ကျနော်လည်း အရင် ရက်တွေက အလုပ်နဲနဲ များနေလို့ ပဠေဟိ ကို အဖြေ မညှိ ဖြစ်တာပါ။ လာလည်ပြီး ဖြေပေးသွားကြသော ကိုမာရေးသျှင်၊ Waing၊ ၀ါခေါင်မိုး၊ အေးမြနှင်းရည် နှင့်တကွ လာလည် ကြသော ညီအကို မောင်နှမအားလုံး ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အဖြေ ပေးသွားကြသာသူ အားလုံး မှန်ကြပါတယ် ခင်ဗျာ။
ကျနော် သိထားတဲ့ အဖြေလေး တစ်ခုနဲ့ စဉ်းစားပုံကိုတော့ အချိုပေါ် သကာလေး လောင်းခွင့်ပြုပါ။
ကျနော်တို့ စတင် စဉ်းစားကြသည့်အခါ (အဖြေမှန်ရသွားသော ကောင်မလေး) မိမိ ခေါင်းပေါ်က သရဖူသည် မသိကိန်း တစ်ခုသာ ဖြစ်သည်။ မိမိရှေ့တွင် ရွှေ သရဖူ နှစ်ခု ရှိနေသည်။
ကျနော်တို့ B နေရာက ဖြစ်စေ C နေရာက ဖြစ်စေ ၀င်စဉ်းစားကြည့်သည့်အခါ ထို အတိုင်းပဲ ဇဝေဇ၀ါ အဖြေသာ ရလေသည်။
ဘုရင်ကြီးက အားလုံးကို တန်းတူ အခွင့်အရေး ပေးမည်ကလည်း အသေအချာ။ ကျနော်တို့ မည်ကဲသို့ စဉ်းစားမည်နည်း။ မိမိရှေ့မှ တယောက်ကို မေးရအောင်ကလည်း အားလုံးက အတူတူ ယှဉ်ပြိုင်နေကြခြင်းသာ။ မည်သူမျှ အဖြေကို ထုတ်ပြောရလောက်အောင် အ လိမ့်မည် မဟုတ် ။
ဟုတ်သည်ရှိ မဟုတ်သည်ရှိ ရမ်းသမ်းပြောရအောင် ကလည်း ဘုရင် ငြိုင်ပါက မိမိ အသက်ပါ အိုးစာကွဲဖို့ ရှိလေသည်။ သေခြာသော အဖြေရမှ ဖြစ်မည်။ သေခြာတာကတော့ မိမိ ပြိုင်ဘက် နှစ်ယောက်သည်လည်း သာမန် အမျိုးသမီးတို့ထက် သာလွန်သော အရည်အချင်း ရှိသူများသာ။ သူတို့ ဘာတွေ တွေးနေမလဲ ။ ဘယ်လိုတွေများ တွေးနေမှာလည်း . . . ခုထိတော့ အားလုံးက ငြိမ်ငြိမ် သက်သက်. . . သူတို့ မျက်လုံးကိုဖတ်သည့် အခါ သူတို့လည်း အဖြေကို ဇဝေဇ၀ါဖြင့် စဉ်းစားဆဲ ။
ဟုတ်ပြီ . . . ကျနော်တို့ တစ်မျိုး စဉ်းစား ကြည့်ရအောင်။ အထက်ပါ ပုံကိုပဲ ပြန် ကြည့်ပါ။
မိမိ ဦးခေါင်းပေါ်က သရဖူသည် ငွေဖြစ်သည် ဆိုပါစို့။
ထိုအခါ
B သည် မိမိ(A)ဦးခေါင်းပေါ်မှ ငွေသရဖူနှင့် C ၏ ဦးခေါင်းပေါ်မှ ရွှေသရဖူ ကို မြင်ရမည်။ ထို့အတူ C သည်လည်း မိမိ(A)ဦးခေါင်းပေါ်မှ ငွေသရဖူနှင့် B ၏ ဦးခေါင်းပေါ်မှ ရွှေသရဖူ ကို မြင်ရမည်။
“ပဠေဟိ ၏ ဥပဒေသမှာ မိမိရှေ့ရှိ တစ်ဦးဦး၏ ဦးခေါင်းပေါ်တွင် ဖြစ်စေ ၊ နှစ်ဦး စလုံး၏ ဦးခေါင်းပေါ်တွင်ဖြစ်စေ ရွှေသရဖူ မြင်ပါက ညာလက်ကို မြှောက်ထားရမည်။”
ထိုအခါ B နှင် C အဖို့ လွယ်ကူသွားမည်။
B နေရာမှ စဉ်းစားပါက သူ့ရှေ့တွင် ရွှေ သရဖူ တစ်ခု၊ ငွေ သရဖူ တစ်ခု။ C ကလည်း လက်ထောင်ထားသည်။ ထိုကြောင့် C မြင်ရသည်က လည်း ရွှေသရဖူ တစ်ခု ငွေ သရဖူ တစ်ခုသာ ဖြစ်မည်။ A ၏ ဦးခေါင်းပေါ်တွင် ငွေ သရဖူသာ ရှိသည်။ ထိုအခါ မိမိ (B)ခေါင်းပေါ်မှ သရဖူသည် ရွှေသရဖူ ဖြစ်သည်မှာ အသေအချာ။
C နေရာက ထပ်ပြီး ၀င်စဉ်းပါကလည်း ထို့အတူ အဖြေသာ ရမည်။
သို့သော် စက္ကန့်၃၀လောက် အထိ သူမတို့ ဇဝေဇ၀ါ သာ ရှိသေးသည်။ အထက်ပါ မိမိ (A) ၏ ဦးခေါင်းပေါ်တွင် ငွေသရဖူ ရှိနေခြင်းသာ မှန်ကန်ခဲ့ပါက သူမတို့ အဖို့ ထိုမျှလောက် စဉ်းစားနေစရာလိုသော ပုစ္ဆာ မဟုတ်။ သူမတို့ ၂ ဦးက အဖြေကို စောလျှင်စွာ ဖြေနှင့်ပြီး ဖြစ်မည်။ ဘုရင်ကြီးကလည်း အားလုံးကို တန်းတူ အခွင့်အရေး ပေးရာ ကျမည် မဟုတ်။ ထို့အတူ ပုစ္ဆာသည်လည်း လွယ်ကူနေပေလိမ့်မည်။
ကဲ . . . မိမိ (A) ၏ ဦးခေါင်းထက်တွင် ရွှေသရဖူ ရှိနေသည် ဆိုပြီး ထပ်မံ စဉ်းစားကြပါဦးစို့။
ထိုအခါ ပုစ္ဆာ သည် အထက်က စဉ်းစားသကဲ့သို့ မလွယ်လှပဲ အဖြေကို စဉ်းစား မရချေ။
ထို့ကြောင့် သူမတို့ နှေင့်နှေးနေခြင်းမှာ ဤအကြောင်းသာ ဖြစ်သည်။ ထို့ကြောင့် မိမိဦးခေါင်းပေါ်မှ သရဖူသည် ရွှေသရဖူ သာဖြစ်လေသည်။
ထို့နောက် သူမ ထောင်ထသော လက်ကို ပြန်ချ၍ မတ်တက်ရပ် လိုက်သည်။
ထို့နောက် မိမိဦးခေါင်းပေါ်မှ သရဖူသည် “ရွှေသရဖူ” ဖြစ်ပါသည် အရှင်မင်းကြီးဟု လျောက်ထားလိုက်ပါတော့သည်။
လေးစား ခင်မင်လျက် . . .
တာ တူး
Sunday, October 25, 2009
Answer of Previous Puzzle!
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 12:54 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် တာတူး (ဝါ) အမေ့ခံလူတစ်ယောက်, ပျော်စရာလေးတွေ
Friday, October 9, 2009
Puzzle!
ရုပ်ရည် ရူပကာ လှပယုံလေး ဆိုရင်လည်း သူ့တိုင်းပြည်ထဲ ဗြူတီပါလာ တွေသာ များလာမယ် တိုင်းပြည်က ဒီထက်စည်ပင်ဖို့ မိဖုရားရဲ့ အထောက်အကူ မရနိုင်ပေဘူးပေါ့။
အသံ သာတာလေး ရွေးမယ်ဆိုတော့လည်း သူ့တိုင်းပြည်ထဲ ကာရာအိုကေ ဆိုင်တွေသာ မိုးဥိးကျ မှိုတွေ ထသလိုသာ ဖြစ်လာမယ် တိုင်းပြည်က တိုးတက်မယ် မဟုတ်ပေဘူးပေါ့။
စာတတ်ပေတတ်တွေ ရွေးမယ် ကြံတော့လည်း ကြက်တူရွေးလို စာတွေ သင်ပြီး စာတွေပဲ တတ်တာတွေ ရွေးမိမှာလည်း စိုးရိမ်တော် မူပြန်တယ်တဲ့။
တော်ကြာ ပညာတော့ တတ်ပါရဲ့ မိဖုရား ဖြစ်လောက်တဲ့ ရုပ်ရည် မရှိပြန်ရင်လည်း အခြားတိုင်းပြည်တွေက ကဲ့ရဲ့ကြမှာ စိုးရိမ်တော် မူကြပြန်သတဲ့။
အဲဒါနဲ့ နောက်ဆုံးကျတော့ အကောင်းဆုံး ဖြစ်မယ်ထင်တာနဲ့ ဒီဘက်ခေတ်ဆို Miss Universe ရွေးသလိုပေါ့ အဆင်းလေးရော အချင်းလေးရော မျှတပြိး ပါအောင် ရွေးဖို့ လုပ်ကြသတဲ့။ တိုင်းပြည်ထဲမှာ ရှိတဲ့ အိမ်ထောင်မကျသေးသော အပျိုဟူသမျှ လွပ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရသတဲ့။ တန်းတူ ညီမျှ အခွင့်အရေးပေါ့လေ။ ၀န်ကြီး သမီးမို့၊ စစ်ကဲကြီး သမီးမို့၊ ရွာစား သမီးမို့၊ လယ်သူမမို့၊ ကောက်စိုက်သမမို့၊ ဇီးသီးသည်မို့ ခွဲခြားထားတာတွေ မရှိ၊ စည်းမျဉ်းတွေက တန်းတူပေါ့။ အဲဒါနဲ့ လူတန်းစား အလွှာအသီးသီးက လုံမပျိုတွေနဲ့ ပြည်လုံးကျွတ် မိဖုရား ရွေးချယ်ပွဲ အဆင့်ဆင့် ကျင်းပလာလိုက်တာ . . . . . . . . . နောက်ဆုံးကျတော့ စကာတင် ၃ ယောက်ပဲ ကျန်သတဲ့။
အဲဒါနဲ့ ဘုရင်ကြီးက အဲဒီ မိဖုရာလောင်း ၃ ဦးကို သူကိုယ်တော်တိုင် နောက်းဆုံး မေးခွန်း၂ခု မေးပြီး ရွေးချယ်တော် မူမယ်လို့ မိန့်တော်မူသတဲ့။
အဲဒီ နောက်ဆုံး မေးခွန်း မေးမယ့်နေ့ကျတော့ ဘုရင်ကြီးက လုံမပျို ၃ ယောက်ကို ဖိုခနောက်ဆိုင်ပုံ (၃ နားညီ တြိဂံ ပုံစံ) တစ်ဦးမျက်နှာ တစ်ဦး မြင်သာအောင် ထိုင်ခိုင်းလိုက်ပြီး
အသင် လုံမပျိုတို့ သင်တို့သည် ငါတို့ တိုင်းပြည်ထဲမှ အထူးချွန် အလိမ္မာဆုံး လုံမပျိုများ ဖြစ်ကြသည်။ ယခု အချိန်အထိ အသင်တို့ ၃ဦးစလုံးသည် မိဖုရား ဖြစ်ဖို့ အခွင့်အရေး တန်းတူ ရှိကြသည်။ သို့သော် သင်တို့အထဲမှ အထူးချွန် အလိမ္မာဆုံးသောသူသာ မိဖုရား ဖြစ်ခွင့် ရှိသည်။ မိဖုရား ဖြစ်သူသည် ငါနှင့်အတူ တိုင်းပြည် အကျိုး ဦးစီး ဆောင်ရွက် တော်မူရမည်။ မိဖုရား မဖြစ်သူများကလည်း တိုင်းပြည် အကျိုးကို မိမိတို့ အစွမ်းရှိသမျှ ဆောင်ရွက်ဖို့ ကြိုတင် မိန့်မှာ လိုပေသည်။ ယခု မေးခွန်းများ မမေးခင်
“ သင်တို့ မျက်နှာတွေကို ပ၀ါစဖြင့် ဘာမှ မမြင်ရအောင် စည်းထားမည်။ နောက် သင်တို့ ဦးခေါင်းတွေပေါ်မှာ ငါကိုယ်တော် သရဖူ တခုစီတင်ပေးမည်။ သင်တို့ ဦးခေါင်းပေါ်က သရဖူသည် ရွှေသရဖူ ဖြစ်ချင် ဖြစ်မည်၊ ငွေသရဖူ ဖြစ်ချင်ဖြစ်မည်။ သုံးဦး လုံး၏ ဦးခေါင်းပေါ်တွင် သရဖူ အသီးသီး တင်ပြီးပါက သင်တို့ မျက်လုံးကို စည်းထားသော ပ၀ါစများကို တပြိုင်နက် ဖြူတ်ချပေးလိုက်မည်။ ထိုအခါ သင်တို့အထဲမှ အခြား နှစ်ဦးကို အသင်တို့ ရှေ့တွင် မြင်ရမည်။ သင်တို့ ရှေ့ရှိ နှစ် ဦးထဲမှ တစ်ဦး၏ ဦးခေါင်းပေါ်တွင်ဖြစ်စေ ၊ နှစ်ဦး စလုံး၏ ဦးခေါင်းပေါ်တွင်ဖြစ်စေ ရွှေသရဖူ မြင်ပါက သင်တို့၏ ညာလက်ကို မြှောက်ထားရမည်။
သင်တို့ဦးခေါင်းပေါ်တွင် ရှိသော သရဖူသည် မည်သည့် သရဖူ ဖြစ်သည်ကို သင်တို့ မှန်းဆ သိရှိလိုက်လျှင်လိုက်ချင်း သင်၏ ထောင်ထသော လက်ကို ချရမည်။ ထို့နောက်
(၁) သင့်ဦးခေါင်းပေါ်တွင် မည်သည့် သရဖူ ရှိသည်ကို ထုတ်ဖော်ပြောပြရမည်။
(၂) ထိုအဖြေကို မည်ကဲ့သို့ ရရှိလာသည်ကို လည်း ရှင်း ပြရမည်။ ”
ထိုကဲသို့ မိန့်တော် မူပြီးနောက် ဘုရင်ကြီးက သူ၏မင်းချင်းများကို လုံမပျို ၃ ယောက်စလုံး၏ မျက်နှာတွင် ပ၀ါများ စည်းစေပြီးနောက် သူကိုယ်တော်တိုင်ပင် ၃ ယောက်စလုံး၏ ဥိးခေါင်းထက်တွင် ရွှေသရဖူ တစ်ခုစီ တင်ပေး လိုက်သည်။
ထို့နောက် သူ၏် မင်းချင်းများကို လုံမပျိုများ မျက်နှာပေါ်မှ စည်းထားသော ပ၀ါများကို တပြိုင်နက်တည်း ဖြူတ်ချ ခိုင်းလိုက်သည်။
တခဏမျှ နေပြိးနောက် မိန်းမပျို ၃ ဦး စလုံး သူတို့၏ ညာလက်များကို မြှောက်လိုက်ကြသည် ။ နန်းတော် တစ်ခုလုံးကလည်း မိမိအသက်ရှူသံကို ပြန်ကြားရလောက်အောင် ရင်ခုန်စွာဖြင့် တိတ်တိတ်ဆိတ်ဆိတ်. . . ။ အချိန် အတော်ကြာမှ ( စက္ကန့်၃၀လောက် အကြာမှ ) သူတို့ ၃ ဥိးထဲမှ တစ်ဦးက သူမ၏် မြှောက်ထားသော လက်ကိုချလိုက်ပြိး သူမ ဦးခေါင်းထက်မှ သရဖူသည် . . . .
