ သူလည်းအပါအဝင်ပါ။ ညပိုင်းရောက်ရင် ဆိုက်ကားယူနင်းတယ်။ ဟိုတယ် ရှေ့နားမှာ စောင့်နေတယ်ဆိုတာက ဟိုတယ်က ညပိုင်းနားတတ်တဲ့ အလုပ်သမားတွေ ညဈေးတန်းဘက်ကို မုန့်စားသွားတယ်။ အသွားအပြန်ကို သုံးယောက်လောက်ရလိုက်ရင် ငွေသုံးထောင်လောက်ရတယ်။ ကိုယ့်အတွက်လည်း အဆင်ပြေ သူတို့လည်း အဆင်ပြေတယ်တဲ့။ ဒီလိုပဲ ဟိုပြောဒီပြောနဲ့ သူ့အကြောင်းတွေ ရောက်ကုန်တယ်။

လွန်ခဲ့တဲ့ တလလောက်ကပဲ အငယ်ဆုံး ကလေးငယ်လေးဆုံးသွားတယ်။ အမေက နို့သိပ်မလိုက်လို့ဆိုတော့ စိတ်တောင်မကောင်းဘူး။ နောက်ပြီး မနေ့ညတုန်းက သူ့လိုပဲ ဒီနားမှာနေပြီး ညပိုင်းဆိုက်ကားနင်းတဲ့သူက သူ့ဖောက်သည်တွေကို သူရောက်မလာခင်တင်သွားလို့ စိတ်တိုတဲ့အကြောင်း ရောက်ပါလေရော။ သူပြောနေတာ ပြောရင်းနဲ့ တကယ့်ကို စိတ်တိုလာသလိုပါ။ သူစိတ်ကို အတော်ထိန်းထားရတယ်၊ အရင်ကဆို ဘယ်လောက်ထိ စိတ်မြန်လက်မြန်ရှိလည်း ဆိုတာတွေ ပါလာပါတယ်။ တပ်ထဲမှာ ၁၄နှစ်လောက်နေရင်း တိုက်ပွဲမှာ လူသတ်ဖူးတာတွေ၊ တပ်ကထွက်လာပြီးတော့မှ ရပ်ကွက်ထဲမှာ ဓါးနဲ့ခုတ်လို့ ထောင်ထဲသွားဖူးတာတွေ။ နောက်ပြီး ညီအရင်းကို စကားများပြီး စိတ်ဆိုးထားတာ ခုလောလောဆယ် သူ့ညီက ထောင်ထဲရောက်နေတယ်။ နောက်သုံးလလောက်ဆို လွတ်ပြီ။ အဲဒီအချိန်ကျရင် တွေ့အုံးမယ်ဆိုပြီး ဓါးကြိမ်းတွေလည်း ကြိမ်းနေပါရောလား။

သူ့မျက်နှာဟာ ဒေါသမျက်နှာပါ။ ဒီလိုစကားကောင်းနေရင်းနဲ့ပဲ ကားဂိတ်ကိုရောက်ပါတယ်။ ငွေရှင်းတော့ တစ်ထောင်တန်တစ်ရွက်ကို အကြွေမရှိဖြစ်ပါရောလား။ သူက ညဈေးတန်းကို ဆက်သွားမှာ ဟိုမှာ အကြွေလဲပြီးမှ ပေးလို့ ပြောတယ်။ ကဲသွားတာပေါ့၊ အဲဒီကနေ ကားစီးလည်းရတာပဲ ဆိုပြီး ဆက်လိုက်သွားတယ်။ အမှန်ပြောရရင် ကျွန်တော်က သူ့ကိုကြည့်ပြီး လန့်နေပါပြီ။ လောလောဆယ် အကြွေမရှိဘူးဆိုပြီး ငွေကလည်း သူ့လက်ထဲမှာ။

ညဈေးကိုရောက်တော့ သူက အကြွေသွားလဲတယ်။ ကျွန်တော့်ကို ငွေလေးရာပဲအမ်းပြီး သူ့အိတ်ကို ဟိုနှိုက်ဒီနှိုက် လုပ်နေတယ်။ ကျွန်တော်ထင်တာက ဒီလူ ငါ့ကိုလူလည်ကျပြီပေါ့။ ရောရောင်ပြီး ငွေပိုယူတယ်။ အဲလိုတွေးပါတယ်။ ကျွန်တော်ကလည်း ပြောထားတဲ့ဈေးကိုပဲ ပေးချင်တာပါ။ အဲလိုမျိုး လူလည်ကျသလိုလုပ်ရင် စိတ်က မကြိုက်တတ်ဘူး။ ဒါပေမဲ့ သူ့အကြောင်းတွေကြားထားတော့ ရုတ်တရက်လည်း မတောင်းရဲဘူး။ လက်ယဉ်တဲ့လူမိုက်ပေါ့။ ကျွန်တော်တွေးတာပြောပါတယ်။ အချိန်လေးနည်းနည်းကြာလာတော့ သေချာပြီ၊ မသိချင်ရောင်ဆောင်ပြီ၊ ပြောမယ်ကွာဆိုပြီး သူ့နားသွားလိုက်တော့မှ သူ့အင်္ကျီလေးထဲကနေ အတော်ရှာယူရတဲ့ပုံနဲ့ ငွေနှစ်ရာဖိုး အကြွေတွေ ထုတ်လာတယ်။

