Monday, June 30, 2008

... Love Story from Future !


အနာဂတ်ရဲ့ ချစ်ပုံပြင်

အလုပ်ခန်းမှာ ကုမ္ပဏီနဲ့ အစည်းဝေးရှိနေတုန်း လက်ကောက်ဝတ်က ဖန်သားပြင်လေးကို ငုံ့ကြည့်လိုက်မိတယ်။ ဟုတ်တယ်။ ဒီအစည်းဝေးပြီးတာနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ရအုံးမယ်။ နေ့လည်ပိုင်းလောက်ကတည်းက သတိပေးစနစ်က လာပြောနေတာ။ ဒီနေ့ညနေ ကောင်မလေးကို သွားတွေ့ဖို့ရှိတာကို မမေ့ဖို့နဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့လေ။ အဲဒီအတွက် လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက တကိုယ်ရည်ညွှန်ကြားမှုဌာနကို အချက်အလက်တွေပို့ထားလိုက်တာ။ သူတို့ရဲ့ အကြံပြုချက်ကလည်း ကောင်းမွန်ကြောင်းနဲ့၊ သင့်တော်ကြောင်းပဲဆိုတော့ စိတ်အေးသွားရတယ်။ ဒီလိုမှမဟုတ်ရင် အကြံပြုချက်တွေ တပုံတပင်နဲ့ စိတ်ရှုပ်စရာတွေ ပါလာတတ်လို့လေ။ တခါကလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သဘာဝဥယျဉ်မှာ နေဝင်ချိန်သွားကြည့်မိတာ၊ အပြန်မှာ လေအေးတွေမိပြီးဖျားလာတာ။ အတော်ရှင်းယူလိုက်ရတယ်။ သူတို့ညွှန်ကြားချက်မပါဘဲ သွားလို့ဆိုပြီး အာမခံကြေးတောင် ပြန်လျော်ရတော့မလို့။ အဲဒီအချိန်တုန်းက စိတ်မှာ တစ်ခုခုကို လွမ်းသလိုလိုဖြစ်လို့ သွားကြည့်မိတာပါဆိုတာကို လက်ခံသွားလို့ တော်သေးတယ်။



ဒီပြဿနာဖြစ်ပြီးကတည်းက အိမ်ထောင်ပြုဖို့ကို မကြာခဏ အကြံပြုနေတော့တာ။ အခုတော့ သူတို့လည်း အဆင်ပြေသွားပါတယ်။ လွန်ခဲ့တဲ့ တလလောက်မှာ သူငယ်ချင်းတစ်ယောက်ရှိနေတဲ့ ကွန်ယက်ပေါ်က စကားဝိုင်းကို အလည်ရောက်တုန်း ဒီကောင်မလေးနဲ့ ခင်လာတာလေ။ အဲဒီနေ့က စကားဝိုင်းမှာ သိပ်ပြီးစကားမပြောဖြစ်တော့ဘူး။ ဖန်သားပြင်ပေါ်က သူ့မျက်နှာလေးက အရမ်းဆွဲဆောင်နေတော့တာ။ အချိန်ကုန်မှန်းမသိ ကုန်သွားတော့တာပဲ။ စကားဝိုင်းကနေ ပြန်မယ်လုပ်တော့ သူငယ်ချင်းက နောက်နာရီဝက်မှာ အချိန်ပေးနိုင်ရင် သူ့ကိုယ်ပိုင် ကွန်ယက်ပေါ်လာခဲ့ပါအုံးတဲ့။ သဘောပေါက်လိုက်တယ်။ ပုံရိပ်တုနည်းပညာနဲ့ ဆုံပြီး အေးအေးဆေးဆေး စကားပြောဖို့ဆိုတာကို။ သူငယ်ချင်းကလည်း ချစ်ဖို့ကောင်းတဲ့ကောင်၊ သူ့ကွန်ယက်ပေါ်ရောက်သွားမှ ကောင်မလေးကိုပါ သူကဖိတ်ထားတာကိုး။ စိတ်မှာတော်တော် ပျော်သွားတာ။ တနာရီခွဲလောက်ကြာအောင် သုံးရောက်သား အချိန်ဖြုန်းလိုက်ကြတယ်။ ပုံရိပ်တုနည်းပညာနဲ့ ဆုံလိုက်ကတည်းက ကောင်မလေးရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေါ်၊ ရှင်းသန့်မွှေးပျံ့တဲ့ ကိုယ်ရည်ကိုယ်သွေးကို သတိထားမိပြီး စကားတွေ အများကြီးပဲ ပြောဖြစ်ကြတယ်။ စိတ်မှာလည်း စွဲလမ်းသွားမိတယ်။

ဒီတစ်ခါတော့ ကိုယ့်ဘာသာကိုယ် ရင်ခုန်ကြည့်အုံးမယ်ဆိုပြီး တကိုယ်ရည်ညွှန်ကြားမှုဌာနကို အချက်အလက်တွေ ချက်ချင်းမပေးခဲ့ဘူး။ ဒါတောင်မှ မနက်အိပ်ရာထဆိုရင် ဇီဝအချက်အလက်တွေ ပေးပို့ရင်း ဒီရက်ပိုင်းမှာ အချစ်အငွေ့အသက်တွေ တွေ့နေတယ် လာပြောတာ နှစ်ခါလောက်ကြုံသေးတယ်။ သူငယ်ချင်းမိတ်ဆက်ပေးလို့ ခင်မင်သွားကတည်းက နှစ်ယောက်သား ကိုယ်ပိုင်ကွန်ယက်တွေမှာ ဆုံဖြစ်ကြတယ်။ တလလောက်အတွင်းမှာ ပုံရိပ်တုနည်းပညာနဲ့လည်း သုံးခါလောက် ဆုံပြီးသွားပြီ။ နှစ်ခါလောက်ကတော့ သှူ့ဆီမှာပဲ ဆုံဖြစ်တာပါ။ ဒုတိယ တစ်ခေါက်မှာပဲ ခံစားမှုချင်းဖလှယ်၊ ရင်ထဲကစကားတွေကို ဖွင့်ပြောပြီး ချစ်ခွင့်ပန်ခဲ့တာပေါ့။ ကောင်မလေးကလည်း ပွင့်လင်းစွာပဲ တုန့်ပြန်ရင်း ချစ်သူတွေဖြစ်ခဲ့ကြတာလေ။ မှတ်မိသေးတယ်။ အဲဒီနေ့က ကောင်မလေးကို အနမ်းလေးတွေတောင် ခြွေခဲ့မိသေး။ နောက်ပိုင်း မကြာခဏဆုံဖြစ်ကြရင်း လက်ထပ်ဖို့ပြောလိုက်တော့မှ လူချင်းတွေ့ဖို့ဖြစ်လာတာလေ။ ကောင်မလေးနေတဲ့မြို့က ကီလိုမီတာ ၆၀၀ လောက်ဝေးတယ်ဆိုတော့ နှစ်ယောက်စလုံးအဆင်ပြေအောင် လမ်းခုလတ်က မြို့လေးတစ်ခုမှာပဲ ချိန်းလိုက်တာ။

ဟော …အတွေးလွန်သွားတာကို ကုမ္ပဏီအကြီးအကဲ သတိထားမိသွားတယ်ထင်ပ၊ မေးခွန်းတချို့ လှမ်းမေးတယ်။ ဒါပေမဲ့ ဒီနေ့အစည်းဝေးက အေးဆေးပါ။ လက်ရှိတာဝန်ယူထားတဲ့ အာဖရိက အလယ်ပိုင်းအကြောင်းမဟုတ်ပေမဲ့ ကျောင်းသားဘဝက အထူးပြုလေ့လာခဲ့တဲ့ စာတန်းမှာ ဒီအကြောင်းတွေကို အကျယ်တဝင့်လေ့လာထားတယ်။ အရှေ့အလည်ပိုင်းက ဘဝပျက်နေသူတွေအကြောင်းလေ။ ဟိုး.. လွန်ခဲ့တဲ့တချိန်တုန်းကတော့ ကမ္ဘာ့အချမ်းသာဆုံး ရေနံနိုင်ငံတွေ ဒီနေ့အချိန်မှာ ဆင်းရဲမွဲတေနေရတာတွေအတွက် ဖြေရှင်းဖို့ နည်းလမ်းတွေ အကြောင်းပေါ့။ ကုမ္ပဏီရဲ့ အဓိကအလုပ်က လေထုသန့်ရှင်းရေးလေ။ ကိုယ်တိုင်လည်း ဒီသန့်ရှင်းရေး ကုမ္ပဏီမှာအလုပ်ရဖို့ကို အများကြီးကြိုးစားခဲ့ရတာ။ အခုတော့လည်း ကြိုးစားမှုနဲ့ထိုက်တန်တဲ့ နေရာကိုရနေပါပြီ။ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေရှိတဲ့ အာဖရိကအလည်ပိုင်းရဲ့ လေထုသန့်ရှင်းရေးပိုင်း တာဝန်ခံပေါ့။ တော်ရုံလူမရနိုင်တဲ့ နေရာဖြစ်သလို၊ အတော်လည်းဂရုစိုက်ရတဲ့ နေရာတွေလေ။ သူတို့ရဲ့ အဓိကချမ်းသာမှု သဘာဝတရားကို ထိန်းသိမ်းမှုမှာ ပါဝင်ပက်သက်နေရတာကိုး။

အော်.. အခုမှပဲ သဘောပေါက်တယ်။ အစည်းဝေးပြီးခါနီးလို့ ကိုယ့်ဆီကနေ အကြံဉာဏ်နဲ့ အမြင်တွေမေးတာကိုး။ ပြောစရာတွေများပေမဲ့ သူတို့တွေရဲ့ ရေနံကိုပဲ စီးပွားရေးတိုးတက်မှုအတွက် ဖက်တွယ်ထားမှုကို စွန့်လွှတ်တာနောက်ကျပုံ။ ဆက်သွယ်ရေးကွန်ယက်ရဲ့ လျှင်မြန်မှုနဲ့ ပွင့်လင်းမှုကို ယဉ်ကျေးမှုမျက်နှာစာကနေ ဇွတ်အတင်းပိတ်ပင်ထားမိတာ မှားသွားပုံ။ သူတို့ဒေသရဲ့ သဘာဝအရင်းအမြစ်၊ အလှအပ ရှားပါးမှုကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပုံတွေကိုပဲ အဓိက ဆွေးနွေးပေးလိုက်တယ်။ အဆုံးသတ်အနေနဲ့ လူသားချင်းစာနာမှုအရ အနိမ့်ဆုံးဈေးနဲ့ လေထုသန့်ရှင်းရေးကို လုပ်ပေးသင့်ကြောင်း၊ အာဖရိကနိုင်ငံတွေလို ချမ်းသာတဲ့နိုင်ငံတွေက နယ်ခြားမဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လျှင် လေထုသန့်ရှင်းမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်း အကြံပြုလိုက်တယ်။

ဒီလိုနဲ့ပဲ အစည်းဝေးကိုရပ်၊ ဆုံးဖြတ်ချက်ကို နောက်နာရီ ၂၀ အတွင်း အဖွဲ့ဝင်တွေဆီကို အကြောင်းပြန်လိုက်မယ်လို့ ဌာနချုပ်က အကြောင်းပြန်ပြီးသွားတော့ ရှေ့သုံးဖက်မြင်ဖန်သားပြင်ကနေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကုန်ကြပြီ။ ကိုယ်ကတော့ ဌာနချုပ်မှာ ဆက်သွယ်ရေး ကွန်ယက်ပိုင်းဆိုင်ရာ သူငယ်ချင်းကို နှုတ်ဆက်ဖို့ ဆောင့်နေလိုက်သေးတယ်။ သူငယ်ချင်းနှစ်ယောက် ဟိုဟို ဒီဒီ ပြောကြပြီး နှုတ်ဆက်လိုက်တယ်။ သူ့နေလည်စာအတွက် ကိုယ်ကပဲ ဒကာခံလိုက်တယ်။ အစားအသောက်ကွန်ယက်ကနေ သူငယ်ချင်းအတွက် အကောင်ဆုံးနေ့လည်စာကို သူ့တကိုယ်ရည်ညွှန်ကြားမှုအရ ပို့ပေးခိုင်းလိုက်တယ်လေ။ အင်း.. ကိုယ်တိုင်လည်း နေ့လည်စာကို စားရအုံးမယ်။ အလုပ်ခန်းကထွက်၊ ထမင်းစားခန်းဝင်ပြီး နေ့လည်စာအတွက် အကြံပြုစာရင်းကို ကြည့်လိုက်တယ်။ ဟုတ်ပြီ၊ မှိုကစွန်းကြော်စားတာပဲကောင်းမယ် ဆိုပြီး နံပါတ် ၄ ကိုရွေးပေးခဲ့လိုက်တယ်။

ရေချိုးရအုံးမယ်။ ရေချိုးခန်းမှန်ရှေ့မှာ ခဏရပ်ပြီး ကိုယ်အပူချိန်ကို ပေးလိုက်တယ်။ ပြီးရင်အကောင်းဆုံး အပူချိန်အနေအထားနဲ့ ချိုးရေရမယ်။ ဟော.. အခုမှတွေ့တယ်။ ဆံပင်တွေက နည်းနည်း ပုံမကျသလိုပဲ။ ဆံပင်ညှပ်ဖို့ ခလုပ်ကိုနှိပ်လိုက်တယ်။ ဆံပင်ညှပ်အုပ်ဆောင်းပေါ်လာပြီး ပုံစံကောင်းအောင် ပြင်ပေးတယ်။ လေဆာနဲ့ ဆံပင်ကို တိပေးတာဆိုတော့ ခေါင်းလျှော်စရာလည်းမလိုတော့ဘူးပေါ့။ ကဲရေချိုးမှပဲ။ အစားအသောက်တွေ အဆင်သင့်နေကြောင်း အချက်လည်းပြနေပြီကိုး။ ရေမိုးချိုး ထမင်းစားပြီးသွားရင်တော့ ကောင်မလေးဆီမသွားခင် လန်းသွားအောင် ခဏအိပ်ဖို့ ဇီဝဌာနကို အကြောင်းကြားအုံးမယ်။ သူတို့က ခဏအတွင်း အိပ်ပျော်သွားအောင်လုပ်ပေးပြီး အကောင်းဆုံးအခြေအနေရောက်ရင် နှိုးပေးမယ်လေ။

အင်း.. လူအများနဲ့ မတွေ့တာကြာလို့ သံလိုက်ရထားကို ရွေးလိုက်တော့လည်း ထူးမခြားနားပါပဲ။ အားလုံးက သူ့အလုပ်နဲ့သူ စကားပြောလို့လည်းမရ၊ ပြောသာပြောရတာ ကိုယ်တိုင်လည်း ဘေးလူတွေနဲ့ စကားသိပ်မပြောချင်ပါဘူး။ အပြင်မှာ အခုလိုခရီးသွားနေရတာကိုပဲ စိတ်ပင်ပန်းလှပေါ့။ ညွှန်ကြားမှုဌာနက ရွေးပေးတဲ့ လက်မှတ်နေရာ ကောင်းလို့သာတော်သေးတယ်။ သွားရမှာကလည်း ခဏပါပဲ။ သဘာဝ ရှုခင်းတွေကြည့်လို့ကောင်းတဲ့ မြို့လေးပေါ့။ ကောင်မလေးနဲ့ ဆုံဖို့နေရာကိုလည်း ရွေးပေးထားကြတယ်။ ကိုယ်တို့နှစ်ယောက် အကြိုက် နေရာလေးပေါ့။ ရေကန်ကြီးရှိမယ်။ ကြာပန်းတွေရှိမယ်။ ပြီးတော့ အရိပ်ရပင်ကြီးတွေလဲရှိမယ်။ ကိုယ်ကတော့ ကံ့ကော်ပင်ကိုပဲရွေး ထားလိုက်တယ်။ သူတို့ကတော့ စွယ်တော်ပင်ကို ဦးစားပေး ရွေးထားတာ။ စားစရာကတော့ ညနေစာဖြစ်နေလို့ နှစ်ဦးစလုံးအဆင်ပြေမဲ့ နာနတ်သီးဖျော်ရည်ကိုပဲ ရွေးထားတယ်။ ဒါတောင် တစ်ရက်ကြိုမှာလိုက်လို့ မဟုတ်ရင် ရလိုက်မယ် မထင်ဘူး။ နောက် ၅ မိနစ်ဆိုရင်တောင် ရောက်တော့မှာပါလား။ ချစ်သူနဲ့ တွေ့ရမှာဆိုတော့ မလစ်ဟင်းရအောင် အချက်အလက်အားလုံးကို ပြန်စစ်ထားအုံးမှ ဖြစ်မယ်။

လက်ကောက်ဝတ်က ဖန်သားပြင်လေးကနေ အားလုံးကို ပြန်စစ်လိုက်တယ်။ ကိုယ်အပူချိန်၊ အသားရည်စိုပြေမှု၊ အဝတ်အစား အဆင်ပြေမှု၊ ဆံပင်ပုံစံ၊ ခံတွင်းနံ့၊ အရေးကြီးဆုံးဖြစ်တဲ့ နှလုံးသားရဲ့ အနေအထား။ အိုကေ။ အားလုံးအဆင်ပြေနေပြီ။ ကဲ.. ကိုယ်လာပြီချစ်သူရေ….။

ဟော.. ဟိုဘက် ခရီးသွားစင်္ကြန်ကနေ ထွက်လာနေတာ ကောင်မလေးပဲ။ အိုကြည့်စမ်းပါအုံး။ မိုးပြာရောင် ချည်သားအင်္ကျီလေးနဲ့ လှနေလိုက်တာ။ အပြေးပဲ ချစ်သူကို သွားကြိုလိုက်မိတယ်။ ပြီးတော့ ဘူတာကနေ ကြိုမှာထားတဲ့ မိုးပျံယဉ်နဲ့ ဥယျဉ်ဘက်ကို ထွက်ခဲ့တော့တယ်။ ဟိုကိုလည်းရောက်ရော ကံ့ကော်ပန်းနံ့လေးတွေနဲ့ ကြည်နူးစရာ ညနေပါပဲ။ ချစ်သူလက်လေးကို ဆွဲကိုင်ပြီး အနာဂတ်အတွက်စကားတွေပြော။ ချစ်သူစကားတွေကိုလည်း နားတောင်၊ နောက်ပြီး ရင်ခွင်ထဲမှာထားပြီး ညနေချိန်နေမင်းကြီးကို ကြည့်လိုက်ရတာ မမေ့နိုင်တဲ့ ဖြစ်ရပ်လေးတွေပေါ့။ ကိုယ်တိုင်လည်း ဘဝမှာ ထွေးပိုက်စရာရင်ငွေ့တစ်ခု အရမ်းလိုအပ်ပါလားလို့ တွေးမိလိုက်တယ်။ ဒီလိုနွေးထွေးမှုမျိုးကို ဝေးနေခဲ့တာ ကြာပါပြီကော။ ဟိုး.. လူငယ်ဘဝကတည်းကပေါ့။ ဒီလိုနဲ့ပဲ နာနတ်ဖျော်ရည် တဝက်မကျိုးပေမဲ့ အချိန်ကိုခိုးလို့မှမရတော့ ချစ်သူကို ဘူတာပြန်လိုက်ပို့လိုက်တယ်။

အပြန်လမ်းက အချိန်လေးတွေ တိုလွန်းသလိုပဲ။ ကြည်နူးခဲ့ရတာတွေကို ပြန်စဉ်းစားလို့ကို မဝဘူး။ ချစ်သူရဲ့ ဆံနွယ်လေးတွေ၊ အယုအယလေးတွေပေါ့။ ဒီအတိုင်းဆိုရင်တော့ ဒီနေ့ည ဘာအလုပ်မှ ကောင်းကောင်းလုပ်နိုင်မယ် မထင်ဘူး။ မထူးပါဘူး။ ဆုံးဖြတ်လိုက်တာ ကောင်းမယ်။ အိမ်ပြန်ရောက်ရင် ဒီတစ်နေ့စာနားဖို့ ရှိနေတဲ့အစီစဉ်တွေ ဖျက်လိုက်တော့မယ်။ လမ်းမှာကတည်းက အချက်အလက်တွေ စစ်ထားပြီး အချိန်ပြောင်းဖို့ တစ်ကိုယ်ရည်ညွှန်ကြားမှု ဌာနကို ပို့တာကောင်းမယ်။

ဟာ… ..အချက်အလက်တွေစစ်။ အချက်အလက်တွေစစ်ဆိုမှ တညနေလုံး သူ့ဘေးကကောင်မလေးကို သူလက်ကိုင်နေတာ။ သူ့လက်ကောက်ဝတ်မှာ အချက်အလက် ဖန်သားပြင်လေးမှ မပါပဲ။ သွားပြီ။ သူကိုယ်တိုင်မလာဘဲ သူ့ကိုယ်ပွားကို လွှတ်လိုက်တယ်ပေါ့လေ။ ဒါကြောင့် တညနေလုံး အကုန်အဆင်ပြေပြီး သူ့မျက်လုံးလေးတွေက တချက်တချက် အသက်မဲ့နေသလိုဖြစ်နေတာကိုး။ စိတ်ဆိုးလိုက်တာကွာ .… “ တောက် ”။


သုခမိန်။…..။
မှတ်ချက်။…။ ဆရာမင်းလူရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို အမှတ်ရပြီး လိုက်တုရေးကြည့်တာပါ။ သူငယ်ချင်းတစ်ယောက်က BigBag ရဲ့အခွေသစ် AD3000 ပေးနားထောင်တော့လည်း အနာဂတ်ရဲ့ အပြောင်းအလည်းတွေကို သရော်ထားတဲ့ သီချင်းလေးတွေ့တာနဲ့ (သီချင်းခေါင်းစဉ်က အေဒီ ၃၀၀၀ တဲ့) လျှောက်ရေးကြည့်တာပါ။ အမြင်မသင့်တာ၊ ဖတ်မကောင်းတာဆိုရင် တောင်းပန်ကြောင်းပါ။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, June 29, 2008

စက်ဝိုင်း


သြော်. . . လူ့ ဘ၀တဲ့
ရောက်ခဲ့ ၊ လျှောက်ခဲ့ပေမယ့်လည်း
ရှေ့ဆက်ရန် ခဲခက်
ရက်စက်လွန်းလှတဲ့ ကံကြမ္မာတွေ
ရေပွက်ပမာလို့ ဆိုကြသမို့ပါပဲ
သြော် . . . ဆင်းရဲလိုက်တဲ့ ဘ၀တွေ
အချစ်၊ မေတ္တာ၊ ငွေနဲ့ အကြင်နာ
ဘာသာ တရား
ဘာသာစကား
အရှက်၊အကြောက်တရား
ကိုယ်ချင်းစာတရား
ဟာ . . . မဲ့နေ ၊ဆင်းရဲနေကြတဲ့ လောက
ငါကိုယ်တိုင်ကိုက နှမ်းတစ်စိလိုမျိုး
မီးကို တိုးတိုးမိနေတာကခက်
နေ့တွေ ၊လတွေ ရေတွက်ရင်း
နောက်ဆုံးတော့လည်း
မောလျှစွာနဲ့ . . . . လူ့ဘ၀က ပြန်ထွက် ။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, June 28, 2008

Is that jealousy?