ဖြေဆိုလိုက်ပြိး သူမသည် ဘုရင်ကြီး၏ မိဖုရား ဖြစ်သွားကာ တိုင်းပြည်ကို သာယာဝပြော ပိုမိုစည်ပင်အောင် ကူညီ သွားသတဲ့ ကွယ် . . . .
ပုံပြင်လေး အဲ မှားလို့ ပဠေဟိလေးက နံပတ် (၁) နဲ့( ၂) ပါ။ အဲဒီ လုံမပျိုလေး အဖြေကို ဘယ်လိုရသွားသလဲ ဆိုတာ ကူညီ စဉ်းစားပေးကြပါ။
အပျော် လေး ပေါ့ ခင်ဗျာ. . .
လေးစား ခင်မင်လျက် . . .
တာ တူး
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 9:01 PM 7 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် တာတူး (ဝါ) အမေ့ခံလူတစ်ယောက်, ပျော်စရာလေးတွေ
Wednesday, December 17, 2008
မြက်ဖျားနှင်း....
မြက်ဖျားနှင်း....
ဒီပုံလေးကို Internet ကယူထားတာပါ...Link ကိုထပ်ပေးပါ့မယ်....
ခံစား၊ ဝေမျှ၊ တင်ပြသူက မယ် at 8:31 AM 9 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် Asterisk, အရောင်စုံ အတွေးများ . . . . ., ပျော်စရာလေးတွေ
Thursday, October 30, 2008
just 4 fun
လူတစ်ချို့က ဒီလိုမျိုးတွေအတွက် ငွေကုန်ခံနေကြတယ်။ သဘောကတော့ ဗေဒင်မေးစရာမလို၊ ဒါလေးကိုဖတ်ကြည့်ပါ။ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ အချိန်လည်းသိပ်မပေးရဘူး။ တစ်ခုတော့ရှိတယ်။ သိပ်မခံစားပါနဲ့။ အပျော်ပေါ့။ အဖြေလေးတွေက အခုလက်ရှိ ခင်ဗျားကိုပြောတာနော်။ အရင်ကခင်ဗျားမဟုတ်ဘူး။
ကဲ၊ ခဲတံလွယ်မယ်ဆိုရင်လည်း ခဲတံ။ ဘောလ်ပင်လွယ်မယ်ဆိုလည်း ဘောလ်ပင်ပေါ့။ စာရွက်တစ်ရွက်လည်း ဆောင်ထားလိုက်နော်။ မေးခွန်း(၁၀)ခုရှိမယ်။ တစ်ခုခြင်းစီရဲ့ မေးခွန်းနံပါတ်နဲ့ အဖြေခေါင်းစဉ်လေးတွေကို ရေးမှတ်ထားလိုက်ပါ။ အစဉ်လိုက်လေးပေါ့။ ကဲစကြမယ်။
(၁)
ခင်ဗျားအတွက် နေ့တနေ့မှာ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။
(က) မနက်ခင်း
(ခ) နေ့လည်ခင်းနဲ့ အစောပိုင်းညနေချိန်
(ဂ) ညဉ့်နက်ချိန်
(၂)
ခင်ဗျား လမ်းလျှောက်လေ့ရှိတဲ့ ပုံစံက …
(က) ခြေလှမ်းကျဲကျဲနဲ့ မနှေးမမြန်
(ခ) ခြေလှမ်းစိပ်စိပ်နဲ့ မနှေးမမြန်
(ဂ) ပုံမှန်လှမ်းရင်းနဲ့ ခေါင်းမော့ထားမယ်။ လောကကြီးကို ရင်ဆိုင်တော့မဲ့ပုံ
(ဃ) ပုံမှန်လှမ်းတယ်။ ခေါင်းငုံထားရင်း။
(၃)
လူတွေနဲ့ စကားပြောတဲ့အခါမှာ ခင်ဗျားရဲ့အမူအရာက …
(က) မတ်တတ်ရပ်ရင်း လက်ပိုက်ထားမယ်။
(ခ) လက်ချောင်းလေးတွေချင်း ဆုပ်ကိုင်ထားမယ်။
(ဂ) လက်နှစ်ချောင်း၊ ဒါမှမဟုတ်လဲ တစ်ချောင်းတည်း ခါးထောက်ထားမယ်။ ဒါမှမဟုတ် ဘောင်းဘီအိတ်တွေထဲကို နှိုက်ထားမယ်။
(ဃ) ခင်ဗျားရဲ့ စကားပြောဖော်ကို ထိကိုင်ရင်း။
(င) ဆံပင်သပ်ရင်း။ ဒါမှမဟုတ် နားရွက်လေးကို ဆော့နေရင်း။ ဒီလိုမှမဟုတ် မျက်နှာကို ပွတ်သပ်နေရင်း။
(၄)
ခင်ဗျား အနားယူတဲ့အခါမှာ ထိုင်တတ်တဲ့ပုံစံက …
(က) ဒူးခေါင်းကိုကွေးလို့ ပူးကပ်ထားမယ်။
(ခ) ခြေချိတ်ထားမယ်။
(ဂ) အကြောတွေဖြေလျော့လို့ ခြေဆင်းထားမယ်။
(ဃ) ခြေတစ်ဖက်ကွေးလို့ ဖိထိုင်ထားမယ်။
(၅)
ပျော်ရွှင်စရာ တစ်ခုခုတွေ့တဲ့အခါ ခင်ဗျားတုံ့ပြန်ပုံက …
(က) အားပါးတရ ရယ်မောမယ်။
(ခ) ခပ်ကျယ်ကျယ်မဟုတ်ပဲ ရယ်မောမယ်။
(ဂ) အေးအေးပုံမှန်လေးပဲ ရယ်မောမယ်။
(ဃ) ပြုံးတုံ့ ပြုံးရောင် (မခိုးမခန့်)လေး ရယ်မောတယ်။
(၆)
ခင်ဗျားက ပါတီပွဲတစ်ခုခု၊ ဒါမှမဟုတ် လူမှုရေးပွဲတစ်ခုခုကို သွားရတဲ့အခါမှာ …
(က) လူတွေသတိထားမိအောင် နှုတ်ဆက်သံ ကျယ်ကျယ်လောင်လောင်နဲ့ ဝင်သွားတတ်တယ်။
(ခ) တိတ်တဆိတ်ပဲဝင်သွားတတ်တယ်။ ခင်ဗျားအသိ တစ်ယောက်ယောက်များ ရှိနေမလားလို့ ဟိုဒီရှာရင်းနဲ့။
(ဂ) တိတ်တဆိတ်နဲ့ ဘယ်သူမှသတိမထားမိအောင် အေးဆေးပဲ ဝင်သွားတတ်တယ်။
(၇)
ခင်ဗျား အလုပ်လုပ်နေတဲ့အချိန် ဒါမှမဟုတ် တစ်ခုခုကို စိတ်ဝင်တစား လုပ်နေချိန်မှာ တစ်ယောက်ယောက်က နှောင့်ယှက်လာခဲ့ရင် (စကားပြောလာခဲ့ရင်) ခင်ဗျားက …
(က) အေးဆေးပဲ လုပ်လက်စကို နားလိုက်တယ်။
(ခ) အရမ်းစိတ်ဆိုးသွားတတ်တယ်။
(ဂ) အပေါ်က နှစ်မျိုးစလုံးရဲ့ ကြားတစ်နေရာ ခံစားချက်မျိုးနဲ့ တုံ့ပြန်တတ်တယ်။
(၈)
ဘယ်အရောင်လေးကို ခင်ဗျား အနှစ်သက်ဆုံးလည်း။
(က) အနီရောင် (သို့) လိမ္မော်ရောင်
(ခ) အနက်ရောင်
(ဂ) အဝါရောင် (သို့) အပြာဖျော့ဖျော့
(ဃ) အစိမ်းရောင်
(င) အပြာမှိုင်းမှိုင်း (သို့) ပန်းခရမ်းရောင်
(စ) အဖြူရောင်
(ဆ) အညိုရောင် (သို့) မီးခိုးရောင်
(၉)
ခင်ဗျားညအိပ်ရာဝင်တဲ့အခါ အိပ်မပျော်ခင်အချိန်လေးမှာ ခင်ဗျားလှဲနေတတ်တဲ့ ပုံလေးက …
(က) ပက်လက်ကလေး ဖြေလျော့နေတတ်တယ်။
(ခ) မှောက်ခုံလေး ဖြေလျော့နေတတ်တယ်။
(ဂ) ဘေးတစ်စောင်းလေး ကွေးနေတတ်တယ်။
(ဃ) ခေါင်းအောက်မှာ လက်တစ်ဖက်ခုရင်း နေတတ်တယ်။
(င) ခေါင်းအုံးအောက်မှာ ခေါင်းကိုဝှက်ရင်း နေတတ်တယ်။
(၁၀)
မကြာခဏ ခင်များကိုယ်ခင်ဗျား အိမ်မက်တတ်တာက …
(က) ကျဆုံးနေသူ
(ခ) တွန်းတိုက် တိုက်ခိုက်နေရတတ်သူ
(ဂ) တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ရှာဖွေနေရတတ်တယ်။
(ဃ) လေထဲမှာ ပျံသန်းနေရတတ်တယ်၊ ဒါမှမဟုတ် မြောလွင့်နေတတ်တယ်။
(င) ခင်ဗျား အိမ်မက် မက်လေ့မရှိဘူး။
(စ) ခင်ဗျား စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါး အိမ်မက်လေးတွေပဲ မက်လေ့ရှိတယ်။
ကဲ မေးခွန်းလေးတွေကတော့ ကုန်သွားပြီ။ ခင်ဗျားမှတ်ထားတဲ့ နံပါတ်နဲ့ အဖြေလေးတွေအလိုက် အမှတ်လေးတွေရှိတယ်။ တစ်ခုခြင်းစီကို အမှတ်လေးတွေမှတ်ပြီး အားလုံးပေါင်းလိုက်အုံးနော်။ ရလာတဲ့ အမှတ်ပေါင်းအလိုက် ခင်ဗျားဟာ ဘယ်လိုလူလည်းလို့ ဖတ်ကြည့်လိုက်ပါအုံး။ အပျော်ပေါ့။ ခင်ဗျားရဲ့ ရမှတ်လေးကို ကွန်မန့်မှာ ရေးပေးသွားအုံးနော်။ အားလုံးလည်း သိရတာပေါ့။
နံပါတ်စဉ်အလိုက် အမှတ်လေးတွေကတော့ ….