“ရော့ညီလေး၊ ကားတွေက ဒီအချိန်ဆို အကြွေပေးမှကွ”
“ဗျာ…. ဟို.. အဲ၊ အဲဒါအကိုယူလိုက်တော့။ ရတယ်။”
ကျွန်တော့်မျက်နှာကို သူကြည့်မိရင် ရှက်နေတယ်ဆိုတာ မြင်နိုင်မှာပါ။ သူကတော့ သူ့အတွေးနဲ့သူ။ နောက်ထပ်ခရီးသည် ရှာနေလေရဲ့။ ကျွန်တော်က စိတ်ထဲမှာတင် သူ့ကိုမှတ်ချက်ချ၊ ဒီလိုလူဆိုတော့ ဒါမျိုးလုပ်ပြီဆိုပြီး အတွေးရောက်ချိန်မှာ သူကတော့ ကျွန်တော့်အပြန်လမ်း ခရီးသာစေဖို့ကို တတ်နိုင်တဲ့ဖက်က ကြိုးစားပေးနေတာကိုး။ အဲဒီညက အခန်းပြန်ရောက်တဲ့အထိ ကိုယ့်ကိုကိုယ် ရှက်နေမိတယ်။ နောက်တော့ အတွေးလေးတွေဆက်ပြီး အင်း… ငါတော့ မရှိခိုးနိုးနဲ့ ရိုးသားမှုအကြားမှာ ရင့်ကျက်တဲ့စိတ်တွေ မထားတတ်သေးပါလားလို့ တွေးနေမိပါတယ်။

သုခမိန်။…..။

6 comments:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုသုရေ ခင်ဗျား အဖြစ်က ရယ်ရမလို ငိုရမလို ပြောရမလား၊
အဲလို သုံးစွဲရင် တဖက်သားကို စော်ကားသလို ဖြစ်သွားမလားပဲ ။
ကျနော် အဲလိုတော့ မရည်ရွယ် ရိုး အမှန်ပါခင်ဗျာ။
မရှိ ခိုးနိုး၊ မလှ စုန်းမျိုး ။ အဲဒီ လိုမျိုးပေါ့။ တကယ်တော့ တဘက်သားရဲ့ စေတနာကို
ခင်ဗျားက အခြေအနေ တခုအရ အဲလို တွေးမိသွားတာပါ။ ခုလို ကိုယ့် အမှားကို အဲလို ၀န်ချ ရေးရဲတဲ့
ခင်ဗျား စိတ်ဓါတ်ကို လေးစားပါတယ်ဗျာ။ ခင်ဗျား အဲလို တွေးတာကလည်း အခြေအနေတွေကို က အဲဒီလိုဖြစ်စေတယ် ထင်ပါတယ်။
ကျနော်တို့ ပတ်ဝန်းကျင်ကြီးမှာကလည်း အများစုက အခြေအနေအရပ်ရပ် အရ အဲဒီလို
လုပ်တတ်ကြတော့ ခင်ဗျားကလည်း ယေဘုယျ သဘောထဲမှာ တွေးပြီး အဲလိုစဉ်းစားမိမှာပဲပေါ့။
ကျနော် ဆိုလည်း အဲလို တွေးမိမှာပါ။ ကျနော်တို့ မေ့နေ ကြတဲ့ မြန်မာ့ စိတ်ရင်းလေးကို
အဲလို ဖော်ပြသွားတဲ့ ဆိုက်ကား နင်းတဲ့ အကိုကြီးကို ကျေးဇူးတင်ရင်း
နောင်ဆို အဲလို ကူညီမှူ့၊စေတနာထားမှူ့လေးတွေ အတွက်လည်း
ဖြည့်တွေးတတ်ကြပါစေလို့ ဆန္ဒပြုရင်း


ခင်မင်လေးစားလျက်

တာတူး

RePublic said...

E-journal စာတွေကို လာလာဖတ်ဖြစ်ပါတယ်ဗျာ ၊၊ အသံတိတ် ပြန်သွားလို့ ခြေရာမကျန်ခဲ့ဖြစ်တာပါ ၊၊ ဒီပို့စ်လေးကောင်းတယ် ၊၊ ကြိုက်ပါတယ် ၊၊

ဇနိ said...

ကိုသုခမိန်ကြီး ကိုယ်တွေ့လေးလည်းဖြစ် အရေးလေးလည်းကောင်းတော့ ဖတ်ရတာ အသက်ဝင်လှတယ်။ ဒီလိုရိုးသားတဲ့သူတွေလည်း အများကြီးရှိနေအုံးမှာပါ။ လူတယောက်ကို တန်ဖိုးထားတတ်ဖို့ သတိလေးလိုတာပေါ့နော်။ ဘာကိုမှန်းမသိ စိတ်မကောင်းဖြစ်သွားတယ်။
မဇနိ

Anonymous said...

ကိုသုခမိန်ရေ ဒီစာကိုကြိုက်ပါတယ်ခင်ဗျာ

ဝါခေါင်မိုး said...

ဆရာသု ကိုယ်တွေ့ဖြစ်ရပ်လေးပေါ့လေ။
ဒီလိုပဲဖြစ်တတ်ကြပါတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့မသိစိတ်မှာ ကြိတ်ပြီးခံစားနေမဲ့အစား
ခုလို ဖွင့်ဟ ၀န်ခံလိုက်တော့
မသိစိတ်က လိုက်မနှောက်ယှက်တော့ဘူးပေါ့။
ဟုတ်တယ်မဟုတ်လား။ ကောင်းပါတယ်။
အရေးကတော့ ပြောစရာကိုမလိုတာလေ။
ကလောင်ကိုက သုခမိန် ပါ ဆို၊ နှော။

manie said...
This comment has been removed by the author.