နေလုံးကြီးသည် မြေကြီးထဲသို့ ညှိုးငယ်စွာ တိုးဝင်သွားပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးသည် ငြိမ်သက်လာ၏။ အမှောင်ထုသည် အေးစက်စွာ ဖြစ်ပေါ်လာလေပြီ။ အမည်မသိပိုးမွှားကောင်များသည် သဘာဝသံစုံတီးဝိုင်းကြီးဖြင့် ငြိမ်သက်နေသည့် ပတ်ဝန်းကျင်ကို အန်တုလျက်။ ညမုဆိုးများဟုခေါ်သော အမည်မသိငှက်များ၏ တောင်ပံခတ်သံများကို မကြာမကြာ ကြားနေရပြီ။ လမိုက်ညပေါင်းများစွာသည် ကျွန်နော့်အတွက် ဘာမှ မထူးဆန်းခဲ့ပေ။ လမိုက်ညများသည် ထူးပြီးဆန်းနေသည်ဟုလည်း ကျွန်နော် ဘယ်သောအခါမှ မတွေးခဲ့။ လမိုက်ညများသည် ကျွန်နော့်အတွက် ခံစားမှုတစ်ခုခုကို ပေးနိုင်ခဲ့သော ခေါင်းစဉ်တစ်ခုလည်း မဖြစ်ခဲ့ပေ။ သို့သော်……..သို့သော်……..ဤယခုညသည် ကျွန်နော့်အတွက် အမည်မသိဝေဒနာတစ်ရပ် ဖြစ်ပေါ်အောင် ဖန်တီးပေးနေလေပြီ။ ခံစားနေရသည့် ဝေဒနာက ဘာလဲဆိုတာ အတိအကျမသိ။ သေချာစွာ သိနေသည်က ယခုလမိုက်ညသည် ကျွန်နော်နဲ့ မရင်းနှီးတော့ပေ။ ငယ်ပေါင်းတွေ မဟုတ်တော့သည့်အလား သူစိမ်းဆန်လျက်။ ယခု ကျွန်နော် ရောက်နေသည့်နေရာသည် ရွာကလေးတစ်ရွာ။ တောင်တန်းကြီးတစ်ခု၏ အခြေ၌ တည်ထား၏။ ထိုရွာကလေးသည် နေရောက်ခြည်ကို ပထမဦးဆုံးရရှိပြီး ပထမဦးစွာဖြင့် စောစီးစွာ လက်လွတ်ရသည့်ရွာကလေး။ ရွာထဲရှိလူများတွင် မိရိုးဖလာ ဓလေ့ထုံးတမ်းများကို အသေဖက်တွယ်ထားသူများ၏။ လယ်ယာလုပ်ငန်း လုပ်ကိုင်ရင်း အနာဂတ်သည်လည်း ပြောင်းလဲနိုင်သည်ဟု မမြင်နိုင်သော လူများနေထိုင်ကြသည့် ရွာကလေး။ လမိုက်ညတွေကို သေသည့်တိုင်အောင် ပိုင်ဆိုင်ခဲ့သူတွေ နေထိုင်သွားခဲ့ကြသည့်နေရာ။ တိတိကျကျဆိုရသော် ကျွန်နော့်ကိုမွေးဖွားခဲ့သည့် ဇာတိချက်မြှုပ်ရာ ရွာကလေးတစ်ရွာပေါ့လေ။ ကျွန်နော်ထိုင်နေ၏။ အိမ်အတွင်းမှာပေါ့။ ကျွန်နော်ငယ်ငယ်က အဖေထိုင်နေကျသစ်သား ခေါက်ကုလားထိုင်တစ်လုံးပေါ်မှာပေါ့။ ကုလားထိုင်၏ ဘယ်ဘက်မှာ ပြတင်းပေါက်တစ်ခု။ ပတ်ဝန်းကျင်ကို စောင့်ကြည့်ဖို့ပေါ့။ ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ ကြည့်လိုက်မိသည်။ ဘာကြောင့်လဲမသိ။ အပြင်ဘက်၌ ကျွန်နော့်မျက်လုံး အနီးအနားမှာရှိသော မြင်ကွင်းများသည် မည်းမှောင်လျက်။ေ၀၀ါးလျက်။ ဘာမှမမြင်ရပေ။ သို့သော်လည်း….ဟိုးအဝေးသို့ မျှော်ကြည့်လိုက်တော့ တလက်လက်တောက်ပနေသည့် ကြယ်များကို မြင်ရ၏။ ကျွန်နော် စဉ်းစားလို့မရ။ အနီးအနား ပတ်ဝန်းကျင်ကိုမမြင်ရဘဲ ဟိုးအဝေးက အရာတွေကိုပဲ မြင်နေရသည်။ ဘယ်နှယ်ကြောင့် မြင်နေရပါလိမ့်။ သေချာတာကတော့ ကျွန်နော့်မျက်လုံးတွေ မအိုသေး။ အဖြေမသိတော့ လမိုက်ညကိုပဲ အပြစ်ပုံချလိုက်မိပါရဲ့။ ခေါက်ကုလားထိုင်၏ အရှေ့မှာ ကျွန်နော်ငယ်ငယ်က စာထိုင်ဖတ်ခဲ့သည့် လေးချောင်းထောက် သစ်သားစားပွဲတစ်လုံး။ စားပွဲပေါ်မှာ ရှိနေသည်အရာက ရေနံဆီမီးခွက်ငယ်လေးတစ်လုံး။ မှိတ်တုတ်မှိတ်တုတ်ဖြင့် ကျွန်နော့်ကိုမမှတ်မိဘဲ ဖြစ်နေတာလား။ ဒါမှမဟုတ် ကျွန်နော် အပြစ်ပုံချတာကို သိနေတာလားမသိဘူး။ သူက ကျွန်နော့်မျက်နှာကို မှိတ်တုတ်မှိတ်တုတ်နဲ့ တဖျတ်ဖျတ်ကြည့်လို့။ ဒါကြောင့် “မင်းတာဝန်ကျေပါတယ်ကွယ်”လို့ ကျွန်နော် မလုံမလဲ တိုးတိုးလေး ပြောလိုက်မိ၏။ ကျွန်နော်ထိုင်နေသည့်နေရာ၏ ညာဘက် လက်တစ်ကမ်းအကွာမှာ အမေသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ၀ါဝါ၊ ဖြူဖြူပန်းပွင့်များကို သပ်ထားသည့် အုန်းလက်အကြောတံတစ်ခုဖြင့် ကောက်သီလျက်။ အမေ့နံဘေးတွင် ကျွန်နော့်ညီမ၊ ပန်းပွင့်များကို ရိုးတံဖြင့် ကောက်သီရင်း တိတ်ဆိတ်လို့။ အမေနှင့်ညီမအကြား ခြေတံရှည်ရှည် ဆီမီးခွက်ငယ်လေးတစ်လုံး။ သူလည်းတိတ်ဆိတ်လို့။ အမေတွေးနေမှာပေါ့။ မနက်ကျရင် ဘုရားပန်းကပ်မယ့် ပန်းတွေမညှိုးအောင် ရေဖြန်းထားရဦးမယ် ဆိုတာကိုပေါ့။ ညီမလေးလည်း တွေးနေမှာပေါ့။ အမေ ဘုရားဆွမ်းကပ်ဖို့ မနက်စောစေထပြီး ထမင်းချက်ရမယ်ဆိုတာမျိုးကိုပေါ့။ မီးခွက်ခြေရှည်လေးလည်း တွေးနေမှာပေါ့။ တစ်ခုခုပေါ့။ တစ်ခုခုအကြောင်းပေါ့လေ။ အမေထိုင်နေသည့်နောက်ကျောဘက် တစ်လန်ကျော်ကျော်အကွာမှာ အိမ်ဦးဘုရားစင်။ ပန်းတွေဝေလို့။ မီးတွေထိန်လို့။ မီးခိုးတွေထူလို့။ ဘုရားစင်၏အောက်ခြေမှာ ထိုင်နေသည်က အဖေ။ ဘုရားစင်ပေါ်မှ ရေနှံဆီမီးခွက်၏အလင်းရောင်ကို အားပြုပြီး အလုပ်တွေရှုပ်နေသည်။ အဖေ့အရှေ့မှာ အရောင်ပြယ်နေသည့် ယွန်းကွမ်းအစ်တစ်လုံး။ ကွမ်းအစ်နံဘေးမှာ ခပ်ညစ်ညစ်စာအုပ်တစ်အုပ်။ ထိုစာအုပ်အပေါ်မှာ အသံ တက်လိုက်ကျလိုက်မြည်နေသည့် ရေဒီယိုတစ်လုံး။ အဖေသည် တချက်တချက် အမေ့ကို လှမ်းမေးလျက်။ တချက်တချက် ကျွန်နော့်ကို စကားလှမ်းပြောလိုက်နဲ့။ ကွမ်းယာကို ကိုယ်တိုင်ယာလျက်။ ရေနံဈေးတွေတက်နေသည့်အကြောင်း ပြောနေကြသည်ကို နားထောင်လျက်။ တချက်ချက်ပေါ့လေ။ တချက်ချက်ပေါ့လေ။ ကျွန်နော် အိမ်ပေါ်သို့ ပြန်ရောက်နေသည်မှာ ယခုညနဲ့ဆို နှစ်ညရှိပြီ။ သို့သော် မှောင်မည်းသော ညများ၊ လမိုက်ညများသည် ကျွန်နော့်ကို သူစိမ်းတစ်ယောက်လို ဆက်ဆံတုန်း။ ကျွန်နော် အိမ်လေးနဲ့ ခွဲခွာခဲ့တာ အတော်ကြာခဲ့သောကြောင့်လား။ ခွဲခွာနေခဲ့ရသည့်အချိန်အတွင်း လမိုက်ညများမရှိသည့်မြို့ပေါ်သို့ ကျွန်နော် ရောက်ရှိသွားခဲ့သည်ကို သိနေလို့လား။ ……………….. “လမိုက်ညများမရှိသည့်မြို”့။…………………………………. ဒီလို ကျွန်နော် ခေါ်လိုက်ရသည့်အကြောင်းကတော့ ကြည့်လိုက်သည့်နေရာတိုင်း မီးများထိန်လင်းလျက်။ အလင်းရောင်များလွှမ်းမိုးလျက်။ နေရာတိုင်း၊ အချိန်တိုင်းပေါ့လေ။ မှောင်မှဲနေသည့် အချိန်ဆိုလို့ ကျွန်နော့်မျက်လုံးများပိတ်သွားပြီး အိပ်မောကျသွားသည့်အချိန်ပဲရှိမည်။ မီးရောင် သို့မဟုတ် အလင်းရောင်ကို မမြင်ရပါဟု ပြောလို့ရသည်။ ရေနှံဆီမီးခွက်ဆို ဝေလာဝေး။ ညဆိုသည်မှာ အာရုံထဲက မေ့ပျောက်လျက်။ အချိန်တိုင်းသည် ကျွန်နော့်အတွက် လင်းကျင်းလျက်ပေါ့။ ထိုမြို့ပေါ်မှာ အတော်ကြာကြာနေထိုင်ခဲ့သည်။ အလုပ်လုပ်ရင်း ၀မ်းဝရေး အတွက်ပေါ့။ သေချာတာကတော့ ကျွန်နော့်ရွာလေးဆီ စိတ်အမြဲရောက်လျက်ပေါ့လေ။ ငယ်ငယ်က လမိုက်ညဆိုသည်မှာ ကျွန်နော့်အတွက် မထူးဆန်းခဲ့။ ယခု ထူးဆန်းနေလေပြီ။ လမိုက်ညများသည် ကျွန်နော့်ကို စိန်ခေါ်နေတာလား။ ဒါမှမဟုတ် မနှစ်မြို့တော့တာလား။ ကျွန်နော်ကပဲ လမိုက်ညများကို ဖယ်ရှားဖို့ သင်ကြားတတ်မြောက်ခဲ့သည့် အတတ်ပညာကြောင့်လားမသိ။ သေချာသည်က လမိုက်ညများကို ကြည့်ရင်း ကျွန်နော် ဖယ်ရှားပစ်ချင်နေပြီ။ အကြောင်းပြချက်ဘာလဲဟု မေးလာခဲ့လျှင် ကျွန်နော် ရေရေရာရာ မဖြေချင်တော့ပါ။ သို့သော် …. အတင်းအကျပ် မေးလာခဲ့လျှင် အမေကိုလည်းကောင်း၊ အဖေကိုလည်းကောင်း၊ ညီမကိုလည်းကောင်း၊ ရေနံဆီမီးခွက်ငယ်ကိုလည်းကောင်း၊ ထိုသို့သော “လည်းကောင်း” တွေအများကြီး ခေါင်းစဉ်တပ်ထားရသည့် သူတို့အကြောင်းတွေကို ပြောပြရတော့မည်။ “……….ဒေါက်ဒေါက်ဒေါက်………ဒေါက်ဒေါက်……………” တစ်စုံတစ်ယောက် တံခါးကို ခေါက်နေသည့်အသံသည် ကျွန်နော့်နားထဲ ကျယ်လောင်စွာ တိုးဝင်လာခဲ့သည်။ “………..ဘယ်သူလဲကွ………………..” ဟု ပါးစပ်ဖွင့် အော်မေးရင်း မျက်လုံးနှစ်လုံးကိုပါ ဖွင့်လိုက်မိသည်။ “အ…………………………………………………………………….” စူးရှသော အလင်းရောင်များ မျက်လုံးထဲသို့ အရှိန်ပြင်းစွာဝင်လာသည်။ မီးအလင်းရောင်များကို မုန်းသည်။ အမြဲတမ်းလင်းနေသည့် အခန်းမီးများကို မုန်းသည်။ “…………အလုပ်သွားဖို့ အချိန်ရောက်ပြီကွ………………..” တဲ့ ။ သြော်………သူငယ်ချင်းက အလုပ်သွားဖို့ လာနှိုးတာကိုး။ ခုနက ရွာကိုရောက်သွားခဲ့သည် မဟုတ်ပါလော။ “…..သြော်……….ငါ အိပ်မက်မက်နေပါလား……….” ။.....................။ မင်းရဲရှင်
Friday, May 20, 2011
အိပ်မက်
ခံစား၊ ဝေမျှ၊ တင်ပြသူက မင်းရဲရှင် at 8:23 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မင်းရဲရှင်, အားယူနေဆဲ အဖူးအပွင့်များ
Monday, February 16, 2009
the way I don't wanna
မိတ်ဆွေတစ်ယောက်က တင်ပေးစေချင်တယ်ဆိုပြီး ပေးလာတဲ့စာလေးတစ်ပုဒ်ပါ။ ကောင်မလေးတစ်ယောက်ရဲ့ ခံစားချက်ကို ပုံဖော်ဖို့ ကြိုးစားထားတယ်ထင်တယ်။ ဖတ်ကြည့်ကြပါခင်မျာ။ ပြောစရာပေါ်လည်း ပြောသွားနိုင်ပါတယ်။
သုခမိန်။ ။
မဆုံတွေ့ချင်တဲ့ အလွဲ
သူနဲ့ကျွန်မစတွေ့ ခဲ့စဉ်တုန်းက သူနဲ့ကျွန်မနဲ့ကြားမှာ အလွဲတွေများလိုက်မယ်လို့ထင်မထားခဲ့မိဘူး…
သူနဲ့ကျွန်မစဆုံခဲ့တာက မြန်မာပြည်အပြင်ဖက်က နိုင်ငံတခုမှာပါ…
သူတို့ရောက်လာတဲ့အချိန်မှာ ကျွန်မတို့က ပရောဂျက်တွေနဲ့အလုပ်ရှုပ်နေခဲ့တဲ့အချိန် …
သူနဲ့ကျွန်မတွေ့ ခဲ့တဲ့အချိန်လေးက ၁၀ ရက်ကျော်ကျော်လေးပါပဲ…
ကျွန်မမြန်မာကိုပြန်ရောက်တော့လည်း အဆက်အသွယ်ရှိနေခဲ့ပါတယ်…
သူပြန်ရောက်လာတော့ အဆက်အသွယ်မပြတ်ခဲ့ပေမဲ့ တယောက်တနေရာစီဆိုတော့မဆုံဖြစ်ခဲ့ကြဘူး….