(၁) (က)၂ (ခ)၄ (ဂ)၆
(၂) (က)၆ (ခ)၄ (ဂ)၇ (ဃ)၂ (င)၁
(၃) (က)၄ (ခ)၂ (ဂ)၅ (ဃ)၇ (င)၆
(၄) (က)၄ (ခ)၆ (ဂ)၂ (ဃ)၁
(၅) (က)၆ (ခ)၄ (ဂ)၃ (ဃ)၅ (င)၂
(၆) (က)၆ (ခ)၄ (ဂ)၂
(၇) (က)၆ (ခ)၂ (ဂ)၎
(၈) (က)၆ (ခ)၇ (ဂ)၅ (ဃ)၄ (င)၃ (စ)၂ (ဆ)၁
(၉) (က)၇ (ခ)၆ (ဂ)၄ (ဃ)၂ (င)၁
(၁၀) (က)၄ (ခ)၂ (ဂ)၃ (ဃ)၅ (င)၆ (စ)၁
အမှတ်ပေါင်းကြည့်ပြီးသွားပြီဆိုရင်တော့၊ ဖတ်ကြည့်လိုက်ပေတော့။ ခင်ဗျားဘယ်လိုလူလည်း ဆိုတာကိုး) …
အမှတ်(၆၀)ကျော်တယ်ဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားကို ဂရုတစိုက် ပေါင်းသင်းဆက်ဆံရမဲ့လူလို့ မြင်ကြတယ်။ ခင်ဗျားက မာနကြီးတယ်၊ အတ္တကြီးတယ်၊ ပြီးတော့ သူတစ်ပါးကို အပေါ်စီးကနေ ပြောဆိုချင်တယ်။ လူတစ်ချို့က ခင်ဗျားကို လေးစားကြမယ်၊ နှစ်သက်ကြမယ်။ ဒါပေမဲ့ ဘယ်တော့မှ ယုံကြည်ကြမှာ မဟုတ်ဘူး။ ခင်ဗျားနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဖို့ကို စိတ်မပါကြဘူး။ ဒါမှမဟုတ် ချီတုံချတုံ ဖြစ်နေတတ်တယ်။
အမှတ်(၅၁)ကနေ (၆၀)အထိဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားဟာ စိတ်လှုပ်ရှားလွယ်တယ်။ ဒါမှမဟုတ် စိတ်ထက်သန်သူ၊ တစ်ခါတရံမှာလည်း အလွယ်တကူ လက်လျော့တတ်တယ်လို့ မြင်ကြမယ်။ စိတ်ကူးရနေရင်တော့ ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက်လို ပါပဲတဲ့။ ဆုံးဖြတ်ချက်တွေကိုလည်း မြန်မြန်ပေးတတ်တယ်။ အဲဒီအခါမျိုးတွေမှာ ခင်ဗျားဟာ ရဲရင့်သူတစ်ယောက်၊ နောက်ပြီးတော့ စွန့်စားမှုတစ်ခုခုကို လုပ်နေတတ်တယ်။ ဥပမာ အပြောင်းအလဲတစ်ခုခု၊ ဒါမှမဟုတ်လည်း စွန့်စားမှုတွေနဲ့ ပျော်နေတတ်တယ်။ ခင်ဗျားနဲ့ အပေါင်းအသင်းဖြစ်ရမှာကိုလည်း လိုလိုချင်ချင်ရှိနေကြတယ်။ ဘာလို့လည်းဆိုတော့ ခင်ဗျားရဲ့ စိတ်ထက်သန်မှုတွေက တခြားသူတို့အပေါ် စိုးမိုးနိုင်(နှိုးဆွနိုင်)လို့ပါပဲ။
အမှတ်(၄၁)ကနေ (၅၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားဟာ လန်းဆန်းတက်ကြွနေတတ်သူ၊ အမြဲနှိုးကြားနေသူ၊ စွဲဆောင်မှုရှိသူ၊ ပျော်ရွှင်တတ်သူ တစ်ယောက်။ ပြီးတော့ လက်တွေ့ဆန်ဆန်နေတတ်ပြီး အမှုကိစ္စတွေကို အမြဲပဲ စိတ်ဝင်စားနေတတ်သူလို့ မြင်ကြတယ်။ နောက်ပြီးခင်များဟာ အမြဲတမ်းလိုပဲ တစ်စုံတစ်ခုကို အလေးအနက်တွေးနေတတ်တယ်။ ဒါပေမဲ့ သေသေချာချာ ပိုင်းခြားချင့်ချိန်တတ်ပြီး ပြဿနာတွေကို ခေါင်းထဲထည့်မထားတတ်သူပါ။ လူတွေက ခင်ဗျားကို ကြင်နာတတ်သူ၊ ညှာတာထောက်ထားတတ်သူ၊ ပြီးတော့ နားလည်ပေးနိုင်သူလို့လည်း မြင်ကြမယ်။ အမြဲပဲ သူတို့တွေအပေါ်မှာ အားပေးလို့ ကူညီနေတတ်သူလို့လည်း ခံယူကြတယ်။
အမှတ်(၃၁)ကနေ (၄၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို ဆင်ခြင်ဆုံးဖြတ်နိုင်သူ၊ သတိရှိသူ၊ ဂရုတစိုက်နေထိုင်တတ်ပြီး လက်တွေ့ဆန်သူလို့ မြင်ကြတယ်။ နောက်ပြီး ခင်ဗျားဟာ ပါးနပ်လိမ္မာသူ၊ မွေးရာပါ ပါရမီကိုက ကောင်းသူ၊ အရည်အချင်းရှိသူတစ်ယောက်ဖြစ်တဲ့အပြင် ခေတ်ဆန်ဆန်လည်း နေတတ်ပါတယ်။ ခင်ဗျားဟာ အလွယ်တကူနဲ့ မြန်မြန် အပေါင်းအသင်း မလုပ်တတ်ပါဘူး။ ဒါပေမဲ့ အပေါင်းအသင်းကို အရမ်းပဲ သစ္စာရှိစွာ ပေါင်းသင်းတတ်ပါတယ်။ ကိုယ့်အပေါ်မှာလည်းပဲ သစ္စာရှိစွာ ပေါင်းသင်းသူတွေကိုသာ အဲဒီလို ပြန်လည်ပေါင်းသင်းတတ်သူပါ။ ခင်ဗျားကို နားလည်လိုသူတွေဟာ ခင်ဗျားနဲ့ တစ်ကယ်ကို ယုံကြည်စွာ ပေါင်းသင်းနေသူ ဖြစ်မှ နားလည်နိုင်မှာပါ။ ဒါပေမဲ့ အဲဒီလိုအချက်တွေကြောင့်ပဲ ယုံကြည်မှုပြိုလဲသွားရင် ခင်ဗျားအနေနဲ့ ယုံကြည်ချက်အပေါ်ထားတဲ့ စိတ်ခံစားချက်ကို ကျော်လွန်နိုင်ဖို့ အချိန်ယူရတတ်သူပါ။
အမှတ်(၂၁)ကနေ (၃၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို လုံလရှိသူတစ်ယောက်။ ဒါပေမဲ့ ပျာယာခတ်ပြီး ဇီဇာကြောင်တတ်သူလို့ မြင်ကြတယ်။ သူတို့တတွေက ခင်ဗျားဟာ သတိရှိသူ၊ အမြဲတမ်းလိုလို ဂရုတစိုက်လုပ်တတ်သူ၊ ဖြည်းဖြည်းမှန်မှန်နဲ့ မနားမနေ အလုပ်လုပ်တတ်သူလို့လည်း မြင်ကြတယ်။ တစ်ခါတစ်ရံ ခင်ဗျား စိတ်ကူးရသလိုလုပ်နေတတ်တာ၊ ဒါမှမဟုတ် ခင်ဗျားတိုက်တွန်း နှိုးဆွလိုက်တဲ့ ကိစ္စတွေအတွက် တစ်ခြားသူတွေက သဘောကျ နှစ်ခြိုက်နေတတ်ပါတယ်။ ခင်ဗျားရဲ့ ပြဿနာတွေကို အသေအချာ ချဉ်းကပ်ပြီး မထင်ရတဲ့ ပုံစံနဲ့ ဆုံးဖြတ်ချက်တွေကိုလည်း နှစ်ခြိုက်ကြပါတယ်။ သူတို့တွေက ခင်ဗျား ဒီလိုချဉ်းကပ် ဖြေရှင်းနိုင်တာကိုက ခင်ဗျားရဲ့ ဂရုတစိုက် လုပ်တတ်တဲ့ အကျင့်ကြောင့်လို့လည်း တွေးကြတယ်။
အမှတ်ပေါင်းက (၂၁)ရဲ့ အောက်မှာဆိုရင်တော့ …
တစ်ခြားသူတွေက ခင်ဗျားကို ရှက်တတ်သူ၊ စိုးရိမ်ကြောင့်ကြတတ်သူ၊ အဆုံးအဖြတ်မပေးနိုင်သူ၊ အတိတ်ကို အမြဲတမ်း ပြန်ကြည့်နေတတ်သူတစ်ယောက်။ တစ်စုံတစ်ယောက်ဆီကနေ အမြဲပဲ ဆုံးဖြတ်ချက်တွေကို လိုချင်နေသူ။ တစ်ခြားသူတွေနဲ့ ပေါင်းသင်းရမှာ ကိစ္စအသစ်တွေမှာ ပါဝင်ဆင်နွှဲရမှာကို မလိုလားတတ်သူလို့ မြင်ကြတယ်။ ပိုဆိုးတာက သူတို့တစ်တွေရဲ့ အမြင်မှာ ခင်ဗျားဟာ အမြဲတမ်း တစ်ခုခုကို စိုးရိမ်နေတတ်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေကို စဉ်းစားပြီး တွေးကြောက်နေတတ်သူလို့ မြင်နေတတ်တာပါ။ အပျင်းကြီးတယ်လို့ကလည်း ထင်ကြသေးတယ်။ တစ်ခုတော့ရှိပါတယ်။ ခင်များကို ကောင်းကောင်းသိတဲ့ နားလည်တဲ့သူတွေကသာ ခင်ဗျားဒီလိုမဟုတ်တာကို သိကြမယ်။
ကဲ။ မေးခွန်းနဲ့ အဖြေတွေကတော့ ပြီးသွားပါပြီ။ ဘာရယ်မဟုတ်ပါဘူး။ စာဖတ်သူတွေကို အပျင်းပြေစေချင်တာ တစ်ခုပါပဲ။ Forward mail တစ်ခုကနေ ရလာတာလေးကို တတ်နိုင်သလောက် ဘာသာပြန်ပေးလိုက်ပါတာ။ (တတ်နိုင်သလောက် အဘိဓါန်လှန်လိုက်တယ်ဆိုရင် ပိုမှန်မလားပဲ။) တစ်ကယ်တော့ လူဆိုတာ ကိုယ့်ဝမ်းနာ ကိုယ်အသိဆုံးပါ။ ဒါပေမဲ့ စကားလေးတစ်ခုလည်း ရှိနေတာကိုး။ လူဆိုတာ ကိုယ့်မျက်ချေး ကိုယ်မမြင်တတ်ဘူးတဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ကွန်မန့်မှာ ကိုယ်ရတဲ့ အမှတ်ပေါင်းလေးကိုတော့ ပြောပြပေးသွားနော်။ ကိုယ်ရေးကိုယ်တာတွေကို စပ်စုသလိုများ ဖြစ်သွားမလားပဲ။ ကျွန်တော်ကတော့ တွေ့ခါစတုန်းက စမ်းကြည့်တာ အမှတ်က ၃၁-ကနေ ၄၀အတွင်းရှိတယ်။ ဘာသာပြန်ပြီး ထပ်စမ်းကြည့်တာလည်း ဒီလိုပဲဗျ။ သူပြောထားသလိုလည်း ဟုတ်တော့ဟုတ်သလိုလို။
ကဲ… ပျော်ရွှင်အဆင်ပြေကြပါစေ ခင်ဗျာ။
သုခမိန်။…..။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 6:57 PM 18 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, ပျော်စရာလေးတွေ
Monday, September 29, 2008
Just Psychological Test for fun.
သင်အိမ်ထောင်ကျမကျ ဒီအခြေအနေနဲ့ စမ်းသပ်ရအောင်
ကျွန်တော်တို့ အခြေအနေတစ်ရပ်ကို ဖန်တီးကြမယ်။ ခြောက်သွေ့နေတဲ့ တောတန်းတစ်ခုကို ဖြတ်သန်းအသွား အန္တရာယ်တစ်ခုနဲ့ တွေ့တယ်ပေါ့။ အသက်လုပြီး ပြေးနေရတယ်။ မောပန်းနွမ်းနယ်နေပြီ။ အဲဒီအချိန်မှာ ကမ်းပါးတစ်ခုကို ကျော်ဖြတ်ရတယ်။ ခင်ဗျား အရမ်းပင်ပန်းနေပြီ။ ဒါပေမဲ့ အသက်ဘေးနဲ့ ကြုံတွေ့နေရလို့ ကမ်းပါးရံကို ကျော်ဖြတ်ကို ဖြတ်ရတော့မယ်။ အားတင်းလို့ ကျော်ဖြတ်နေတုန်းမှာ ခင်ဗျားရေအရမ်းဆာလာတယ်။ နည်းနည်းလောက် ဆက်ကြိုးစားလိုက်ရင်လည်း ကမ်းပါးကို ကျော်ဖြတ်လို့ အန္တရာယ်ကနေ လွန်တော့မယ်။ ရေကလည်း အရမ်းဆာနေပြီ။ ဆိုးသွားတာတစ်ခုက ခင်ဗျားရေသောက်ချင်တယ်ဆိုရင် ကမ်းပါးရံအောက်ခြေကို ဆင်းသောက်ရမယ်။ ရေကလည်း ရနိုင်တာ ဒီတစ်နေရာပဲ။ ကမ်းပါးရံရဲ့ဟိုတစ်ဖက်မှာက ရေအတွက်မသေချာဘူး။ အောက်ခြေမှာ အန္တရယ်နဲ့ရေ ရှိနေလေရဲ့။ ခင်ဗျားဘာ လုပ်မလည်း။ စိတ်မှာ ပုံဖော်ခံစားကြည့်ပြီး အဖြေတစ်ခု စဉ်းစားထားလိုက်ပါ။ ခင်ဗျား ကမ်းပါးရံကိုပဲ ကျော်ဖြတ်တော့မှာလား၊ ရေဆင်းသောက်မလား။
ခင်ဗျားက ကမ်းပါးရံကိုပဲ ကျော်ဖြတ်လို့ သွားတော့မယ်ဆိုရင် အိမ်ထောင်ကျဖို့အတွက် သိပ်မသေချာသူပါတဲ့။ သူတို့ပြောတာကတော့ အကျပ်အတည်းတစ်ခုကို ဖောက်ထွက်ရာမှာ ကိုယ့်အသက်ကိုကိုယ် ရွေးချယ်လို့တဲ့။
ခင်ဗျားက ရေဆင်းသောက်အုံးမယ် ဆိုရင်တော့ အိမ်ထောင်ကျဖို့ ရာနှုန်းများသူပါတဲ့။ အကျပ်အတည်းတစ်ခုမှာတောင် အသက်ကိုပဓာဏမထားပဲ အန္တရာယ်ရှိရာကို ပြန်သွားလို့တဲ့။
ဟုတ်မဟုတ်တော့ အရမ်းမတွေးကြပါနဲ့။ စိတ်ပိုင်းဆိုင်ရာ အပျော်မေးခွန်းလေးတစ်ခုပါ။ ကျွန်တော့်ကိုလည်း သူငယ်ချင်းတစ်ယောက်က မေးလို့မှတ်မိနေတာလေးပါ။ ဒီမေးခွန်းလေးကို သိပြီးသားဆိုရင်တော့လည်း ပြုံးသွားလိုက်ယုံပေါ့နော။ ဒါနဲ့ စကားမစပ် ကျွန်တော်ကတော့ ရေဆင်းသောက်သေးတယ်ဗျ။ ဟီး…ဟီး..။ အခုထိကတော့ ရည်းစားမရှိ လူပျိုပါခင်ဗျာ။း)
သုခမိန်။…..။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 12:41 PM 14 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, ပျော်စရာလေးတွေ
Thursday, September 18, 2008
smart answer is Submarine!