စိတ်ကောက်တတ်လို့ အသည်းကွဲရသူ တယောက်အကြောင်း


တနေ့ကပေါ့၊ ဘလောဂ့်တွေ လျှောက်လည်ရင်း စိတ်မကောင်းစရာလေးတစ်ခု၊ တွေးစရာလေးတစ်ခု ပါလာတယ်။ ချစ်သူနှစ်ဦး အဆင်ပြေနေကြတာကနေ ဘာမဟုတ်တာလေးတခုကြောင့် လမ်းခွဲလိုက်တယ်လို့ ထင်လို့ စိတ်မကောင်းတာ။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း လမ်းခွဲလိုက်တာကိုက ဟုတ်နေသလိုလို။ သူ့နေရာမှာ ငါဆိုရင်ရော လမ်းခွဲပြီး ထားခဲ့မှာလားပေါ့။ တွေးကြည့်မိတယ်။ ချစ်သူချင်း ကွေကွင်းကြတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့၊ ဆုံးဖြတ်ချက်တွေပါတဲ့ လမ်းခွဲဆိုတော့လည်း တွေးစရာတွေနဲ့ပေါ့။ ပြောရရင် ကောင်မလေးကို သူ့ကောင်လေးက ခဏခဏ စိတ်ကောက်လို့၊ အသေးအဖွဲလေးတွေမှာပါ စိတ်ကောက်နေလို့ လမ်းခွဲလိုက်တာတဲ့။ အင်း …တွေးစရာက အဲဒီကစတာ။ ကောင်လေးက စိတ်ကောက်တယ်။



စိတ်ကောက်တယ်ဆိုတာက အလွယ်အားဖြင့်ဆိုရင် ကောင်မလေးတွေမှ ကောက်ရမယ်။ “ကျား”ဆိုတာ စိတ်မကောက်တတ်ဘူးပေါ့။ တကယ်ကတော့ စိတ်ကောက်တယ်ဆိုတာ အခြေအနေ တွေပေါ်မူတည်ပါတယ်။ “ကျား”မှ “မ”မှ စိတ်ကောက်ရမယ်လို့ မရှိဘူးထင်ပါတယ်။ သားငယ်တစ်ယောက်က လိုချင်တာဝယ်မပေးလို့ သူ့အဖေကို စိတ်ကောက်တာက တစ်မျိုး။ သူငယ်ချင်းကို ဈေးဝယ်ထွက်ရအောင် အဖော်ညှိတာမရလို့ စိတ်ကောက်တယ်ဆိုတာ တစ်ဖုံ။ ဟိုဟိုဒီဒီ အမျိုးတွေစုံနေအောင် ရှိမှာပါ။ ဒါပေမဲ့ ချစ်သူခြင်းမှာ (ကောင်လေးဘက်ကရော၊ ကောင်မလေးဘက်ကပါ) စိတ်ကောက်တယ်ဆိုတာကတော့ ကိုယ့်ချစ်သူကို မနာလိုဝန်တိုဖြစ်တာပါပဲ။ လူအတော်များများလည်း ချစ်သူအတွက်နဲ့ဆိုရင် အဲဒီလိုဖြစ်ကြမယ်လို့ ထင်ပါတယ်။

ဖတ်လိုက်ရတဲ့ ပိုစ့်မှာပြောထားတာကတော့ သူ့ကောင်လေးက သာမာန်မဟုတ်အောင်ကို ကောက်လို့ပါတဲ့။ ဖုန်းဆက်စေချင်တုန်းကို ဖုန်းမဆက်ရင်တော့ ကောက်မှာပါပဲ။ ဘယ်သူပဲဖြစ်ဖြစ်ပါ။ ငါ့ချစ်သူက ငါ့ကိုဂရုမစိုက်ဘူးလို့ စိတ်မှာထင်သွားရင် ပိုလို့ဆိုးတဲ့ အခြေအနေပါ။ စိတ်ကောက်နေတုန်းကို ချော့လိုက်ပါ။ မဆက်ဖြစ်တာကလည်း အကြောင်းတော့ရှိရမှာပေါ့။ ပျင်းလို့မဆက်တာဆိုရင်တော့ မဟုတ်သေးဘူးပေါ့။ အဲ နောက်တစ်မျိုးတော့ရှိတယ်။ ချစ်သူရယ်လို့ ဖြစ်လာဖို့ဆိုတာ တစ်ဦးနဲ့တစ်ဦး လေးစားယုံကြည်မှုလေးတွေ လိုအပ်မယ်လေ။ လေးစားမှုလေးတွေကို ထိပါးလာတဲ့ စိတ်ကောက်မှုမျိုးဆိုရင်တော့ တဖက်လူက တဖြည်းဖြည်းနဲ့ ကိုယ့်ကို လေးစားမှုကျသွားမယ်၊ ချစ်စိတ်တွေ ဒီဂရီကျလာပြီး ချန်ထားခဲ့မှာပါပဲ။ ဒီနေရာမှာ ဖြစ်သင့်တာကတော့ ကိုယ့်ချစ်သူရဲ့ စိတ်ကောက်မှုကိုသိအောင် သေချာလေ့လာသင့်တယ်။ နောက်တမျိုးကတော့ ကိုယ့်ဘက်ကနေ စိတ်ကောက်ပြီဆိုရင်လည်း ဘာလို့ဆိုတာကို အသေအချာ ရှင်းပြသင့်တယ်ထင်တယ်။ ဒါမှလည်း ချစ်သူနှစ်ဦးဟာ လှပတဲ့အနာဂတ်တွေကို ပိုင်ဆိုင်နှိုင်မှာပါ။

ဒီပိုစ့်လေးဖတ်ပြီး ဘာလို့ဒီလောက်တောင် လျှောက်တွေးနေလည်း မေးချင်နေမှာစိုးလို့ ရှင်းအုံးမယ်။ ကျွန်တော့်မှာလည်း ချစ်ရတဲ့သူတစ်ယောက်ရှိသဗျ။ သူကလည်း ကျွန်တော့်ကို မလိုအပ်ပဲ မကြာခဏ စိတ်ကောက်တတ်သူလို့ တွေးနေတာ။ တစ်ခါတစ်လေဆို နှုတ်နဲ့တောင် ပြောသဗျ။ အဲဒါနဲ့ တွေးမိသွားတာ။ အော် …သူလည်း ငါ့ကိုပစ်ချခဲ့ပြီး ပြေးသည်သာရှိ၏ လို့များတွေးနေပြီလားလို့ပါ။ ကျွန်တော်စိတ်ကောက်တယ် ဆိုတာကလည်း အတော်ရှားပါတယ်။ ကျွန်တော်မကြိုက်တာတွေ လုပ်မှပါ။ ဒါပေမဲ့ စိတ်ကောက်သူ ကျွန်တော်ကပဲ အမြဲပြန်အလျော့ပေးရတယ်ဗျ။ သူကတော့ ဒီလိုပဲနေတတ်တယ်၊ မချုပ်ချယ်နဲ့ဆိုပဲ။ တစ်ကယ်က ချုပ်ချယ်တာလည်းမဟုတ် ဖြစ်သင့်တာတွေကိုပဲ ပြောတာပါ။ သူက နားမလည်တာလား၊ မလည်ချင်ယောင်ဆောင်တာလားတော့ မသိပါဘူး။ သူကတော့ ဒါမျိုးပဲနေတတ်လို့ သူ့ကိုမကြိုက်ချင်ရင်လည်း မကြိုက်နဲ့တဲ့။ ကဲကောင်းရော။ စိတ်ကောက်ရရင်လည်း မတန်တဲ့သူပါဗျာ။ စဉ်းစားတယ်၊ အင်း ..ငါက ချစ်ရတဲ့သူကိုး။ သည်းခံရမှာပေါ့ဆိုပြီး စိတ်မကောက်အောင်နေတယ်။

ကျွန်တော်ထင်တာကတော့ ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ပြီဆိုရင် မနာလိုဝန်တိုမှုတွေပဲ နေပါလိမ့်မယ်။ ကိုယ့်ချစ်သူ အရမ်းလှနေရင် ကောင်လေးတွေက ကြည်နူးနေသလိုနဲ့ စိတ်မှာတော့ ကြိတ်ပြီးမနာလိုဖြစ်နေမယ် ထင်ပ။ သူ့ကောင်မလေးကို တစ်ခြားတစ်ယောက်ကလည်း ကြိုက်သွားနိုင်တာကိုး။ ကောင်မလေးကလဲ ဒီလိုပဲနေမှာပါပဲ။ ဒါက တစ်ဦးခြင်းစီရဲ့ ရုပ်ရည်ကို ဥပမာပေးလိုက်တာပါ။ အခြားကိစ္စတွေမှာလည်း ဒီလိုပဲ နေမှာပါ။ ဖုံးမခေါ်တာလိုမျိုးပေါ့။ ငါနဲ့ ဖုန်းမပြောပဲ ဘယ်သူနဲ့ ဖုန်းပြောနေလည်း တွေးမိ၊ မေးမိပြီဆိုရင်တော့ သွားပါပြီ။ နောက်တစ်ယောက်သာ ကြိုရှာထားပေတော့ပဲ။ ဒါမှ အချိန်အကြာကြီး အသည်းကွဲမနေပဲ ချစ်သူထပ်ရမှာ။

ဟုတ်တယ်။ ချစ်သူတွေပဲ ဖြစ်နေအုံးတော့ ဂုဏ်သိက္ခာဆိုတာနဲ့ ပုဂ္ဂိုလ်ရေးစော်ကားမှုမှာ အချစ်မရှိဘူးထင်တယ်။ နားလည်မှုရအောင် ချစ်သူချင်း မာနတွေခဝါချပြီး ညှိနှိုင်းနိုင်ရင်တော့ အကောင်းဆုံးလို့ထင်ပ။ ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်မိသူကကိုယ့်အတွက် အကောင်းဆုံး နားလည်ပေးနိုင်တဲ့ အဖော်ဖြစ်ပြီး၊ ချစ်သူတိုင်း ပျော်ရွှင်စရာ အနာဂတ်တွေကို ပိုင်ဆိုင်နှိုင်ကြပါစေလို့။ ဒီဆုတောင်းပြည့်တာ လောကကြီးလှပဖို့ ပိုနီးစပ်လာမှာပဲလေ။ အားလုံးပဲ ဒီဆုတောင်းလေးကို မေတ္တာပို့နှိုင်ကြပါစေဗျာ။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

အမုန်း… ဆုံးသူ

အမုန်း… ဆုံးသူ

အချစ်ဆုံး ဆိုတဲ့သူရယ်…
အချစ်တွေကုန်ကာဆုံးမယ့်သူမို့
အချစ်ဆုံးသူလို့ ခေါ်ခဲ့မိလေသလား။

ဆုံးသွားသမျှအချစ်တွေ တစ်ဖန်သစ်ဝေလို့
မုန်းထားသမျှအဖြစ်တွေ မကျန်ရစ်စေဖို့
အချစ်ရေ…
အမုန်းဆုံးသူလို့ ခေါ်ပါရစေလား။……….။

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Never say " I can't "


“ ကြိုးစားနေဆဲပေါ့၊ မလုပ်နိုင်သေးဘူး မပြောပါနဲ့။ ”


တရက်မှာ ကျွန်တော်နဲ့ ကျွန်တော်ရဲ့သူငယ်ချင်း နှစ်ယောက်သား ဘလော့ဂ်တွေဖတ် နေကြတယ်။ စာဖတ်ဝါသနာပါသူ သူငယ်ချင်းကို ကျွန်တော်ကိုယ်တိုင်က ဘလော့ဂ်ဖတ်ရအောင်ဆိုပြီး အတူဖတ်နေတာပါ။ သူကလည်း ဘေးနားကနေ စာတွေကို အေးအေးဆေးဆေး လိုက်ဖတ်နေတာ။ စကားနည်းတဲ့ သူ့ပုံစံအတိုင်းပဲ ဘာမှမပြောဘူး။ အသာငြိမ်နေတယ်။ ကျွန်တော်ကတော့ ပိုစ့်တွေဖတ်လိုက်၊ ကွန်မန့်တွေရေးလိုက်၊ စီဘောက်မှာ လျှောက်ပြောလိုက်နဲ့ပေါ့။ ရယ်စရာလေးတွေ တွေ့ရင်ရယ်လိုက်၊ ဟိုပြောဒီပြော ပြောလိုက်နဲ့ကတော့ ကျွန်တော်က ဒိုင်ခံပေါ့။ သူကတော့ အေးအေး ပြုံးပြုံးပါပဲ။ ဒါပေမဲ့ ပိုစ့်တစ်ခုကို ကျွန်တော် ကွန်မန့်ရေးချင်တာ ရေးမရလို့ စီဘောက်မှာဝင်ရေးအပြီး နောက်ဘလော့ဂ်တစ်ခု ဖတ်ဖို့ရှာနေတုန်းမှာပဲ၊ ကျွန်တော့်ရဲ့ ရေခဲတုန်းကြီးက စကားပြောလာပါလေရော။ အတော် ရှင်းယူလိုက်ရတယ်။ ကျွန်တော်စီဘောက်မှာ ရေးလိုက်တာကို သူက ပြန်ဝေဖန်တော့တာကိုး။ အဖြစ်က ဒီိလို။



ဘာသာရေးတွေ ရေးထားတဲ့ ပိုစ့်တစ်ခုကို ဖတ်နေကြတာ။ ပိုစ့်ကို ရေးထားသူက ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လိုက်နာသင့်တဲ့၊ အမြဲစောင့်ထိန်းသင့်တဲ့ အကြောင်းအရာတွေ။ ရေးထားတာပါ။ ဖတ်ပြီးတော့ ကျွန်တော်က အဲဒီလိုတွေ အသိပေးတာ (သတိပေးတာ) ကျေးဇူးပါ။ ဒါပေမဲ့ လိုက်တော့ မလုပ်နိုင်သေးဘူးလို့ စီဘောက်မှာပဲ ရေးလိုက်ပါတယ်။ ပြီးတော့ နောက်တစ်ခုဖတ်ရအောင် ရှာနေတုန်းမှာ၊ ခင်ဗျား ဒီလိုပြောတာမှားတယ်တဲ့။ သူငယ်ချင်းက စပြောလာပါတယ်။ ဟ - ဘာကိုပြောတာတုန်း ဆိုတော့ ဘုရားတရားလုပ်ဖို့နဲ့ ကောင်းမှုလုပ်ဖို့ကို ငါတို့ကတော့ မလုပ်နိုင်သေးဘူး။ ဘာဖြစ်လို့ပါ ညာဖြစ်လို့ပါဆိုတာ၊ တမင်သက်သက် အကြောင်းပြတာဆိုပဲ။ ဥပမာ သူပြောတာက အချိန်မရှိဘူးဆိုတာလိုမျိုးကိုပေါ့။ အဲဒီ ပိုစ့်မှာကလည်း ပြောထားပါတယ်။ လိုက်မလုပ်နိုင်သေးဘူး ဆိုသူတွေဟာ တကယ်မသိသေးသူတွေပါပဲတဲ့။ ဆင်ခြေပေးတယ်လို့ အပြောခံရတာကို လက်ခံမိသလို၊ ကျွန်တော် ဘာသာရေးကို အတွင်းကျကျ သေချာမသိဘူးလို့လည်း ဝန်ခံပါတယ်။

ပိုစ့်မှာ အဓိကပြောတဲ့ သီလစောင့်ထိန်းဖို့နဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနာကံမှု တွေကို ထိန်းသိမ်းဖို့ အတွက် အမြင်မတူ ဖြစ်နေတာပါ။ ကျွန်တော်မြင်တာကတော့ တစ်မျိုးဗျ။ ဥပမာအားဖြင့် မုသားပြောတာကို ကျွန်တော်ကိုယ်တိုင်က မကြိုက်ပါဘူး။ မကောင်းဘူးလို့လည်း ယူဆသူပါ။ ဒါပေမဲ့ တနေ့ တနေ့တွေမှာ အနည်းဆုံး ကျွန်တော် မုသားတစ်ခါတော့ ပြောမိမယ်ထင်ပါတယ်။ (အသေအချာ မမှတ်မိသော်လည်း ဖြစ်နိုင်ချေ များပါတယ်။) နောက် ဥပမာ ထပ်ပေးရရင် သူ့တပါးအသက်ကို သတ်တာဟာ မကောင်းဘူးလို့ ကျွန်တော်ကိုယ်တိုင်လဲ လက်ခံတယ်။ တော်ရုံတန်ရုံနဲ့ ဘာကိုမှ မသတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် စိတ်ရှုပ်နေတုန်းလိုမျိုးမှာ လာကိုက်တဲ့ခြင်ဆိုရင် မောင်းမထုတ်မိတော့ပါဘူး။ ဘဝကူးပေးလိုက်တော့တာပါပဲ။

ဒီနေရာမှာ ကြည့်ဖူးတဲ့ ရုပ်ရှင်တခုထဲက ဇာတ်ဝင်ခန်းလေးကို ပြန်ပြောပြပါရစေ။ ဆရာကြီး ဦးသုခရဲ့ ရုပ်ရှင်တစ်ခုမှာ ပါတာ ထင်တယ်။ ထားပါတော့၊ အဓိကပြောချင်တာက ဇာတ်ကြောင်းလေးပါ။ တနေ့ ရဟန်းတပါးဟာ တောစပ်နားက တနေရာမှာ အနားယူနေတုန်း၊ ရွာနီးစပ်ချုပ်ကလူတွေ လူစုလူဝေးနဲ့ သူခိုးလိုက်ဖမ်းကြပါတယ်။ ဖြစ်ချင်တော့ သူခိုးကလည်း ရဟန်းရှိတဲ့ဘက်ကနေမှ ဖြတ်ပြေးသွားပါသတဲ့။ နောက်ကပါလာတဲ့ လူစုကလည်း ရဟန်းကို မေးပါတယ်။ သူခိုးဘယ်ကို ပြေးသွားသလဲပေါ့။ ဒီအချိန်မှာ ရဟန်းက စဉ်းစားပါသတဲ့။ ငါပြောပြလိုက်ပြန်ရင်လည်း သူခိုးမှာ အဖမ်းခံရလို့ ဒုက္ခရောက်မယ်။ မသိဘူး၊ မမြင်ဘူး ငြင်းပြန်ရင်လည်း မုသားပြောရာရောက်မယ်။ ဒီတော့ ရဟန်းက အခြေအနေကောင်းတစ်ခုကို ဖန်တီးလိုက်ပါသတဲ့။ နဂိုမူလ ရှိနေတဲ့နေရာကနေထ၊ နေရာအနည်းငယ် ရွေ့ပြီးမှ ရဟန်းတော့ ဒီနေရာကနေ မမြင်လိုက်ပါဘူးလို့ ပြန်ဖြေသတဲ့။

မြန်မာစကားမှာ ပြောလေ့ရှိတဲ့ ပါရမီရှင်ဆိုတာကို ကျွန်တော်မညွှန်းလိုပါဘူး။ ဒါပေမဲ့ လူသာမာန်တွေ မစွမ်းနိုင်တာတော့ အမှန်လို့ ပြောချင်ပါတယ်။ အနည်းဆုံးတော့ ဘုရားဟောတရားတွေကို စောင့်ထိန်းတော့မယ်၊ လိုက်နာတော့မယ်ဆိုရင် ကိုယ်တိုင်က သတိဆိုတာလေးကို အမြဲကပ်ထားနိုင်ရင် ပိုကောင်းပါမယ်။ သတိလက်လွတ်ဆိုတဲ့ စကားလုံးဟာ အရမ်း အန္တရာယ်များပါတယ်။ ဘယ်လိုကိစ္စမျိုးမဆိုပါပဲ ရှိသင့်တဲ့၊ စိတ်မှာ စွဲနေသင့်တဲ့ ပထမဆုံးအရာဟာ သတိ ဖြစ်သင့်ပါတယ်။ သတိမကပ်နေဘူးဆိုရင်တော့ အမှုကိစ္စဟာ အောင်မြင်ဖို့ဆိုတာထက် မကျရှုံးဖို့ကို တော်တော်လုပ်ယူရမှာပါ။

တခါတရံမှာ ကျွန်တော်က (အခြေအနေ တခုခုမှာလို့ပဲ ပြောကြပါစို့) ညာပြောတတ်ပါတယ်။ သူတပါးကိုလဲ သတ်မိတတ်၊ သေသွားစေတတ်ပါတယ်။ စိတ်အားဖြင့်ဆိုတာကတော့ တခါတရံထက်တောင် ပိုမယ်ထင်ပါတယ်။ သတိလေးရှိနေတုံး၊ ဒါမှမဟုတ်လည်း အခြေအနေပေးရင် အကောင်းဆုံးဖြစ်အောင် နေပါတယ်။ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတွေကို စောင့်ထိန်းပါတယ်။ အင်္ဂလိပ်စကားလုံးတစ်ခုရှိပါတယ်၊ Ideal ဆိုတာပါ။ မြန်မာလို နီးစပ်အောင်ပြောရမယ်ဆိုရင်တော့ စံပြ၊ ဒါမှမဟုတ်လည်း ပြည့်စုံစွာ ဒီလိုမျိုးတွေ ပြောရမယ်ထင်ပါတယ်။ ဘာသာတရားမှာ စံပြ ပုဂ္ဂိုလ်ကြီးတွေနဲ့ နှိုင်းယှဉ်ရင် (ဥပမာ သိက္ခာတော်ရ ဆရာတော်ကြီးတွေ) ဘာမှမဆိုင်ပါဘူး။

အဲဒီတော့ ကျွန်တော်က ပြောပါမယ်။ ငါတော့ မလုပ်နိုင်သေးဘူးလို့။ ဒီနေရာမှာ စကားအဓိပ္ပါယ်က လိုက်မလုပ်နိုင်ဘူး၊ ဒါမျိုးကို မထောက်ခံဘူး။ အဲဒါမျိုးတွေလုပ်ဖို့ကို စိတ်မပါဘူး။ အပိုတွေပါ။ ဒီလိုအဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။ သူငယ်ချင်းကတော့ ပြောပါတယ် “ဒါဆိုရင် ကြိုးစားနေဆဲပေါ့။ မလုပ်နိုင်ဘူး မပြောပါနဲ့” တဲ့။ အကောင်းဆုံးတွေကို ကျွန်တော် မလုပ်နိုင်သေးတာ၊ ကျွန်တော် မပြည့်စုံသေးတာလို့ ဆိုလိုချင်တာပါ။ ဟိုဟိုဒီဒီ ဆင်ခြေတွေနဲ့ ဘာသာတရားကို အသေအချာမသိသေးတာလည်း အပါအဝင်ပေါ့။

ဒီနေရာမှာ ကြုံတုန်းကို ကျွန်တော့်ရဲ့ အမြင်တစ်ခု ပြောပြချင်ပါတယ်။ ဗုဒ္ဓကို ကိုးကွယ်တဲ့ အကြောင်းပါ။ ဒီလူတစ်ယောက်ကို ကိုးကွယ်တဲ့အဆင့်ထိ ငါဘာလို့ဖြစ်သင့်တာလည်းလို့ ဆန်းစစ်ကြည့်ပါတယ်။ ဟုတ်ကဲ့ ဂုဏ်တော်ကိုးပါးဆိုတဲ့ ခပ်လွယ်လွယ်ပြောရရင် ဗုဒ္ဓရဲ့ အရည်အချင်းလေးတွေပေါ့၊ အဲဒီမှာတင် ကျွန်တော် လက်ခံပါတယ်။ ငါတို့အနေနဲ့လည်း သူ့လိုမြင့်မြတ်သူ ဖြစ်လာအောင် လုပ်လို့ရတယ်။ နည်းလမ်းတွေလည်း ပြပေးတဲ့အတွက် ဗုဒ္ဓကို အရမ်းကျေးဇူးတင်ပြီး ယုံကြည်ကိုးကွယ် မိပါတယ်။ လိုက်ပြီး ကျင့်ကြံတဲ့နေရာမှာတော့ ဂုဏ်တော်ကိုးပါးမှာပါတဲ့ အရဟံဂုဏ်တော်ကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါမှာ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုလုပ်ခြင်းဆိုတဲ့ အဓိပ္ပါယ်လည်းရှိနေသတဲ့။ ဟုတ်ကဲ့ ကျွန်တော် အဲဒါတစ်ခုနဲ့တင် စာမေးပွဲကျနေတုန်းဗျာ။ အခြေအနေကောင်းတာက ဒီစာမေးပွဲကို အချိန်မရွေး၊ အကြိမ်အကန့်အသတ်မရှိ ပြန်ဖြေလို့ရတယ်။ အဲဒီတော့လည်း ကြိုးစားရအုံးမယ် ပေါ့ဗျာ။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, June 27, 2008

