Thursday, June 12, 2008

“ကျနော်နဲ့ သီချင်းတစ်ပုဒ်”


သီချင်းတစ်ပုဒ် ဆိုလို့ တခြားသီချင်းမဟုတ် ပါဘူး။ စန္ဒယား ဦးချစ်ဆွေရဲ့ “တိမ်တမန်” သီချင်းပါ။ မိတ်ဆွေတို့လည်း နားထောင်ဘူးမယ်ထင်ပါတယ်။ ဒီသီချင်း က ကျနော် ခပ်ငယ်ငယ် အရွယ်ကထဲက စပြီး ကြိုက်နှစ်သက်ခဲ့တဲ့ သီချင်းတွေထဲက တစ်ပုဒ်ပါ။ ကျနော်တို့ ငယ်ငယ်ကတော့ ခုလို မိုးဦးကျ၊ မိုးရာသီရောက်ပြီဆိုရင် ရေဒီယိုညနေပိုင်း အစီအစဉ်မှာ ထုတ်လွှင့်နေကျ သီချင်းလေးပါ။ မှတ်မိနေသေးတယ် မိုးဦးကျ ဆိုရင် ရာသီဥတုကလဲ အိုက်စပ်စပ်လေ။ ညနေစာ ထမင်းစားပြီးပီဆိုရင် အိမ်ရှေ့က ကပြင် (ကွက်ပျစ်) ပေါ်ထွက်ပြီးပက်လက်လေး လှန်ရင်း အိမ်နားက ဦးလေးပြူး တို့အိမ်က ဖွင့်တဲ့ ညပိုင်း ရေဒီယို အစီအစဉ်နားထောင်ရင်း နဲ့ ဒီသီချင်းကို ရင်းနှီးခဲ့တယ်လို့ ပြောရမှာပဲ။



ကျနော်တို့ဒေသမှာက ဆည်တို့၊မြောင်းတို့လဲ မရှိတော့ ဒေသတွင်းက တောင်သူလယ်သမား အားလုံးက သဘာဝရဲ့ မိုးရေကိုပဲ အားကိုးနေရတာလေ။ အတာသင်္ကြန် နှစ်သစ်ကူးပြီး ပြီဆိုတာနဲ့ တောင်သူလယ်သမားအားလုံး စိုက်ဖို့၊ပျိုးဖို့ တာစူနေကြပြီ မို့လား။ တခါတလေ..မိုးဦးကမကျသေး မိုးကျတာ နောက်ကျနေရင် တောင်သူတွေ အားလုံး လည်တဆန့်ဆန့်နဲ့ အနောက်တောင်ထောင့် ဆီကို မိုးမျှော်နေရတာ အမောသားပဲ။ အဲဒီလို အချိန် ရေဒီယိုကလဲ “တိမ်တမန်” သီချင်းလေး လွှင့် လို့၊ တိမ်ညိုတိမ်လိပ်တွေကလည်း စနေထောင့် ဆီက တဖျပ်ဖျပ်လူးနေတဲ့ လျှပ်စီးရောင်အောက်မှာ ရိပ်ခနဲ ရိပ်ခနဲ ဟန်ရေးလေး ပြလို့…. ဆိုရင်ဗျာ…။ ဘာပြောကောင်းမလဲ.. ၊တလောကလုံးနဲ့ ကျနော် တသားတည်းကျနေတယ်လို့ ကို ထင်ရလောက်အောင် ဈာန်ဝင်သွားတာဗျ။ ဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် ရေဒီယို မှာ အဲဒီသီချင်း လွှင့် ပြီးလို့ တခြားအစီအစဉ်တွေ လွှင့် နေပြီ၊ အဲဒီနောက်ထပ် အစီအစဉ်တွေ က ကျနော့် စိတ်ထဲမှာစွဲကျန်နေခဲ့တဲ့ “တိမ်တမန်” ရဲ့ သံစဉ်တွေနဲ့ တီးလုံးသံတွေ ကို မလွှမ်းမိုးနိုင်ခဲ့ဘူး။ အဲ့ဒီလောက်ထိ ဒီသီချင်း စွဲလမ်းခဲ့တာပါ။ အခုအချိန်အထိလည်း ကြိုက်တုန်းပဲဗျ။
ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဝင်လာတဲ့ အတွေးလေးတစ်ခုကြောင့် အဲ့ဒီသီချင်းကို ဆိုညည်းဖို့ တော်တော်လေး ရွံ့ (စိုးရိမ်) နေမိတယ်ဗျာ။ ဘာရယ်မဟုတ်ပါဘူး သီချင်းထဲက စာသားတချို့ ကို ကိုယ်ဟာကိုယ် တွေးမိနေလို့ပါ။ မိတ်ဆွေတို့ လည်း မှတ်မိမယ်ထင်ပါတယ်။ အဲ့ဒီစာသားလေးက “်၊ဆည်၊မြောင်း၊ချောင်း၊ကန်.ပြည့်လျှံဖြိုးရန်…မိုးလုံးမည်းမျှ မရွာစေချင်ပါသည်…။ ဆည်၊မြောင်း၊ချောင်း၊ကန်…အသင့်အမှန် ကျိုးရန် ပုလဲလုံး၊ ရွဲလုံးမက ရွာစေချင်ပါသည်..” ဆိုတဲ့ စာသားလေးပါ.။ မိတ်ဆွေတို့လည်း သိကြတဲ့အတိုင်း လေ…ခင်များတို့ ကျနော်တို့ရဲ့ ကမ္ဘာကျော် အစိုးရကြီးလက်ထက်မှာ….လက်ညိုးညွန်ရာ ရေဖြစ်စေ ဆိုတဲ့ စီမံကိန်းနဲ့ ဆောက်လာခဲ့ တဲ့ ဆည်တွေ နဲတာမှ မဟုတ်တာ။ ဒီသီချင်း ထဲက စာသားလေးကို ဆက်တွေးမိရင်……..။အောင်မလေး……။