ဖြေရှင်းချက်တွေ ပေးလိုက်တယ်။
ကြိုးစားပမ်းစားမဟုတ်တောင် ဘာလည်းဟဆိုပြီး စဉ်းစားသွားသူတွေအတွက် အဖြေမှန်လေးကို ပြောပြတာပါ။ ဟိုနေ့က မေးမိတဲ့ လူ၆၀တင်တဲ့သဘောင်္၊ လူ၆၀တက်ပြီးတော့ ရေအောက်မြုပ်သွားတယ်ဆိုတာက ဒီလိုဗျ။ ဟဲ ဟဲ။
ကိုတာတူး။...။
အ ဟွန်း ဟွန်း . . . . . ကိုဗာဘို ။ ဘယ်ရမလဲ ကိုဝန်ဆောင်သည် တက်လာလို့ မြုပ်တာဖြစ်မယ် ။ ပေး ဗျာ လက်ဆောင်။
ဒီလူဟာလေ။ ဒါပဲတွေးနေတယ်။ ဗိုက်ကြီးချင် အဲလေ၊ ကလေးလိုချင်နေလားမသိဘူး။ ရေငုပ်သဘောင်္လေဗျာ။ လိုက်မယ့်သူစုံပြီဆိုတော့ သွားမယ်ဆိုပြီး ဆင်းသွားတယ်၊ ရေအောက်ကို၊ မြုပ်ရော။
ရွှန်းမီ။...။
မင်္ဂလာပါ ကိုသု =)
သဘောင်္မြုပ်သွားတာ ရေထဲမှာ ရောက်နေလို့ပါ။
လူဆံ့တာ မဆံ့တာက မြုပ်တာ မမြုပ်တာနဲ့ မဆိုင်ဘူးထင်တယ်။ =)
ဒီအဖြေကကောင်းတယ်။ ရေအောက်ကိုမြုပ်ဖို့ ရေထဲကိုရောက်နေဖို့လိုတယ်။ အခြေခိုင်တဲ့ အတွေး။ လောကကြီးမှာ ရလဒ်တစ်ခုအတွက် ချဉ်းကပ်ရမှာက သူရှိနေနိုင်တဲ့ အဝန်းအဝိုင်းပါပဲ။ ဒါပေမဲ့ အဖြေကိုတော့ မှားတယ်ပြောမယ်။ ဒီမှာက ရေငုပ်သဘောင်္ကြီး ဖြစ်နေတယ်ကိုး။
Asterisk (မယ်)။...။
ကိုတားမြစ်ရေ...
ဘာကြောင့် ရေအောက်ကို မြုပ်သွားသလည်းဆိုတာက................................... အဖြေမှန်လို့ လက်ဆောင်မပေးနိုင်ပေမဲ့....မုန့်က တကယ်ကျွေးလို့ ရပါတယ်....
အင်း။ ဒီတစ်ယောက်လည်း အစားပဲမက်နေတယ်ကိုး။ စဉ်းစားဖို့ကိုအားမထည့်ဘူး။ ဒီလိုသာဆိုရင် ဝပုတ်ဖြစ်တော့မယ်။
ဇနိ။...။
ဟီးဟီး သိသိကြီးနဲ့ရေးသွားပြီ
ရေမြုပ်သင်္ဘော ဖြစ်နေလို့ပေါ့ ကိုသုရယ်
း)
ဒီလူက လူဆိုး။ သူ့ကိုမေးဖူးလို့ သူသိနေတာ။ အစီစဉ်ထဲ ဖြေပိုင်ခွင့်မရှိဆိုပြီး သူ့ကိုထည့်လိုက်ရမှာ၊ မေ့သွားတယ်။
မာရေးသျှင်။...။
“ရေငုပ်သင်္ဘောမို့ ထင်ပါ့ ဆရာသု ရေ”
တိုက်ဆိုင်တယ်။ အဖြေမှန်ကလည်း ရေငုပ်သဘောင်္ပဲဗျ။ အားလုံးထဲမှာ ဒီဆရာတစ်ယောက် အတွေးတော်တော်ပေါက်တယ်။
khin oo may။...။
ထင်တာကတော့ လေးလို့မြုပ်သွားတာပါ။
ကဲ မကောင်းဘူးလား။ မခင်ဦးမေတစ်ယောက်စဉ်းစားတာ ကွက်တိပါပဲ။ ရေအောက်မြုပ်ဖို့ အလေးချိန်တစ်ခုခုတော့ ပိုင်ဆိုင်ရမှာပဲ။ ဒါက သာမာန်ကျတဲ့ ယုတ္တိပဲ။ အတည့်စဉ်းစားတယ်။ ဖြေသွားပုံကို သဘောကျတယ်။ ဒါပေမဲ့ အမရေ ရေငုပ်သဘောင်္ဖြစ်နေလို့ဗျ။
အိမ်လွမ်းသူ(မှန်နီကုန်း)။...။
အကိုကြီးသုရေ....
ကျနော်ထင်တာ ပြောရရင်တော့
ballast system မကောင်းတာဗျ..။ ကျနော်က သင်္ဘောပေါ်နေ့တိုင်းတက်ပြီး သံချေးခေါက်နေတော့... နဲနဲတော့ သိတယ်ဗျ။ ကျနော်တို့ ကုမ္ပဏီက service လုပ်လိုက်တာလဲ ဖြစ်နိုင်တယ်ဗျ...။
သူကတော့ သီအိုရီသမားဖြစ်မယ်။ သူပြောတာတွေကို သားလည်းမသိ။ ပညာရှင်များ ကူညီကြပါကုန်လော့…။ တစ်ခုပဲ။ သူကများ လူကိုလာပြီး အကိုကြီးသုတဲ့။ ဆုံလာခဲ့ရင် ကောင်မလေးတယောက်လောက်ကို တို့နှစ်ယောက် ဘယ်သူပိုငယ်လည်း မေးကြည့်အုံးမယ်။ ဟင်း.. အဲဒီကျရင်တော့ ပေါ်မှာပဲ။ အသက်ပြောပါတယ်။
ရွှေပြည်သူ။...။
သင်္ဘောကတော့ အစတကည်းက ၀မ်းပေါက်နေလို့များလား (ဥာဏ်မီသလောက်လေး စဉ်းစားကြည့်တာပါး) )
ဒီကအမ မေ့တတ်တဲ့ အကျင့်များရှိလေသလား၊ တွေးနေမိတယ်။ သဘောင်္ဝမ်းအပေါက်က အစကတည်းက ရှိနေတယ်စဉ်းစားလို့ပါ။ ဒါပေမဲ့ သေချာတွေးမှ အယ်၊ သူပြောတာလည်း မှန်နေသလိုပဲလို့ တွေးလိုက်မိတယ်။ ဟုတ်တယ်လေ အပေါက်ရှိလို့ကို မြုပ်ရတာကိုး။ ရေငုပ်သဘောင်္လည်း ဒီလိုပဲလေ။
မိုးသောက်။...။
မာလိန်မှုး နဲ့ဆိုတော့ ၆၁ ယောက် ဖြစ်သွားလို့ ထင်တယ်
ဒါမှ မဟုတ်ရင်တော့ အစကတည်းက ရေ မြုပ်သင်္ဘော လားမှ မသိတာ
အဟဲ ဘာရယ် မဟုတ်ဘူး .. ရမ်းစမ်း ဖောကြည့်တာ :P
ဒီအကိုကလည်း အလုပ်ဆိုရင် သေချာလုပ်တာ မလုပ်တာထက် အခြေအနေတရပ်အတွက် အဓိကကို တွေးတတ်သူဖြစ်မယ်။ မာလိန်မှုးကို စဉ်းစားပေးလို့။ ဒါပေမဲ့ နောက်မှထည့်တွက်တယ်။ လူဆိုး။ အဖြေကိုလည်း နှစ်ခုပြောသွားတယ်။ နောက်တစ်ခုလည်းကျရော ထည့်မှန်ရောပဲ။ ဟုတ်ပ ရေမြုပ်သဘောင်္ကြီးကိုးဗျ။
ကဲအားလုံးပဲ ဆက်စပ်တွေးပေး၊ ဖြေပေးသွားတာ ကျေးဇူးပါ။ နောင်များလည်း လာလည်ကြပါ။ စာတွေဖတ်လို့ လိုအပ်တာတွေ၊ ပြုပြင်စရာတွေကိုလည်း အားမနာတမ်းသာ မှာကြားသွားပါ။ ပျော်ရွှင်အဆင်ပြေကြပါစေ ခင်ဗျာ။
သုခမိန်။…..။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 8:21 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, ပျော်စရာလေးတွေ
Monday, August 11, 2008
Some Jokes at School.