ဒီထီးအောက်

ဒီထီးအောက်

ဒီနွေ…
ဒီမိုး…
ဒီဆောင်း…
ဒီတစ်ချောင်းတည်းသောထီးနဲ့
ဒီခရီးကို ငါနှင်ခဲ့။

အခုတော့…
တစ်ချောင်းတည်းသော ဒီထီးအောက်
မင်းရောက်ခဲ့ပြီ … ချစ်သူ။

ဂိမ္မန္တနေပူထဲ
အရောင်မွဲချင်မွဲမယ်၊
မိုးသည်းသည်း လေထန်ထန်
အရွက်လန်ချင်လန်မယ်၊
နှင်းဖွဲဖွဲဆောင်းနေမှာ
ချုပ်ကြောင်းပါချင်ပါမယ်၊
ဘာပဲဖြစ်ဖြစ်
မညည်းမညူ
ခရီးအတူလျှောက်
ဒီထီးအောက်မှာပဲ
ကဲ… လျှောက်ရဲလားဖြေ။……။

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, June 25, 2008

ငါသာလျှင် ငါ့ကံ၏အရှင်သခင်(၂)


ငါသာလျှင် ငါ့ကံ၏အရှင်သခင်

(ဆွဲဆောင်မှုနိယာမ)

ဆင်းရဲချမ်းသာ သံသရာ
“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ”
ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်။
ဗုဒ္ဓ

ကမ္ဘာ့လူဦးရေရဲ့ (၁) ရာခိုင်နှုန်းသော လူအချို့ ဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှငွေကြေးအားလုံးရဲ့ (၉၆) ရာခိုင်နှုန်းကို ပိုင်ဆိုင်နေကြပါတယ်။ အဲသလို ဘာကြောင့်ဖြစ်တယ်လို့ ခင်များ ထင်ပါသလဲ။ ဒါ မတော်တစ်ဆမှုတစ်ခုလို့ ခင်များ ယူဆပါသလား။

ချမ်းသာကြွယ်ဝဥစ္စာဓနတွေကို သူတို့ဘ၀ထဲ သိမ်းကျုးံဆွဲယူထားသူတွေဟာ ”ဆွဲဆောင်မှုနိယာမ”ကို (အမှုမဲ့အမှတ်မဲ့ဖြစ်စေ၊ ဂဃနဏ ကျကျနနဖြစ်စေ) အသုံးချနေကြတာပါ။ သူတို့ သတိထားမိသည် ဖြစ်စေ၊ သတိမထားမိသည်ဖြစ်စေ ဥစ္စာဓနတွေကို သူတို့ဘ၀ထဲ သယ်ယူလာတာဟာ အဲဒီဥစ္စာဓနတွေနဲ့ ပတ်သပ်တဲ့ သူတို့ရဲ့ အတွေးတွေပါ။

မျက်စိရှေ့ မှာပဲ ဇောတိကကြီးတွေ ချွတ်ခြုံကျမွဲသွားကြပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျိကျိတက် ပြန်ချမ်းသာတဲ့ အဖြစ်မျိုးတွေဟာ ခင်များအတွက် ရိုးကောင်းရိုးနေမှာပါ။

အဲသလို ဘာကြောင့်ဖြစ်သလဲ ဆိုတော့ကာ …..
”ဥစ္စာဓနကြွယ်ဝဖို့”၊”ဥစ္စာဓနကြွယ်ဝဖို့”ဆိုတဲ့ ဇောတိကလောင်းလျာအတွေးတွေကပဲ သူတို့ကို တစ်မုဟုတ်ချင်း ကြွယ်ဝခြင်းကို လက်ငင်းပိုင်ဆိုင်စေခဲ့တာပါ။ များပြားဥစ္စာကြွယ်ဝလာတဲ့အခါ ”သူလည်းလေ လောကီသားမို့” ဥစ္စာပျောက်မှာစိုးတဲ့ ဥစ္စာခြောက်တရားဆိုးက စိုးမိုးနေရာယူလာပါတယ်။ သူကြွယ်အထူးကနေ ဥစ္စာရူးကို စိတ်ကူးပြောင်းလာတာပါ။ အဲဒါကြောင့် ဥစ္စာခြောက်နေတဲ့ အကြောက်တရားက ဥစ္စာပျောက်စေတဲ့ အကြောင်းတရား ဖြစ်ကာ တကယ်ပဲ မွဲပြာကျသွားကြရရှာတာပါ။

အဲ… ကုန်းကောက်စရာမရှိအောင် ဆုံးရှုံးသွားတဲ့အထဲမှာ စောစောက အကြောက်တရားတွေပါ ရောပါသွားတဲ့အခါ သူတို့ရဲ့အတွေးတွေဟာ ဥစ္စာဓနကြွယ်ဝမှုဆီ သမင်လည်ပြန်လာကြပါတယ်။ အဲသလိုနဲ့ ဇောတိကကြီးတွေ ဖြစ်လာကြပြန်ပါရော။

ခင်များတွေးတာနဲ့ ထပ်တူထပ်မျှ ခင်များရတာပါပဲဗျာ။

ဆက်လက်ရေးသားသွားပါမည်။


ကိုးကား။.........။ THE SECRET by RHONDA BYRNE


ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, June 24, 2008

Television



“ရုပ်မြင်သံကြားဆိုတာ…….”

ဘာရယ်မဟုတ်ပါဘူး….။TV ကြည့်နေရင်း….ကျနော် ငယ်ငယ်တုန်းက ရုပ်မြင်သံကြား စပြီးကြည့်ဘူးတဲ့ အကြောင်းလေး အမှတ်ရလို့ ရေးမိတာပါ။ အဲ့ဒီ အချိန်တုန်းကဆို ကျနော့် အသက်က ရှိလှမှ ၅နှစ်လောက်ပဲရှိအုံးမယ်။ ကျနော့်အထက် တစ်ယောက်ခြား အစ်ကို ကတော့ ၉တန်းလောက်ရောက်နေပြီထင်တယ်။ နောက်ပြီး အထက်က အစ်ကိုက ၆တန်းလောက်ဖြစ်မယ်။ အဲ့ဒီတုန်းက ကျနော်တို့မြို့ တစ်မြို့လုံးမှာ ရှားရှားပါးပါး ရုပ်မြင်သံကြားဆိုလို့ စစ်မှုထမ်းဟောင်းရုံးထဲက ၁၂လက်မ (အဖြူ/အမဲ) တီဗွီလေးတစ်လုံးပဲ ရှိတာလေ။ စစ်မှုထမ်းဟောင်းရုံးဆိုတာကလဲ ကျနော်တို့ ရွာနဲ့ ၂မိုင်နီးနီးလောက် ဝေးတယ်ဗျ။ နောက်ပြီး ကျနော်မှတ်မိသလောက် ဆိုရင် TVဆိုတဲ့ အသုံးအနှုန်းတောင် မသုံးသေးဘူး။ ရုပ်မြင်သံကြားစက်လို့ပဲ ခေါ်ကြတာလေ။ အဲ့ဒါတောင်( လူကြီး )တမတ် (ကလေး) ဆယ်ပြားပေးရတာဗျ။




တစ်နေ့မှာ ကျနော် အိမ်က ရေတွင်းနားမှာ ကစားနေတုန်း ကျနော့်အထက်က အစ်ကိုနှစ်ယောက် နွားရေ(နွားသောက်ရေး) ခပ်ကြရင်း တိုးတိုး တိုးတိုးနဲ့ ဒီကနေ့ည ရုပ်မြင်သံကြားသွားကြည့်ဖို့ အမေ့ကို ပြောရအောင်ဆိုပြီး တိုင်ပင်နေကြတာလေ။ ကျနော် လည်း တော်တော်လေး စိတ်ဝင်စားသွားတာပေါ့ .။ အဲ့ဒါနဲ့ ကျနော်က “ငါရော လိုက်ခဲ့မယ်လည်း ဆိုလိုက်ရော” နှစ်ယောက်သား သူတို့ အစီအစဉ် ကျနော်သိရကောင်းလားဆိုပြီး ဒေါသထွက်နေလိုက်ကြတာဗျာ..။“မင်းက နေရာတကာ ဘာဖြစ်လို့လိုက်ချင်ရတာတုန်း…“ လို့တောင် ငေါက်လိုက်သေးတယ်။ သူတို့က ကျနော်နဲ့ ရုပ်ရှင်ကြည့် ၊ပွဲကြည့်၊ ညပိုင်း အပြင်သွားရမှာ သေမလောက်ကြောက်ကြတာလေ။ ကျနော်ကလဲ ကျနော်ပဲဗျ..။ အစ်မတွေ ရုပ်ရုင်ကြည့် ၊ပွဲကြည့် သွားတိုင်း မလိုက်ရရင်ဂျီကျတယ်။ လိုက်ရပြန်တော့ လဲ ဟိုလဲရောက်ရော ခဏနေရင် အိပ်တော့တာပဲ..။ အပြန်ရောက်ရင် ခေါ်လာတဲ့သူ ကတော့ ကုန်းပိုးပေတော့ဗျို့ ။ အဲ့ဒါကြောင့် အစ်ကိုတွေဆို ကျနော့် ကို တစ်ခါမှ အပြင်သွားရင် မခေါ်ဘူး။ ညနေပိုင်း အပြင်ထွက်တော့မယ်ဆိုရင် ကျနော့် ကို ပုန်းရှောင်ပြီးထွက်ကြတာ များတယ်..။ အစ်မတွေ ကတော့ အမြဲလိုလို ခေါ်ကြပါတယ်။ သူတို့ ကတော့ ဝမ်းကွဲ အစ်မတွေရော၊ အဒေါ်တွေရောဆိုတော့ အဖွဲ့တောင့်တာလဲ ပါမှာပေါ့။ အပြန်ရောက်ရင် ကျနော်ကို တလှည့်စီ ကုန်းပိုးခေါ်ကြတော့ သက်သာတာလဲ ပါမှာပေါ့လေ။
အဲ့ဒီနေ့ကတော့ ကျနော်လည်း ကြံရာမရတာနဲ့ အမေ ထမင်းချက်တဲ့အနားသွားပြီး သူတို့မပြောခင် ကြိုပြီးတော့ လိုက်ချင်ကြောင်း နားပူနားဆာ လုပ်တာပေါ့။ အစကတော့ အမေကလဲ “နင်က ဘာဖြစ်လို့လိုက်ချင်ရတာလဲ ဘာလည်းမဟုတ် ညာလည်းမဟုတ်နဲ့ ..လို့” ပြောပါသေးတယ်။ ဒါပေမဲ့ ကျနော်က မလိုက်ရရင်လဲ တအီအီနဲ့ ဂျီကျနေမှာဆိုးတာနဲ့…လိုက်သွား…. လိုက်သွား လို့ လဲ ပြောလိုက်ရော…ကျနော်မှာ ပျော်လိုက်တဲ့ ဖြစ်ခြင်းဗျာ။ ဟိုနှစ်ယောက် ကတော့ ဘာမှန်းမသိရသေးဘူး ကျနော်က တော့ တညနေလုံး မြူးနေတာပဲ။ မျက်နှာကလဲ စပ်ဖြီးဖြီး ဆိုတော့ ဒီကောင်တွေက ကျနော်ကိုသိပ်ပြီးတော့ မသင်္ကာကြဘူး။ သိပ်မကြာပါဘူး ညနေစာထမင်းလဲ စာပြီးရော ကျနော်က သူတို့ကိုစောင့်ရင်း အမေ့နား ပွတ်သီးပွတ်သတ်လုပ်နေတာပေါ့.။ နှစ်ယောက်သား အမေ့ဆီကို ရုပ်မြင်သံကြား သွားကြည့်ချင်ကြောင်းလည်း ပြောရော အမေက “ဒီကောင်လေးပါ ခေါ်သွားကြ..”လို့ လည်း ဆိုလိုက်ရော နှစ်ယောက်သား မျက်နှာကြီးတွေ စူပုတ်ပြီး ကျနော့် ကိုဘုကြည့် တောင်ကြည့် လိုက်သေးတယ်။ နောက်ပြီး “ဟာ…အမေ့သားက သူများတွေ နဲ့တူတာမဟုတ်ဘူး ဟိုရောက်ရင် ချက်ခြင်းတန်းအိပ်မှာ ၊ ပြန်ရင်လည်း နိုးရတာခက်သေး တယ်။ ခြေလျင်လည်း မလျှောက်ချင်ဘူး။ ကုန်းပိုးရမှာ…ဘာညာပေါ့”။ ကျနော်ကို ခေါ်ရမှာစိုး လို့ လေ။ ဒါပေမဲ့ သူတို့တတွေ ဘယ်လောက်ပဲ ထုချေလွှာတွေ တင်းသွင်းတင်သွင်း အမေ့ရဲ့ “ဒီကလေးကိုတောင် ခေါ်မသွားချင်ရင် နင်တို့လဲ မသွားကြနဲ့” ဆိုတဲ့ စကားနဲ့ပဲ ခဲလေသမျ သဲရေကျပေါ့ဗျာ။
သူတို့တတွေ ကတော့ တလမ်းလုံး တဗြစ်တောက်တောက်နဲ့ လိုက်လာရကောင်း မလားဆိုပြီး ပြောနေလိုက်ကြတာ….နောက်ပြီး “မင်းဟိုရောက်ရင်မအိပ်ရဘူးနော်..။ အပြန်ရောက်ရင်လဲ နိုးမရရင် ငါတို့က ပစ်ထားခဲ့မှာနော်..။ မင်းကိုဘယ်သူမှ ကုန်းလဲမပိုးဘူး” အစသဖြင့် သြဝါဒတွေ ချွေနေကြတာ.။ ကျနော်ကတော့ ဝတ်တရားကျေ အင်း လောက်သာ ပြန်ပြောပါတယ်။ သူတို့ပြောတာတွေလဲ နာထဲမရောက်ပါဘူး..။ အပြင်ကို လိုက်ခွင့်ရတာရယ်..၊ မမြင်ဘူးတာမြင်ရမယ်ဆိုတာ တွေးတွေးပြီး ပျော်နေတာပါ။ ပျော်လွန် လွန်းလို့ လမ်းတောင် ဖြောင့်ဖြောင့်မလျှောက်ဘူး တလမ်းလုံး ခုန်လိုက် ပေါက်လိုက်နဲ့ လိုက်လာခဲ့တာလေ.။ ရုပ်မြင်သံကြားစက်ဆိုတာ ရုပ်လည်းမြင်ရတယ်၊ အသံလည်းကြားရတယ် ဆိုတော့ ..ဘယ်လိုဟာကြီးပါလိမ့်ပေါ့….။တလမ်းလုံးတွေးလာခဲ့ တာ။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ လိုက်ခွင့်ရတာကိုပဲ ပျော်နေမိတာပါ။
အဲ ဟိုလဲ ရောက်ရော တွေ့ပါလေရော ..ဗျို့။ ရုပ်မြင်သံကြားစက်ဆိုလို့ အကြီးကြီးလို့ ထင်ထားခဲ့တာလေ..။ ဘယ်ကလာ ၁၂လက္မ ရုပ်မြင်သံကြားစက် ကလေး… စာပွဲလေး ပေါ်မှာ တင်ထားတယ်။ ဘေးနားမှာက ဘက်ထရီအိုးလေးက နှစ်လုံးနဲ့။ မှတ်မှတ်ရရ ပြောရရင် ကျနော် တို့ ရောက်တော့ သီချင်းအစီအစဉ် လွှင့်နေတာဗျ။ အမျိုးသမီး တေးသံရှင်ပဲ ဘယ်သူ၊ ဘယ်ဝါ၊ ဘာသီချင်းဆိုတယ်ဆိုတာတော့ ကျနော်မသိဘူး။ နောက်ပြီး ရှေ့မှာလူ၂၀လောက်ရှိမယ် ထင်တယ်။ ထိုင်ကြည့်နေကြတာ။ အမှန်တိုင်းပြော ရရင် ကျနော်က တခါမှ မမြင်ဘူးလို့ မြင်ဘူးချင်တာရယ်၊ အပြင်ကို ထွက်ခွင့်ရချင်တာရယ် ကြောင့်သာ လိုက်လာခဲ့တာ ။ ရုပ်မြင်သံကြားစက်ကို မြင်လိုက်ကတည်းက ဆိုင်းဝိုင်းတွေ၊ ဇတ်ပွဲတွေလောက် ကျနော့် စိတ်ကိုမဆွဲဆောင်နိုင်ဘူး။
အဲ..သိပ်မကြာလိုက်ပါဘူး သီချင်းနှစ်ပုဒ်လောက်လည်း ပြီးရော၊ ညပိုင်းသတင်းလွင့်တဲ့ အစီအစဉ်လည်း ရောက်ရော ..ကျနော့်ဇတ်လမ်းက စပြီလေ။ဟိုနှစ်ယောက်လဲ နောက်ကနေ ခါးတို့လိုက် ခေါင်းပုတ်လိုက်နဲ့ မအိပ်အောင် တတွတ်တွတ်ပြောပါသေးတယ်။ ဒါပေမဲ့ ကျနော် ကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ အစီစဉ်တွေလဲ ပြီးရော အစ်ကိုနှစ်ယောက်ခမျာ ပြဿနာ စတော့တာပါပဲ။ ကျနော့် ကိုတော်တော်နဲ့ နိုးလို့ကမရ၊ နိုးလို့ရပြန်တော့ အခြောက်တိုက်ကြီး ထငိုလို့ ငို၊ နောက်ပြီး နှစ်ယောက်သား လက်တစ်ယောက် တစ်ဘက်စီ ဆွဲပြီး ခေါ်လာတော့ လည်း လမ်းလျှောက်ရင်းအိပ်ငိုက်နေတော့ ခဏခဏ ခလုပ်တိုက်လဲတာလေ။ လဲလိုက်ပြန်ရင်း ထငိုလိုက်ရင်းပေါ့။ နောက်ပိုဆိုးတာက လမ်းမလျှောက်ချင်လို့ လမ်းလယ်ခေါင် ပယ်ပယ်ကြီးထိုင်ပြီး ဂျီကျလိုကျ ဆိုတော့ အစ်ကိုတွေမှာတော့ ကျနော့် ကို ဒေါသမီးပုံကျ နေတာလေ။ ချော့လိုက်ခြောက်လိုက် နဲ့ နောက်ပြီး လမ်းသွားလမ်းလာတွေ ကလဲ ဝိုင်းဝိုင်းကြည့် ကြလေ တော့ ရှက်တာလဲ ပါမှာပေါ့။ နောက်ဆုံး ဘယ်လိုမှ မရတဲ့ အဆုံး ညီအစ်ကိုနှစ်ယောက်သား “နောက်တစ်ခါ မင်းပါလို့ ကတော့ ဘယ်တော့မှ မသွားဘူး…….”အစသဖြင့် တဗြစ်တောက်တောက် ပြောရင်း …….တစ်ယောက်တလှည့် ကုန်းပိုးပြီးသကာလ…။ အော်……ကျနော့်ရဲ့ … ရုပ်မြင်သံကြား၊ …..ရုပ်မြင်သံကြား….။ ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
လေးစားလျှက်-
အိမ်လွမ်းသူ(မှန်နီကုန်း)


ဆက်ဖတ်မယ်ဆိုရင် ...

လွမ်း

လွမ်း


အလွမ်းကမ္ဘာ
လွမ်းကန္တာမှာ
လွမ်းလာစေစွမ်း
လွမ်းစေစွမ်းသည့်
အလွမ်းပွေစေ
လွမ်းလေပွေသည်
လွမ်းလေသူတွက်
လွမ်းရမ္မက်ဖြင့်
လွမ်းဇာတ်ရှည်မျော
အလွမ်းတောတွင်
လွမ်းမောယစ်မူး
လွမ်းလေဦးဟု
လွမ်းကြူးလေအောင်
လွမ်းသွေးဆောင်လို့
လွမ်းစို့ဖော်စပ်
လွမ်းရင်ခတ်သည်
လွမ်းတတ်သောသူ
အလွမ်းတူက
လွမ်းကူခံစားလှည့်ပါလေ။ ။


မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Flower under sunshine




နေရောင်ခြည်လေး“ငါ”

မင်းက ပန်းတပွင့်ဆိုရင်
ငါဟာ လေပြေဖြစ်ချင်သူပါ။
တကယ်လို့များ
ကြုံဆုံခွင့် မရခဲ့ရင်
မင်းလေး လန်းဆန်းနေဖို့
ဟိုး …အဝေးတနေရာကနေ
ကိုယ့်ကိုကိုယ် လောင်ကျွမ်းရင်း
အလင်းပေးခွင့်တော့ ပြုပါ။





သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, June 22, 2008

ငါသာလျှင် ငါ့ကံ၏အရှင်သခင်


ငါသာလျှင် ငါ့ကံ၏အရှင်သခင်


(ဆွဲဆောင်မှုနိယာမ)



“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ”
ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်။
ဗုဒ္ဓ


ကမ္ဘာ့ဆွဲအားနိယာမ ရှိသလို နိယာမတွေရှိတဲ့ စကြ၀ဠာမှာ ကျွန်တော်တို့ နေကြတာပါ။ တကယ်လို့ ခင်များဟာ အဆောက်အအုံတစ်ခုကနေ ပြုတ်ကျတယ်ဆိုရင် ခင်များဟာ လူကောင်းပဲ ဖြစ်ဖြစ်၊ လူဆိုးပဲ ဖြစ်ဖြစ် မြေကြီးနဲ့ ရိုက်မိမှာပါပဲ။



ဆွဲဆောင်မှုနိယာမ ဆိုတာ သဘာဝရဲ့နိယာမတစ်ခုပါပဲ။



ခင်များပြစ်တင်ဝေဖန်နေတဲ့ အရာတွေအပါအ၀င် အခုခဏ ခင်များဘေးမှာ ရှိရှိသမျှ အဖြစ်အပျက်အခြင်းအရာအားလုံးဟာ ခင်များ ဆွဲဆောင်ထားတဲ့ အရာတွေချည်းပါပဲ။ ခင်များကတော့ နားခါးမှာ အသေအချာပါပဲ။ “ယာဉ်မတော်တဆထိခိုက်မှုလိုဟာမျိုး ငါက ဆွဲဆောင်တယ်ပဲ ရှိရရဲ့” ဆိုတာမျိုး၊ “ဒီလို အကြွေးတွေဝိုင်းနေတဲ့အဖြစ်မျိုး ငါမဆွဲဆောင်ခဲ့ပါဘူး” ဆိုတာမျိုး ခင်များကတော့ မဆိုင်းမတွ ပြောတော့မှာပဲ။ နားနဲ့မနာ ဖ၀ါးနဲ့နာပါ။ “အဲဒီအရာတွေကို ခင်များ တကယ်ပဲ ဆွဲဆောင်ခဲ့ပါတယ် ”။



ဒါဟာ ခင်များ လက်ခံဖို့ အခဲယဉ်းဆုံး အယူအဆတွေထဲမှာ တစ်ခု အ၀င်အပါပေါ့။ ဒါပေမယ့် အဲဒီအယူအဆကို ခင်များ လက်ခံလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်တည်း ခင်များဘ၀ အသွင်ပြောင်းလဲခြင်းပါပဲ။



ဆက်လက်ရေးသားသွားပါမည်။


ကိုးကား။.........။ THE SECRET by RHONDA BYRNE

ဆက်ဖတ်မယ်ဆိုရင် ...

ချစ်သူကြယ်

ချစ်သူကြယ်


ကြယ်တွေဟာ …..