သိပ်မကြာပါဘူး ကျွန်မလည်းသူရှိနေတဲ့မြို့ကို ပြောင်းရတယ်…
ကျွန်မရောက်တဲ့နေ့မှပဲ သူကျွန်မကိုလာတွေ့ခဲ့တယ်…
ကျွန်မမျှော်လင့်မထားခဲ့တာ အမှန်ပါ…
ကျွန်မတာဝန်ကျတဲ့ဌာနက တနေ့တနေ့အလုပ်တွေရှုပ်ပြီး အမြဲ အချိန်ပိုဆင်းရတဲ့ဌာန…
သူကလည်းထူးမခြားနားပါပဲ…
ဘယ်အချိန်အားမယ်… ဘယ်နေ့အားမယ်ဆိုတာ ပြောလို့မရ…ခန့်မှန်းလို့မရ…
သူညနေအားလို့ဖုန်းဆက်ရင် ကျွန်မကအလုပ်တွေနဲ့ ပြန်မရ…
ကျွန်မအားလို့သူဆီ့ဖုန်းဆက်တော့ ဖုန်းပြောဖို့တောင်အချိန်မရ…
နေ့လည်ခင်းမှာဖုန်းဆက်ပြီး ညနေတွေ့ဖို့ချိန်းထားခဲ့ရင်တောင် ရုံးဆင်းခါနီးမှအလုပ်ပေါ်လာလို့ သူမပြန်နိုင်တာနဲ့… ကျွန်မကပြန်လို့မရတော့တာနဲ့… လွဲပြန်ရော…
အစကသူနေတဲ့နေရာနဲ့ ကျွန်မနေတဲ့နေရာက လမ်းလျှောက်သွားရင်(၅) မိနစ်တောင် မကြာဘူး…
ကျွန်မရောက်ပြီးတလလောက်အကြာမှာပဲသူက တခြားတနေရာကို အဆောင်ပြောင်းရတယ်…
စနေ၊တနင်္ဂနွေဆိုလည်း ကျွန်မက အချိန်ပိုဆင်းရတာများလို့… တလမှာရှားရှားပါးပါးအားတဲ့ရက်က (၁) ရက်တောင်မရှိချင်ဘူး…
တရက်တလေရုံးမှာ အချိန်ပိုမရှိလို့ရှားရှားပါးပါးအားတော့ သူက ခရီးထွက်နေတာနဲ့… သူနဲ့ကျွန်မ မဆုံဖြစ်ကြတာများပါတယ်….
ကျွန်မလည်း အချိန်ပိုမရှိလို့ ရှားရှားပါးပါးအားတယ်…. သူကလည်းခရီးကပြန်လာပြီဆိုပြီး ဖုန်းဆက်ထားရင်တောင် ကျွန်မမှာမျှော်ရတာပဲမောတယ်…
သူကပြန်ရောက်တာနဲ့အလုပ်တွေရှုပ်ပြီး … ကျွန်မဆီကိုရောက်မလာနိုင်တာပဲများပါတယ်…
ကျွန်မတို့ကြားမှာအလွဲတွေဘယ်လောက်တောင်များခဲ့လည်းဆိုရင်… စနေ၊တနင်္ဂနွေနေ့မျိုးမှာ ကျွန်မက ညနေပိုင်းမှာ အချိန်ပိုဆင်းရလို့ တမနက်ခင်းလုံးအဆောင်မှာရှိနေပြီး နေ့လည်မှာအဆောင်ကထွက်ခဲ့ရင် ကျွန်မအဆောင်ကထွက်တာနဲ့ သူကအဆောင်ရောက်နေပြီ…
ကဲ….လွဲပုံများ….