ဆရာနှင့်တပည့်လေးများ၏ ရယ်စရာလေးများ။
Forward mail တစ်ခုကနေ သဘောကျတာလေးတွေကို မြန်မာမှုပြုထားတာပါ။ ရယ်စရာလေးတွေဆိုတော့လည်း ကိုရင်ညိန်းပြောသလို အသက်ရှည်တာပေါ့ဗျာ။ နော့။ မရယ်ရလည်း ရယ်ရတယ်ပြောဗျာ။ :P
သုခမိန်။…..။
********************************************
ဆရာ။…..။
“မိနွယ် - လူတွေက စိတ်မဝင်စားတော့ပါဘူး ဆိုတဲ့အထိကို အရှိန်ကောင်းကောင်းနဲ့ စကားပြောနေတတ်သူတွေက ဘယ်သူတွေလည်း။ သိရင် ဖြေပါအုံး။”
မိနွယ်။…..။
“ကျောင်းဆရာတွေပါ - ဆရာ”
**********************************************
ဆရာ။…..။
“မင်းအောင် - ရေရဲ့ ဓာတုဗေဒ ဖော်မြူလာကို ပြောစမ်း။”
မင်းအောင်။…..။
“ H, I, J, K, L, M, N, O ပါဆရာ။”
ဆရာ။…..။
“ဟေ့ကောင် မင်းဘာတွေ ရွတ်နေတာလည်းကွ။”
မင်းအောင်။…..။
“မနေ့က ဆရာပဲ ရေရဲ့ ဓာတုဗေဒ ဖော်မြူလာက “H to O” လို့ ပြောခဲ့ပါတယ်ခင်ဗျာ။”
**********************************************
ဆရာ။…..။
“မိနွယ် - မိကျောင်းကို အင်္ဂလိပ်လို မင်းဘယ်လို စာလုံးပေါင်းမလဲ။”
မိနွယ်။…..။
“K-R-O-K-O-D-I-A-L ပါဆရာ။”
ဆရာ။…..။
“မင်း စာလုံးပေါင်းတာ မှားနေတယ်။”
မိနွယ်။…..။
“ဟုတ်ကဲ့။ မှားချင်မှားနေမှာပါ ဆရာ။ ဆရာက သမီးဘယ်လို စာလုံးပေါင်းလည်း မေးလို့ ဖြေလိုက်တာပါ။”
**********************************************
ဆရာ။…..။
“မင်းအောင် - ဆရာ့နားလာပြီး မြောက်အမေရိကတိုက်ကို အားလုံးမြင်သာအောင် မြေပုံမှာ ထောက်ပြလိုက်ပါအုံး။”
မင်းအောင်။…..။
“ဒီမှာပါ ဆရာ။”
ဆရာ။…..။
“အေး.. မှန်တယ်။ ကဲ - အခု တစ်တန်းလုံးက ဖြေပါအုံး။ အမေရိကကို ဘယ်သူ ရှာဖွေ တွေ့ရှိခဲ့တာလည်း။”
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 2:30 PM 7 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, ပျော်စရာလေးတွေ
Friday, August 1, 2008
Notice for all Bloggers
သတိ (အရေးကောင်းလိုသူများနှင့် အရေးကောင်းသူများ) ကျွန်တော်ခင်မင်ရတဲ့၊ ကျွန်တော့်စိတ်ထဲကို ဝင်ရောက်နေတဲ့ ဒီဘလော့ဂ်လေးကို အွန်လိုင်းအဆင်ပြေတိုင်း ဖွင့်ကြည့်ရတာအမောပါ။ ကိုယ်ရေးထားတာလေးတွေ၊ အပေါင်းအသင်းရောင်းရင်းတို့ ရေးထားတာလေးတွေကို ပြန်ဖတ်ကြည့်၊ ကွန်မန့်လေးတွေကို ထပ်ဖတ်ကြည့် လုပ်နေရတာ စိတ်အစာပြေစေပါတယ်။ အချိန်များရခဲ့ရင် ဘလော့ဂ်လျှောက်ရင်း စာတွေဖတ်၊ ကွန်မန့်ရေး၊ စီဘောက်စ်မှာ နှုတ်ဆက်နဲ့ အများတကာကြည့်ရင် တကယ့် အရေးတကြီး ကိစ္စတစ်ခုခုကို လုပ်နေသလိုပါပဲ။ ကျွန်တော့်အတွက်လည်း အနည်းအကျဉ်း (ဒါမှမဟုတ်လည်း အတော်များများ) ဘလော့ဂ်လေးတွေက ဖမ်းစားနိုင်ပါတယ်။ အစချီနေရတာက ပြောချင်တာလေးရှိလို့ပါ။ တရက်မှာ ဘလော့ဂ်လျှောက်ရင်း စာတွေဖတ်လိုက်၊ ကိုယ့်ဘလော့ဂ်လေးကို ပြန်ကြည့်လိုက် လုပ်နေတဲ့ ကျွန်တော့်ကို အနားမှာရှိနေတဲ့ သူငယ်ချင်းတစ်ယောက်က သူဖတ်ဖူးတာလေးတစ်ခု ပြောပြပါတယ်။ သူ့စကားလေးတွေကို သဘောကျလို့ စာလာဖတ်တဲ့ ဘလော့ဂ်ဂါတွေကို ပြန်ဝေမျှပါတယ်။ သူပြောတာကတော့ နာမည်ကြီး စာရေးဆရာတစ်ယောက် ရေးထားတဲ့ စာလေးပါတဲ့။ သူက အကြောင်းအရာကိုပဲ မှတ်မိလို့ အကြောင်းအရာကိုပဲ အဓိကပြောသွားပါတယ်။ ကျွန်တော်ကလည်း အကြောင်းအရာလေးကိုပဲ အဓိက ပြန်လည်ပြောပြပါမယ်။ အားလုံးပဲ သတိထားနိုင်အောင်ပါ။ တစ်ခါက လူ့ဘဝကိုဖြတ်သန်းအပြီးမှာ အပြစ်တွေကို ပေးဆပ်စရာရှိလို့ ပုဂ္ဂိုလ်နှစ်ဦးဟာ ငရဲမင်းကြီးဆီကို အတူတကွ ရောက်လာခဲ့ပါတယ်။ ငရဲမင်းကြီးလည်း သူတို့ရဲ့ အချက်အလက်တွေကြည့်၊ လိုအပ်တာတွေ စစ်ဆေးအပြီးမှာ အပြစ်ရှိသူနှစ်ဦးကို သူ့လက်ထောက်လက်အပ်ပြီး ဆီပူနဲ့ကြော်တဲ့ငရဲကို ပို့စေလို့ မိန့်သတဲ့။ အဲဒီနှစ်ဦးမှာ တစ်ဦးသောသူက လူ့ဘဝမှာ တိုင်းသိ၊ပြည်သိ နာမည်ကြီး စာရေးဆရာပါတဲ့။ နောက်တစ်ယောက်ကတော့ ဘာမှအထွေအထူးမလုပ် လူ့ဘဝမှာ အချိန်လေးရတာနဲ့ အရက်သေစာ သောက်စားတတ်သူ အရက်သမားပါ။ ငရဲမင်းကြီးရဲ့ လက်ထောက်အရာရှိက သူတို့ကို သက်ဆိုင်ရာငရဲကိုပို့ပြီး အပြစ်ပေးပါသတဲ့။ ဆီပူမှာ စာရေးဆရာကိုထည့်ကြော်၊ မီးအပူစပေးတော့ မီးအရှိန်က နည်းသတဲ့။ အရက်သမားမှာတော့ ဆီပူမှာစထည့်ခံရကတည်းက ပြင်းလွန်းတဲ့ မီးအရှိန်နဲ့ပေါ့။ ဒီလိုနဲ့ ငရဲကျသူနှစ်ဦး ပြစ်ဒဏ်တွေခံနေလိုက်ရတာ အဖြည်းဖြည်း ကြာလာပါလေရော။ အဲဒီမှာပဲ သူတို့နှစ်ဦးရဲ့ ပြစ်ဒဏ်တွေက သိသာတဲ့ ပြောင်းလဲမှုတွေနဲ့ ကွားခြားလာပါတော့တယ်။ စာရေးဆရာရဲ့ ဆီပူအိုးမီးဟာ တဖြည်းဖြည်းနဲ့ ပိုလို့သာ အရှိန်ကောင်းလာပါတယ်။ အရက်သမားရဲ့ ဆီပူအိုးမီးကတော့ တဖြည်းဖြည်းနဲ့ အရှိန်ကျလာလိုက်တာ ဖယောင်းတိုင်မီးသာသာပဲ ရှိတော့သတဲ့။ ဒီအတိုင်းသာ ဆက်သွားရင် အရက်သမားရဲ့ မီးအပူရှိန်က လုံးဝသေဖို့ ဖြစ်လာပြီး၊ စာရေးဆရာခမျာမှာတော့ ပူပြင်းလွန်းတဲ့ ဆီပူမှာ တကြော်ကြော် အော်ဟစ် ခံစားနေရတော့မှာပါ။ ဒါကို သတိထားမိတဲ့ စာရေးဆရာက ငရဲမင်းရဲ့လက်ထောက်ကြီးကို မကျေနပ်ကြောင်းပြောပါတော့တယ်။ လက်ထောက်ကြီးကလည်း ညွှန်ကြားချက်အရလုပ်ရတာ သူကတော့ မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိပါဘူး။ ပြောချင်သပဆိုရင် ငရဲမင်းဆီ ခေါ်သွားပေးမယ်လို့ ပြောသတဲ့။ ဒါနဲ့ပဲ စာရေးဆရာဟာ ငရဲမင်းဆီသွားလို့ အရေးဆိုပါတော့တယ်။ ငရဲမင်းကြီးလည်း စာရေးဆရာရဲ့ မကြေနပ်ချက်တွေ တင်ပြပြီးတဲ့အထိ ပြုံးလို့နားထောင်ရင်း သူတို့နှစ်ဦးရဲ့ ပြစ်ဒဏ်တွေကို ရှင်းပြသတဲ့။ “အရက်သမားက ကောင်းမှုကုသိုလ်မလုပ်သော်လည်း အရက်သေစာ သောက်စားထားချိန်မှာသာ အမှားတွေလုပ်၊ လူတွေကို ဒုက္ခပေးတာ။ ကျန်တဲ့အချိန်မှာ ဒုက္ခမပေးဘူးကွ။ သေလွန်သည်ရဲ့ နောက်ကွယ်မှာလည်း သူ့အပြစ်တွေက အကျိုးဆက်မရှိ ရပ်တန့်သွားပြီ။ မင်း-စာရေးဆရာကတော့ အရေးကောင်းကောင်းနဲ့ မင်းရဲ့အတွေးအမြင်တွေ၊ နိယာမတွေကို ဖြန့်ဝေ။ လူတွေကို ဒုက္ခပေးလိုက်တာ သေလွန်သည်ရဲ့နောက်မှာတောင် အတိုင်းတိုင်း အပြည်ပြည်ကိုပျံ့နှံ့၊ မျိုးဆက်ပေါင်းများစွာကို ဒုက္ခပေးနေတာ။ မင်းအပြစ်က ရပ်တန့်မယ်မထင်ဘူး။ ကဲ - အဲဒါ မင်းတို့နှစ်ဦးရဲ့ ကွာခြားချက်ပဲ” လို့ ရှင်းပြသတဲ့။ ရေဒီယိုက လေသံအတိုင်းပြောရရင် ပုံပြင်လေးကတော့ ဒါပါပဲကွယ်ပေါ့။ အရေးအသားကောင်းလိုသူနဲ့ အရေးအသားကောင်းသူတို့ရေ သတိတော့ထားကြဗျို့။ စာပေဟာ ပြည်သူ့အတွက်၊ အနုပညာအတွက်။ ဘယ်အတွက်ပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ အများသူငါအတွက် ဒုက္ခကင်းမဲ့၊ အကျိုးရှိမဲ့ စာကလေးတွေသာ ဝေမျှနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်သဗျာ။ တော်ကြာ မီးအရှိန်တွေ တိုးသထက်တိုးတဲ့ ငရဲမျိုးမှာလည်း ရောက်နေကြအုံးမယ်နော်။ သတိ ပိုတယ်လို့ မရှိကြောင်းပါ။ သုခမိန်။…..။ မှတ်ချက်။…..။ သူငယ်ချင်းပြောသော အကြောင်းအရာလေးကို ဖတ်ကောင်းအောင် ပြန်ရေးပြတာပါ။ အပျော်သဘောပါခင်ဗျာ။ မူရင်းစာကို ဖတ်ဖူးထားသူတွေကိုလည်း တောင်းပန်၏။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 3:55 PM 9 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, သုခမိန်, ပျော်စရာလေးတွေ
Thursday, July 31, 2008
ဂျယ်လီငါး (jellyfish)မှာ ဘာ့ကြောင့်အရိုးမရှိတာလဲ။
ဘလော့ဆိုတာ လူရွယ်၊လူလတ်တွေ အဖတ်များကြပါတယ်။ ဘလော့ဂ်ဖတ်သူအချို့ ကလေးပုံပြင်တွေဖတ်ရမှာ ပျင်းကောင်းပျင်းနေနိုင်ပါတယ်။ ဒီဘလော့ဂ်မှာ ကလေးပုံပြင်တွေ တင်ထားတာ ဆိုပေမယ့်လည်း ပုံပြင်လေးတွေကို ကိုယ့်တူလေးတွေ၊ တူမလေးတွေ၊ ကိုယ့်သားသမီးတွေကို ပြန်ပြောမယ်ဆိုရင်လည်း ပျော်စရာကောင်းမှာပါ။
ဂျပန်ပုံပြင်ဒုတိယတပုဒ်ကို ထပ်မံဘာသာပြန်ဖော်ပြလိုက်ပါတယ်။
ဂျယ်လီငါး (jellyfish)မှာ ဘာ့ကြောင့်အရိုးမရှိတာလဲ။
ဟိုးရှေးရှေးတုန်း နဂါးတိုင်းပြည်က နဂါးဘုရင်ကြီးရဲ့ မိဖုရားကြီးက ကလေးမွေးဖို့နီးလာတဲ့အခါမှာ မိဖုရားကြီးက မျောက်အသည်းကိုစားချင်တဲ့ ချင်ခြင်းဖြစ်မိသတဲ့။ ဘုရင်ကြီးက မိဖုရားကြီးအလိုကို ဖြည့်စီးပေးချင်တော့ သူ့ရဲ့သစ္စာခံ ပင်လယ်လိပ်ကြီးကိုခေါ်ပြီး ဘယ်လိုလုပ်ရမလဲဆိုပြီး နည်းလမ်းကောင်းမေးမြန်းတော်မူရှာတယ်။