ပြိုးပြိုးပြက်ပြက်
လင်းလက်တဲ့အချိန်
တိမ်ထဲမှာ နေကြ။
မှိုင်းမှိုင်းမှိန်မှိန်
မှောင်မိုက်တဲ့အချိန်မှ
တိမ်ထဲက ထွက်လာ။
ကိုယ့်ဘ၀ရဲ့
အမှောင်မိုက်ဆုံးအချိန်
အလင်းလက်ဆုံးထိန်နေတဲ့ကြယ်
ချစ်သူရယ်ပေါ့။ ။


မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

လမိုက်ည ကြယ်တံခွန်သို့


ဘုရင့် ဘဏ္ဏာ မတော်မတရား
စော်ကားမိသွားတဲ့ မင်းကျန်စစ်နဲ့တော့
အဖြစ်ခြင်း မတူဘူးပေါ့



ပိုင်သူဦးပြီးသားပန်း မသိလို့လှမ်းခူးမိ
ဆူးဝင်ငြိတဲ့အဆိပ် ငယ်ထိပ်တက်နေတုံးမှာ
အမုန်းမပါတဲ့ စကားကြောင့်
ကိုယ်ဟာ နောက်ကျနေပြီးသား
လူသားဆိုတာသိလိုက်ရတယ်။

လရောင်အောက်မှာမှ ခရီးသွားဖို့ကြုံတဲ့ကျီးလိုပါပဲ
အရာအားလုံးကမှား
ကံကြမာက စီရင်ခဲ့ပြီးသားလေ ။

သခင်ရယ် . . . . .
ချစ်နေလျက်နဲ့ပဲ
မြတ်နိုးတဲ့စိတ် ရင်မှာမြိုသိပ်ရင်း
ကျန်ကြွင်းတဲ့ဘ၀ ငါကျော်ဖြတ်ရတော့မှာပေါ့။

(၂၀၀၀-၂၀၀၁)လောက်ဆီက ရေးခဲ့ဘူးသော ကဗျာလေးပါ။ စာအုပ်ပုံထဲမှာ ပြန်တွေ့တာနဲ့တင်ထားလိုက်တာပါခင်ဗျာ။


ဆက်ဖတ်မယ်ဆိုရင် ...

Saturday, June 21, 2008

အုံ့ပုန်း

အုံ့ပုန်း


မျှော်ရူးတမ်းတ
ဒေါထ၊နာကြည်း
ဆို၊ညည်း၊ချော့၊ငေါက်
တစ်ယောက်တည်းသာ။ ။


မာရေးသျှင်


● ပထမဦးဆုံး ပုံနှိပ်ဖော်ပြခံရသည့် ကဗျာ ဟု အမှတ်ရပါသည်။
အခြား ကလောင်အမည်ဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

ဆက်ဖတ်မယ်ဆိုရင် ...

ဘဝ

ဘဝ

အံ့သြမှင်သက်
ကောင်းကင်ထက်ရှိ
မီးစက်ရှုးပန်း
အံ့မခန်းသည်
သက်တမ်းတိုတိုလေးပါတကား။ ။


မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Friday, June 20, 2008

ရနံ့

ရနံ့

တစ်ထပ်ပြီးတစ်ထပ်
တစ်လွှာပြီးတစ်လွှာ
တစ်နှစ်ပြီးတစ်နှစ်နဲ့
ရာစုတွေလည်းပြောင်းခဲ့ပြီ . . .
အနည်ထိုင်ကျောက်တွေနဲ့အတူ
တန်ဖိုးတွေလည်း မြင့်တက်လာခဲ့ပြီ . . .
အရည်ပျော်မြစ်တွေ စီးဆင်းခြင်းနဲ့အတူ
မေတ္တာတရားတွေ စီးမျောနေတာတွေ့တယ် . . .
ချစ်ခြင်းတရားရဲ့ အနံ့တွေမွှေးပျံ့လာတယ် . . .
အာရုံတွေအားလုံးရဲ့ တောင့်တမှုနဲ့
အသက်ရှင်ချိန်တွေအားလုံး ပေးဆပ်ရမယ့်အတူတ
မျက်ရည်မြစ်တွေရဲ့ မြစ်ဖျားခံရာကိုရှာဖွေရင်း
ဘ၀ကို ငါစတေးပါရစေ . . .

နယုန်မိုး

ဆက်ဖတ်မယ်ဆိုရင် ...

ဇာတိမာန်

ဇာတိမာန်

ပြာကလည်းဖုံး
လေငြိမ်တုန်းမို့
အရှုံးမီးခဲ
မရဲမတောက်
ငြိမ်းလောက်ပြီထင်
ကိုင်ကြည့်ချင်လျှင်
အသင် ဘာဖြစ်သွားမည်နည်း။ ။


မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Changing to words!


ကဗျာတွေကို အဖတ်များလာတော့ ကျွန်တော်လည်း ကဗျာတဒ်ပုဒ်လောက် ရေးကြည့်ချင်လာတာ။ ဒီခံစားချက်တွေကို အသွင်ပြောင်းဖို့ တခဏတော့ ဆိတ်ကွယ်ရာမှာ အတွေးချဲ့ပြီး ချစ်သူရဲ့စကားတွေကို ခံစားလိုက်ရသေးတယ်။ လောလောဆယ်မှာတော့ ဆုတောင်းနေရဆဲပါပဲဗျာ။ ဖတ်လို့ အဆင်ပြေတယ်ဆိုရင် ဖျစ်ညှစ်ခံစားလိုက်ရကျိုး နပ်လေရဲ့လို့ တွေးမိကြောင်းပါ….. …။




အသွင်ပြောင်းခြင်း
ငါပြောတဲ့
ချစ်တယ်ဆိုတဲ့စကား
မိုင်ပေါင်းကုဋေခြားလည်း
မင်းရဲ့ရင်တွင်း
သက်ဆင်းရန်
အကြောင်းဖန်ပါစေသား။..။

မင်းပြောတဲ့
မှေးမှိန်နေတဲ့မျှော်လင့်ချက်
အလင်းဆက်ရန်အားများ
ကံကြမ္မာရဲ့လက်တွင်း
သက်ဆင်းရန်
အကြောင်းမဖန်ပါစေသား။..။

မင်းနဲ့ငါရဲ့ချစ်ခြင်း
မျှော်လင့်ခြင်းကောင်းကင်မှာ
အကြင်နာမိုးရွာသွန်းဖြိုးလို့
ရင်တွင်းမှာပန်းပျိုးခွင့်ရရင်
အကြင်အနာအသီးအပွင့်များသာ
ခံစားရပါစေသား။..။

ငါတမ်းတတဲ့ ဆုတောင်း
မင်းတမ်းတတဲ့ မျှော်လင့်ချက်
ခေတ်အဆက်ဆက်တည်တံ့အောင်
ငါ… …..
အက္ခရာအသွင်ပြောင်းလိုက်တယ်ချစ်သူ။..။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

သောနုတ္ထ္ထိုရ်



သောနုတ္ထ္ထိုရ်

သူ့တွက်ရည်စူး
ပိတောက်ဦးကို
ခြွေခူးလှမ်းချိုး
ကျွန်တော်မျိုးသည်
ပန်းခြွေမုဆိုး မဟုတ်ပါ။ ။


မာရေးသျှင်

◊ဂျာနယ်တစ်စောင်မှာ ပုံနှိပ်ဖော်ပြဖူးပါတယ်။
အခြားကလောင်အမည်ဖြင့်ဖြစ်ပါတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, June 19, 2008

ကျိန်စာ

ကျိန်စာ

နွယ်မြက်သစ်ပင်တွေလည်း
ဘယ်တော့မှဆေးဖက်ဝင်မလဲ…..
ကတိသစ္စာအတွက် အာမရဲရဲခံတယ်။

အနာသိပေမယ့်
ရှိနေတဲ့ဆေးက ခါးမှာလည်းစိုးတယ်။
မှားမှာလည်းစိုးတယ် ။ ။

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

The Ring, I wanna ...


မျှော်နေမိတဲ့ ဖုန်းသံလေး

အသံတစ်ခုကြောင့် စိတ်ကိုလှုပ်ရှားစေတတ်တယ်လို့ ပြောရင် လက်ခံကြမှာပါ။ ငယ့်ဘဝမှာလည်း စိတ်လှုပ်ရှားမိစေတဲ့ အသံလေးတွေ များမှများပါပဲ။ အမှတ်တရအရှိဆုံး စိတ်ကိုစွဲဆောင်သွားတဲ့ အသံလေးတစ်ခုက မောင့်အသံကို ဖုန်းထဲမှာ ကြားမိခါစ အချိန်တုန်းကပေါ့။ တစ်ကယ်ပါ ဆွဲဆောင်မှုရှိတဲ့ ချိုမြမြ မောင့်အသံလေးမှာ စိတ်ဝင်စားစရာတွေ အလိုလိုရှိနေတတ်တယ်။ ရင်းနီးခါစတစ်ရက်မှာ မောင်က “ဖုန်းခေါ်လိုက်မယ်နော် ငယ်လေး”
အဲဒီတညနေလုံး ဖုန်းမြည်သံတွေက ရင်ကိုလှုပ်ရှားစေခဲ့တာ။ ဒါပေမဲ့ စိတ်လှုပ်ရှားမှုတွေ အားလုံးကို
“ငယ်လေး ဘာတွေလုပ်နေလဲ”ဆိုတဲ့ မောင့်စကားသံလေးကို ကြားလိုက်ကတည်းက ပြန်ရှာလို့မရအောင်ပါပဲ။ ဟုတ်တယ်။ ချိုမြမြမောင့်အသံလေးရဲ့နောက်ကို စိတ်တွေ အလိုလို စီးမြောသွားလို့ပေါ့။



အခုလည်း ဖုန်းထဲက မောင့်အသံလေးကိုပဲ မျှော်နေမိပြန်တယ်။ ဒီနေ့ဆို မောင်ခရီးထွက်သွားတာ သုံးရက်ရှိပြီလေ။ ညနေတိုင်းရဲ့ ကြည်နူးမှုလေးတွေကို သုံးရက်ကြာအောင် ပေးဆပ်နေရပြီ။ အရင်ကဆို အလုပ်အနေအိမ်ကိုပြန်တဲ့ လမ်းတစ်လျှောက်လုံးမှာ မောင့်စကားသံလေးတွေ၊ မောင့်ရဲ့ကြည်စယ် နောက်ပြောင်မှုလေးတွေနဲ့ နီယွန်ညနေခင်းတွေဆိုတာ ငယ့်အတွက်တော့ စိတ်လှုပ်ရှားစရာ ညနေခင်းတွေပေါ့။ အခုတော့ မောင့်ကိုလွမ်းနေရတယ်။ အင်း …ဟုတ်တယ်။ လွမ်းနေမိတယ်လေ။ အခန်းရှေ့ရောက်လို့ မောင်ကနှုတ်ဆက်နေပြီဆိုရင် ရင်မှာဟာနေတတ်တာကို အခုတော့ အလွမ်းလို့ မပြောချင်တော့ပါဘူး။ ဘယ်တုန်းကမှ မလွမ်းဖူးခဲ့ဘူးလို့ပဲ နားလည်တာမိတယ်။ မောင်နဲ့ စကားပြောချင်တယ်။ မောင့်အသံလေးကိုကြားချင်တယ်။ မောင့်ကို လွမ်းတတ်နေပြီလို့လည်း ပြောပြချင်သေးတယ်။

မောင်ခရီးသွားမဲ့ ညနေက မောင့်အခန်းမှာ ပစ္စည်းတွေကူထည့်ပေးရင်း စိတ်မှာဝမ်းနည်းနေတာက အခုဆို အခြေအနေ ပိုဆိုးနေပြီမောင်ရယ်။
“ရောက်ရောက်ချင်း ငယ့်ဆီကို ဖုန်းဆက်မယ်”
“အလုပ်တွေပြီးတဲ့ ညနေတိုင်းလည်း ငယ်နဲ့ဖုန်းပြောမယ်လေ”
အခုရော မောင်ရယ်။ မောင့်ဖုန်းကိုမျှော်နေမယ်ဆိုတာ မောင်သိမှာပါ။ ဟင့်အင်း ..မောင့်ကို ငယ်အပြစ်မတင်ပါဘူး။ သေချာတယ်လေ။ မောင်အချိန်ရတာနဲ့ ငယ့်ဆီကိုဖုန်းဆက်မယ်။ မောင်လည်း ငယ့်ကို သတိရနေမယ်ဆိုတာ ငယ်သိပါတယ်။ ဒီဖုန်းသံလေးရဲ့ နောက်ကနေ “ငယ့်ကို လွမ်းလိုက်တာ” ဆိုတဲ့ မောင့်အသံကိုကြားရင် ငယ်မျက်ရည်ကျမိမယ် ထင်တာပဲ။ ဒါပေမဲ့ အဲဒီမျက်ရည်က မောင့်ကိုလွမ်းလို့ ကျတဲ့မျက်ရည်ထက် ဝမ်းသာလို့ ကျတဲ့မျက်ရည်က ပိုမယ်ထင်ပါတယ်။

အခုတော့ ဒီဖုန်းသံလေးက ငယ့်ကို စိတ်လှုပ်ရှားစေတာထက် အလွမ်းတွေပဲ ပိုပိုလို့တိုးတာစေတယ် မောင်ရယ်။ သူ့ရဲ့ အသံလေးတိုင်းမှာ ငယ့်ရဲ့မျှော်လင့်ချက်တွေ ကျရှုံးနေရဆဲပါပဲ။ ငယ်မမျှော်တဲ့ ဖုန်းသံအားလုံးကိုလည်း ဒီရက်ပိုင်းမှာ ငယ်စကားကောင်းကောင်း ပြန်မပြောဖြစ်တော့ဘူး။ မောင့်အလုပ်တွေက မောင့်ကို အရမ်းဖိစီးနေတာလား။ ဟုတ်တယ် …မောင်အလုပ်များနေတာပဲ ဖြစ်မယ်။ ဒီနေ့ညနေဆို မောင်အလုပ်အားတော့မယ် ထင်တယ်နော်။ ဒီလိုသာဆို ငယ်မောင်နဲ့ ဖုန်းပြောရတော့မှာပေါ့နော်။ အို ..စိတ်ကူးနဲ့တင် ငယ်ပျော်နေပြီမောင်ရယ်။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

အဆောင်


အဆောင်


တစ်ယောက်တည်းလည်း
ကြောက်သည်းမပါ
ရင်မှာဆောင်ထား
တရားလက်နက်
ဓား ထက် ထက်တယ်။ ။

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, June 18, 2008

လူတွေရဲ့ မြို့

လူတွေရဲ့ မြို့


အမေ့မေတ္တာကလွဲလို့
ဘာတစ်ခုမျှ စွတ်စွတ်စိုစို မရှိဘူး။
မြစ်ချောင်းတွေ မရှိတဲ့အဆုံး
တစ်မြို့လုံးကလမ်းတွေကိုပဲ ကောက်ကွေ့ထားရဲ့။
ဂျာအေးကိုသူ့အမေရိုက်စဉ်အခိုက်
ထိုမြို့ကလေးဍ္ဍ် နေခဲ့သည်။ ။

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

အမေ

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, June 17, 2008

ပြောင်းလဲခြင်း


ဆက်ဖတ်မယ်ဆိုရင် ...

ရ ထားတဲ့ ရထား

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, June 15, 2008

ပခုံးလေးတွန့်ပြပါဗျာ


ဆက်ဖတ်မယ်ဆိုရင် ...

အခြားတဖက်မှ ဆင်ခြင်ကြည့်ပါရန် ....



မယ်နဲ့ ခင်တဲ့ အစ်ကိုကြီးက သူရဲ့  Gtalk Status မှာ အခြားတဖက်မှ ဆင်ခြင်ကြည့်ပါရန် ဆိုတဲ့ စာသားလေး တင်ထားတာကို မြင်ပြီး အစ်ကိုကြီးကတော့ ဘယ်လိုအဓိပယ်နဲ့ရေးထားတယ် ဆိုတာမသိပေမဲ့ မယ်စဉ်းစားမိ တယ်...အရာရာတိုင်းကို ကိုယ့်ဘက်ကသာမဟုတ်ပဲ တခြားတဖက်ကပါ ကြည်ပေးနိုင်ကြရင် ကောင်းမှာပဲ လို့  လေ ... အရာဝတ္တုတစ်ခုခုပေါ်မှာပဲဖြစ်ဖြစ် လူတစ်ယောက်ပေါ်မှာပဲဖြစ်ဖြစ် ကိုယ်ဖက် သူဖက် ကြည့်ပေး နိုင်ကြရင် အကောင်းဆုံးပါပဲ...




ကိုယ့်ဖက်ကနေကြည့်ရင် လက်ဖ၀ါးဖြစ်ပြီး အခြားတဖက်ကနေကြည့်ရင် လက်ဖမိုး ဖြစ်နေသေးတာပဲလေ နော်...အဲဒီလိုပါပဲ ကိစ္စတစ်ခုခုကြောင့် လူတစ်ယောက်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရတော့မယ်ဆိုရင် ကိုယ့်ဖက် ကပဲ မကြည့်ပဲ သူဖက်ကပါကြည့် ပေးဖို့ လိုအပ်ပါတယ်...ကိစ္စတစ်ခုကြုံလာတဲ့အခါတိုင်း ကိုယ်ဖက်ပဲ ကိုယ်ကြည့်ပြီး တဖက်သက်ဆုံးဖြတ်ချက်ချမိမယ်ဆိုရင် စိတ်မကောင်းစရာတွေနဲ့ ကြုံလာရလိမ့် မယ်...အခြားတဖက်ကနေဆင်ခြင်ကြည့်ပေးတတ်တဲ့ အလေ့အကျင့်လေး ကိုယ်မှာရှိလာခဲ့မယ်ဆိုရင် အရင်ဆုံး စိတ်ချမ်းသာရမှာက ကိုယ်ပဲလေ နော်...မယ်ကိုယ်တိုင်လည်းကြုံခဲ့ဖူးပါတယ်... မယ်ရဲ့ ချစ်သူလေးက မယ့်ကို အဆက်အသွယ်မလုပ်ပဲ အကြာကြီးပစ်ထားခဲ့တဲ့ အချိန်ကပေါ့...အဲဒီအချိန်တုန်းက မယ်က မယ့်ကိုဆက်သွယ်ဖို့ (ဖုန်းဆက်ဖို့) မလွယ်တဲ့နေရာမှာ ရောက်နေခဲ့တယ်လေ...သူဆီမှာကော မယ်ဆီမှာကော ကိုယ်ပိုင်ဖုန်းက မရှိဘူးလေ.... အဲဒီအချိန်တုန်းက မယ်သူ့ကို အရမ်းလွမ်းပြီး အရမ်းကိုဆက်သွယ်ချင်နေတာ အမှန်ပဲ... ဆက်သွယ် ဖို့ကို လည်းကြိုးစားခဲ့ပါတယ်... ဒါပေမဲ့ အဆက်အသွယ်လုံးဝမရခဲ့ပါဘူး... မယ်က သူဖက်ကနေ စဉ်းစားပေး ခဲ့ပါတယ်...သူလည်း မယ့်ကိုဆက်သွယ်ခဲ့မှာပဲလို့လေ... အဲဒီအချိန်မှာသူဖက်က မယ့်ကိုဆက်သွယ်ဖို့ ကြိုးစား ခဲ့တယ်... မကြိုးစားခဲ့ဘူးဆိုတာ ခုချိန်ထိမယ်မသိရသေးပါဘူး... ဒါပေမဲ့ အဲဒီအချိန်တုန်းက မယ်သူဆီက အဆက်အသွယ်မရခဲ့ပေမဲ့ စိတ်မညစ်ခဲ့ရတော့ သေချာပါတယ်...ဒါကြောင့် ဘယ်ကိစ္စကိုမဆို...ဘယ်သူ့ကို မဆို... အခြားတဖက်ကနေ ဆင်ခြင်ကြည့်ပေးကြပါလို့.... တကယ်တမ်းကျတော့ စိတ်ညစ်အောင်... ပျော် အောင် ... ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးနိုင်တာမို့ အရာရာတိုင်းကို အခြားတဖက်ကနေ ဆင်ခြင်ကြည့်ပေးကြပါလို့ ...............


မယ်( 16.11.07)

ဆက်ဖတ်မယ်ဆိုရင် ...

Just for Smile!


ပြုံးချင်စရာ

သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ ဖုန်းပြောရင်း သူပြောလိုက်တာလေးက ကျွန်တော်တို့ ငယ်ငယ် ကလေးဘဝက ဆော့ခဲ့ကြတာလေးတစ်ခုကို ပြန်သတိရတာသွားစေလို့လေ။ ပြောပြအုံးမယ်။ ငယ်ငယ်တုန်းက ဆော့ခဲ့ကြတာ အမျိုးကိုစုံလို့ပေါ့ဗျာ။ အဲဒီလိုဆော့ရင်း တစ်ခါတလေမှာ ကိုယ့်အချင်းချင်း ပြောနေတဲ့စကားကို တခြားလူတွေ ရုတ်တရက် နားမလည်အောင် စကားတွေကို ဝှက်ပြီးပြောကြတာ။ ကလေးဆိုတော့လည်း ကြီးကြီးကျယ်ကျယ်တော့ ဘယ်ဟုတ်မလဲဗျာ။ တတ်သလောက် မှတ်သလောက်နဲ့ ပြောကြတာပေါ့။ စကားတွေကို ပြောင်းပြန်ပြောတာလေ။ အတော်များများလည်း ပြောခဲ့ဖူးကြမှာပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ ပျော်ဖို့ကောင်းလို့ တချို့ဆို အရွယ်ရောက်တဲ့အထိ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ရင် အဲဒီနည်းလေးကို သုံးနေကြတုန်းပဲ။ ကျွန်တော့် သူငယ်ချင်းကလည်း ဖုန်းပြောရင်းနဲ့ အဲဒီလိုလေးနောက်သွားတယ်။ သဘောကျလို့ ပြန်ပြောပြအုံးမယ်။ သိတယ်ဟုတ် စကားလုံးလေးတွေကို ဘယ်လိုပြောင်းပြန်ပြောတယ်ဆိုတာ။



ဒီလိုလေဗျာ…. ဥပမာပေါ့ …..
သူငယ်ချင်း …ဆိုရင် သငင်းချယ်
သွားစို့ …ဆိုရင် သို့စွား
ငယ်ငယ်ကတည်းက လူပျိုဖြစ်ချင်နေသူတွေများဆို ချယ်တစ်ချစ်တယ်။ ဒီလိုလေးတွေတောင်ပြောပြီး ကောင်မလေးတွေကို နောက်တတ်ကြတယ်။
ကြည့်မရတဲ့ကောင်ဆိုရင်လည်း ပြောချလိုက်တာ မကြားတကြား၊ ခေါင်ကွေးခွေးကောင်ပေါ့။ ပြန်ပြောပြနေရရင်တော့ အများကြီးဗျ။ စိတ်ဝင်စားရင် ပြောချင်နေတဲ့စကားလေးတွေကို ပြောင်းပြန်စဉ်းစားကြည့်။ လောလောဆယ်တော့ ကျွန်တော့် သူငယ်ချင်းပြောပြသွားတဲ့ စကားလေးကို မျှဝေအုံးမယ်။ စဉ်းစားစရာလေးလဲ ပါသွားလို့ဗျ။ နောက်ပြီး သူပြောလိုက်တာကို ကြားကြားခြင်း ရယ်လိုက်ရတာ၊ သူပြန်ပြောမှပဲ ဟုတ်နေသလိုလို။

ဒီနေ့ခေတ်မှာ နိုင်ငံရေးနဲ့ပက်ရင် တိုးတက်လှပါပြီဆိုတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် သူတို့အစိုးရတွေကို ပြည်သူတွေက သိပ်ယုံတာမဟုတ်ဘူး ဆိုကြတယ်ကိုး။ ပါတီ အာဏာမရခင်၊ သမ္မတမဖြစ်ခင်တော့ ကတိတွေအထပ်ထပ်ပေး။ တို့နိုင်ငံ တို့လူမျိုးအတွက် ဘာလုပ်မလေး၊ ညာလုပ်မလေးပေါ့ဗျာ။ တကယ့်လက်တွေ့မှာကျတော့ သူတို့လုပ်ချင်တာလုပ်သွားကြတယ်။ သူတို့တွေ နိုင်ငံတကာမှာ မျက်နှာရရေး၊ ထင်ပေါ်ရေးကိုပဲ လုပ်သွားကြတတ်လို့ အစိုးရဆိုတာကြီးကို သိပ်ယုံကြဘူးတဲ့ဗျ။ အဲလိုမျိုးတွေ ဖတ်ဖူးကြားဖူးထားပေမဲ့ ကျွန်တော်ကတော့ ယုံကြည်မှုကို တည်ဆောက်ချင်သူ၊ ရိုးသားမှုကို မြတ်နိုးသူလေ။ ဒါပေမဲ့ ဒီကောင်လုပ်လိုက်မှ စကတည်းက ယဉ်သကိုလို့ပဲ ပြောရမလား၊ စကားလုံးကြီးကိုက နာမ်စီးနေပြီးသားလို့ ပြန်စဉ်းစားရမလား၊ စဉ်းစားစရာကိုဖြစ်လို့ဗျို့။

သူပြောသွားတာက အစိုးရ …ဆိုတာ အစရိုးတဲ့။ အစမှာပဲရိုးသတဲ့ဗျာ။ ကဲကောင်းရော။ နောက်များဆိုရင် ….. ..။
မှတ်ချက်-“”- အစရဲ့နောက်ပိုင်းကို ကျွန်တော်ဘာမှ မပြောပါ။…..။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, June 14, 2008

Does KNOWLEDGE represent Everything?