ကျွန်မတို့လွဲခဲ့တာက ကျွန်မတို့သူငယ်ချင်းတွေကြားမှာ ပြောစမှတ်ကိုဖြစ်နေခဲ့တယ်… ခုထိလဲလွဲနေတုံးပါပဲ… ကျွန်မက လုပ်ငန်းလိုအပ်ချက်အရ ကျွန်မတာဝန်ထမ်းဆောင်နေရတဲ့မြို့နဲ့ တခြားတမြို့မှာ တလှည့်စီနေရမယ်ဆိုတော့ ခါတိုင်းက ကျွန်မတာဝန်ထမ်းဆောင်ရမဲ့မြို့ကို ခဏခဏသွားနေရတဲ့သူက ခရီးထွက်ဖို့နေနေသာသာ လက်ရှိတာဝန်ကျနေတဲ့မြို့မှာတောင် အပြင်ထွက်ရဖို့မပြောနဲ့ ဖုန်းခေါ်လို့တောင်မလွယ်တဲ့အခြေအနေတဲ့…
ကဲ… တမြို့ထဲနေတဲ့ (၅) လတာအချိန်လေးမှာ (၅)ကြိမ်တောင်ဆုံဖို့မလွယ်ခဲ့တဲ့ သူနဲ့ကျွန်မ ရှေ့ဆက်လို့ဆုံနိုင်ပါ့မလား….
တကယ်တန်းကျတော့ သူလည်းကျွန်မလိုပဲ အလွဲတွေကိုသတိထားမိနေပါပြီ…
အလွဲတွေထဲက တကြိမ်လောက်သာဆုံခွင့်ရခဲ့မယ်ဆိုရင်…
ခရေ (11.2.09/7:40am)
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 5:18 PM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အားယူနေဆဲ အဖူးအပွင့်များ
Monday, November 17, 2008
homesick!
အိမ်ပြန်ချင်တဲ့ အလွမ်းတွေ
ဒီအချိန်ဆိုရင် ကျွန်တော်တို့ဆီမှာတော့ ပွဲတော်ရက်တွေပေါ့ဗျာ။ အိမ်နဲ့ခွဲခွာလာရတာ ကြာတော့လည်း လွမ်းမိသလားဆိုတာထက် အရမ်းသတိရတာက ပိုပါတယ်။ အခြေအနေတွေအရ အိမ်နဲ့ဝေးရာမှာ ငွေလာရှာနေရတာ။ အရင်ကတော့ ရောက်ပြီဆိုရင် ကိုယ်နဲ့အဆင်ပြေမဲ့အလုပ်ကိုလုပ်၊ ငွေစု တဖြည်းဖြည်းနဲ့ အရင်းအနှီးလေးရလာရင် ကိုယ့်ရပ်ကိုယ့်ရွာပြန်မယ်။ ရင်းနှီးစားသောက်မယ်ပေါ့။ ရောက်လာတော့လည်း ရှာရင်းသုံးရင်း ကုန်နေတာပါပဲ။ ဒါတောင် သူများတွေလို ဝတ်ဝတ်စားစား နေတာမဟုတ်ဘူး။ တတ်နိုင်သလောက် ချွေတာတယ်။ ချွေတာတယ်သာ ပြောရတာပါ။ ရောက်လာတော့ ဒီမှာလိုပဲနေရင်းကနေ လူက ငွေသုံးတတ်လာတယ်ထင်တယ်။ ရောက်ခါစတုန်းကလို ငွေက လောက်လောက်ငငမရှိဘူး။ အိမ်ကိုပြန်ပို့တယ်ဆိုတာကလည်း ခုဆိုရင် လူကြုံရှိမှ၊ တစ်ခါတစ်လေမှလို ဖြစ်နေပါပြီ။
အမေ့ကိုလည်း သတိရတယ်။ အပေါင်းအသင်းတွေကိုလည်း သတိရတယ်။ ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်ချစ်သူမဟုတ်သူကိုလည်း သတိရတယ်။ ကိုယ့်ရပ်ကိုယ့်ရွာက ပွဲတော်တွေ၊ ဓလေ့တွေကိုလည်း သတိရတယ်။ တစ်ခါတစ်လေ အိမ်ထမင်းအိမ်ဟင်းနဲ့ အမေ့လက်ရာလေးတွေကိုလည်း သတိရတယ်။ သတိရတယ်။ သတိရတယ်ဗျာ။ ဒီမှာက အိမ်ထမင်း အိမ်ဟင်းဆိုရင်တော့လည်း