ပင်လယ်လိပ်ကြီးကလည်း ဥာဏ်အလွန်ထက်ပါတယ်။ သူ ဂျပန်ကျွန်းကိုအလာ ပင်လယ်ကမ်းခြေနားက တောင်တန်းမှာ မျောက်တစ်ကောင် ကစားနေတာကိုတွေ့လိုက်တယ်။
- "မျောက်ကြီးခင်ဗျာ၊ နဂါးနန်းတော်ကို ဧည့်သည်အဖြစ်မသွားလိုဘူးလား"
- "အဲဒီအရပ်မှာ တောတောင်တွေက လှပသလို၊ စားဖွယ်တွေကလည်း စုံလင်လှပါတယ်။ အသင်သာ သွားလိုတယ်ဆိုရင်ဖြင့် ကျွန်ုပ်ကျောကုန်းပေါ်သာ တက်၍လိုက်လာခဲ့ပါ" ဆိုပြီး လိပ်ကြီးက သူ့ရဲ့ကျောကုန်းကြီးကို ပုတ်ပြရင်းပြောတယ်။
သံသယအလျင်းမရှိတဲ့ မျောက်ကြီးဟာ လိပ်ကြီးရဲ့စကားတွေကို ယုံပြီး၊ နဂါးတို့တိုင်းပြည်ကို စိတ်နှလုံးပျော်မွှေ့စွာ လိုက်လာခဲ့ပါတယ်။ သူ နန်းတော်ကို တကယ်ရောက်တဲ့အခါ သူအရင်ကကြားဖူးထားတာထက် ပိုပြီး ခမ်းနားနေတာကို တွေ့ရပါတယ်။
နန်းတော်အဝင်ဝပေါက်ကြီးမှာ မျောက်ကြီးက လိပ်ကြီးကို စောင့်နေတုန်း၊ တံခါးမှုး ဂျယ်လီငါးက မျောက်ကြီးရဲ့မျက်နှာကိုကြီးပြီး တဟားဟားရယ်ပါတော့တယ်။
- " မျောက်ကြီး ခင်ဗျာတကယ်ကို မသိတာလားဗျ။ မိဖုရားကြီးက ကလေးမွေးခါနီး မျောက်အသည်းကို စားချင်တယ်လို့ ချင်ခြင်းတပ်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားကို ဧည့်သည်တော်အနေနဲ့ ဖိတ်တာဖြစ်ပါလိမ့်မယ်။"လို့ဂျယ်လီငါးက ပြောလိုက်တယ်။
- " ဒီလိုကြီးတော့ မဖြစ်သေးဘူး။" - ကြောက်လန့်သွားတဲ့ မျောက်ကြီးက တွေးလိုက်တယ်။ သူကလည်း သိပ်တော်တဲ့သူဆိုတော့ ဘာကိုမှ မသိသလိုနဲ့ လိပ်ကြီးကို စောင့်နေလိုက်တယ်။
လိပ်ကြီး ရောက်လာတော့ - " ဒီလမ်းအတိုင်းသွားမယ်ဟေ့" - လို့ပြောပါတယ်။
- " လိပ်ကြီး ခင်ဗျာ"
မျောက်ကပြောလိုက်တယ်။
- " ကျနော် အမှားတခုလုပ်ခဲ့မိပါတယ်။ အခုလို ရာသီဥတုသာယာမယ်ဆိုတာကို ကြိုသိရင် ကျနော့်ရဲ့ အသည်းကို ဒီကို ယူလာပါတယ်။ အခုတော့ တောင်ပေါ်က သစ်ပင်ပေါ်မှာ ကျနော့်အသည်းကို အခြောက်လှမ်းဖို့ ချိတ်ထားခဲ့ပါတယ်။ မိုးရွာမယ်ဆိုရင် အသည်းတော့ မိုးစိုတော့မယ်ဆိုပြီး စိတ်ပူမိပါတယ်"
- " ဘယ်လို ..... ဘယ်လို .... ဘယ်လိုဖြစ်တာလဲကွ။ အသည်းကို ထုတ်ပြီး နေလှန်းခဲ့တယ်၊ ဟုတ်လား"
လိပ်ကြီးက အော်ပြောလိုက်တယ်။
- " ဒီတော့လည်းကွာ တခေါက်ပြန်ပြီး အသည်းကိုသွားယူရမှာပေါ့"
လိပ်ကြီးလည်း မျောက်ကို ကျောကုန်းကြီးပေါ်တင်ပြီး ကမ်းခြေဆီကို ပြန်လာခဲ့ရတယ်။ ကမ်းခြေကို ရောက်ရောက်ခြင်းပဲ မျောက်ကြီးက လိပ်ကြီးကျောကုန်းပေါ်ကနေ လျင်လျင်မြန်မြန်ခုန်ဆင်းပြီး အမြင့်ဆုံးသစ်ပင်ပေါ်ကို တက်ပြေးပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို ဘာမှမဖြစ်သလိုကြည့်လိုက်သေးတယ်။
- " မျောက်အိုကြီး ဘယ်လိုလုပ်တာလဲကွ" ဆိုပြီး အော်ကြီးဟစ်ကျယ်နဲ့ လိပ်ကြီးက လှမ်းအော်လိုက်ပါတယ်။
မျောက်ကြီးက ရယ်ရယ်မောမောနဲ့ ပြန်ဖြေလိုက်တယ်။
- " ပင်လယ်ထဲမှာ တောင်တန်းတွေနိုင်မရှိဘူး၊ ခန္ဓာကိုယ်အပြင်ဘက်မှာ အသည်းမရှိနိုင်ဘူး"
ပင်လယ်လိပ်ကြီး နန်းတော်ကို ပြန်ရောက်တဲ့အခါမှာ နဂါးမင်းကြီးကို တင်လျှောက်ရပါတယ်။
-" တံခါးဝမှာ မျောက်ကြီး နန်းတွင်းထဲ ဝင်ဖို့စောင့်နေတုန်း စကားအလွန်ပေါတဲ့ ဂျယ်လီငါးက အကြောင်းစုံကို ပြောလိုက်တာဖြစ်ပါတယ်"
- "စည်းမစောင့်တဲ့သူပဲ၊ သူ့အကြေးခွံတွေကို အကုန်ခွာလိုက်၊ ပြီး အရိုးတွေလည်း အကုန်ထုတ်ပစ်လိုက်ကြစမ်း"လို့ နဂါးဘုရင်ကြီးက အမိန့်ပေးလိုက်ပါတယ်။
စကားတွေ ဟိုပြောဒီပြော လုပ်လွန်းလို့ ဘုရင်ကြီးက အပြစ်ပေးလိုက်တာကြောင့် ဂျယ်လီငါးတွေက အခုခေတ်မှာ မြင်ရသလို အရိုးမရှိတဲ့ပုံစံဖြစ်နေတာပါ။
******
ဂျယ်လီငါးဆိုတာ ဒီပုံထဲကလို ငါးလေးဖြစ်ကြောင်း ကလေးတွေကို ပုံကလေးကိုပြရင်း ဒီပုံပြင်လေးပြောပြပြီး အခြားလူများရဲ့စကားတွေကို ကိုယ်နဲ့မဆိုင်ဘဲ ဟိုပြန်ပြော၊ ဒီပြန်ပြောမလုပ်ဖို့ ကလေးတွေကို သင်ပေးမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်ခင်ဗျာ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:36 PM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, ကေဇက်, ပျော်စရာလေးတွေ
Wednesday, July 30, 2008
ဘာကြောင့် မျောက်အမြီးတိုနေရတာလဲ။
ပုံပြင်တွေ ဖတ်ချင်လို့ ကျနော်အင်တာနက်မှာရှာပါတယ်။ အခု ဂျပန်ပုံပြင်စာအုပ်ကလေးကို တွေ့တော့ ဒီဘလော့ဂ်ပေါ်မှာ (တခါတင်ရင် ၁ပုဒ် လောက်ဖြစ်ဖြစ်၊ ၂ ပုဒ်လောက်ဖြစ်ဖြစ်) ဘာသာပြန်ပြီး တင်ပါဦးမယ်။ ပုံပြင်ကို ကလေးကတည်းက နားထောင်ခဲ့ရတဲ့သူတွေ များကြမယ်ထင်ပါရဲ့။ နောက်ပိုင်းကာလတွေမှာ မိဘတွေက စီးပွားရေးကို အားထည့်လုပ်နေရတော့ ကလေးတွေကို ပုံပြင်ပြောပြကြတာတွေ နည်းသွားကြပြီးလား။ အဖိုးအဖွားတွေနဲ့ အတူနေခဲ့ရတဲ့သူတွေတော့ ပုံပြင်ကောင်းကောင်းတွေ နားထောင်ကောင်းနားခဲ့ရမှာပါ။ မြန်မာပြည်မှာရော ကလေးတွေအတွက် ကလေးစာပေတွေ အဆင်ပြေပြေရောထွက်နိုင်ကြသေးလား။ ထွက်လာတဲ့ ကလေးစာပေတွေရော မိဘတွေက ကလေးတွေကို ဝယ်ပေးနိုင်ကြတဲ့ အင်အားတွေရော ရှိကြသေးလား ကျနော် အသေအချာမသိပါဘူး။ စာပေဆိုတာ ဇိမ်ခံအရာများဖြစ်နေပြီလား။ အခုလောလောဆယ် ကျနော်ဖတ်မိတာတွေကို ဝေမျှပါဦးမယ်။
ဘာကြောင့် မျောက်အမြီးတိုနေရတာလဲ။ 
ဟိုးရှေးရှေးတုန်းက မျောက်အမြီးဆိုတာ ပေ ၂၀၀ လောက်ရှည်သတဲ့။ ဝက်ဝံတစ်ကောင်က ဥာဏ်များလို့ မျောက်မြီးက တိုသွားရတာပါ။
တစ်နေ့မှာ မျောက်က ဝက်ဝံကို မေးတယ်
- "ငါးတွေ များများမိအောင် ဘယ်လိုဖမ်းရမလဲကွာ"
စကားပြောဆိုပြီးတော့ ဝက်ဝံက အကြံပေးလိုက်တယ်။
- " ဒီလို ချမ်းအေးလှတဲ့ညမျိုးမှာ ကျောက်တုံးပေါ်ထိုင်ကွာ၊ ပြီး မြစ်ရေနက်နက်ထဲကို မင်းရဲ့အမြီးကို ရေထဲချလိုက်။ ငါးအမျိုးအစားအစုံက လာပြီး မင်းရဲ့အမြီးကို လာပြီးတွယ်ကပ်ကြလိမ့်မယ်။"
မျောက်ကလည်း ပြောတဲ့အတိုင်းလိုက်လုပ်တာပါပဲ။ ညနက်လာလေ သူ့အမြီးက ပိုပြီး လေးလံလာတယ်။ ရေတွေအေးခဲလာလို့ လေးလံလာတာကို မျောက်က ငါးတွေအများကြီးတော့ သူ့အမြီးမှာ မိနေပြီလို့ထင်မိတယ်။
-" ဒီလောက်ဆို လုံလောက်ပြီ" - နောက်ဆုံးမှာ သူဆုံးဖြတ်လိုက်တယ်။
- " သိပ်အေးလာပြီဆိုတော့ အိမ်ကို ပြန်သင့်ပြီ။"
သူ့အမြီးကိုဆွဲတင်ပေမယ့်၊ အမြီးက ရေထဲကနေအပေါ်ကို ထွက်ပေါ်မလာပါဘူး။
- " ကြောက်စရာကြီးဗျ" လို့ လူးလိမ့်ပြီး သူအော်လိုက်တယ်။ သူအားကုန်ဆွဲထုတ်လိုက်တော့ အမြီးက အရင်းကနေပြက်သွားတယ်။
မျောက်က ကြောက်အားလန့်အားနဲ့ သူ့အမြီးကို ဆွဲချလိုက်လို့ နာလွန်းတာကြောင့် သူ့မျက်နှာကြီးက နီနေတာလို့ လူတွေကပြောကြပါတယ်။
***
ဒီပုံပြင်ကလေးပြောပြပြီးတော့ ကလေးတွေကို သူများပြောတိုင်းမယုံရဘဲ၊ ကိုယ့်ဥာဏ်နဲ့ ချင့်ချိန်ယုံတတ်ဖို့ သင်ပေးရမယ်လို့ ကျနော်တော့ မြင်မိပါတယ်။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 11:59 AM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, ကေဇက်, ပျော်စရာလေးတွေ
Sunday, June 15, 2008
Just for Smile!
ပြုံးချင်စရာ
သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ ဖုန်းပြောရင်း သူပြောလိုက်တာလေးက ကျွန်တော်တို့ ငယ်ငယ် ကလေးဘဝက ဆော့ခဲ့ကြတာလေးတစ်ခုကို ပြန်သတိရတာသွားစေလို့လေ။ ပြောပြအုံးမယ်။ ငယ်ငယ်တုန်းက ဆော့ခဲ့ကြတာ အမျိုးကိုစုံလို့ပေါ့ဗျာ။ အဲဒီလိုဆော့ရင်း တစ်ခါတလေမှာ ကိုယ့်အချင်းချင်း ပြောနေတဲ့စကားကို တခြားလူတွေ ရုတ်တရက် နားမလည်အောင် စကားတွေကို ဝှက်ပြီးပြောကြတာ။ ကလေးဆိုတော့လည်း ကြီးကြီးကျယ်ကျယ်တော့ ဘယ်ဟုတ်မလဲဗျာ။ တတ်သလောက် မှတ်သလောက်နဲ့ ပြောကြတာပေါ့။ စကားတွေကို ပြောင်းပြန်ပြောတာလေ။ အတော်များများလည်း ပြောခဲ့ဖူးကြမှာပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ ပျော်ဖို့ကောင်းလို့ တချို့ဆို အရွယ်ရောက်တဲ့အထိ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ရင် အဲဒီနည်းလေးကို သုံးနေကြတုန်းပဲ။ ကျွန်တော့် သူငယ်ချင်းကလည်း ဖုန်းပြောရင်းနဲ့ အဲဒီလိုလေးနောက်သွားတယ်။ သဘောကျလို့ ပြန်ပြောပြအုံးမယ်။ သိတယ်ဟုတ် စကားလုံးလေးတွေကို ဘယ်လိုပြောင်းပြန်ပြောတယ်ဆိုတာ။
ဒီလိုလေဗျာ…. ဥပမာပေါ့ …..