ပညာသည် အရာရာလော

ရီဗျူး
ဗြိတိလျှဝန်ကြီးချုပ် “တိုနီဘလဲ”၏ ပေါ်လစီမိန့်ခွန်းတစ်ခုတွင် ဤသို့ ပြောခဲ့ဘူးသည်။ “ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခု ရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ” ..ဟူ၏။ သူ့မိန့်ခွန်းမှာ ဗြိတိလျှလူထု၏ ဟဒယနှင့် သွားတွေ့သလို၊ ပညာရှင် အသိုင်းအဝိုင်း၏ ကောင်းချီးပေးမှုလည်း ရခဲ့ပါသည်။ “ပညာခေတ်”၏ စံပြဝန်ကြီးချုပ်ဆိုသော အပြောအဆိုမျိုးနှင့်ပင် ချီးကျူးဂုဏ်ပြုကြသည်များ ရှိသည်။

သို့နှင့်တိုင် “တိုနီဘလဲ”ကိုသာမက၊ “ပညာခေတ်”တစ်ခုလုံးကိုပင် စိန်ခေါ်လိုက်ဟန်ရှိသည့် စာအုပ်တစ်အုပ်၊ မကြာခင်က ထွက်ပေါ်လာရာ ပေါ်လစီမိတ်ကာများကြားတွင် အတော်ကလေး လှုပ်သွားသည်ဟု သိရသည်။စာရေးသူမှာ လန်ဒန်တက္ကသိုလ်မှ သြဇာတိက္ကမကြီးသော ပညာရေးပါမောက္ခ “အယ်လစ်ဆန်ဝု(ဖ)” ALISON WOLF ဖြစ်နေပြန်ရာ ပညာလောကအတွက်လည်း အလေးထား စဉ်းစားစရာ ဖြစ်နေသည်။ ပါမောက္ခ အယ်လစ်ဆန်က ပညာနှင့် စီးပွားရေးကို ချိတ်ဆက်စဉ်းစားကြည့်ရာမှ ထွက်ပေါ်လာသော ပြဿနာအချို့ကို သုတေသနမှန်ပြားပေါ် တင်လိုက်ခြင်းဖြစ်သည်။ သူ၏ စာအုပ်အမည်ကပင် မေးခွန်းတစ်ခု ဖြစ်နေသည်။ DOES EDUCATION MATTER? ဟူ၏။

သို့ဖြင့် “ပညာခေတ်၏ ပညာရေး” EDUCATION IN THE AGE OF KNOWLEDGE တစ်ခုလုံးကိုပင် ပြန်လည် ရီဗျူးလုပ်ကြဖို့ အကြောင်းဖန်တာတော့သည်။



ပညာဘိဇနက် (Knowledge Business)
ပြောရလျှင် “၂၁ရာစုမှာ ပညာခေတ် ဖြစ်လိမ့်မည်”ဆိုသော လားရာအမြင်မှာ ၂၀ ရာစု ဒုတိယနှစ်ဝက်လောက်ကပင် တွင်ကျယ်ခဲ့ပြီး ဖြစ်ပါသည်။ စက်မှုအရင်းရှင်စနစ် အကျပ်အတည်း၊ စီမံကိန်းစီးပွားရေးအပြိုနှင့် သတင်းနည်းပညာ တော်လှန်ရေးအရှိန် ရလာခြင်းတို့နှင့်အတူ ပညာခေတ်၏ အခြင်းအရာများလည်း တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။ စီးပွားရေးဘဝတွင် “အသိပညာလုပ်ငန်းများ” KNOWLEDGE INDUSTRIES ရှေ့တန်းရောက်လာသည်နှင့်အမျှ စီးပွားရေးတစ်ခုလုံးသည်ပင် “ပညာစီးပွားရေး” KNOWLEDGE ECONOMY သို့ အသွင်ပြောင်းလာပြီဟု ကောင်ချက်ချလာကြသည်။ နောက်ဆုံး ဘောဂဗေဒ ပညာရှင်များကိုယ်တိုင်က “ပညာ” KNOWLEDGE ကို အဓိကအကျဆုံး “ထုတ်လုပ်ရေးအရင်းအမြစ်” PRODUCTIVE RESOURCES အဖြစ်၊ သတ်မှတ်လာကြရာ “ပညာရေး”သည်ပင် စီးပွားရေး၊ နိုင်ငံရေးပေါ်လစီ အရပ်ရပ်အတွက် အဓိက နိုင်ဖဲတစ်ခုလို ဖြစ်လာခဲ့ပါသည်။

သို့နှင့်အမျှ “ပညာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ” မှာလည်း မျှော်လင့်ချက်အကောင်းဆုံး၊ စီးပွားရေးလုပ်ငန်းများ ဖြစ်လာတော့သည်။ အမေရိကန်နိုင်ငံမှ “အပိုလိုအုပ်စု” APOLO GROUP ဆိုလျှင် “ဖစ်နစ်တက္ကသိုလ်” UNIVERSITY OF PHOENIXလို အကြီးဆုံး ပုဂ္ဂလိကတက္ကသိုလ်မျိုး ထူထောင်နိုင်သည်အထိ ခြေလှမ်းသွက်လာခဲ့သည်။ ဤလုပ်ငန်းမှ နှစ်စဉ်ဒေါ်လာ ၁၀၈ သန်းမျှပင် အမြတ်ရသည်ဟုလည်း သိရသည်။ သို့ဖြင့် “ပညာဘိဇနက်” KNOWLEDGE BUSINESS မှာ စီးပွားရေးသမားတို့ မျက်စိကျစရာ ဖြစ်လာတော့သည်။

ပညာ၏“စန်း”မှာ ဤမျှနှင့် ရပ်တန့်နေသည် မဟုတ်ပါ။ “ပညာရေးတွင် များများရင်းနှီးမြှုပ်နှံနိုင်လေ၊ စီးပွားရေး၊ နိုင်ငံရေးတွင် ပို၍အောင်မြင်မှုရလေ” ဆိုသော လောဂျစ်မှာ ပေါ်လစီမိတ်ကာများကြားတွင် အထူးရေပန်းစားလာသည်။ လူ့အဖွဲ့အစည်း၏ အရပ်ရပ်ပြဿနာအားလုံးကို ပညာဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည် ဟူသော မျှော်လင့်စိတ်ကူးများဖြင့် “ပညာ”ကို မဟာဗျူဟာ အသုံးခံကစ္စည်းလို သဘောထားလာကြသည်။ သို့ဖြင့် “ပညာသည်ပါဝါ” KNOWLEDGE IS POWER ဆိုသော အဆိုအမိန့်မှာ ပြန်လည်တစ်ခေတ်ဆန်းလာပြီး “ပညာပိုလိုတစ်” KNOWLEDGE POLITIC ဆိုသော ဝေါဟာရပင် ဖြစ်တည်လာခဲ့ပါသည်။

သို့သော် ပညာရေးကို ဈေးကွက်ဘောင်သွင်းခြင်းနှင့် နိုင်ငံရေးဇာတ် သွင်းခြင်းအပေါ် သံသယဖြင့် စောင့်ကြည့်နေကြသည့် ပညာရှင်များလည်း ရှိနေပါသည်။ အထူးသဖြင့် ၂၁ ရာစုနှစ်ဦး၊ “ဒေါ့ကွမ်ဈေးကွက်” DOT-COM MARKET အပြိုနှင့် စက်တင်ဘာ (၁၁)အရေးအခင်းနောက်ပိုင်းတွင် ဤအသံများမှာ ပိုစိတ်လာသည်နှင့်အမျှ ပိုစူးလာခဲ့ပါသည်။

ငယ်ရုပ်လူကြီး
ပညာရေးသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရေးကြီးသော အရင်းအမြစ်တစ်ခု ဖြစ်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ ဘဝအာမခံချက်အတွက်လည်း မရှိမဖြစ် အခြေခံဖြစ်လာသည်။ ကျောင်းကောင်းကောင်းမှာ၊ ဘာသာရပ်ကောင်းကောင်းတွင် အမှတ်ကောင်းကောင်းဖြင့် စာမေးပွဲအောင်ရေးသည်သာ ကျောင်းသားများအတွက် တစ်ခုတည်းသော ရည်မှန်းချက်လို ဖြစ်လာရသည်။ ဤနေရာတွင် ကျောင်းကောင်းဆိုသည်မှာ ငွေကုန်ကြေးကျ အများဆုံး၊ နာမည်အကြီးဆုံး ကျောင်းမျိုးကို ဆိုလိုပြီး၊ ဘာသာရပ်ကောင်းကောင်း ဆိုသည်မှာလည်း လတ်တလော ဈေးကွက်တွင် ငွေအဖြစ် အလွယ်ဆုံးဘာသာရပ်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြင့် ပညာရေးသည်ပင် အနာဂတ်အဆင့်နေရာတွင် အာမခံချက်တစ်ခုလို ဖြစ်လာရသည်။ POSITIONAL GOOD ဟု ဆိုပါသည်။ ဤအတွက် နောင်ရေးကို ပူပင်တတ်သော မိဘတိုင်းက မိမိသားသမီးကို မူကြိုမှစ၍ တက္ကသိုလ်ထိတိုင် တရစပ် မောင်းရတော့သည်။

ဖြစ်လာသော အကျိုးဆက်များမှာ အကောင်းချည်းဟုဆိုရန် ခက်ပါလိမ့်မည်။ ပထမဆုံး သတိပြုမိလိုက်သည့် ရလဒ်မှာ ကလေးများအတွက် ငယ်ဘဝများ ပျောက်ဆုံးသွားခြင်းဟု ဆိုပါသည်။ “ဆယ်ကျော်သက်မတိုင်မီ အရွယ်များ” PRETEEN ဆိုလျှင် အပေါင်းအသင်းမဲ့၊ မိခင်ရင်ခွင်ပျောက် ဖြစ်လာပြီး ကွန်ပျူတာနှင့်သာ နှစ်ပါးသွားနေရတော့သည်။ ကွန်ပျူတာ၏ ဘေးထွက် အကျိုးများကို စောင့်ကြည့်လေ့လာနေကြသူ ပညာရှင်များ၏ အဆိုအရ ဆိုခဲ့ပါ ကလေးငယ်များတွင် အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ အဝလွန်ခြင်း စသော ရုပ်ပိုင်းဆိုးကျိုးများ ရှိနိုင်သလို၊ အထီးကျန်ဆန်ခြင်း၊ သာမန် ကလေးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးများ ချို့တဲ့ခြင်း စသော စိတ်ပိုင်းဆိုင်ရာ မလိုလားဖွယ်ရာများ ရှိနိုင်သည်ဟု ဆိုပါသည်။ သို့ဖြင့် ပညာခေတ်၏ အနာဂတ်ဖန်တီးရှင်များမှာ “တစ်ကိုယ်တော်၊ မှန်ကြောင်၊ ဖက်တီးလေးများ” ဖြစ်နေတော့သည်။

ဆယ်ကျော်သက်ရွယ် ရောက်ပြန်တော့လည်း လူငယ်ဘဝ၏ ကြည်နူးရင်ခုန်စရာများတွင် မွေ့လျော်ပျော်ပါးချိန် ဟူ၍ မရှိတော့ပါ။ ကြီးမားသော ယှဉ်ပြိုင်စိန်ခေါ်မှုများ အောက်တွင် အရွယ်ကို စတေးပြစ်လိုက်ရပါသည်။ မိမိ ပတ်ဝန်းကျင်ကိုပင် မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းအဖြစ် မကြည့်မြင်နိုင်ဘဲ ပြိုင်ဘက်အဖြစ်သာ သဘောထားလာကြသည်။ အကျိုးဆက်မှာ “အတ္တ ဗဟိုပြုလူငယ်များ” SELFCENTERED YOUTH မွေးထုတ်သလို ဖြစ်နေသည်ဟု ဆိုပါသည်။ ဤသို့သော လူငယ်များဖြင့် လူ့အဖွဲ့အစည်းအတွက် လိုအပ်သော “စုပေါင်းစွမ်းအင်” SYNERGY ကို ဖန်တီးနိုင်ပါမည်လော။ မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါသည်။

စက်ယန္တရားတက္ကသိုလ်
ပညာရေးကို စီးပွားရေးမျှော်ကိုးချက်များဖြင့် ချိတ်ဆက် ဖန်တီးကြခြင်းသည် ပညာရေး၏ မူလရည်မှန်းချက်များကို ကျဉ်းကျုံ့သွားစေသည်ဆိုသော အကောက်အယူများလည်း ရှိပါသည်။ ပညာရှင်အချို့ဆိုလျှင် ကျဉ်းကျုံ့ရုံမျှမက ပုံပျက်၍ပင်သွားနိုင်သည် ဟုပင် စိုးရိမ်မကင်း ဖြစ်နေကြသည်။ သိကြပြီးသည့်အတိုင်း စီးပွားရေးတွင် ကိန်းဂဏန်း ညွှန်းကိန်းများကို အားပြုလေ့ရှိရာ ပညာရေးလောကတွင်ပါ ဤအစဉ်အလာက အရိပ်ထိုးလာသည်။ တိုင်းပြည်စီးပွားရေးအတွက် “ပညာအလုပ်သမား” KNOWLEDGE WORKER မည်၍မည်မျှ လိုမည်ဆိုသော လျာထားချက်ကို ချိန်ရွယ်ပြီး တက္ကသိုလ်တစ်ခုက တစ်နှစ်လျှင် မည်မျှ မွေးထုတ်နိုင်ရမည်ဆိုသော စီမံကိန်းမျိုးတွေ ရှိလာသည်။ စင်စစ် အရေအတွက်ကို တိုးချဲ့လိုက်သည်နှင့် အရည်အသွေးပိုင်းတွင် ကျဆင်းလာနိုင်သည့် တူရှုချက်များ ရှိနိုင်ပါသည်။ လန်ဒန်တက္ကသိုလ်မှ ကမကထလုပ်သော ဆာဗေးတစ်ခုအရ ဗြိတိလျှတက္ကသိုလ်များမှ မွေးထုတ်လိုက်သော ဘွဲ့ရများ၏ ပညာရည်မှာ လွန်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း သိသိသာသာ ကျဆင်းသွားသည်ဟု ဆိုပါသည်။

အရေအတွက်များများ မွေးထုတ်နိုင်ရေးနှင့်အတူ ကျွဲကူးရေပါဖြစ်လာသည့် အခြားပြဿနာများလည်း ရှိသေးသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ ပို၍ တင်းကျပ်လာခြင်း၊ ပညာသင်စရိတ်များ ကြီးမြင့်လာခြင်း၊ တက္ကသိုလ်များကိုယ်တိုင် ဘတ်ဂျက် အခက်အခဲနှင့် ရင်ဆိုင်လာရာခြင်း စသည်တို့ ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ တက္ကသိုလ်များ၏ မူလကိုယ်ရည်ကိုယ်သွေးများ မှုန်ဝါးလာသည့် ကိစ္စဟု ဆိုကြသည်။ ပြောရလျှင် တက္ကသိုလ်ပညာရေးမှာ အသေမဟုတ်ပါ။ အရှင်ဖြစ်သည်။ အတိတ်မှ သင်ခန်းစာထုတ်ယူရေး သက်သက်မျှမဟုတ်ပါ။ အနာဂတ်အတွက် ပြင်ဆင်တည်ဆောက်ရေး ဖြစ်ပါသည်။ ငါးပွက်ရာ ငါးစာချသလို ပေါ်ပြူလာပညာရပ်များနှင့် ကျေနပ်နေ၍ မဖြစ်ပါ။ တီထွင်ဖန်တီးမှုကို စေ့ဆော်သော သုတေသနပညာရေး ဖြစ်ပါသည်။ ဤအနေအထားများနှင့် တစ်စစ ဝေးလာခြင်းမှာ တက္ကသိုလ်တစ်ခုအတွက် “အရင်းအမြစ်များ ခန်းခြောက်လာခြင်း” DRAINING OF RESOURCES ဟု ဝေဖန်ကြပါသည်။

ဤနေရာတွင် အထက်က ညွှန်းဆိုခဲ့သော ပါမောက္ခ “အယ်လစ်ဆန်”၏ စကားတစ်ခွန်းကို ပြန်လည်ရည်ညွှန်းလိုသည်။ “ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဟာ ကျွန်တော်တို့လောက် မချောင်လည်တဲ့ အခြေအနေမှာတောင် ပညာရေးကို ယဉ်ကျေးမှုဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ ဆိုတဲ့ မျက်နှာစာပေါင်းစုံက စနစ်တကျ ဖန်တီးခဲ့ကြပါတယ်။ ဒီနေ့ ကျွန်တော်တို့ဟာ ဒီအစဉ်အလာကို လစ်လျူရှုပြီး ပညာရေးမှ ပညာရေးသက်သက် လုပ်နေရင် တာဝန်ကျေနိုင်ပါ့မလား” သူ စိန်ခေါ်လိုက်သော မေးခွန်းကို အဖြေပေးနိုင်ဖို့ ကြိုးစားကြရာမှ “ပညာ”ဆိုသည်နှင့် ပက်သပ်၍ပင် ပြန်လည်ဆန်းစစ်ကြဖို့ ဖြစ်လာရတော့သည်။

ပညာအစစ်သို့
“ပညာခေတ်”၊ “ပညာစီးပွားရေး”၊ “ပညာအလုပ်သမား” …။ မျက်မှောက်ခေတ်တွင် “ပညာ”ဆိုသော ရှေ့ဆက်စကားမှာ အကျယ်လောင်ဆုံး မြည်ဟည်းလျက် ရှိနေပါသည်။ ယခုတော့ ဤပညာသည်ပင် ပညာစစ် ဟုတ်မဟုတ် ပြန်လည်စိစစ်လာကြရသည်။

ယနေ့ အပြောများနေသော “ပညာ” KNOWLEDGE ဆိုသည်မှာ ရလာသော အင်ဖော်မေးရှင်းများကို အသုံးတည့်ရေးရှုထောင့်မှ အသွင်ပြောင်း ပုံဖော်ယူလိုက်သည့် အသိပညာ သို့မဟုတ် အတတ်ပညာမျှသာ ဖြစ်ပါသည်။ လက်တွေ့အသုံးပြုရေး မျက်နှာစာတစ်ခုတည်းမှ ချဉ်းကပ်ထားခြင်းဖြစ်ရာ လူ့အဖွဲ့စည်းရှိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် ၉၆ပါးဆေးအဖြစ် မမျှော်လင့်အပ်ဟု ဆိုသည်။ လတ်တလော အသုံးတည့်နိုင်သော်လည်း ရေရှည် အားကိုးအားထားပြုခြင်းမှ ပြုနိုင်ပါလိမ့်မည်။ သူ့တွင် “အဆုံးစွန်တန်ဖိုး” ABSOLUTE VALUE မရှိ။ “နှိုင်းရတန်ဖိုး” RELATIVE VALUE တန်ဖိုးသာရှိသည်။ ထို့ကြောင့် ပညာဆိုသည်ထက် “သညာ”ဟုသာ ဆိုသင့်သည်ဟု ထောက်ပြကြပါသည်။

ဤသို့ဆိုလျှင် “တကယ့်ပညာအစစ်” WISDOM မှာ ဘာဖြစ်မည်နည်း။ ဤပညာအစစ်သည် တစ်ပွဲထိုးကုထုံး မဖြစ်စေရ။ လောကလုံးသဘော ဆောင်နိုင်ရမည် (UNIVERSAL CONCEPT)။ ရေရှည်ခံသည့် တန်ဖိုးရှိရမည် (SUSTAINABLE VALUE)။ ကျင့်ဝတ်ပိုင်းအရ အစစ်ဆေးခံနိုင်စွမ်း ရှိရမည် (MORALLY JUSTIFIED)။ ဘက်ပေါင်းစုံမှ ချဉ်းကပ်နိုင်ရမည် (ALL ROUND DIMENSIONS) စသဖြင့် ညွှန်းဆိုလာကြပါသည်။

ဤဖွင့်ဆိုချက်များနှင့်အတူ လက်ရှိ “ပညာရေး” EDUCATION ကိုလည်း ဝေဖန်သုံးသပ်လာကြသည်။ လက်ရှိပညာရေးမှာ ပညာအစစ်ကို မဖန်တီးနိုင်၊ သညာအဆင့်မျှနှင့် တန့်နေသည်ဟု ဆိုပါသည်။ တကယ့်ပညာခေတ်စစ်စစ်ကို ဦးတည်နိုင်ဖို့ဆိုလျှင် ယနေ့ပညာရေးကိုပင် ပြန်လည်အဓိပ္ပါယ် ဖွင့်ရတော့မည်ဟု ဆိုပါကြောင်း။
စာညွှန်း - THE EDUCATION SHIBBOLETH

ကျော်ဝင်း “ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ - KNOWLEDGE, EDUCATION AND CHALLANGERS” စာအုပ်မှ ဆောင်းပါးတစ်ပုဒ်အား ကောက်နှုတ်ချက်။ (စာမျက်နှာ ၁၆၅ မှ ၁၇၀ ထိ)။…။

ဖော်ပြခဲ့တဲ့ ဆရာကျော်ဝင်းရဲ့ စာအုပ်ကိုဖတ်ရင်း ကျွန်တော်တို့ခေတ်ရဲ့ ကြေးမုံပြင်မှာ ကိုယ့်ကိုကိုယ် တင်ကြည့်မိသေးတယ်။ တွေ့လိုက်ရသလိုတော့ ရှိပါတယ်။ အပြောင်းအလဲတွေများတဲ့ခေတ်၊ မြန်နှုန်းတွေနဲ့ စကားပြောရင်း ထိရောက်မှုကို အဓိကထားတဲ့ ခေတ်ပါ။ ၂၀ ရာစုအကုန်ပိုင်းတွေနဲ့ ၂၁ ရာစုအစမှာ တိုးတက်လာတဲ့ သတင်းနည်းပညာရဲ့ ရိုက်ချက်တွေပဲပေါ့။ ဒီနေ့ခေတ် ကြေးမုံပြင်မှာ တင်ကြည့်လိုက်တော့ ကိုယ့်အတွက်နေရာက အများနဲ့ယှဉ်ရင် ဟိုးအဝေးကြီးမှာရောက်နေပါတယ်။ ဆက်ပြီး စဉ်းစားရင်တော့ ကျွန်တော်တို့ဖြတ်သန်းရတဲ့ ခေတ်ကို ပညာခေတ်လို့ အများကခေါ်နေတာကနေ၊ အခုဆို နောက်တခေတ်ကိုတောင် ပြောင်းလဲတော့မယ် ထင်ပါတယ်။

ဒါပေမဲ့ သတင်းနည်းပညာရဲ့ အဓိကကျတဲ့ ကွန်ပျူတာကို အခုအချိန်ထိ ကျွန်တော်တို့ဆီမှာက ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးပါဘူး။ လူတန်းစားတစ်ရပ်ရဲ့ အသုံးပဲရှိသေးတယ်။ နောက်ပြီး သူ့ရဲ့အသုံးဝင်မှုကိုလည်း အပြည့်အဝ အသုံးမချနိုင်သေးဘူးလို့ တွေးမိတယ်။ ဒါဟာ သတင်းနည်းပညာခေတ်အတွက် ကျွန်တော်တို့ရဲ့ နောက်ကျမှုတစ်ခုပါ။ ကမ္ဘာလုံးခြုံတဲ့ အမြင်နဲ့ကြည့်ရင် ခပ်ဝေးဝေးမှာ ကျန်နေခဲ့ပါပြီ။

