Monday, November 17, 2008

homesick!


အိမ်ပြန်ချင်တဲ့ အလွမ်းတွေ

ဒီအချိန်ဆိုရင် ကျွန်တော်တို့ဆီမှာတော့ ပွဲတော်ရက်တွေပေါ့ဗျာ။ အိမ်နဲ့ခွဲခွာလာရတာ ကြာတော့လည်း လွမ်းမိသလားဆိုတာထက် အရမ်းသတိရတာက ပိုပါတယ်။ အခြေအနေတွေအရ အိမ်နဲ့ဝေးရာမှာ ငွေလာရှာနေရတာ။ အရင်ကတော့ ရောက်ပြီဆိုရင် ကိုယ်နဲ့အဆင်ပြေမဲ့အလုပ်ကိုလုပ်၊ ငွေစု တဖြည်းဖြည်းနဲ့ အရင်းအနှီးလေးရလာရင် ကိုယ့်ရပ်ကိုယ့်ရွာပြန်မယ်။ ရင်းနှီးစားသောက်မယ်ပေါ့။ ရောက်လာတော့လည်း ရှာရင်းသုံးရင်း ကုန်နေတာပါပဲ။ ဒါတောင် သူများတွေလို ဝတ်ဝတ်စားစား နေတာမဟုတ်ဘူး။ တတ်နိုင်သလောက် ချွေတာတယ်။ ချွေတာတယ်သာ ပြောရတာပါ။ ရောက်လာတော့ ဒီမှာလိုပဲနေရင်းကနေ လူက ငွေသုံးတတ်လာတယ်ထင်တယ်။ ရောက်ခါစတုန်းကလို ငွေက လောက်လောက်ငငမရှိဘူး။ အိမ်ကိုပြန်ပို့တယ်ဆိုတာကလည်း ခုဆိုရင် လူကြုံရှိမှ၊ တစ်ခါတစ်လေမှလို ဖြစ်နေပါပြီ။



အမေ့ကိုလည်း သတိရတယ်။ အပေါင်းအသင်းတွေကိုလည်း သတိရတယ်။ ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်ချစ်သူမဟုတ်သူကိုလည်း သတိရတယ်။ ကိုယ့်ရပ်ကိုယ့်ရွာက ပွဲတော်တွေ၊ ဓလေ့တွေကိုလည်း သတိရတယ်။ တစ်ခါတစ်လေ အိမ်ထမင်းအိမ်ဟင်းနဲ့ အမေ့လက်ရာလေးတွေကိုလည်း သတိရတယ်။ သတိရတယ်။ သတိရတယ်ဗျာ။ ဒီမှာက အိမ်ထမင်း အိမ်ဟင်းဆိုရင်တော့လည်း ဟုတ်နေသလိုလို။ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ပြီး စားနေရတာကိုး။ ဒါမှလည်း ဝင်ငွေထွက်ငွေက မျှမှာ။ တစ်ခါတစ်လေ မတွေ့တာကြာတဲ့ အပေါင်းအသင်းတွေ မအားတဲ့ကြားက ကိုယ့်ဆီရောက်လာရင် အပြင်သွားပြီး ဆိုင်မှာ စားစားသောက်သောက် လုပ်တာတော့ ရှိတာပေါ့။ အသောက်ဆိုလို့ ဒီမှာက အလုပ်ပြီးသွားပြီဆိုရင် အခန်းကျဉ်းလေးမှာ တစ်ယောက်တည်း ပျင်းနေတတ်တော့ နည်းနည်းသောက်ဖြစ်တာပေါ့ဗျာ။ အမေ့ကိုတော့ အသိမပေးရဲပါဘူး။ အိမ်ကို စကားပြန်ရောက်သွားနိုင်တဲ့ အပေါင်းအသင်းတွေဆိုရင်လည်း ကြိုတားထားရတယ်။ အဝေးကနေ အမေ့ကို စိတ်ညစ်အောင် မလုပ်ချင်တော့ဘူးလေ။