သူငယ်ချင်း …ဆိုရင် သငင်းချယ်။
သွားစို့ …ဆိုရင် သို့စွား။
ငယ်ငယ်ကတည်းက လူပျိုဖြစ်ချင်နေသူတွေများဆို ချယ်တစ် …ချစ်တယ်။ ဒီလိုလေးတွေတောင်ပြောပြီး ကောင်မလေးတွေကို နောက်တတ်ကြတယ်။
ကြည့်မရတဲ့ကောင်ဆိုရင်လည်း ပြောချလိုက်တာ မကြားတကြား၊ ခေါင်ကွေး …ခွေးကောင်ပေါ့။ ပြန်ပြောပြနေရရင်တော့ အများကြီးဗျ။ စိတ်ဝင်စားရင် ပြောချင်နေတဲ့စကားလေးတွေကို ပြောင်းပြန်စဉ်းစားကြည့်။ လောလောဆယ်တော့ ကျွန်တော့် သူငယ်ချင်းပြောပြသွားတဲ့ စကားလေးကို မျှဝေအုံးမယ်။ စဉ်းစားစရာလေးလဲ ပါသွားလို့ဗျ။ နောက်ပြီး သူပြောလိုက်တာကို ကြားကြားခြင်း ရယ်လိုက်ရတာ၊ သူပြန်ပြောမှပဲ ဟုတ်နေသလိုလို။
ဒီနေ့ခေတ်မှာ နိုင်ငံရေးနဲ့ပက်ရင် တိုးတက်လှပါပြီဆိုတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် သူတို့အစိုးရတွေကို ပြည်သူတွေက သိပ်ယုံတာမဟုတ်ဘူး ဆိုကြတယ်ကိုး။ ပါတီ အာဏာမရခင်၊ သမ္မတမဖြစ်ခင်တော့ ကတိတွေအထပ်ထပ်ပေး။ တို့နိုင်ငံ တို့လူမျိုးအတွက် ဘာလုပ်မလေး၊ ညာလုပ်မလေးပေါ့ဗျာ။ တကယ့်လက်တွေ့မှာကျတော့ သူတို့လုပ်ချင်တာလုပ်သွားကြတယ်။ သူတို့တွေ နိုင်ငံတကာမှာ မျက်နှာရရေး၊ ထင်ပေါ်ရေးကိုပဲ လုပ်သွားကြတတ်လို့ အစိုးရဆိုတာကြီးကို သိပ်ယုံကြဘူးတဲ့ဗျ။ အဲလိုမျိုးတွေ ဖတ်ဖူးကြားဖူးထားပေမဲ့ ကျွန်တော်ကတော့ ယုံကြည်မှုကို တည်ဆောက်ချင်သူ၊ ရိုးသားမှုကို မြတ်နိုးသူလေ။ ဒါပေမဲ့ ဒီကောင်လုပ်လိုက်မှ စကတည်းက ယဉ်သကိုလို့ပဲ ပြောရမလား၊ စကားလုံးကြီးကိုက နာမ်စီးနေပြီးသားလို့ ပြန်စဉ်းစားရမလား၊ စဉ်းစားစရာကိုဖြစ်လို့ဗျို့။
သူပြောသွားတာက အစိုးရ …ဆိုတာ အစရိုးတဲ့။ အစမှာပဲရိုးသတဲ့ဗျာ။ ကဲကောင်းရော။ နောက်များဆိုရင် ….. ..။
မှတ်ချက်-“”- အစရဲ့နောက်ပိုင်းကို ကျွန်တော်ဘာမှ မပြောပါ။…..။
သုခမိန်။…..။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 1:35 PM 3 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, ပျော်စရာလေးတွေ
Monday, June 2, 2008
Funny jokes.
အလည်ရောက်လာသူတွေကို ရီစရာမောစရာလေးတစ်ချို့နဲ့ဧည့်ခံပါရစေ။
ဟိုဟို ဒီဒီမှ တွေ့ရာများကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
ဒီဟာသတွေကို ဖတ်ရင်း တစ်ချက်လောက်လေး မတော်တဆပြုံးသွားရင်ကို ၀မ်းသာလှပါပြီ။
ငါက ဒီလို ဒီလို
အမျိုးသမီး သုံးယောက် စကားဝိုင်းဖွဲ့နေကြလေသည်။
ပထမအမျိုးသမီး - ငါ့ယောက်ျားက ကာလာတီဗွီဝယ်ပေးတယ် စပီကာတွေကလည်း သိပ်ကောင်းတော့ အသံတွေလည်း ကြည်နေတာပဲ၊ သိပ်ကောင်းတယ်။ အပြင်လည်း သွားစရာမလိုတော့ဘူး၊ အိမ်မှာထိုင်ပြီး ကြည့်ယုံပဲ။
ဒုတိယအမျိုးသမီး - ငါ့ကျတော့ ငါ့ယောက်ျားက ဗွီဒီယိုပြစက်ဝယ်ပေးတာ။ အခွေတွေထိုင်ကြည့်နေယုံပဲ။ နင့်ကိုရော ဘာတွေဝယ်ပေးလဲ။ - ဟု ပြောကာ တတိယအမျိုးသမီးအားမေးလိုက်လေသည်။
တတိယအမျိုးသမီး - ငါ့ယောက်ျားက ငါ့ကို ဘာမှ ၀ယ်မပေးဘူး။ ငါနဲ့တွဲပြီး အပြင်ထွက် ရုပ်ရှင်တွေ ပြဇာတ်တွေ သွားကြည့်လို့ရသေးတယ်တဲ့။
ရှင်လောက်တော့…ဟင်း..ဟင်း…ဟင်း..
ယောက်ျားသည် ညမိုးချုပ်အိမ်သို့နောက်ကျပြန်လာပြီး မိန်းမအားပြောလေသည်
- မင်းကလေ ငါဘယ်ရောက်ခဲ့တယ်ဆိုတာ ဘယ်တော့မှလည်း မခန့်မှန်းဘူး။
- ခန့်မှန်းမှာပါ၊ ပထမဆုံး ရှင့် ဗားရှင်(version)လေး အရင်ပြောပါဦး။
အိပ်ယာက တကယ်ထချင်တာလား…
အကယ်၍ သင်သည် နိုးစက်နာရီအနီးတွင် ကြွက်ထောင်ချောက်ကို ထားပါက သင် အလုပ်သို့ အချိန်မှီရောက်ရန်အတွက် အိပ်ယာမှ စောစောထရန် လွယ်ကူပေလိမ့်မည်။
မှတ်သားဖွယ်ရာ
သောက်ဖွယ်မပါသော ပွဲတော်သည် ဓာတ်ပုံကပ်မထားသော မှတ်ပုံတင်နှင့်တူ၏။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:32 AM 7 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကေဇက်, ပျော်စရာလေးတွေ
Wednesday, May 28, 2008
just for Smile!
ပြုံးချင်စရာ
“သူများအကြောင်းလည်း မပြောတတ်ပါ၊ စပ်မိစပ်ရာ ဘာညာကွိကွ” တဲ့။ စိုင်းစိုင်းကတော့ သီချင်းလုပ်ဆိုသွားတယ်။ “မင်း - သူများအတင်း အတော်ပြောနိုင်တဲ့ကောင်ပဲ။” အဲဒီလိုများ အပြောခံလိုက်ရပလားဆိုရင် လူအတော်များများက မခံချင်အောင် ဖြစ်သွားတတ်ကြတယ်လေ။ (ပြောရရင် ကျွန်တော်ကိုယ်တိုင်လဲ ဒီလိုပါပဲ။) အဲ… ဒါပေမဲ့ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောနေရရင် စကားဆိုတာတွေကလည်း အတော်ချိုနေသလိုလို။ တစ်ခါတစ်လေများ ညစ်နေတာလေးတွေတောင် ပျောက်ကုန်ပြီး လန်းဆန်းလာတတ်တာ။ လူတစ်ချို့ကတော့ ဒီလိုခံစားမှုမျိုးကို အတော်ခုံမင်တတ်ကြသလား မသိပါဘူး။ နောက်တစ်ခု ရှိသေးတယ်။ စပ်စုတယ်ဆိုတဲ့ စကားလုံး။ “ဒီကောင် အတော်စပ်စုတတ်တယ်ကွ” အဲဒီလိုများ အပြောခံလိုက်ရပလားဆိုရင်လည်း မျက်နှာကြီးတွေက ဖြစ်သွားတတ်လိုက်ကြတာ။ မပြောချင်ဘူး။ ဒါပေမဲ့ လူဆိုတာ မျောက်ကဆင်းသက်လာတယ်တဲ့။ (အတော်များများ လက်ခံထားတဲ့ သီအိုရီတစ်ခုပေါ့။) မျောက်တွေ အတင်းပြောမပြောတော့ သေချာမသိပါဘူး။ ဒီကောင်တွေ စပ်စုမှာတော့ သေချာတယ်ဗျ။ အငြိမ်မှမနေပဲ။ ဟိုပြေးလိုက်၊ ဒီပြေးလိုက်။ သူများလုပ်တာ လိုက်လုပ်လိုက်နဲ့လေ။
ထားတော့။ ကျွန်တော် စပ်စပ်စုစုလုပ်ထားတဲ့ အကြောင်းလေးတစ်ခုကို ပြောချင်လို့ အားလုံးပဲ ဒီလို တစ်ခါတလေ စပ်စုမှာပဲလို့၊ စပ်စုဖော် စပ်စုဖက် ညှိနေတာ။ မစပ်စုတတ်ပါဘူး ပြောလာရင်တော့ - “ဟေ့ -- တို့တွေအားလုံးက မျိုးနွယ်တူနော်” လို့ ပြောမယ်လေ။ ကဲမပိုင်လိုက်တဲ့ အကြံလို့ တွေးမိဘူးလား။ အဖြစ်ကဒီလို။ တနေ့လည်ခင်းမှာပေါ့။ ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရယ် ပျင်းနေကြတာလေ။ ပြောစရာ အတင်းအဖျင်းနဲ့ သတင်းတွေ၊ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းတွေ ကလည်း ကုန်နေပြီ။ အဲ… အဲဒီလိုနေတုန်းကို ကျွန်တော်တို့နှစ်ယောက် ထိုင်နေတဲ့နားမှာ ကောင်မလေးတစ်ယောက် ဖုံးလာပြောပါတယ်။ တစ်ဖက်က ခေါ်လို့ လာပြောတာပါ။ ကျွန်တော်တို့ ထိုင်နေတာက အလုပ်ထဲက အများသုံး တယ်လီဖုံးနားမှာ။ ဘာရယ်ဟုတ်ပါဘူး ဒီလိုပဲ ဖုံးပြောတယ်။ ပြီးတော့ ထွက်သွားတယ်။ ကောင်မလေးပြန်သွားမှ သူငယ်ချင်းက တစ်စခန်းထတာ။ ဟေ့ကောင် ဒီကောင်မလေး ဖုံးပြောတာကို ငါလိုက်ရေးထားတယ်တဲ့။ ဟုတ်သလားပေါ့၊ ပေးပါအုံး ဖတ်ကြည့်မယ်။ ဒီလောက်ပဲ။ ဖတ်ကြည့်နေရင်းမှ စိတ်ထဲမှာ ပြုံးချင်တာ။ အော်.. တစ်ခါတစ်လေ ငါတို့ ဖုံးပြောလည်း ဒီလိုပဲထင်ပဆိုပြီးလေ။ စိတ်ထဲကနေ မဖတ်ဘဲ၊ အသံထွက်ဖတ်ကြည့်။ ပြီးတော့ သူတို့ဘာတွေပြောလည်း စဉ်းစားကြည့်။ ပြုံးချင်စရာဗျ။
အင်း…
အော်အင်း…
ဟုတ်လား…
အင်း…
ကြားရတယ်…
ဟုတ်လား…
အင်း…
နေကောင်းလား၊
အော်…
ဟုတ်လား…
ငှက်ဖျားမရှိဘူးလား၊
အင်း…
ဟုတ်လား…
အင်း…
အင်း…
အင်း..
ပြေရင်ပြီးတာပဲ၊
အမ်…
အမယ် ဟုတ်လို့လား၊
အင်း…
ဒါပဲနော်၊
အင်း။…..။
သုခမိန်။…..။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 4:09 AM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အရောင်စုံ အတွေးများ . . . . ., ပျော်စရာလေးတွေ
Thursday, December 6, 2007
ရီစရာ မောစရာ ဟာသများ (၃)
မုဆိုးနှစ်ယောက်သည် သစ်တောထဲတွင် အမဲလိုက်ထွက်နေစဉ် တစ်ယောက်သောသူသည် ရုတ်တရက် လဲကျသွားလေသည်။ အသက်လည်းရှုပုံမရ၊ မျက်လုံးများမှာလည်း ရီဝေေ၀ဖြစ်နေလေသည်။ ကျန်တစ်ယောက်က ဖုန်းကိုထုတ်ကာ အရေးပေါ်ဌာနသို့ဆက်လေသည်။
အမောတကောဖြင့်ပြောလေသည်
- ကျနော် သူငယ်ချင်း သေပြီ၊ ဘယ်လိုလုပ်ရမလဲ။
အရေးပေါ်ဌာနမှ ပြန်ပြောလေသည် - စိတ်အေးအေးထားပါဗျာ။ ပထမ သေဆုံးတာ တကယ်ဟုတ်မဟုတ် သေချာအောင်လုပ်ပါဦး။
ခဏ စကားပြောသံ တိတ်သွားလေသည်။ ထို့နောက် သေနတ်သံတစ်ချက်ကြားလိုက်ရသည်။ ပြီး ဖုန်းမှ စကားပြောသံပြန်ကြားရလေသည်
- အင်း တကယ်သေသွားပြီ၊ ဘာဆက်လုပ်ရမလဲဗျ။
အမျိုးသမီးတစ်ယောက်သည် လိုင်းကားပေါ်သို့ သူ့ကလေးအားချီပြီးတတ်လာသည်။
ဒရိုင်ဘာမှ ပြောလေသည်
- ဒီလောက်ရုပ်ဆိုးတဲ့ကလေး ဒီတစ်ခါပဲတွေ့ဖူးသေးတယ်။
အမျိုးသမီးသည် ဒေါသတကြီးဖြင့် ကားနောက်ပိုင်းတွင်လာထိုင်ပြီး ဘေးနားတွင်ကပ်လျက်ထိုင်နေသော အမျိုးသားတစ်ယောက်အား
- ကျမကို သိပ်စော်ကားတာပဲ-ဟုပြောလေသည်။
ယင်းအမျိုးသားမှ - ဒရိုင်ဘာကိုအခုချက်ခြင်းသွားပြီး ရန်တွေ့သင့်တယ်။ ကျုပ်ခင်ဗျား မျောက်ကလေးကိုထိန်းထားမယ်။
ရှားလော့ဟုမ်း(စ)နှင့် ဒေါက်တာ ၀တ်ဆင်တို့ တောတွင်းခရီးသွား၏။ ညစာစားပြီးသော်၊ ခဏတဖြုတ်နားပြီး အိပ်ကြလေသည်။
နာရီအတန်ကြာအိပ်ပြီးသော် ရှားလော့ဟုမ်း(စ)သည် တရေးနိုးလာပြီး၊ သစ္စာရှိသူငယ်ချင်း ၀တ်ဆင်အားနိုးပြီး- ကောင်းကင်ကိုကြည့်ပြီး ဘာတွေမြင်လဲ ပြောစမ်းပါဦး။
- ကြယ်တွေ အသိန်း၊ အသန်းမြင်ရတာပေါ့ဗျာ။
- ကိုင်း ဘာတွေ ကောက်ချက်ချလို့ရမလဲဗျာ။
ဝတ်ဆင်သည်လည်း ခဏလောက် စေ့စေ့တွေးပြီး
- နက္ခတ္တဗေဒအရဆို အဲဒီကြယ်တွေဆိုတာ ဂလက်ဆီတွေ၊ဂြိုလ်တွေ အသိန်းအသန်းပေါ့။ နက္ခဗေဒင်အရဆိုရင် စေတန်က လီယိုဘက်ရောက်နေတယ်ဗျာ။ ဇာတာခွင်အရဆို အချိန် သုံးနာရီ ဆယ့်ငါးပေါ့။ ရာသီဥတုဆိုရင်တော့ မနက်ဖြန် နေသာပြီး သာယာမယ်ဗျာ။ ဘာသာရေးအရဆိုရင် ဘုရားသခင်က တန်ခိုးအလွန်ကြီးမားပြီး၊ ကျုပ်တို့က စကြာဠာထဲမှာ အလွန်သေးငယ်တဲ့အရာလေးတွေပေါ့။ နေပါဦး ခင်ဗျားကရော ဘာကောက်ချက်ချမလဲဗျာ။
ရှားလော့ဟုမ်း(စ)သည် ခဏဆိတ်ငြိမ်ပြီး
- ၀တ်ဆင်၊ ခင်ဗျားက ဝေးသကိုးဗျာ။ ကျုပ်တို့ရွက်ဖျင်တဲကို တစ်ယောက်ယောက် ခိုးသွားပြီဗျ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 1:00 AM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကေဇက်, ပျော်စရာလေးတွေ
Sunday, November 25, 2007
ရီစရာ မောစရာ ဟာသများ (၂)
ခေါင်းတွေကိုစားလို့.....