ဟုတ်နေသလိုလို။ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ပြီး စားနေရတာကိုး။ ဒါမှလည်း ဝင်ငွေထွက်ငွေက မျှမှာ။ တစ်ခါတစ်လေ မတွေ့တာကြာတဲ့ အပေါင်းအသင်းတွေ မအားတဲ့ကြားက ကိုယ့်ဆီရောက်လာရင် အပြင်သွားပြီး ဆိုင်မှာ စားစားသောက်သောက် လုပ်တာတော့ ရှိတာပေါ့။ အသောက်ဆိုလို့ ဒီမှာက အလုပ်ပြီးသွားပြီဆိုရင် အခန်းကျဉ်းလေးမှာ တစ်ယောက်တည်း ပျင်းနေတတ်တော့ နည်းနည်းသောက်ဖြစ်တာပေါ့ဗျာ။ အမေ့ကိုတော့ အသိမပေးရဲပါဘူး။ အိမ်ကို စကားပြန်ရောက်သွားနိုင်တဲ့ အပေါင်းအသင်းတွေဆိုရင်လည်း ကြိုတားထားရတယ်။ အဝေးကနေ အမေ့ကို စိတ်ညစ်အောင် မလုပ်ချင်တော့ဘူးလေ။
အလုပ်သွားရှာမယ် ပြောကတည်းက စိတ်မချတတ်တဲ့အမေ။ ဒီလိုပတ်ဝန်းကျင်မှာ အဆင်မှပြေပါ့မလားလို့ သားအတွက် တွေးပူတတ်တဲ့အမေ။ အဖေကတော့ အားပေးတယ်။ ဒီမှာဆက်နေရင် ဝေလေလေနဲ့ ပျက်စီးမယ်တဲ့။ နောက်ပြီး ရှာရခက်တဲ့ငွေနဲ့ ဘဝဆိုတာကို ဒီလိုမှ တန်ဖိုးထားတတ်မှာတဲ့။ သွားဆိုပြီး တစ်ခွန်းတည်းပြောခဲ့တာ။ မင်းဘဝကို မင်းတိုးတက်အောင်လုပ်။ တိုးတက်ရာကို ရှာနိုင်တဲ့နေရာတဲ့။ ခုတော့လည်း စိတ်က မတိုးတက်ချင်တော့ပါဘူးဗျာ။ မွန်းကျပ်တဲ့ လူနေမှုစရိုက်တွေ၊ ရင်းနှီးမှုမရှိတဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ အံဝင်ခွင်ကျ ဖြစ်မလာပါဘူး။ ပျော်နေလားဆိုတော့လည်း ပျော်နေသလို။ ပြန်ချင်လားဆိုတော့လည်း ပြန်ချင်တယ်။ ပြန်ရောက်ရင်လည်း ထူထူထောင်ထောင်ဖြစ်နေချင်တာ။ သွားမှာလားဆိုတော့လည်း သွားချင်သလိုလို၊ မသွားချင်သလိုလို… …“ဟေ့ကောင် - မင်းမသွားရင်ငါသွားမယ်။”
“ဒီကောင် - သွားမှာပါ။”
“ဟကောင် - ဟိုမှာ ခရီးသည်က စောင့်နေရပြီ။”
“ဟင်.. အင်း၊ အင်းအင်း။ အော်.. အမ၊ လာတက်တက်။ ဘယ်ကိုသွားမှာလည်း။ သံလွင်လမ်းထိပ်ပဲမဟုတ်လား။”
“ $_#@%\\--@ ”
“ဟိုဘက်ထိ ပို့လို့ရရင် ပို့ပါတယ်အမရယ်။ အနှေးယာဉ် မဝင်ရလေ၊ အမရဲ့”
ဟူး.. တော်ပါသေးရဲ့ ဒီတစ်ခေါက်ရလိုက်ရင် အုံနာကြေးရပြီ။ ဂိတ်ပြန်ရောက်မှပဲ အေးဆေး အိမ်လွမ်းအုံးမယ်။ အင်း… အေးဆေးပြန်ငိုက်အုံး မယ်ပါလေ။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 7:57 PM 9 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ဝတ္ထုတို, သုခမိန်, အားယူနေဆဲ အဖူးအပွင့်များ
Sunday, October 19, 2008
I really dislike U, MR.