အဆိုးထဲက အကောင်းကို သဲ့ယူကြစို့ရဲ့။ သူတို့တွေက ရှေ့ကနေဖြတ်သွားပြပြီးသားဆိုတော့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာကို ကြိုတွေးကြည့်လို့ ရမှာပါ။ ပုံတူကူးချလို့ မရမှာကတော့ သေချာပါတယ်။ “တစ်ကျောင်း တဂါထာ၊ တစ်ရွာ တပုဒ်ဆန်း” မြန်မာ စကားပုံလည်း ရှိသားမဟုတ်လား။ ဒီလိုသာဆိုရင် ကျွန်တော်တို့ရဲ့ ပညာရေးကရော ဘယ်လိုပညာရေးမျိုးလဲ။ ဒီပညာရေးကို ဖြတ်သန်းလိုက်ရင်ရော (ကျောင်းသူ၊ ကျောင်းသားတွေ၊ ဒါမှမဟုတ် ပညာရှာသူတွေ အတွက်) ဘာတွေကျန်ခဲ့မလဲ။

ဒီနေ့ခေတ်မှာ ပညာဆိုတာကို အသုံးချနိုင်မှုနဲ့ တိုင်းတာနေပါတယ်လို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ကျွန်တော်တို့ဆီမှာလည်း အလုပ်တစ်ခုရဖို့ ရှိနေရမဲ့ (ရှိနေရင် ပိုကောင်းမယ်လို့လည်း ထင်ရတဲ့) သင်တန်းဆင်းလက်မှတ်တွေ မျိုးစုံပါပဲ။ အဲဒီကြားထဲမှာ လုပ်နိုင်မှုစွမ်းရည်ကို ပြန်လည် ဆန်းစစ်ရတာပါ။ အများစုကတော့ လက်ဝယ်ရှိနေရုံပါပဲ။ သင်တန်းပြီးမှမပြောနဲ့ တက်နေစဉ်ကတည်းက နားမလည်၊ ဘာမှမသိတာတွေများပါတယ်။ ဒါတွေဟာ အခြေခံမှာ ဖြတ်သန်းခဲ့ရတဲ့ ပညာရေးနဲ့ ဆိုင်မယ်ထင်ပါတယ်။

နိုင်ငံအများစုမှာ အခြေခံပညာရေးကို (ဒီနေရာမှာ အခြေခံပညာရေးဆိုသည်မှာ တက္ကသိုလ်ဝင်တန်းအထိလို့ ဆိုလိုချင်ပါတယ်။) နိုင်ငံတော်ကနေ တာဝန်ယူပါတယ်။ ဗဟိုအုပ်ချုပ်မှုစနစ်ရှိပြီး အဓိကရည်ရွယ်ချက်က အပြန့်ကျယ်မှု (လူအများ စာတတ်မြောက်ရေး) ကိုရည်ရွယ်တယ်။ အကယ်၍ ပုဂ္ဂလိကကျောင်းများ ရှိနေမယ်ဆိုရင် သူတို့တွေက အပြန့်ကျယ်မှုထက် ထိရောက်မှုကို အားပေးတယ်လို့ ဆိုကြပါတယ်။ အခုအချိန်ထိ ကျွန်တော်တို့ဆီမှာ အခြေခံပညာရေးအတွက် ပုဂ္ဂလိကကျောင်းတွေ မရှိသလောက်ပါပဲ။ အဲဒီအတွက် အပြန့်ကျယ်မှု စည်းမျဉ်းအောက်က ပေါက်ဖွားလာသူတွေဖြစ်တော့ စဉ်းစားတွေးခေါ်မှု၊ အကျိုးအကြောင်း ဆက်စပ်မှု၊ စူးစမ်းရှာဖွေမှု လိုမျိုး အခြေခံကောင်းတွေ လွတ်နေရတယ်လို့ထင်တယ်။

အရေအတွက်မှသည် အရည်အချင်းဆီသို့ ဆိုသော ကျွန်တော်တို့ဆီက လှုပ်ရှားမှုဟာလည်း သူတို့တွေပြောသလိုပါပဲ တက္ကသိုလ်ကျောင်းထွက်တွေ များလာရုံမှလွဲလို့ ကောင်းကျိုးပေးမှုနည်းပါတယ်။ ဟုတ်မရောင် တတ်ယောင်ကားတွေ ပိုများလာလို့ အန္တရာယ်တောင်ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ပညာရေးဟာ အပြန့်ကျယ်မှု ခွင်ထဲမှာပဲ ရှိနေတယ်ထင်ပါတယ်။ လက်တွေ့နဲ့ စူးစမ်းရှာဖွေမှု အပိုင်းတွေမှာ အားနည်းနေတယ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့မှာက သူတို့အနေနဲ့ ပညာလို့တောင် မသတ်မှတ်ချင်တော့ပဲ သညာအဆင့်မှာပဲ ရှိပါသေးတယ်ဆိုတဲ့ နေရာကိုရောက်ဖို့ ကြိုးစားရပါအုံးမယ်။ ဒီလိုမှမဟုတ်ရင်လည်း စောစောကပြောခဲ့သလို သူတို့တွေရဲ့ အတွေ့အကြုံတွေကို လေ့လာပြီး အကောင်းဆုံးနည်းကိုရွေး ပြီးတော့အင်နဲ့အားနဲ့ နောက်ကလိုက်ရမှာပါ။

ဟုတ်ကဲ့ တောင်ရောက်မြောက်ရောက်နဲ့ သမုဒ္ဒရာရေပြင်ပေါ် ဆီးစေ့ကျသလောက် ကျွန်တော့် အတွေးလှိုင်းတွေမှာ အမှားပါရင်လည်း ခွင့်လွှတ်ပါ။ ကျွန်တော့်ရဲ့ အားနည်းမှု၊ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပဲ ဖြစ်လို့ပါ။ အဓိက ဒီစာလေးရဲ့ရည်ရွယ်ရင်းကတော့ ကျွန်တော်တို့မြန်မာတွေ စဉ်းစားဖို့ အကြောင်းများထဲက တစ်ခုလေများလားဆိုပြီး အားလုံးကို မျှဝေလိုက်တာပါ။ အော် ဒီနေ့ခေတ်ကြေးမုံပေါ်က ကျွန်တော့်ပုံရိပ်ကတော့ ဝိုးတဝါးသာသာပါဆိုတာ ပြောဖို့မေ့နေတယ်။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, June 13, 2008

သွေး


ဆက်ဖတ်မယ်ဆိုရင် ...

In this Evening!


တစ်ညနေ

(၁)
ဒီညနေ ရာသီဥတုကိုက သူ့ကိုအပြင်ထွက်ချင်အောင် ဆွဲဆောင်နေတယ်။ မိသားစုတွေထဲမှာလည်း အခုဆိုရင် သူကအရွယ်ရောက်နေပြီ။ တစ်ကယ့်ကို သန်မာတဲ့ ကိုယ်ခန္တာနဲ့ အကြော့ရှင်းဆုံးကို ဖြစ်လို့။ တစ်ချို့တွေဆို မနာလိုတွေများ ဖြစ်နေကြလားမသိပါဘူး။ ဘာပဲပြောပြောပါ ဒီလိုအပြင်ထွက်ရဖို့ အခွင့်အရေးကို စောင့်နေရတာကြာပေါ့။ ဒီနေ့ကတော့ သှူှ့ဆန္ဒတွေ ပြည့်ဖို့ဖြစ်လာပြီလေ။ တညနေလုံး ရွာသွားတဲ့မိုးရဲ့နောက်မှာ သူကိုယ်တိုင်လည်းသိတယ် (မှန်လိမ့်မယ်လို့လဲ ယုံကြည်တယ်)၊ တခြားသူတွေကလည်း ခန့်မှန်းကြတယ်။ နောက်ရက်ကတော့ နေသာအုံးမယ်လို့။ ဒီလိုသာမှန်လို့ကတော့ အသာယာဆုံးညနေ ဖြစ်နေမှာပဲ။ တစ်ကယ်ပါ ကိုယ်တိုင်မကြုံဘူးသေးပေမဲ့ အကြားနဲ့တင် လှပတဲ့ညနေကို မြင်ချင်လှပြီ။



အပြင်ကို စထွက်လာကတည်းက လန်းဆန်းတဲ့ လေကိုရှုရိုက်၊ စိတ်ကူးတည့်ရာ လျှောက်သွားပြစ်လိုက်တယ်။ ကြည့်စမ်းပါအုံး လန်းဆန်းပြီး လှပ စိမ်းစိုနေတဲ့ မြင်ကွင်းတွေ။ ဟော့ဒီ မြက်ခင်းစိမ်းစိမ်းတွေ၊ မိုးရေထိထားလို့ ကြွရွပြီး လှပနေတဲ့ သစ်ပင်တွေ။ ဒါတွေအားလုံးကို ကောင်းကင်ပြာရဲ့ နောက်ခံလေးမှာ မြင်နေရတာ မမေ့နိုင်စရာ မြင်ကွင်းတွေပေါ့။ လျှောက်သွားရင်းနဲ့ တခြားသူငယ်ချင်းတွေလည်း တွေ့ရတယ်။ ဟိုပြော ဒီပြောနဲ့ ခင်စရာကောင်းတဲ့သူတွေလည်း တွေ့ရတယ်။ မာနကြီးကြီးနဲ့သူတွေလည်း တွေ့ရပ။ ဘာပဲပြောပြော တစ်ယောက်တည်းနေရတာ ခုံမင်လို့ ဘယ်သူနဲ့မှ အကြာကြီး မိတ်ဖွဲ့မနေတော့ဘူးလေ။ နေရာအနှံ့ လျှောက်သွားနေလိုက်တယ်။ မောတော့လဲ ခဏနားပေါ့။

ဒါပေမဲ့ သူကိုယ်တိုင် မသိလိုက်ခင်မှာပဲ ကောင်းကင်ပြာကြီးက အရောင်ပြောင်းလိုက်တယ်။ အော်မြန်ဆန်လိုက်တဲ့ အပြောင်းအလဲ။ ဒီအပြောင်းအလဲမှာလည်း လှနေဆဲပါပဲ လောကကြီးရယ်။ အင်း.. သူ့စိတ်ကို အရမ်းအလိုလိုက်နေလို့လည်း မဖြစ်သေးဘူး။ ဒီအချိန်မှာ အိမ်မပြန်နိုင်သေးလဲ အလင်းရောင်ရမဲ့ နေရာတစ်နေရာတော့ ရှာထားမှလေ။ စိတ်ကူးတွေနဲ့ လျှောက်သွားရင်း ဘယ်ကိုသွားရမလဲ နေရာရှာနေမိတယ်။ တဖြည်းဖြည်းနဲ့ ကြီးစိုးလာတဲ့ အမှောင်ထုမှာ အလင်းရောင်လေးတွေကတော့ များမှ များပဲ။ ဟော… ကြည့်စမ်း။ တောက်ပလိုက်တဲ့ အလင်းရောင်လေး။ အဖြူရောင်အလင်းလေးက စိမ်းလဲ့လဲ့ အရောင်လေးလိုကိုဖြစ်လို့။ သွားကြည့်အုံးမယ်။ ဟုတ်ပါပြီ ဒီအလင်းလာနေတဲ့ နေရာမှာ အလင်းတွေထုတ်ပေးနေတဲ့ အရာလေးဟာ အရမ်းစိတ်ဝင်စားဖို့ ကောင်းမှာပဲ။ ဟုတ်ပြီ အဲဒီကိုပဲ သွားတော့မယ်။ အမြန်ဆုံး သွားမယ်။

အိုး… ကြည့်စမ်းပါအုံး။ ဒါဘယ်လိုနေရာမျိုးပါလိမ့်။ ဒီနေရာလေးကိုရောက်အောင် အပြေးလာခဲ့ရလို့ မောပန်းနေတဲ့စိတ်တွေတောင် ဘယ်နားရောက်သွားလည်းမသိဘူး။ အပြင်ဘက်က အေးမြမြရာသီဥတုနဲ့လည်းမတူ။ ပူနွေးနေတာလည်းမဟုတ်။ လင်းလင်း ရှင်းရှင်းနဲ့ တောက်ပနေတဲ့ နေရာလေး။ မြင်နေရတာတွေကလည်း သူ့အတွက်တော့ အထူးအဆန်းတွေကြည့်ပဲ။ ဟိုဟိုဒီဒီ လျှောက်သွားနေလိုက်ရင်းမှ ဟော… တွေ့ပါပြီ။ ကြည့်စမ်း အလင်းတွေဆိုတာ ဒီကထွက်လာနေတာကိုး။ သူ့ အနားကိုကပ်ကြည့်ရင်ရော ဘယ်လိုနေမလဲ။ ဖြည်းဖြည်းချင်းပဲ အနားကိုကပ်ကြည့်မိတယ်။ အော် အပူဓါတ်ကိုလည်း သူခံစားလာရသလိုပဲ။ အိမ်မပြန်ရပေမဲ့ အိမ်မှာတုန်းကလို အနွေးဓါတ်ရှိနေတယ်။ အလင်းရောင်နားမှာ နေရမှာကို သူကိုယ်တိုင်ကလဲ နှစ်သက်မိတယ်။ သွားမယ်၊ အနားကိုရောက်တဲ့အထိ သွားမယ်။

ဟာ… ဘာလဲ။ ဘယ်လိုဖြစ်ရတာလဲ။ သူ့ကိုယ်သူ လှုပ်ရှားလို့မရသလို ခံစားမိလိုက်တယ်။ ကဲ လှုပ်ကြည့်စမ်းပါအုံး။ သူ့ကိုယ်ကို တစ်ခုခုက ဆွဲချထားလိုက်သလိုပဲ။ ကြိုးစား လိုက်စမ်း၊ ရုန်းထွက်ကြည့်လိုက်စမ်းပါ။ ဟာ.. သူ။ သူကရောဘယ်သူလည်း။ ဒီလိုမျိုးကို တစ်ခါမှမတွေ့ဖူးဘူး။ အာ…. သူ့အနားကိုကပ်လာတယ်။ ပြေးထွက်လိုက်စမ်း။ ပြေးထွက်၊ ပြေးထွက်.. အားကုန်ပြေးထွက်လေ။ သူ့ကိုယ်သူ အားပေးရင်း ရုန်းထွက်နေတုန်းမှာပဲ အနားကိုရောက်လာတယ်။ ရပ်ကြည့်နေတယ်။ ဟင့်အင်း သူ့အမူအရာကိုမကြိုက်ဘူး။ ဒါ.. ဒါအန္တရာယ်ရဲ့ အငွေ့ပဲ။ ပြေး၊ ပြေးထွက်လိုက်တော့။ ဟော၊ လွတ်မြောက်သွားပြီလေ။ ဟား ဟား… ဒါပဲပေါ့။ အို.. ဘာလို့လဲ။ ဘာလို့သူ့ကိုယ်သူ အရမ်းပေါ့ပါးနေသလို ခံစားရတာလည်း။ သူဘာဖြစ်တာလည်း၊ သူဘာဖြစ်၊ သူ၊ သူ….. ..။

(၂)
မနေ့ညနေ ညနေစာ စားပြီးကတည်းက အိမ်ရဲ့ထောင့်တစ်ခုမှာ အေးအေးဆေးဆေးပဲ နားနေခဲ့တာ။ နေ့လည်ကတော့ ခဏအလုပ်ရှုပ်သွားသေးတယ်။ ဟုတ်တယ်လေ။ သူ့အိမ်ကို ဘာမပြော ညာမပြောနဲ့ ဟိုဘက်အိမ်ကတစ်ယောက် ဝင်လာတယ်။ အနားယူနေတဲ့ သူ့စည်းစိမ်လေးကို ဖျက်လိုဖျက်ဆီးလုပ်လိုက်တယ်လို့ တွေးမိသွားရုံတင်ဘယ်ဟုတ်မလည်း၊ အိမ်ထဲကို သူစိမ်းဝင်လာတယ်ဆိုတာက သူ့ရဲ့ နေ့လည်စာ ရောက်လာတာလည်း ဖြစ်နိုင်တာကိုး။ ဒါနဲ့ပဲ စိတ်ဆိုးဆိုးနဲ့ ရန်ဖြစ်ပလိုက်တယ်။ ပြောသာပြောရတာပါ။ အဲဒီကောင်ဝင်လာလိုက်လို့လည်း နေ့လည်တုန်းက အသည်းအသန်ရွာနေတဲ့မိုးကို သူသတိထားမိတာ။ ဒီလိုရာသီဥတုဆိုလို့ကတော့ အိမ်မှာ အေးအေးဆေးဆေး အိပ်နေရပြီပေါ့။ ဟုတ်တယ်လေ။ ဗိုက်ဆာလာမှာအတွက်လည်း ဘာမှပူစရာမလိုတော့ဘူး။ ညရောက်လို့ကတော့ ပေါလိုက်မဲ့ စားစရာတွေ။ သူ့အတွေ့အကြုံအရ ဒီခန့်မှန်းချက်က ဘယ်လိုမှ မှားမှာမဟုတ်ဘူးလေ။

သူတွေးထားသလိုပါပဲ။ ညနေ အမှောင်လေးရှိလာကတည်းက တချို့စားစရာလေးတွေ တွေ့နေရပြီလေ။ ဒါပေမဲ့ သူ့အနားကိုတော့ ရောက်မလာသေးဘူး။ ဒါကလည်း အရေးမကြီးပါဘူး။ ဘာဟုတ်သေးလို့လည်း။ သူ့အိမ်ဘေးက မီးဖွင့်ပြီးသွားပြီဆိုရင် စားစရာတွေက အလိုလိုကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြတော့မှာ။ ဟိုဘက်အိမ်ကကောင်လဲ နိုးနိုးကြားကြားတွေ လုပ်နေပြီ။ မီးဖွင့်ပြီးသွားရင်တော့ အလင်းရှိတဲ့နားတင် နေလို့မဖြစ်သေးဘူး။ နှစ်အိမ်ကြားမှာ သွားနေမှဖြစ်မယ်။ စားကောင်းမယ့်ဟာလေးတွေ ဟိုကောင့်အိမ်ကိုရောက်လာရင် သွားလုစားလိုက်မယ်လို့ စဉ်းစားတယ်လေ။ ဒီကောင်က သူ့ထက်အရွယ်ငယ်သလို အတွေ့အကြုံကလည်း နည်းသေးတယ်။ ဟုတ်တယ်။ ဒါအခွင့်အရေးပဲ။ အဲဒီနေရာမှာပဲ သွားနေလိုက်တော့မယ်။ ဟား ဟား… ဒီကောင်လည်း သဘောပေါက်တယ်ထင်တယ်။ သူနေရာပြောင်းနေလိုက်တာကို မကြိုက်သလို ကြည့်နေလေရဲ့။

အင်း.. နေ့လည်ပြန်အိပ်ကတည်းက စိတ်မကြည်တာကြောင့်ပဲလား။ ကောင်းကောင်း မအိပ်လိုက်ရတာကြောင့်လား။ ဒါမှမဟုတ် မနေ့ညတုန်းက ညစာနည်းနည်းပဲ စားလိုက်ရလို့လား။ အခု အရမ်းကို ဗိုက်ဆာနေတယ်လေ။ ကောင်းကောင်းစားပြီးရင် လေးငါးရက် အေးအေးဆေးဆေး နေနိုင်တယ်ဆိုပေမဲ့၊ ဟိုဘက်ရက်တွေတုန်းက အစားကို ကောင်းကောင်းမစားခဲ့ရဘူး။ ရာသီဥတုကြောင့်ပဲလား မပြောတတ်ပါဘူး။ စားစရာလည်းရှားတယ်လေ။ ဒီနေ့ကတော့ မိုးကောင်းကောင်းရွာထားတယ်ဆိုတော့ အစားအသောက်ကောင်းကောင်းနဲ့ ဗိုက်ကားရချည်သေးရဲ့။ တစ်ခုတော့ မျှော်လင့်နေရသေးတယ်။ မီးဖွင့်လိုက်ပြီးမှ ပြတင်းပေါက်တွေ ပိတ်မသွားဖို့ကိုပေါ့။ နောက်ပြီး အနေအထိုင်လေးလဲ ဆင်ခြင်ထားမှ။ မဟုတ်ရင် ကြည့်မရတဲ့အထဲ ပါသွားလို့ အိမ်ဖျက်ခံနေရမယ်လေ။

ဒီလိုတွေးလိုက်မှ အရင် သူ့အိမ်လေးကို သတိရလာတယ်။ သူ့မိဘတွေဆီကနေ ရခဲ့တဲ့အမွေဆိုလည်း မမှားဘူးလေ။ သူကြီးကောင်ပေါက်ဝင်လာကတည်းက အမေ့ကိုမတွေ့ရတော့သလို အဖေဆိုတာ သူမမြင်ဖူးလိုက်ဘူး။ အမေကလည်းတစ်ညနေမှာ ခဏဆိုပြီးထွက်သွားလိုက်တာ ပြန်ကိုမလာတော့ဘူး။ အစပိုင်းမှာတုန်းကတော့ အမေမရှိတော့လို့ စိတ်ညစ်တာပေါ့။ နောက်တော့လည်း သူ့ဘဝက အသားကျလာပါတယ်။ ဒီလိုပဲ စားလိုက်၊ သောက်လိုက်နဲ့ ဖြတ်သန်းနေတာလေ။ အဲဒီတုန်းက သူ့နေရာလေးမှာ စားစရာတွေလည်း ပေါမှပေါ။ သူကလည်း တက်သစ်စဆိုတော့ အချိန်ရှိတိုင်း အိမ်လေးကို ခြယ်သနေမိတာပါပဲ။ အရမ်းကို ခမ်းနားပြီး ကြံ့ခိုင်တဲ့အိမ်လေးလေ။ ဒါပေမဲ့ ကံမကောင်းခဲ့ပါဘူး။ တရက်သောနေ့လည်မှာ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ သူတို့အိမ်လေးတွေ အဖျက်ဆီးခံခဲ့ရတယ်။ ဟုတ်တယ် အိမ်နီးချင်းတွေရော အားလုံးပဲ လွတ်ရာကိုပြေးကြရတာ။ သူကိုယ်တိုင်လည်း အသက်ပါမသွားအောင် ပြေးလိုက်ရတာဆိုရင် သေပြေး ရှင်ပြေးပေါ့။

အဲဒီအချိန်ကတည်းက ဒီနေရာလေးကို သူရွေးချယ်ခဲ့တာ။ သူစဉ်းစားထားတဲ့ အတိုင်းပဲပေါ့။ အစားအသောက်လည်း မရှားဘူး။ အိမ်လေးကိုလည်း အများကြီးဇာချဲ့ပြီး ပြင်နေစရာမလိုဘူးလေ။ အများကြီးဇာချဲ့နေရင်လည်း သတိထားမိပြီး ထပ်အဖျက်ခံနေရမယ်။ အသပ်လုပြီးပြေးနေရအုံးမယ်လေ။ ဟော.. အိမ်ဘေးကမီးလင်းလာပြီ။ သူ့အိမ်လေးရဲ့ အားသာချက်ကိုက မီးလင်းနေရင် သူ့ကိုသိပ်ပြီး မမြင်ရတော့ဘူး။ ဒါ သူ့လုံခြုံမှုအတွက် အရေးအကြီးဆုံးပေါ့။ ကံကောင်းတာကတော့ သူမျှော်လင့်ထားသလိုပဲ ပြတင်းကိုလည်း ပိတ်မထားဘူး။ ဒါဆိုရင်တော့ ဒီညနေစာမှာ အကောင်းဆုံးတွေ စားရအုံးတော့မှာပေါ့။ လာပါပြီ။ အဆင်သင့်တာကတော့ သူ့အိမ်ဘက်ကို ချဉ်းကပ်လာတာလေ။ အတွေ့အကြုံအရတော့ ဖွင့်ထားတဲ့မီးဆီကို မကြာခင်ရောင်လာတော့မယ်။ သူ အသင့်အနေအထားနဲ့ စောင့်နေလိုက်တယ်။ အရေးထဲမှာမှ ဟိုဟိုဒီဒီ လျှောက်သွားမလိုလုပ်နေတယ်။ ဟော.. အချက်ပြပြီ။ သူ့ရဲ့အသိတွေလည်း နိုးကြားလာပြီ။ ဟုတ်တာပေါ့၊ စားစရာလေးက သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီကိုး။ သူ အပြေးသွားလိုက်တယ်။ ဒါပေမဲ့ အနားအရောက်မှာ စားစရာအတွက် သေချာအောင်ကြည့်လိုက်တယ်။ သူကံကောင်းပြီ။ ဒီစားစရာကို သူကောင်းကောင်းသိတာပေါ့။ ချိုဆိမ့်ဆိမ့် အရသာကိုပေးမယ်။ ဒီဟာတစ်ခုနဲ့တင် သူဒီရက်ပိုင်း အေးဆေးနေလို့ရမယ်လေ။ အော်၊ ကြောက်နေသလိုပါလား။ အင်းကြောက်သင့်ပါတယ်။ ဒါ မင်းဘဝရဲ့နောက်ဆုံးအချိန်ကိုး။ ကဲ… လာခဲ့။ မင်းရဲ့ဗိုက်ကစစားမယ်။

