Tuesday, January 15, 2008

တစ်ခုခု မှား

ကျုပ်ကတော့ တောသား
အသွေးထဲအသားထဲကကို
လယ်ယာကို မင်သမို့
မြို့တက်လို့လည်း လူတွင်ကျယ်မလုပ်ချင်ပါ။


ငါးပိဖုတ်ကို နှမ်းဆီဆမ်းလို့
ထမင်းကြမ်းကို ယပ်ခတ်စားရရင်တော်ပြီ
ဒီမိုကရေစီ ၊ လူ့အခွင့်အရေး
ရွှေဈေး စပါးဈေးလောက်ကို စိတ်မ၀င်စား
နားပြားအောင် အိပ်ရရင်တော်ပီဗျာ။
တီဗီ၊ ကက်ဆက်၊ ကာရာအိုကေ
အလှူ ၊ မင်္ဂလာတွေမှာ ရှိရင်တော်ပြီ
ဟိုသွား ဒီသွား လှည်းနဲ့ နွားလည်းရှိပ
မရှိဝမ်းစာ၊ ရှိတန်ဆာ
ရွှေတိုငွေစလည်းရှိပ ။
ဦးချ အမျှဝေဖို့ စေတီပုထိုး
ဘုရားကျောင်းကန် ဆည်းလည်းသံလည်းလွင်ပ
ဒေသနာ တရား ၊ အမြိုက်ရေအေး
တိုက်ကျွေးပေးရာ ဆရာတော်လည်းရှိပ
စာတတ်ပေတတ် မြို့ကျောင်းကထွက်ခဲ့သော
သူကြီးသား ပညာတတ်လည်းရှိပ။
ကကလေးငယ် ချစ်စဖွယ် . . . . .
နေခြည်မှာ ရွှေရည်လောင်း . . . . .
ရွာက စာသင်ကျောင်းလေးလည်း
ဝင့်ဝင့်စားစား အပျိုဖားဖားတောင်ဖြစ်ပြီ ။
ကဲ ဒါတွေ ထားဗျာ
စဉ်းစားမရတာအချို့ရှိရဲ့
အဖြေသိလည်း ပြောပြ
မသိလည်းလမ်းညွှန်
ကျုပ်လွန်တယ်ထင်လည်း ခွင့်လွှတ်ကြ
ကဲစမယ် . . . . .
ရွာတွေကို ဖျက်၊ လယ်ကွက်တွေ ယာတွေလည်း မျို
စက်တွေနဲ့ ပညာတတ်တွေ
နေ့မအား ညမနားနဲ့
တည်ခဲ့တဲ့ ရွာနားကဆည်
ရေလိုရင် မလွှတ်၊ မလိုရင်လွှတ်လွန်းလို့ 
လယ်တွေလည်း ပျက်ကြ၊
သီးထပ် သီးညှပ်
အတင်းအကျပ်လည်း စိုက်ခိုင်း
နောက်ပိုင်းကျ ထွက်သမျှလည်း မသိမ်း
ဒီလိုနဲ့ စရိတ်မငြိမ်းတာ ဘယ်သူ့တာဝန်လဲ။
ဆည်မြောင်းတာတမံ
ဘာအကြံနဲ့ တည်တယ်တော့ မသိ
အစဉ်အလာရေသွင်းမြောင်းတွေတောင် ရေမလိုက်တော့ . . . ။
ဆည်မြောင်းတွေမွစာကြဲလို့
ရွာထဲမှာဗွက်ထ အသုဘအရေးတောင်ခက်ရဲ့
ခြင်ကလည်း တမှောင့် ၊
မြွေဆိုးတွေလည်း သောသောထ
သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ကာလ၀မ်း
ကျေးလက်ဆေးခန်းကလည်း ဗလာ
ကဲဗျာ ပြောရတာများပြီ။
ဟိုတုံးက ၉တန်းအောင် တဲ့ ဘကြီးသိန်း
အခု ရွာက နှစ်ဘွဲ့ရ ဆရာမ နဲ့ ဆရာ
အင်္ဂလိပ်စာ ဘယ်သူပိုတော်တယ်ထင်ပ
ခက်တော့ ခက်ကြပြီဗျ
ပြောလည်းယုံမှာမဟုတ် ။
ဆရာတော်ကတော့ ပြောသား
ဆုတ်ကပ်တဲ့
တယ်လည်း ခက်နေကြပြီဗျ
ကျုပ်ပညာမတတ်လို့လည်းဖြစ်ချင်ဖြစ်မယ်
ဟိုတုန်းက မြန်မာတွေပဲတော်ကြတာလား
ကျုပ်တို့ပဲ နုံကြတာလား
တစ်ခုခုတော့ မှားနေပြီ။


ဆက်ဖတ်မယ်ဆိုရင် ...