“မမ”အတွက် ချစ်ခြင်းပါတဲ့ အမုန်း။
ကျွန်တော်ရဲ့ ခံစားချက်အပိုင်းအစတွေကို “မမ”ကတော့ သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ “မမ”ရေ ကျွန်တော့်ရဲ့ ချစ်မိတ်ဆွေတစ်ဦးဆီမှာ “မမ”အကြောင်းကို ရင်ဖွင့်ချင်မိတာ သက်သက်လေးပါ။ “မမ”နားလည်နိုင်မယ် ထင်ပါရဲ့။ တစ်နေရာကနေများ “မမ”ကြားနိုင်ခဲ့ရင်၊ ကျွန်တော့်ရင်ဖွင့်သံတွေကို နားဆင်နိုင်ခဲ့ရင်၊ နားလည်ပေးစေချင်တာ။ ဒါအရိုးသားဆုံးနဲ့ ကျွန်တော့်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေထဲက တစ်ခုအပါအဝင်ပေါ့။
“မမ”ကို မတွေ့တာကြာပြီ ပြောချင်ပေမဲ့ တတ်နိုင်သလောက် အဝေးဆုံးမှာ ကျွန်တော်နေခဲ့တာပါ။ ကျွန်တော်ဝန်ခံရမှာပါပဲ။ “မမ”ရဲ့ ပတ်ဝန်းကျင်၊ အပြုအမူတွေ၊ နောက်ပြီးတော့ “မမ”မှာက ဘာမဟုတ်တဲ့ကိစ္စ ကျွန်တော့်မှာတော့ ရင်နဲ့အမျှတွေလေ။ ဒါတွေကြောင့်ပေါ့ “မမ”ရေ။ အဝေးတစ်နေရာကနေ “မမ”ရဲ့ ကြည်နူးစရာဘဝကို မသိမသာပဲ ကျွန်တော် ရောင်ပြန်ဟပ်ခဲ့တာပါ။ အချစ်ကြီးသူတွေက အမုန်းကြီးတတ်သတဲ့ “မမ”ရယ်။ ကျွန်တော်ကတော့ အမုန်းတွေကို တတ်နိုင်သလောက် ဖြေဖျောက်ပါတယ်။ အမုန်းဆိုတာ ကမ္ဘာကိုပျက်သုန်းစေသတဲ့လို့ မပြောချင်ဘူး၊ အမုန်းကိုသာရင်ဝယ်ပိုက်ကြည့် အမုန်းက ရင်ခွင်ကိုစားသုံးပြီး ပိုင်ရှင်ကိုယ်တိုင် ပျက်သုန်းတတ်စေတာလေ။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။
အကြောင်းပြချက်တွေ သိပ်မပေးပါနဲ့၊ ဘဝဆိုတာ ဂျီသြမေတြီ ပုဒ်စာတစ်ပုဒ်မှ မဟုတ်တာတဲ့။ ကျွန်တော်နှစ်သက်လို့ မှတ်မိနေတဲ့စကားပေါ့။ “မမ” – “မမ”ကိုတွေးကြည့်စေချင်တာပါ။ စကားတစ်ခွန်းကိုတောင် နှစ်သက်လို့ မကြာခဏသတိရစေတယ်ဆိုရင် “မမ”အပေါ်မှာရှိတဲ့ ကျွန်တော့်ရဲ့ ချစ်ခင်နှစ်သက်မှုကို ဘာမှ သက်သေပြစရာမလိုတော့ပါဘူး။ ဟိုး.. ငယ်စဉ်ကလေးဘဝကတည်းက “မမ”ရဲ့ဖမ်းစားမှုမှာ ကျရှုံးနေပြီးသားလေ။ ဘာမဟုတ် ညာမဟုတ် အရုပ်ကလေးတွေကိုတောင် တစ်ကယ့်“မမ”လိုပဲ ခံစားမိခဲ့တာ။ ပထမဆုံး “မမ”ကိုထိတွေ့ခွင့်ရတဲ့နေ့က ဘဝမှာ ခဏတာကြီးကျယ်သွားခဲ့မိသေးတယ်။ “မမ”ရဲ့ဘဝထဲကို ဘာမှနားမလည်တတ်သေးတဲ့ ပါမွှားလေးကျွန်တော် စီးဝင်လို့ ပျော်ခဲ့ဘူးလေရဲ့။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။
မုန်းဖို့ကြိုးစားရင်း မေ့ဖို့ကြိုးစားရင်း ရင်မှာပိုပို သတိရလာတယ်တဲ့။ ဇော်ဝင်းထွဠ်ရဲ့ သီချင်းအပိုင်းအစ ကျွန်တော့်အတွက် ဖြစ်နေရပြီ။ “မမ”ကိုမုန်းကြောင်းပြောမယ်ဆိုမှ ချစ်ခဲ့ဖူးတာတွေကိုပဲ ပြန်သတိရနေမိပြန်တယ်။ ကျွန်တော့်ရဲ့ ကျောင်းသားဘဝတစ်လျှောက် “မမ”နဲ့ ထိတွေ့ဖူးတာလေးတွေ။ ကျောင်းပိတ်ရက်တိုင်းရဲ့ အကောင်းဆုံးအဖော်လို့ ကျွန်တော်တွေးခဲ့တာ မှားတော့ မမှားခဲ့ပါဘူး။ မေမေ့ရင်ခွင်ပြန်တိုးချင်လို့ မြို့ငယ်လေးကို အပြေးပြန်တိုင်းမှာ “မမ”နဲ့အတူ ရင်းနီးခဲ့ဘူးတာတွေဟာ ပျော်စရာအတိတ်တွေပါ။ ကြည့်လိုက်စမ်းပါ “မမ”ရယ်။ ပြန်တွေးရင်းအခု ကြည်နူးမှုတို့ စီးဝင်နေတာများ မုန်းဖို့တောင် ခက်လှချည်ရဲ့။ အချိန်ကိုစီးနင်းရတော့ ကျွန်တော် စကားတတ်သွားတယ်ထင်ပ။ “မမ” – “မမ”ကိုပြုပြင်လို့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ကျွန်တော်မြင်ချင်လွန်းလှတယ်။ တစ်ကယ်မြင်ချင်တယ် “မမ”ရယ်။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။