အသစ်တွေ တည်ဆောက်တာကတော့ တည်ဆောက်တာပေါ့လေ…ဒါပေမယ့် တည်ဆောက်ပြီးသားတွေ ကို ဘယ်လိုထိန်းသိမ်း မလဲဆိုတာတော့ အများကြီး လိုအပ်မယ်ထင်ပါတယ်။ ကျနော်တွေးကြည့်မိတယ်…မြစ်တို့ ချောင်းတို့ ဆိုတာ ရေစီးနဲ့ အတူ အထက်က အနယ်အနစ်တွေ တိုက်စားလာတာမို့လား။ရှေ့မှာ ဆည်ရှိရင် ဆည်ကြမ်း ပြင်ထိ ဆိုက်ကပ်လာမယ်။ နောက် ပြီး ဆည်ကြမ်း ပြင်ကို တဖြည်းဖြည်း မြင့်လာစေမယ်။ အဲ့ဒီမှာ ဆည်ရဲ့ ပြုပြင်ထိန်းသိမ်းမှု မရှိရင် ဆည်ရေမျက်နှာပြင်ပါ မြင့်လာမယ်။ ရေမျက်နှာပြင် မြင့်လာရင် ဆည်ဘောင်ရဲ့ ခံနိုင်ရည်ကို စိန်ခေါ်လာမယ်လေ။ အဲ့ ဒီလို အချိန်မှာ ရေမနိုင်လို့ လွှတ်ချသည်ပဲဖြစ်စေ၊ ကျိုးကျသွားသည်ပဲ ဖြစ်စေ၊ အောက်ပိုင်မှာ ရေကြီးမှာတော့ သေချာနေတာပဲ.။
နောက်တစ်ချက် ထပ်ပြောပါရစေ။ မိုးပေါ်က ကျလာတဲ့ရေ ဒီအတိုင်းပဲ ချောင်းထဲ မြစ်ထဲကို တခါတည်း အရောက်ခံမှာလား။ မြေဆီလွှာထဲမှာ ကြာရှည် ထိန်းသိမ်းထားပို့ လက်ရှိ ရှိနေတဲ့သစ်တောတွေ ကို ထိန်းသိမ်းဖို့ နဲ့ နောက်ထပ် အသစ်တွေ ပြုစုပျိုးထောင်ဖို့ လူတိုင်းမှာ တာဝန်ရှိမယ်လို့ ထင်ပါတယ်။ ယခု သစ်တောတွေ ပြုန်းတီးနေတာ မပြုန်းတီးတာကို ကျနော်မပြောလိုပါ။ ပြည်သူလူထုကို အဲ့ဒါနဲ့ပတ်သက်ပြီး ဘယ်လိုပညာပေးမလဲ..။သစ်ထုတ်လုပ်သူတွေ ကို ဘယ်လိုထိန်းကွပ်မလဲ ဆိုတာ..တော့ လိုနေပါပြီ။ဘယ်လိုပဲ ဖြစ်ဖြစ် ရေကြီးတာတွေ ကာကွယ်ဖို့ သစ်တောတွေက အဓိကလိုအပ်နေပါတယ်..လို့ ပြောပါရစေဗျာ……။
ဒါလောက်ဆိုရင် ဘာကြောင့် ဒီသီချင်းကို နားထောင်ဖို့ ဆိုညည်းဖို့ ရွံ့နေတယ်ဆိုတာ မိတ်ဆွေတို့လည်း ခံစားလို့ရမယ်ထင်ပါတယ်….။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ…။
လေးစားလျှက်-
အိမ်လွမ်းသူ(မှန်နီကုန်း)