(၃)
ဒီနေ့တနေကုန် အလုပ်မှာလည်း ပင်ပန်းလိုက်တာ။ အလုပ်ကိစ္စတွေနဲ့ ဟိုပြေးဒီပြေးလုပ်ရ၊ အချိန်မှီ်ဆိုတာတွေကိုလည်း ပြီးစီးအောင်လုပ်ရနဲ့ ထမင်းစားချိန်ကို မရခဲ့ဘူး။ ဒီအလုပ်ကို သူမကြိုက်တာကလည်း အဲဒါတွေပါတယ်။ ဒါပေမဲ့ အလုပ်က အလုပ်ပဲလေဆိုပြီး လုပ်နေရတာပါပဲ။ ထူးခြားတာကတော့ သူ့အခန်းလေးကို သူပြန်မအိပ်ဖြစ်တာ ကြာလှပြီလေ။ အရင်တစ်ခေါက် နယ်ကအမေ လာလည်မယ်ဆိုတုန်းက အခန်းရှင်းဖြစ်တယ်။ အမေရှိနေတုန်း ဘယ်မှသဝေထိုးမနေပဲ အခန်းကိုပဲပြန်ဖြစ်နေတာ။ အမေနဲ့အတူနေဖြစ်ခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်ကတော့ သူ့အခန်းလေးဟာ တစ်ကယ်ကို အခန်းလေးတစ်ခန်းနဲ့ တူနေတာလေ။ အမေက သန့်သန့်ရှင်းရှင်း ကြိုက်တတ်မှန်းသိလို့ ကြိုရှင်းထားမိလို့သာပေါ့။ မဟုတ်ရင် အဆူခံနေရတာနဲ့ကို အမေအလည်လာတုန်း စကားကောင်းကောင်းပြောရမယ် မထင်ဘူး။

မိဘမေတ္တာဆိုတာ စုန်ရေတဲ့။ မမှားတဲ့ အဆိုအမိန့်တွေလိုပါပဲ။ ဟုတ်မှာပါ။ မိသားစုနဲ့ဟိုးအဝေးမှာ အလုပ်တွေလုပ်ရင်း ရလာတဲ့ငွေတွေကို အများတကာလို မိဘပြန်ပို့ဖို့မပြောနဲ့ တနှစ်ပြည့်လို့ အိမ်ကို ဖုန်းတစ်ခါတောင်မဆက်ဖြစ်ဘူး။ အမေကတော့ ဘာမှမပြောရှာပါဘူး။ သူ့ဆီမှာ အလုပ်တွေပါးလို့ အားမယ်မကြံလိုက်နဲ့ အပြေးရောက်လာတာပဲ။ တစ်ကယ်တော့ သူကိုယ်တိုင်လည်း အမေ့ကိုမျှော်တယ်။ အမေလာလိုက်တာနဲ့ သူ့အခန်းလေးဟာ အသက်ဝင်လာတယ်။ မနက်လင်းလာတာနဲ့ ဘယ်တော့မှ သူဂရုမစိုက်မိတဲ့ ဘုရားစင်လေးရှေ့မှာ အမေ့ရဲ့ မေတ္တာပို့သံတွေ မြိုင်ဆိုင်နေမြဲ။ အဲဒီလိုရက်တွေဆိုရင် သူ့အတွက် မနက်အစောစာက အမေနဲ့လက်ဆုံစား၊ ညနေဆို အေးအေးဆေးဆေး ရေမိုးချိုး။ ပြီးရင် အမေနဲ့အတူ ညစာကို လက်ဆုံစားပေါ့။ ဒါတောင် သူက အလုပ်ကိုချိုင့်ဆွဲသွားဖို့ကို အသည်းအသန်ငြင်းလို့သာ။ မဟုတ်ရင် အမေက အချိန်မှီ လုပ်ပေးလိုက်အုံးမှာလေ။

သတိရတယ် အမေရယ်။ တစ်ကယ်တော့ အမေ့ကို သတိရသွားစေတာက တနေ့ခင်းလုံး မိုးပြိုကျသလားထင်ရအောင် ရွာနေတဲ့မိုးကြောင့်ပေါ့။ အလုပ်ကိစ္စတွေနဲ့ အပြင်ထွက်ရတော့ စိုစိုစွတ်စွတ် ရာသီဥတုမှာ သွားလာနေရတာလေ။ မိုးကိုမကြိုက်တတ်တဲ့ မိုးနည်းနည်းလောက်မိတာနဲ့ ဖျားချင်လာတတ်တဲ့သူ့ကို မိုးရွာတဲ့နေ့တိုင်း အမေက အိမ်ဝကနေ မသိမသာ စောင့်မျှော်နေတတ်တာလေ။ အဲဒါပဲ။ ဒီနေ့မှ သူငယ်ချင်းတွေဆီ လိုက်မသွားဖြစ်ပဲ အခန်းကိုပြန်ချင်လာတဲ့ သူ့ရဲ့စိတ်က။ အခန်းလေးမှာလည်း အမေပြန်သွားကတည်းက မလှည်းမကျင်းနဲ့ ရှုပ်နေတာပဲ။ ဒါတွေကို အမေမြင်ရင်လည်း မဆုံးနိုင်အောင် ဆူခံထိနေအုံးမှာ။ ဒီအရွယ်ကြီးရောက်နေပြီ အမေကို လွမ်းတုန်းပဲလားလို့ သူငယ်ချင်းတွေသိရင် လှောင်နေကြအုံးမလားပဲ။ ဘာပဲပြောပြော ဒီညနေတော့ အမေ့ကို အပြည့်အဝ လွမ်းလိုက်အုံးမယ်ဆိုပြီး နေ့လည်စာမစားရသေးတာတောင် လမ်းမှာဝင်စားမလာခဲ့ဘူး။ အခန်းမှာ အေးအေးဆေးဆေး ရေမိုးချိုး၊ ပြီးမှ ဆိုင်မှာသွားဝယ်ပြီး အခန်းကိုယူလာမယ်။ အမေ့ကိုလွမ်းတဲ့စိတ်နဲ့ အခန်းမှာပဲစားအုံးမယ်။

အခန်းပြန်ရောက်ကတည်းက ရေချိုးရအောင်ဆိုပြီး ရေချိုးခန်းမှာ ရေရှိရဲ့လားသွားကြည့်။ အခန်းမီးတွေအားလုံးဖွင့်ပြီး ခဏတော့နားနေလိုက်သေးတယ်။ ဟိုတွေးဒီတွေးနဲ့ ရေချိုးခန်းပြတင်းလေး ပိတ်မထားမိတာကို သတိထားမိပြီး ရေချိုးခန်းကိုဝင်လာလိုက်တယ်။ အော်.. မိုးရွာထားလို့ထင်ပ ပိုးကောင်လေးတွေတောင် အလင်းရှိတဲ့ဆီဝင်လာနေကြတယ်။ ဘာရယ်မဟုတ်ဘဲ ရေချိုးခန်းမီးဆီကို ဝင်တိုးနေတဲ့ ပိုးဖလံတစ်ကောင်ကို သူကြည့်နေမိတယ်။ ဟိုနားဒီနားပျံနေရင်းကနေ မီးရောင်ဆီကိုပဲ တိုးဝင်နေလိုက်တာ။ ဟော.. ဟောဗျာ။ မီးဘေးမှာ ပင့်ကူအိမ်ရှိနေတာပဲ။ သွားပြီ ပိုးဖလံတော့ မီးမတိုးပဲ ပင့်ကူအိမ်တိုးနေပြီ။ သူတွေးနေမိတုန်းမှာပဲ ကိုပင့်ကူကတော့ ရေးကြီးသုတ်ပျာနဲ့ သူ့သားကောင်ဆီ ပြေးလာလေရဲ့။ ဟင်.. ဒါဆို ပိုးဖလံလေးကို စားတော့မှာပေါ့။ အော် အသက်တစ်ချောင်း ကယ်ကောင်းပါတယ်။ ဟာ… မဟုတ်သေးဘူး၊ ဒါသူ့အတွက် ညနေစာနေမှာပေါ့။ သူလည်းစာနေမှာ။ ဒါပေမဲ့ ပိုးဖလံကရော။ ဒီအကောင်လေးက ဘာလို့သေသင့်ရတာလည်း။ ငါကရော ဘယ်သူ့ဘက်က ရပ်တည်ရမှာလည်း။ မဟုတ်သေးဘူး၊ ဒီအဖြစ်အပျက်ကဘာလည်း။ အဖြေကရော ဘယ်မှာလည်း။

မဟုတ်ဘူး …။ ဟုတ်တယ် …။ ဒါသူ့အတွေးတွေပဲ။ နောက်တော့ သူစိတ်ရှုပ်သွားပုံပါပဲ။ ဘယ်သူ့ဘက်ကမှ မရပ်တည်ပဲ ခေါင်းကနေ ရေအမြန်လောင်းချိုး။ တနေ့လုံးဝတ်ထားတဲ့ နံစော်စော်အဝတ်တွေနဲ့ပဲ သူ့ညနေစာအတွက် ခပ်မြန်မြန်အပြင်ထွက်သွားလေရဲ့။…..။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, June 12, 2008

“ကျနော်နဲ့ သီချင်းတစ်ပုဒ်”


သီချင်းတစ်ပုဒ် ဆိုလို့ တခြားသီချင်းမဟုတ် ပါဘူး။ စန္ဒယား ဦးချစ်ဆွေရဲ့ “တိမ်တမန်” သီချင်းပါ။ မိတ်ဆွေတို့လည်း နားထောင်ဘူးမယ်ထင်ပါတယ်။ ဒီသီချင်း က ကျနော် ခပ်ငယ်ငယ် အရွယ်ကထဲက စပြီး ကြိုက်နှစ်သက်ခဲ့တဲ့ သီချင်းတွေထဲက တစ်ပုဒ်ပါ။ ကျနော်တို့ ငယ်ငယ်ကတော့ ခုလို မိုးဦးကျ၊ မိုးရာသီရောက်ပြီဆိုရင် ရေဒီယိုညနေပိုင်း အစီအစဉ်မှာ ထုတ်လွှင့်နေကျ သီချင်းလေးပါ။ မှတ်မိနေသေးတယ် မိုးဦးကျ ဆိုရင် ရာသီဥတုကလဲ အိုက်စပ်စပ်လေ။ ညနေစာ ထမင်းစားပြီးပီဆိုရင် အိမ်ရှေ့က ကပြင် (ကွက်ပျစ်) ပေါ်ထွက်ပြီးပက်လက်လေး လှန်ရင်း အိမ်နားက ဦးလေးပြူး တို့အိမ်က ဖွင့်တဲ့ ညပိုင်း ရေဒီယို အစီအစဉ်နားထောင်ရင်း နဲ့ ဒီသီချင်းကို ရင်းနှီးခဲ့တယ်လို့ ပြောရမှာပဲ။



ကျနော်တို့ဒေသမှာက ဆည်တို့၊မြောင်းတို့လဲ မရှိတော့ ဒေသတွင်းက တောင်သူလယ်သမား အားလုံးက သဘာဝရဲ့ မိုးရေကိုပဲ အားကိုးနေရတာလေ။ အတာသင်္ကြန် နှစ်သစ်ကူးပြီး ပြီဆိုတာနဲ့ တောင်သူလယ်သမားအားလုံး စိုက်ဖို့၊ပျိုးဖို့ တာစူနေကြပြီ မို့လား။ တခါတလေ..မိုးဦးကမကျသေး မိုးကျတာ နောက်ကျနေရင် တောင်သူတွေ အားလုံး လည်တဆန့်ဆန့်နဲ့ အနောက်တောင်ထောင့် ဆီကို မိုးမျှော်နေရတာ အမောသားပဲ။ အဲဒီလို အချိန် ရေဒီယိုကလဲ “တိမ်တမန်” သီချင်းလေး လွှင့် လို့၊ တိမ်ညိုတိမ်လိပ်တွေကလည်း စနေထောင့် ဆီက တဖျပ်ဖျပ်လူးနေတဲ့ လျှပ်စီးရောင်အောက်မှာ ရိပ်ခနဲ ရိပ်ခနဲ ဟန်ရေးလေး ပြလို့…. ဆိုရင်ဗျာ…။ ဘာပြောကောင်းမလဲ.. ၊တလောကလုံးနဲ့ ကျနော် တသားတည်းကျနေတယ်လို့ ကို ထင်ရလောက်အောင် ဈာန်ဝင်သွားတာဗျ။ ဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် ရေဒီယို မှာ အဲဒီသီချင်း လွှင့် ပြီးလို့ တခြားအစီအစဉ်တွေ လွှင့် နေပြီ၊ အဲဒီနောက်ထပ် အစီအစဉ်တွေ က ကျနော့် စိတ်ထဲမှာစွဲကျန်နေခဲ့တဲ့ “တိမ်တမန်” ရဲ့ သံစဉ်တွေနဲ့ တီးလုံးသံတွေ ကို မလွှမ်းမိုးနိုင်ခဲ့ဘူး။ အဲ့ဒီလောက်ထိ ဒီသီချင်း စွဲလမ်းခဲ့တာပါ။ အခုအချိန်အထိလည်း ကြိုက်တုန်းပဲဗျ။
ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဝင်လာတဲ့ အတွေးလေးတစ်ခုကြောင့် အဲ့ဒီသီချင်းကို ဆိုညည်းဖို့ တော်တော်လေး ရွံ့ (စိုးရိမ်) နေမိတယ်ဗျာ။ ဘာရယ်မဟုတ်ပါဘူး သီချင်းထဲက စာသားတချို့ ကို ကိုယ်ဟာကိုယ် တွေးမိနေလို့ပါ။ မိတ်ဆွေတို့ လည်း မှတ်မိမယ်ထင်ပါတယ်။ အဲ့ဒီစာသားလေးက “်၊ဆည်၊မြောင်း၊ချောင်း၊ကန်.ပြည့်လျှံဖြိုးရန်…မိုးလုံးမည်းမျှ မရွာစေချင်ပါသည်…။ ဆည်၊မြောင်း၊ချောင်း၊ကန်…အသင့်အမှန် ကျိုးရန် ပုလဲလုံး၊ ရွဲလုံးမက ရွာစေချင်ပါသည်..” ဆိုတဲ့ စာသားလေးပါ.။ မိတ်ဆွေတို့လည်း သိကြတဲ့အတိုင်း လေ…ခင်များတို့ ကျနော်တို့ရဲ့ ကမ္ဘာကျော် အစိုးရကြီးလက်ထက်မှာ….လက်ညိုးညွန်ရာ ရေဖြစ်စေ ဆိုတဲ့ စီမံကိန်းနဲ့ ဆောက်လာခဲ့ တဲ့ ဆည်တွေ နဲတာမှ မဟုတ်တာ။ ဒီသီချင်း ထဲက စာသားလေးကို ဆက်တွေးမိရင်……..။အောင်မလေး……။

အသစ်တွေ တည်ဆောက်တာကတော့ တည်ဆောက်တာပေါ့လေ…ဒါပေမယ့် တည်ဆောက်ပြီးသားတွေ ကို ဘယ်လိုထိန်းသိမ်း မလဲဆိုတာတော့ အများကြီး လိုအပ်မယ်ထင်ပါတယ်။ ကျနော်တွေးကြည့်မိတယ်…မြစ်တို့ ချောင်းတို့ ဆိုတာ ရေစီးနဲ့ အတူ အထက်က အနယ်အနစ်တွေ တိုက်စားလာတာမို့လား။ရှေ့မှာ ဆည်ရှိရင် ဆည်ကြမ်း ပြင်ထိ ဆိုက်ကပ်လာမယ်။ နောက် ပြီး ဆည်ကြမ်း ပြင်ကို တဖြည်းဖြည်း မြင့်လာစေမယ်။ အဲ့ဒီမှာ ဆည်ရဲ့ ပြုပြင်ထိန်းသိမ်းမှု မရှိရင် ဆည်ရေမျက်နှာပြင်ပါ မြင့်လာမယ်။ ရေမျက်နှာပြင် မြင့်လာရင် ဆည်ဘောင်ရဲ့ ခံနိုင်ရည်ကို စိန်ခေါ်လာမယ်လေ။ အဲ့ ဒီလို အချိန်မှာ ရေမနိုင်လို့ လွှတ်ချသည်ပဲဖြစ်စေ၊ ကျိုးကျသွားသည်ပဲ ဖြစ်စေ၊ အောက်ပိုင်မှာ ရေကြီးမှာတော့ သေချာနေတာပဲ.။
နောက်တစ်ချက် ထပ်ပြောပါရစေ။ မိုးပေါ်က ကျလာတဲ့ရေ ဒီအတိုင်းပဲ ချောင်းထဲ မြစ်ထဲကို တခါတည်း အရောက်ခံမှာလား။ မြေဆီလွှာထဲမှာ ကြာရှည် ထိန်းသိမ်းထားပို့ လက်ရှိ ရှိနေတဲ့သစ်တောတွေ ကို ထိန်းသိမ်းဖို့ နဲ့ နောက်ထပ် အသစ်တွေ ပြုစုပျိုးထောင်ဖို့ လူတိုင်းမှာ တာဝန်ရှိမယ်လို့ ထင်ပါတယ်။ ယခု သစ်တောတွေ ပြုန်းတီးနေတာ မပြုန်းတီးတာကို ကျနော်မပြောလိုပါ။ ပြည်သူလူထုကို အဲ့ဒါနဲ့ပတ်သက်ပြီး ဘယ်လိုပညာပေးမလဲ..။သစ်ထုတ်လုပ်သူတွေ ကို ဘယ်လိုထိန်းကွပ်မလဲ ဆိုတာ..တော့ လိုနေပါပြီ။ဘယ်လိုပဲ ဖြစ်ဖြစ် ရေကြီးတာတွေ ကာကွယ်ဖို့ သစ်တောတွေက အဓိကလိုအပ်နေပါတယ်..လို့ ပြောပါရစေဗျာ……။
ဒါလောက်ဆိုရင် ဘာကြောင့် ဒီသီချင်းကို နားထောင်ဖို့ ဆိုညည်းဖို့ ရွံ့နေတယ်ဆိုတာ မိတ်ဆွေတို့လည်း ခံစားလို့ရမယ်ထင်ပါတယ်….။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ…။
လေးစားလျှက်-
အိမ်လွမ်းသူ(မှန်နီကုန်း)


ဆက်ဖတ်မယ်ဆိုရင် ...

Monday, June 9, 2008

ရေးထိုးနေဆဲ သမိုင်း

ဆက်ဖတ်မယ်ဆိုရင် ...

သစ္စာ

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, June 7, 2008

7 July မမေ့နိုင်



ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, June 4, 2008

“ဆေးလိပ်တစ်တို ရဲ့ ကျေးကျွန်”



ယနေု့ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးနေသူ လူဦးရေ ဘယ်လောက် ရှိတယ် ဆိုတာ ကျနော်မသိပါဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံတိုင်းလိုလို ဆေးလိပ်ရဲ့ ကျေးကျွန်တွေ (သောက်သုံးနေသူ) တော်တော်လေးများတယ်ဆိုတာတော့ သေချာပါတယ်။ ကျနော်တို့ အရှေ့ တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာဆို အမျိုးသမီးတွေကအစ ဆေးလိပ်ရဲ့ကျေးကျွန် တွေဖြစ်နေတာ တော်တော်လေး တွေ့နေရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ကံအားလျှော်စွာ အမျိုးသမီး ဆေးလိပ် သောက်တဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံက အမျိုးသမီးတွေ အတွက်ဂုဏ်ယူစရာ တစ်ခုပါ။