စာမေးပွဲတစ်ခုတွင် မှား၊မှန် မေးခွန်းအမျိုးအစားများကိုသာမေးလေသည်။
ကျောင်းသားတစ်ယောက်သည် ပိုက်ဆံအကြွေစေ့တစ်စေ့အားမြောက်ကာ အဖြေများအားချရေးလေသည်။
ပရော်ဖက်ဆာက စဉ်းစားလေသည်။
- သူကတော့ အရင်ဆုံးပြီးတော့မှာပဲ။
စာမေးပွဲအချိန်ပြည့်သွားလေသည်။
ကျန်ကျောင်းသားများသည် အဖြေများရေးပြီး၊ အဖြေစာရွက် အပ်ကာထွက်သွားသော်လည်း ယင်းကျောင်းသားမှာ အကြွေစေ့အားဆက်၍မြောက်နေဆဲပင်ဖြစ်လေသည်။
ပရော်ဖက်ဆာသည် စိတ်တွင် မရိုးမရွှဖြစ်လာကာ၊ ကျောင်းသားအားမေးလေသည်။
- မင်း မေးခွန်းအားလုံးကို ဖြေပြီးပြီမဟုတ်လား။
- ဟုတ်ကဲ့ဖြေပြီးပါပြီ။
- အေး ဒါဆို ဘာဆက်လုပ်နေတာလဲကွ။
- အဖြေပြန်စစ်နေတာခင်ဗျ။
မောင်ခေါ်ရာလိုက်ခဲ့တော့.....
အမျိုးသမီးမှ သူမ၏ အမျိုးသားကိုပြောသည်။
- တို့လည်းနော် ဘယ်မှလည်း မထွက်ဖြစ်၊ မသွားဖြစ်ဘူးနော်။
- အေး၊ မနက်ဖြန်ခါ အမှိုက်ပစ်သွားမယ်၊ မင်းကိုငါနဲ့အတူခေါ်မယ်နော်။
ကိုယ့်ကလေးကျတော့သိတတ်လိုက်တာ...
- မိန်းမရေ၊ တို့ကလေးဘယ်နှစ်ယောက်ရှိတာလဲကွ။
- နှစ်ယောက်လေ။
- အခန်းထဲမှာ ခြောက်ယောက်ဖြစ်နေပါ့လား။
- အော် သူတို့ သူငယ်ချင်းလေးတွေ ရောက်နေတာ။
- ဘယ်လိုလုပ်ပြီး တို့ကလေးနဲ့ တစ်ခြားကလေးကို ခွဲရမှာလဲကွ။
- အော် ကျမ အမှတ်အသားလုပ်ထားတယ်။ ထိပ်ကွက်ပြီး အနီရောင်ဆေးဆိုးထားတာက တို့ကလေးတွေ မဟုတ်ဘူး။
အပေါင်းအသင်းကောင်းဆိုတာဒီလို..
- အမျိုးသမီး အပေါင်းအသင်းများ
မိန်းမတစ်ယောက်သည် ညအိမ်ပြန်မအိပ်ဘဲ၊ မနက်လင်းခါမှ အိမ်ပြန်ရောက်လာကာ ညက သူငယ်ချင်းမ တစ်ယောက်ထံတွင်အိပ်ခဲ့သည်ဟု ပြောလေသည်။
ယောက်ျားမှ မိန်းမနှင့် အခင်မင်ဆုံး သူငယ်ချင်းမ ၁၀ ယောက်ထံသို့ ဖုန်းဆက်ကာ မေးမြန်းသောအခါ - ၁၀ ယောက်လုံးသည် ညတုန်းက သူမတို့ဆီတွင် အိပ်မသွားပါဟု ဖြေကြလေသည်။
- အမျိုးသား အပေါင်းအသင်းများ
ယောက်က်ျားတစ်ယောက်သည် ညအိမ်ပြန်မအိပ်ဘဲ၊ မနက်လင်းခါမှ အိမ်ပြန်ရောက်လာကာ ညက သူငယ်ချင်း တစ်ယောက်ထံတွင်အိပ်ခဲ့သည်ဟု ပြောလေသည်။
မိန်းမမှ ယောက်ျားနှင့် အခင်မင်ဆုံး သူငယ်ချင်း ၁၀ ယောက်ထံသို့ ဖုန်းဆက်ကာ မေးမြန်းသောအခါ - ၅ ယောက်မှ သူတို့ထံတွင်အိပ်၍ ပြန်သွားပြီးဟုဖြေပြီး၊ ကျန် ၅ ယောက်က ယခုဖုန်းဆက်သည် အချိန်ထိ သူ့တို့ဆီတွင်ရှိသည်ဟု ဖြေကြလေသည်။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 5:54 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကေဇက်, ပျော်စရာလေးတွေ
Wednesday, November 21, 2007
ရီစရာ မောစရာ ဟာသများ
ချစ်တတ်လိုက်တာ....
စားသောက်ဆိုင်တွင် စားပွဲထိုးမှ မိန်းမလှလေးတစ်ယောက်ရှေ့တွင် စာရွက်တစ်ရွက်ချပေးလိုက်သည်။
"မင်းကိုမြင်မြင်ခြင်းကိုချစ်မိသွားတယ်၊မင်းမရှိဘဲနဲ့ ဘ၀မှာတစ်ယောက်တည်းမနေပါရစေနဲ့။ မနက်ဖြန် ညနေစာ အတူစားဖို့ ဖိတ်ခေါ်ပါရစေ။ အကယ်၍ မနက်ဖြန်ခါမှာ မင်းမအားဘူးဆိုရင် မင်းရဲ့ညာဖက်မှာထိုင်နေတဲ့ ကောင်မလေးလှလှဆီကို ဒီစာရွက်လေးကမ်းပေးပါ။"
အမျိုးသမီးတွေဘောလုံးကန်သတဲ့....
အမျိုးသမီးတွေ ဘောလုံးကန်တာတော့ မယုံချင်ဘူးကွာ။ စဉ်းစားကြည့် ၀တ်စုံဆင်တူဝတ်နိုင်တဲ့ အမျိုးသမီး ၁၁ ယောက်ကို ဘယ်သွားရှာမှာလဲ။
အပြောမတော်တော့...
- မောင်ရေ နောက်တစ်ကြိမ်သာ မေ့ကို အနမ်းတစ်ပွင့်ပေးမယ်ဆိုရင်တော့၊ မေ့ဘ၀တစ်ခုလုံးက မောင့်အတွက်ပါပဲ။
- သတိပေးတာ ကျေးဇူးတင်ပါတယ်ကွာ။
ခန္ဓာဗေဒ စာမေးပွဲမှာ....
ခန္ဓာဗေဒ စာမေးပွဲတွင် ပရော်ဖက်ဆာမှ ကျောင်းသူတစ်ယောက်အား မေးခွန်းတစ်ခုမေးသည်။
- လူ့ရဲ့ဘယ်အင်္ဂါအစိတ်အပိုင်းက အချစ်သင်္ကေတအဖြစ် ရည်ညွန်းသလဲ။
- အမျိုးသမီးရဲ့ အင်္ဂါအစိတ်အပိုင်းကို မေးတာလား၊ အမျိုးသားရဲ့အင်္ဂါအစိတ်အပိုင်းကိုမေးတာလား။
- ဘုရားရေ- ဆရာဝန်မှ သက်ပြင်းချကာ ပြော၏ - တို့ခေတ်တုန်းကတော့ အသည်းလို့ပဲ ရိုးရိုးပြောတာပါကွာ။
ဂရန်တီရှိတာပဲ...
ကွန်ပျုတာဆိုင်သို့ အမျိုးသားတစ်ဦးရောက်လာသည်။
- ကျနော် မနေ့က ဒီဆိုင်က ကွန်ပျူတာ ၀ယ်သွားခဲ့ပါတယ်ဗျ။
- ဟုတ်ကဲ့၊ ဘာဖြစ်လို့ပါလဲ။
- လောင်သွားလို့ဗျ။
- ပြဿနာမရှိပါဘူးခင်ဗျ။ ဂရန်တီရှိသေးတာပဲဗျ။ ဘာလောင်သွားပါလိမ့်။
- အကုန်ပေါ့ဗျာ။
- အဲလိုတော့ မဖြစ်တတ်ပါဘူးခင်ဗျ။ ပရိုဆင်ဆာ လောင်သွားတာလား။
- လောင်သွားပါတယ်။
- ဟာ့ဒစ်ရော။
- လောင်သွားပါတယ်။
- မန်မိုရီရော။
- လောင်သွားပါတယ်။
- မော်နီတာရော။
- လောင်သွားပါတယ်။
- လူကြီးမင်း၊ ခင်ဗျား ဘာများလုပ်လိုက်လို့လဲဗျာ။
- အင်းဗျာ မနေ့ကအိမ်မီးလောင်သွားတာဗျ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:02 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကေဇက်, ပျော်စရာလေးတွေ
Tuesday, November 20, 2007
ရီစရာ မောစရာ
အသွားမတော်တော့ တစ်လှမ်း။
အသိမ်းအဆည်းကောင်းပုံက ဒီလို။

ကျုပ်တို့ ဘာလုပ်မိလို့လဲဗျာ။ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:46 AM 3 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကေဇက်, ပျော်စရာလေးတွေ
Monday, November 19, 2007
အချစ်နှင့် . . . . .
အချစ်နှင့် တွဲဖက်မစားသင့်သော အရာများ . . .
အချစ်နှင့် တွဲဖက်ဖွယ်ရာ အမြိန်အရသာများ . . . ကို အစီအစဉ် လိုက် နံပတ်ထိုးထားပါကြောင်း နှင့်
လွတ်လပ်စွာ သဘောကွဲလွဲခွင့် ပြုပါကြောင်း . . . .
(ကလောင်အပိတ်ခံထားရသော ကျနော်တို့ My e-journal ၀ိုင်းတော်သား ကိုဗာဘို အတွက်အမှတ်တရ )
အချစ်နှင့် တွဲဖက်မစားသင့်သော အရာများ
၁) မာန
၂)သံသယ
၃) ဥစ္စာပစ္စည်း
၎)စွဲလမ်းစွာအချစ်ကြီးခြင်း ( ကိုဗာဘို မှကျေးဇူးပြုပါသည် )
၅)စိတ်ဆတ်၍ အရှည်မကြည့်ခြင်းများ( အရွဲ့တိုက်ခြင်း)
၆) တကိုယ်ကောင်းဆန်ခြင်း
. . . . . . .? ? ? ? ?
အချစ်နှင့် တွဲဖက်ဖွယ်ရာ အမြိန်အရသာများ
၁) အလွမ်း
၂)နားလည် ၊ တန်ဖိုးထားခြင်း
၃)ကြင်နာယုယခြင်း
၎)ခရီးသွားခြင်း
၅)အနုပညာရပ်များကို ခံစားခြင်း
၆)အားကစား လှုပ်ရှားခြင်း
. . . . . .? ? ? ? ?
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 9:00 PM 2 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် တာတူး (ဝါ) အမေ့ခံလူတစ်ယောက်, ပျော်စရာလေးတွေ
Thursday, November 8, 2007
Some Funny Pictures
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:31 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကေဇက်, ပျော်စရာလေးတွေ
Tuesday, October 30, 2007
“သင် Blog စွဲနေပြီလား... ?”
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 11:52 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် တာတူး (ဝါ) အမေ့ခံလူတစ်ယောက်, ပျော်စရာလေးတွေ