3 comments:

Unknown said...

သစ်တော သစ်ပင်ကို သစ်ပင်အဖြစ် မမြင်ပဲ
ပိုက်ဆံအဖြစ် မြင်နေတာ
သစ်ပင်တွေကို မခုတ်ပဲ
ပိုက်ဆံရှာလို့ရတာကို မသိတဲ့
အစိုးရ အုပ်စိုးနေသ၍
ပြည်သူတွေ ဒုက္ခပင်လယ် ဝေနေမှာ
အမှန်ပါဗျာ။

တားမြစ် ထားသော... said...

ဆည်မြောင်း ချောင်းကန်၊ သစ်တော သစ်ပင်။ အင်း... တော်ရုံအမြင်တွေနဲ့ မရဘူးထင်တယ်ဗျ။ အသေအချာကို တတ်ကျွမ်းသူတွေနဲ့ လေ့လာ၊ ပြုပြင်၊ ထိန်းသိမ်းနေရမယ်ထင်တယ်။
တတ်ကျွမ်းသူတွေလည်း လေ့လာ၊ ပြုပြင်၊ ထိန်းသိမ်းခွင့် ရနေမှကိုး။ တစ်ကယ်အရေးကြီးတဲ့ နိုင်ငံလုံးချီ၊ ကမ္ဘာလုံးချီ ပြဿနာတွေပါပဲ။
သီချင်းလေးကတော့ နားထောင်ကောင်းတဲ့ သီချင်းပဲဗျ၊ နော့။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အိမ်လွမ်းသူရေ
ကျနော်တို့ နိုင်ငံက ဆင်းရဲတော့ အဲလိုတွေးဖို့ကို အချိန်မရတာနေမယ်ဗျ။
သိတယ်မဟုတ်လား သူဌေးသမီး အသဲကွဲတာ ဇာချဲ့နိုင်ပေမယ့် ကျုပ်တို့ကတော့ တွေးအားပါဘူးတော် ဆိုသလိုပေါ့ဗျာ။ အဲလို လူပြိန်းတွေး တွေးကြတာနေမှာပါ။

ခက်တာက ခုကိစတွေက ပညာရှိတွေးကို တွေးရမယ့် အရာဗျ။ ဆက်စပ်လာမယ့် ပြသနာ နောက်ဆက်တွဲတွေက များသားလား။ တနွယ်ငင် တစင်ပါဆိုသလို ကိုးဗျာ။ ပညာတတ်ကို ချောင်ထိုးမယ်။ တော်သလား တောထဲသွားနေ။ ပြန်မပြောနဲ့ တစ်သွေးတစ်သံ တစ်မိန့် ဆိုတော့လည်း ခက်ကရောဗျို့ ။ပညာတတ်ဆိုတာတွေကလည်း မိသားစုတို့၊ အသိုင်းအ၀ိုင်းတို့ ရှိသကိုး။ အဲတော့ သူတို့လည်း စွန့်ခွာပြေးဖို့၊ ပစ်ပြေးဖို့၊ ငြင်းပယ်ဖို့ဆိုတာက ခက်တယ်လေ။ အဲတော့ သူတို့ကို လက်ညှိးထိုးပြီး ခင်ဗျားတို့ မသိဘူးလား လို့ကျုပ်တို့က ပြောရင်လည်း မစာနာရာကျမယ်ဗျာ။ အဲဒီတော့ တစ်နိုင်တစ်ပိုင်လေးပဲ လိုက်နာထိမ်းသိမ်းကြဖို့ဆော်အောရင်း တစ်စက်ချင်းမှသည် ကန်လုံးပြည့်သို့ မျှော်လင့်ကြပါစို့လားဗျာ။