နောက်တစ်ချက်က ကျနော်တို့ နိုင်ငံက အမျိုးသမီးတွေ ဘာကြောင့် ဆေးလိပ် မသောက်တာလဲလို့ မေးရင်တော့ “ယဉ်ကျေးမှု”ကြောင့် လို့ ကျနော်ဖြေမှာပါ။ ကျနော်တို့ နိုင်ငံမှာ အမျိုးသမီးတစ်ယောက်တစ်လေ ဆေးလိပ်သောက်တာ၊ ကွမ်းဝါးတာ၊ ဘီယာဆိုင် ထိုင်တာ စတဲ့ ယဉ်ကျေးမှုကနေ သွေဖယ်စေတဲ့ အပြုအမှုတွေ လုပ်လာပြီဆိုရင် ဘေးပတ်ဝန်းကျင်က “ဒီကောင်မ မိန်းမတန်မဲ့ ဆေးလိပ်ကြီး လက်ကြားညှပ်လို့” “ဒီမိန်းမ အရှက်ကို နဲနဲမှ မရှိဘူး” “ကိုယ့်ဟာကို မိန်းမလို့ရော သဘောထားရဲ့လား” “အဆင့်အတန်း ကို မရှိဘူး” စသည်ဖြင့် ပြစ်တင်ရှုံ့ချလေ့ ရှိပါတယ်။ ဒါဟာ ကျနော်တို့ လူမျိုးစုတွေ ရဲ့ဓလေ့ လေးတစ်ခုပါ။ မြန်မာနိုင်ငံက အမျိုးသမီးတွေ အတွက် အင်မတန် တန်ဖိုးရှိတဲ့ ဓလေ့လေး တစ်ခုလို့ ယူဆမိပါတယ်။
အဲ့ဒီလိုပဲ ကျနော်တို့ ယောက်ျားလေးတွေကိုလဲ တချို့မိဘတွေ၊ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင်ကလူတွေက ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ “ယောက်ျားလေးပဲ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ဖဲရိုက်တာ၊…..လုပ်တာ ဘာဆန်းသလဲ” စသည်ဖြင့် ပြောကြပါတယ်။ အဲ့ဒီစကားရဲ့ အကျိုးသက်ရောက်မှု (Effect) ဘယ်လောက်ထိ သက်ရောက်မှု ရှိတယ်ဆိုတာ မစဉ်းစားကြပါဘူး။ လွယ်လွယ်ပဲ ပြောလိုက်ကြတာပါ။ လူ့လောကကို ရောက်လာတဲ့ လူသားတစ်ယောက်ကို “ဟိုပစ္စည်းလေး” တတ်ပေးလိုက်တာနဲ့ပဲ မကောင်းမှု လိုင်စင်ထုတ်ပေးထားတဲ့အတိုင်း ပြောနေလိုက်ကြတာ။ အဲ့ဒီလို ဘာမဟုတ်တဲ့ စကားတစ်ခွန်းက ကျနော်တို့ နုပျိုတဲ့ ယောက်ျားလေး လူငယ်တွေ အတွက် မကောင်းမှုဆီကို တွန်းပို့စေတဲ့ တွန်းအားတစ်ခု ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။ ဘာကြောင့် ကျနော်ပြောနိုင်သလဲ ဆိုရင် ကျနော်ကိုယ်တိုင် ခံစားခဲ့ရဘူးလို့ပါ။
မှတ်မှတ်ရရ ပြောရရင် ကျနော် ၈တန်းစာမေးပွဲအပြီး နွေရာသီကျောင်းပိတ်ရက် ကာလဟာ ကလေးဘဝကနေ လူပျိုဘဝ ကို သိသိသာသာကြီး ပြောင်းလဲလာတဲ့ ကာလပါ။ ကျနော်ရဲ့ အသံကအစ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေဟာ ကလေးဘဝကို ကျောခိုင်းစပြုတဲ့ အချိန်ပါ။ အဲ့ဒီအချိန်မှာ ကျနော့် ပတ်ဝန်းကျင်က အစ်ကိုတွေ၊အစ်မတွေ၊ ဦးလေးတွေ၊ လေးလေးတွေကလဲ သတိထားမိလာပါတယ်။ ကျနော့် ကိုတွေ့လို့ ခေါ်ရင်တောင် ခါတိုင်းလိုမဟုတ်တော့ဘူး။ “လူပျိုကြီး” ဆိုတဲ့ ပညတ်ချက်လေး ကို သုံးလာပါတယ်။ သူတို့ အဲ့ဒီလို ခေါ်လိုက်တိုင်း ကျနော်က အရမ်းသဘောကျနေတာဗျ။ ကျနော့်ကိုယ် ကျနော်တောင် တကယ့်လူပျိုသိုးကြီးစတိုင် ထင်မှတ်နေမိတယ်။
အဲ့ဒီလိုနဲ့ တစ်နေ့မှာတော့ အစ်ကိုဝမ်းကွဲတစ်ရောက်ရဲ့ တဲကို(လယ်တောစောင့်တဲ့ တဲ) ကို ရောက်သွားတော့ အစ်ကိုဝမ်းကွဲတွေ စုပြီးထန်းရေ(ရည်)သောက်နေတာနဲ့ တွေ့ပါလေရော။ သူတို့ကလည်း ဘာရယ်မဟုတ် ကျနော့်ကို စချင်နောက်ချင်တာ နဲ့ ထန်းရေသောက်ဖို့ ခေါ်တယ်လေ။ အစကတော့ ကျနော် အကြောက်အကန် ငြင်းနေခဲ့တာပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ “မင်းယောက်ျား မဟုတ်ဘူးလား”“မင်းအခြောက်လား”“မင်းကတော့ မိန်းမများ သာရရင် မြင်လှသေးတယ်”(မြင်ယောင်သေးတယ်) “ယောက်ျားဆိုတာ သောက်တတ် စားတတ်ရတယ်ကွ ငါ့ညီရ” စသည်ဖြင့် သူတို့ရဲ့ စကားနာတွေ ကို ကျနော်မလွန်ဆန်နိုင်ခဲ့ပါဘူး။ အဲ့ဒီလိုပတ်ဝန်းကျင် မှာ ကျင်လည်ရင်း နွေရာသီ ကျောင်းပိတ်ရက်လဲ ကုန်လို့ ကျောင်းတွေလဲ ပြန်ဖွင့်ရော…။ မြီးကောင်ပေါက်စ အရွယ် လူပျိုကြီးဂိုက်အပြည့်နဲ့ ကျနော် နဝမတန်း ဆိုတဲ့စာသင်ခန်းဆီ ချီတက်လာခဲ့တယ်လေ။
အဲ့ဒီမှာ ကျနော်နဲ့ ပေါင်းတဲ့ သူငယ်ချင်းတွေထဲမှာ ငကျော်နဲ့ငလား က ၈တန်းလောက် ကထဲက ဆေးလိပ်ကို အစပြုခဲ့တဲ့သူတွေ ဆိုတော့ ၉တန်းလဲရောက်ရော ဆေးလိပ်ကို ဟန်ပါပါ လက်ကြားညှပ်တတ်နေပြီ။ သူတို့တတွေနဲ့ အတူ လက္ဘက်ရည်ဆိုင်ထိုင်လိုက်၊ ၈တန်း၊၉တန်း၊၁၀တန်း ကကောင်မလေးတွေကို လူပျိုလှည့်လိုက်ပေါ့လေ။ စော် ပတ်တယ်ပေါ့ ဗျာ။ ဒီလိုနဲ့ သူတို့နဲ့နေလာရင်း ကျနော် သူတို့ကိုအားကျလာတယ်ဗျ။ ကောင်မလေးတွေ ကို သွားပတ်တာတောင် ဆေးလိပ်လေး လက်ကြားညှပ်ထားရင် ပိုပြီး စတိုင် ပိုကျသလိုနဲ့ ထင်နေတာလေ။ နောက်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေးတွေကို ကိုယ်ဟာ လူပျိုတစ်ယောက်ဖြစ်လာပြီဆိုတာကို အင်မတန်သိစေချင်တာလဲ ပါတာပေါ့။ မိန်းကလေးတွေရှေ့မှာ ဆေးလိပ်သောက်ပြတာဟာ ကိုယ့်ကို လူပျိုတစ်ယောက် ဖြစ်ကြောင်း အလွယ်တကူ သိနိုင်တဲ့ သင်္ကေတတစ်ခုလို့လည်း ထင်နေခဲ့တာပါ။
နောက်ပြီး ယောက်ျားလေး တော်တော်များများ အချင်းချင်းပြောလေ့ ပြောထ ရှိတဲ့ စကားရှိ သေးတယ်။ ယောက်ျားလေးတစ်ယောက် ဆေးလိပ်သောက်တတ်၊ အရက်သောက်တတ်၊ ဖဲရိုက်တတ်၊ ……အစသဖြင့် မကောင်းမှုတွေ အစပြုလာပြီဆိုရင် “ဟာ ဒီကောင်ကိုသွား မစမ်းနဲ့ ဒီကောင်က ဆရာဖြစ်နေပြီ” ။ မကောင်းမှု့လုပ်တဲ့ နေရာမှာ “ဆရာတစ်ပါး အဖြစ်” အချင်းချင်း အသိအမှတ်ပြုတာတောင် ကျနော်အကျေနပ်ကြီး ကျေနပ်ခဲ့တာလေ။ အဲ့ဒီလိုနဲ့ ကျနော်ဟာ ဆေးလိပ်ရဲ့ ကျေးကျွန် ဖြစ်မှန်းမသိဖြစ်လာခဲ့ တာ အခုအချိန်ထိပဲလို့ ပြောရမှာပဲ။ ဆေးလိပ်ရဲ့ ကျေးကျွန်တစ်ယောက်ဖြစ်တဲ့ ကျနော် အထူးသဖြင့် ထမင်းစားပြီး ခါစ၊ လက္ဘက်ရည်သောက်တဲ့ အချိန်၊ စာအုပ်ဖတ်တဲ့အခါ စတဲ့ အချိန်တွေမှာဆိုရင် ကျနော့်ရဲ့ လက်တွေက ဆေးလိပ်ရှိတဲ့ဆီကို အလိုလိုရောက်တတ်နေပြီလေ။ဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် ကျနော်တို့ရဲ့ နေ့စဉ်မရှိမဖြစ် ပစ္စည်းတစ်ခုအဖြစ် နေရာယူခဲ့တဲ့ အထိပါပဲ။ ကိုယ်ဆီမှာ ဝယ်ပြီးသား မရှိတော့ဘူး ကုန်နေရင်လည်း နီးစပ်ရာသောက်တတ်တဲ့ သူငယ်ချင်းဆီ က တောင်းသောက်မယ်။ ဘယ်မှာမှ ရှာမရတဲ့ အဆုံး လက်ထဲမှာပိုက်ဆံမရှိခဲ့ရင်တောင် နီးစပ်ရာလူဆီက ငွေချေးပြီး ဆေးလိပ်ဝယ်ဖို့ ဝန်မလေးတော့ပါဘူးး။
ဆေးလိပ်တိုနဲ့ ပတ်သက်ပြီး အဖြစ်အပျက်ကလေးတစ်ခု ပြောပြအုံးမယ်။ ကျနော် အင်းစိန် GTI ကျောင်း၊ ဗဟိုဆောင် မှာ ဆရာဖြစ်သင်တန်း ပထမနှစ်တက်တုန်းက အဖြစ်အပျက် လေးပါ။ မိတ်ဆွေတို့ သိတဲ့အတိုင်းပါပဲ အဆောင်နေကျောင်းသားတို့ ရဲ့ သဘာဝ ဆိုတာ ညရောက်ပြီ ဆိုရင် မူးတဲ့သူကမူး၊ ဂစ်တာတီးပြီး သီချင်းအော်တဲ့သူကအော်၊ တစ်ယောက်နဲ့ တစ်ယောက် စရင်းနောက်ရင်း လုံးထွေးနေသူလည်း ထွေးရဲ့၊ အဲ့ဒီနေ့ က ကျနော်တို့ အခန်း ၉ မှာတော့ စကားဝိုင်းလေးနဲ့ စည်ကားနေတယ်လို့ ပြောရမှာပေါ့။ စကားဝိုင်းဆိုလို့ ခေါင်းစဉ်လဲ မယ်မယ်ရရ မရှိပါဘူး။ စပ်မိစပ်ရာ ကောင်းမလေးတွေ အကြောင်း၊ ကျောင်းအုပ်ကြီးကအစ ဆရာ၊ဆရာမတွေအကြောင်း ၊ ကိုယ့်အကြောင်း သူ့ကြောင်း၊ ဘာမသိညာမသိ လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကြီးကိုလည်း ဝေဖန်လို ဝေဖန်ရဲ့၊ ခြောက်တီးခြောက်ချက် နိုင်ငံရေးအကြောင်းလေးလည်း ပြောတဲ့အခါပြောပေါ့လေ။ ဆေးလိပ်လေးဖွာလိုက်၊ ရယ်လိုက်မောလိုက်နဲ့ စကားလက်စုံကျနေတာ ညဉ့်နက်မှန်းမသိ နက်လာခဲ့တာမို့လား။ စကားဝိုင်းကလဲ ညဉ့်နက်လေ ပိုမြိုင်လာလေပါပဲ။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာလည်း ပါမှာပေါ့။ အဲ့ဒီလိုနဲ့ ည၁နာရီလည်း ကျော်လာရော ပြသနာက စတော့တာပါပဲ။ စကားဝိုင်းတစ်လျှောက်လုံး ဘာတစ်ခွန်းမှပြန်မပြော၊ ပြောသမျှအားလုံးနားထောင်ရင်း တစ်ဝိုင်းလုံး လစ်ဟင်းမှု့မရှိအောင် အလှည့်ကျ အသုံးတော်ခံလာခဲ့တဲ့ ကိုရွှေဆေးလိပ်တိုလေ နောက်ဆုံးထွက်သက် အငွေ့လေးတောင် လွတ်လပ်စွာ ထွက်ခွင့်မရလိုက်ပဲ စကားဝိုင်းကို ကျောခိုင်းသွားပါပကော။ စကားဝိုင်းကလဲ စည်ကားနေတုန်း ဆီပျက်သွားတဲ့ အင်ဂျင်တစ်လုံးလို အခိုက်အတန့်တော့ ထိုးရပ်သွားတာပေါ့။
အဲ့ဒီမှာ “ဗညား” ကစပြီး ဟေ့ကောင် “ရွှင်ကြီး” ဆေးလိပ်ကျန်သေးလား။ ရှိတော့ဘူး ကွ၊ ဒါနောက်ဆုံးပဲ။ “မောင်လှိုင်”ဆီရော ဟင့်အင် ကုန်ပြီဗျ။ “ကရင်” ဆီမေးငေါ့ ပြတော့ လည်း ခေါင်းရမ်းပြတယ်။ “သထုံ” ဆီလှမ်းကြည့် တော့ လည်း အခြေအနေက မကောင်း ။ ချစ်တိုးနဲ့၊ အရှည်ကြီးတို့ကတော့ ဆေးလိပ်မသောက်ကြပေမယ့် နားလည်မှု့ရှိစွာနဲ့ စကားဝိုင်း ကို နားထား ပေးတယ်လေ။ အဲ့လိုနဲ့ “ဗညား” က လာကွာ“ ရွှင်ကြီး”မင်းနဲ့ငါ “ဖက်တီး” တို့ အခန်းဘက်သွား ဖန်ကြည့်ရအောင်ဆိုပြီး နှစ်ယောက်သား ချီတက်လာခဲ့ တာပေါ့။ ဟိုရောက်တော့ ဟိုလူ့မေး . . . မရှိ၊ ဒီလူ့မေး . . . မရှိနဲ့ “ဖက်တီး” ကုတင်လဲရောက်ရော မေးတောင် မမေးရသေးဘူး “ဟီး…ဟီး မမေးနဲ့တော့ ..ငါတောင်အိပ်ယာဝင် ဆေးလိပ် မသောက်ရလို့ အိပ်လို့ မပျော်သေးဘူး”လို့ ဆီး (ကြို) ပြောလေရဲ့။ ဒီလိုနဲ့ ဘယ်မှာမှရှာမရတဲ့ အဆုံး နှစ်ယောက်သား လူမိုက်တို့ထုံး နှလုံးမူပြီး အခန်းရှေ့က အမှိုက်ပုံးကို ကြက်ယက်သလို့ ရှာပေမဲ့လဲ ကံများဆိုးချင်တော့ အဲ့ဒီနေ့မှပဲ တစ်ဆောင်လုံး သန့်ရှင်းရေး အဒေါ်ကြီးက ရှင်းသွားလေရဲ့။ ခါတိုင်းလည်း ဒီလိုပဲ နောက်ဆုံး ဘယ်မှရှာမရရင် အမှိုက်ပုံးထဲ အရင်က စွန့်ထားတဲ့ အတိုအစ ပြန်ရှာသောက်နေကြတာ မို့လား။
အဲ့ဒီအချိန်မှာ….. ကျနော်က “ဟာ..ဟုတ်ပြီ” လဲဆိုလိုက်ရော အားလုံး မျက်လုံးတွေ လက်လာကြတယ်။ “မင်းတို့ငါတို့ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ဆေးလိပ်ရဲ့ ကျေးကျွန်ကြီးကို မေ့နေလိုက်တာ” “ဟေ့ကောင်တွေ…. ဆရာကြီးကားထဲ သွားရှာရင် မြေကြီးလက်နဲ့ ခတ်တာကမှ လွဲအုံးမယ်” လဲဆိုလိုက်ရော၊ အားလုံးဘယ်လို ဆုံးဖြတ်ရမှန်းမသိ ဖြစ်နေတယ်လေ။ မတော် ဆရာကြီးနဲ့ မိသွားရင် မလွယ်ဘူးကိုး..။ သူ့ဆေးလိပ် ခိုးသောက်တာက တစ်မှု့၊ အဆောင်မလွယ်ပေါက်က ခိုးထွက်တာကတစ်မှု့ မို့လား။ ဒါပေမဲ့ ကြာကြာစဉ်းစားမနေပါဘူး …“လာကွာ သထုံ မင်း လိုက်ခဲ့ မင်းကလူကောင်သေးတယ်..” ဆိုပြီး အိပ်ယာခင်း စောင်တစ်ထည်ယူပြီး အောက်ကို ဆင်းလာခဲ့တယ်။ အောက် ရောက် တော့ ပြတင်းပေါက်အပေါ်က မှန်လည်ကိုဖွင့် စောင်စတစ်စ ကိုအပြင်ချ၊ သထုံကို စောင်စကိုင်ပြီး အောက်ကို ဆင်းခိုင်း၊ နောက်ပြီး ဆရာကြီးကားထဲက ဆေးလိပ်ခွက်ထဲ က မီးညှိပြီးခါစ ဆေးလိပ်တိုတစ်တို ရလာတယ်လေ။ အဲ့ဒီမယ် ကားဆိုလို့ သော့ ဘယ်လိုရသလဲ မမေးနဲ့ ဗျ၊ ကျနော်တို့ ကျောင်းအုပ်ကြီးကို ဝန်ကြီး ပေးထားတဲ့ကားက သော့မပြောနဲ့ နဲနဲမြန်မြန် မောင်းရင် တခါးဂျက်က ပြုတ်ပြုတ်သွားလို့ ဆိုက်ကားသာသာလေး မောင်းလို့ ရတာ။ ဒါတောင် မနက်ခင်းဆိုရင် ကိုက်၃၀၀ လောက် ကျနော်တို့ တွန်းပေးမှ နိုးတာလေ။ ဒါကထားလိုက်ပါ စကားကြုံလို့ပါ။
စောစောကစကား ပြန်ဆက်ရရင် ဆေးလိပ်တစ်တိုနဲ့ စကားဝိုင်းလေး ပြန်အသက်သွင်းတာပေါ့ ။ အဲ့ဒီလိုနဲ့ စကားကောင်းနေလိုက်ကြတာ ၂နာရီကျော်ကျော် လဲ ရောက်ရော ပြတင်းပေါက်နားထိုင်နေတဲ့ “ချစ်တိုး”က “ဟာ..ဟေ့ကောင်တွေ….. မော်ကြီးဟ.” လို့လဲ ဆိုလိုက်ရော ပြောလက်စ စကားဘယ်ရောက်မှန်းမသိတော့ပါဘူး။ အားလုံး ကိုယ့်ကုတင်ကိုယ် ပြေးလိုက်ကြတာ တန်းနေတာပဲ။ “မော်ကြီး” ဆိုတာဘယ်သူ ဟုတ်ရိုးလဲ ..ကျနော်တို့ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမော်ထွန်းလေ။ ဆေးလိပ်တိုလေးရဲ့ အရှင်သခင်ပေါ့။ ကော်ရစ်ဒါမှာ ကားကား . . ကားကားနဲ့ အဆောင်ကို ပတ်ကြည့်နေတာလေ။ အဲ့ဒီလိုပဲ ဆရာကြီးက ညတရေးနိုးရင် အဆောင်ကကျောင်းသားတွေ မအိပ်ပဲ စကားထိုင်ပြောနေပြီး မနက်ကျောင်းပျက်မှာစိုးရိမ်လို့ အဆောင်အပေါ်ထပ်ကို တက်တက် စစ်တာလေ။ ဆရာကြီး ကျနော်တို့အခန်းရှေ့က ဖြတ်သွားတော့ အားလုံးအသက်တောင် ပြင်းပြင်းမရှုရဲ ကြဘူး။ နဲနဲလဲ ဝေးသွားရော ပါးစပ်ကို စောင်နဲ့ပိတ်ပြီး တခွီးခွီးနဲ့ ရယ်လိုက်ကြတာ ကျနော်ဆို မျက်ရည်တောင် ထွက်တယ်။
ဒီအဖြစ်ပျက်လေးက ကျနော်တို့တတွေ ပြန်တွေးမိရင် အလွမ်းပြေစရာလေးပါ။ ဒါပေမဲ့ ဆေးလိပ်ရဲ့ ကျေးကျွန်ဖြစ်သွားတဲ့ ကျနော်တို့ဟာ တလျှောက်လုံး ချစ်ကြောက်ရိုသေ ခဲ့ရတဲ့ ဆရာကြီးအပေါ်မှာ အရိုသေတန်ခဲ့ပါတယ်။ အများတကာ လိုက်နာခဲ့တဲ့ အဆောင် စည်းကမ်းကိုလည်း ချိုးဖောက်ခဲ့တယ်လေ။ အဲ့ဒြီပစ်မှုအတွက် ဒီနေရာကနေပဲ ဆရာကြီးကို ရှိခိုးဦးချ တောင်းပန်လိုက်ပါတယ် ဆရာကြီးခင်ဗျား..။
မျိုးဆက်သစ်လူငယ်များ ကျနော်တို့လို ဆေးလိပ်ရဲ့ ကျေးကျွန်၊ ဘယ်. မူးယစ်ဆေးဝါး ရဲ့ ကျေးကျွန်မှ မဖြစ်အောင် ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။….
ရွှင်လန်းချမ်းမြေ့ကြပါစေ။

လေးစားလျှက်……..
“အိမ်လွမ်းသူ”


ဆက်ဖတ်မယ်ဆိုရင် ...

ဆီမီးတိုင်



ဘုရားရှေ့ဝယ်
အငွေ့လှိုင်လှိုင် နံ့ကြိုင်ကြိုင်ဖြင့်
တစ်တိုင်ဆီမီး ထိန်ထိန်ညီးတည့်
သူ့အလျှံမှ တစ်ဖန်ကူးဘိ
သူ. ငါ. ညှိလည်း မသိလျော့ကာ
ထိန်မြဲသာတည့် . . . ။

တာတူးတို့ ငယ်သူချင်းအားလုံး ဆရာကန်တော့ပွဲ လုပ်ကြဖို့ တိုင်ပင်ကြရင်းနဲ့ တာတူးတို့ကို ပညာသင်ကြားပေးခဲ့သော ဆရာ၊ဆရာမ များကို သတိရတာနဲ့ တာတူး ၅ တန်းတုံးက သင်အံ့ခဲ့ဘူးတဲ့ ဒီ "ဆီမီးတိုင်"ကဗျာလေးကို ရေးတင်လိုက်တာပါ။ ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ ကဗျာလေး တစ်ပုဒ်ပါ။ တာတူးတို့ ၅ တန်း မြန်မာစာ ဖတ်စာအုပ်ထဲကပါ။ကဗျာရေးသားသူကိုတော့ တာတူး မေ့နေလို့ ခွင့်လွှတ်ပေးကြပါ။ သိရင်လည်း ပြောပေးကြပါ။ ကျေးဇူးတင်လျက်ပါ။

ဆရာ၊ ဆရာမ အပေါင်းကို လက်ဆယ်ဖြာ ထိပ်မှာမိုးလျက်

တာတူး

ဆက်ဖတ်မယ်ဆိုရင် ...

Monday, June 2, 2008

Funny jokes.


အလည်ရောက်လာသူတွေကို ရီစရာမောစရာလေးတစ်ချို့နဲ့ဧည့်ခံပါရစေ။
ဟိုဟို ဒီဒီမှ တွေ့ရာများကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
ဒီဟာသတွေကို ဖတ်ရင်း တစ်ချက်လောက်လေး မတော်တဆပြုံးသွားရင်ကို ၀မ်းသာလှပါပြီ။




ငါက ဒီလို ဒီလို


အမျိုးသမီး သုံးယောက် စကားဝိုင်းဖွဲ့နေကြလေသည်။
ပထမအမျိုးသမီး - ငါ့ယောက်ျားက ကာလာတီဗွီဝယ်ပေးတယ် စပီကာတွေကလည်း သိပ်ကောင်းတော့ အသံတွေလည်း ကြည်နေတာပဲ၊ သိပ်ကောင်းတယ်။ အပြင်လည်း သွားစရာမလိုတော့ဘူး၊ အိမ်မှာထိုင်ပြီး ကြည့်ယုံပဲ။
ဒုတိယအမျိုးသမီး - ငါ့ကျတော့ ငါ့ယောက်ျားက ဗွီဒီယိုပြစက်ဝယ်ပေးတာ။ အခွေတွေထိုင်ကြည့်နေယုံပဲ။ နင့်ကိုရော ဘာတွေဝယ်ပေးလဲ။ - ဟု ပြောကာ တတိယအမျိုးသမီးအားမေးလိုက်လေသည်။
တတိယအမျိုးသမီး - ငါ့ယောက်ျားက ငါ့ကို ဘာမှ ၀ယ်မပေးဘူး။ ငါနဲ့တွဲပြီး အပြင်ထွက် ရုပ်ရှင်တွေ ပြဇာတ်တွေ သွားကြည့်လို့ရသေးတယ်တဲ့။


ရှင်လောက်တော့…ဟင်း..ဟင်း…ဟင်း..

ယောက်ျားသည် ညမိုးချုပ်အိမ်သို့နောက်ကျပြန်လာပြီး မိန်းမအားပြောလေသည်
- မင်းကလေ ငါဘယ်ရောက်ခဲ့တယ်ဆိုတာ ဘယ်တော့မှလည်း မခန့်မှန်းဘူး။
- ခန့်မှန်းမှာပါ၊ ပထမဆုံး ရှင့် ဗားရှင်(version)လေး အရင်ပြောပါဦး။

အိပ်ယာက တကယ်ထချင်တာလား…


အကယ်၍ သင်သည် နိုးစက်နာရီအနီးတွင် ကြွက်ထောင်ချောက်ကို ထားပါက သင် အလုပ်သို့ အချိန်မှီရောက်ရန်အတွက် အိပ်ယာမှ စောစောထရန် လွယ်ကူပေလိမ့်မည်။

မှတ်သားဖွယ်ရာ

သောက်ဖွယ်မပါသော ပွဲတော်သည် ဓာတ်ပုံကပ်မထားသော မှတ်ပုံတင်နှင့်တူ၏။


ဆက်ဖတ်မယ်ဆိုရင် ...