အလုပ်သွားရှာမယ် ပြောကတည်းက စိတ်မချတတ်တဲ့အမေ။ ဒီလိုပတ်ဝန်းကျင်မှာ အဆင်မှပြေပါ့မလားလို့ သားအတွက် တွေးပူတတ်တဲ့အမေ။ အဖေကတော့ အားပေးတယ်။ ဒီမှာဆက်နေရင် ဝေလေလေနဲ့ ပျက်စီးမယ်တဲ့။ နောက်ပြီး ရှာရခက်တဲ့ငွေနဲ့ ဘဝဆိုတာကို ဒီလိုမှ တန်ဖိုးထားတတ်မှာတဲ့။ သွားဆိုပြီး တစ်ခွန်းတည်းပြောခဲ့တာ။ မင်းဘဝကို မင်းတိုးတက်အောင်လုပ်။ တိုးတက်ရာကို ရှာနိုင်တဲ့နေရာတဲ့။ ခုတော့လည်း စိတ်က မတိုးတက်ချင်တော့ပါဘူးဗျာ။ မွန်းကျပ်တဲ့ လူနေမှုစရိုက်တွေ၊ ရင်းနှီးမှုမရှိတဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ အံဝင်ခွင်ကျ ဖြစ်မလာပါဘူး။ ပျော်နေလားဆိုတော့လည်း ပျော်နေသလို။ ပြန်ချင်လားဆိုတော့လည်း ပြန်ချင်တယ်။ ပြန်ရောက်ရင်လည်း ထူထူထောင်ထောင်ဖြစ်နေချင်တာ။ သွားမှာလားဆိုတော့လည်း သွားချင်သလိုလို၊ မသွားချင်သလိုလို… …“ဟေ့ကောင် - မင်းမသွားရင်ငါသွားမယ်။”
“ဒီကောင် - သွားမှာပါ။”
“ဟကောင် - ဟိုမှာ ခရီးသည်က စောင့်နေရပြီ။”

“ဟင်.. အင်း၊ အင်းအင်း။ အော်.. အမ၊ လာတက်တက်။ ဘယ်ကိုသွားမှာလည်း။ သံလွင်လမ်းထိပ်ပဲမဟုတ်လား။”
“ $_#@%\\--@ ”
“ဟိုဘက်ထိ ပို့လို့ရရင် ပို့ပါတယ်အမရယ်။ အနှေးယာဉ် မဝင်ရလေ၊ အမရဲ့”
ဟူး.. တော်ပါသေးရဲ့ ဒီတစ်ခေါက်ရလိုက်ရင် အုံနာကြေးရပြီ။ ဂိတ်ပြန်ရောက်မှပဲ အေးဆေး အိမ်လွမ်းအုံးမယ်။ အင်း… အေးဆေးပြန်ငိုက်အုံး မယ်ပါလေ။
သုခမိန်။…..။

9 comments:

ဇနိ said...

အိမ်ကိုလွမ်းတယ် ဒီလိုပဲပေါ့ ပျော်ရာမှာမနေရ တော်ရာမှာနေကြရတာပေါ့နော်
မဇနိ

Anonymous said...

အကိုရယ်
ဒီပိုစ့် ကလေးက အလွမ်းတွေ ထပ်ချွေချနေတော့
ငိုချင်ရက်လက်တို့ဘ၀ကို
ပြန်နွေးလိုက်သလိုပဲဗျာ...။

ခင်မင်လေးစားစွာဖြင့်

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အတွေး အိမ် မက်ထဲမှာ . . . အလွမ်း အိမ်မက်ထဲမှာ . . .
အိမ် ပြန်ချင်တဲ့ အလွမ်းစိတ် . . . . . တိတ် တဆိတ် ရောက် လာတယ် . . . . .

ကို သုရေ ကိုခိုင်ထူး သီချင်းကို ညည်းမိ နေပြီ ဗျာ .

KHINMYAWIN said...

အဟုတ်လွမ်းတယ်ပေါ့။
ဖတ်ရတာ စိတ်တောင်မကောင်းဘူး။
အမေကိုစိတ်ချမ်းသာစေချင်တဲ့စိတ်ကိုတော့လေးစားပါတယ်။

Unknown said...

လေး စား ပါ တယ် ကိုသုခမိန်

Welcome said...

အိမ်လွမ်းပို့စ်လေးကို နှစ်သက်စွာ ဖတ်သွားပါတယ်။ ဒီလိုပါပဲ အစ်ကိုရေ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေး လုပ်နေရတာမို့ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေဗျာ

http://winzaw-mdy.blogspot.com

တန်ခူး said...

အိမ်အလွမ်းတွေကတော့ အိမ်ဝေးသူတွေအားလုံး ထပ်တူညီလို့ ရအောင်ကို တူနေလိမ့်မယ်ထင်တယ်…
အိမ်ပြန်မယ့်ရက်ကို လက်ချိုးရေနေမိတယ်…

GreenGirl said...

အိမ်ကို လွမ်းကြရတာကတော့ အားလုံးအတူတူပါပဲနော်။ ဒီလောက်လွမ်းရမယ်ဆိုတာ သိရက်နဲ့ ခွဲခွာဖို့ ဘာလို့ရွေးချယ်မိကြတာပါလိမ့်။ ဘယ်သူကရော ခွဲခွာချင်ကြပါ့မလဲ... ခါးသီးတယ်း(

Han Thit Nyeim said...

ထူးအိမ်သင်ရဲ့ `အမေ့အိမ်´ သီချင်းကိုတောင် ကြားမိသလိုလို ဖြစ်လာတယ်ဗျာ။