မုန်းတယ်“မမ”ရေ။ တစ်ကယ်ကိုမုန်းတယ်။ မုန်းလွန်းလို့ ဝေးဝေးကိုတောင် ရှောင်ပုန်းခဲ့ပါတယ်။ တိုက်ဆိုင်တဲ့ ဒီတစ်ရက် ကျွန်တော် “မမ”ဆီကို ပြန်ဆင်းသက်ခဲ့ရတယ်။ ဘာလို့လည်း“မမ”ရယ်။ ဘာလို့ ကျွန်တော်တို့ထိတွေ့မှုက မနွေးထွေးတာလည်း။ ဘာလို့ စိတ်ရှိတိုင်း“မမ” ပျက်စီးနေရတာလည်း။ မကောင်းဘူး“မမ”ရယ်။ “မမ”မကောင်းဘူး။ ကျွန်တော်အရင်လို မနှစ်သက်တော့ပေမဲ့ ချစ်ခင်လျှက်ပါ။ ဝေးဝေးမှာနေရင်း “မမ”ရဲ့တိုးတက်မှုကိုမကြားမိတာလို့ ထင်နေတဲ့ ကျွန်တော့်ရဲ့စိတ်တွေ ပြုတ်ကျကုန်ပေါ့။ အချိန်တွေဆိုတာ “မမ”ဆီမှာနယ်ကျွံလို့ မျဉ်းကွေးတစ်ခုနဲ့ စကြဝဠာအပြင်များ ထွက်သွားလေသလား။ လူလူချင်းဆိုတဲ့ ယဉ်းကျေးမှုကိုရော “မမ”မသိကျိုးကျွန်ပြုနေနိုင်တယ်။ နွမ်းပါးမှုကို လက်ညိုးမထိုးချင်ပါနဲ့လား။ အဆင်ပြေတဲ့ အဖြေတစ်ခု အမြဲရှိနေတတ်တာပဲဟာ။ ဘယ်လိုပြောပြော ကျွန်တော် “မမ”ကိုမုန်းတယ်။ မစွန့်ပယ်ချင်တဲ့ အမုန်း။ ချစ်ခြင်းဖွဲ့အမုန်းတွေပါ။ “မမ”များကြားသိနိုင်မယ်ဆိုရင် ကျွန်တော်လေ “မမ”ကိုပြုပြင်စေချင်လိုက်တာ။
ဟုတ်တယ်“မမ”၊ အချိန်တွေလမ်းလျှောက်တော့ ကျွန်တော့်စကားတွေ “မမ”အတွက် အဆိပ်လိုတောက်ချင်နေတယ်။ ကဲထားတော့လေ၊ နော်။ ကျွန်တော့်မိတ်ဆွေကို ကျွန်တော်စကားပြောလိုက်အုံးမယ်။
သုခမိန်။…..။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 8:39 PM 10 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အားယူနေဆဲ အဖူးအပွင့်များ
Saturday, August 9, 2008
တနေ့တာ
မမြင်ရသေးတဲ့ ရောင်နီဦးနဲ့အတူ ကျနော်တစ်ယောက် နိုးထလို့လာခဲ့ပြီ။ အလင်းရောင်ကို မမြင်ရသေးပေမယ့် အမှောင်ရယ်လို့ မထင်ခဲ့ဘူး။ သူမရဲ့အကြည့်တွေက အလင်းရောင်ကိုဖြိုခွင်း တစ်ကမ္ဘာလုံးကို လင်းလက်စေခဲ့တယ်လေ။ တနည်းအားဖြင့် ကျနော့်ဘဝကို မမှောင်စေခဲ့ဘူး။ (မလင်းပေမယ့် မမှောင်ခဲ့ပါ။ မှောင်နေပေမယ့် လင်းလက်နေခဲ့ပါတယ်။)
ကျနော့်ရဲ့တစ်နေ့တာခရီးကိုစတင်ဖို့ ကမ္ဘာလောကကြီးနဲ့ အရင်ဆုံးမိတ်ဖွဲ့ခဲ့တယ်။ တစ်နေ့တာ ဆိုပေမယ့် တစ်နေ့တာတွေပေါင်းလိုက်ရင်တော့ ဘဝရယ်လို့ ဖြစ်လာပြီးပေါ့။ ဘာတစ်ခုမှ မတည်မြဲတဲ့ ဘဝတွေမှာ တည်မြဲနေတဲ့ နိယာမတွေကို လိုက်ရှာကြည့်ပါ။ အမှားတွေမတည်မြဲသရွေ့ အမှန်တွေ ကလည်း တည်မြဲနေမှာမဟုတ်ပါဘူး။ အဓိက ကတော့တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူ ရှိနေကြဖို့ပါပဲ။ သွားလေရာအမြဲပါတတ်တဲ့ အရိပ်တွေလို စိတ်တွေကို အသိနဲ့ထိန်းချုပ်၊ မသိစိတ်ကို မြင်အောင်ကြည့်ပြီး ကမ္ဘာလောကကြီးနဲ့ ညှိယူလိုက်ရင် တည်ငြိမ်အေးဆေးတဲ့ ဘဝလေးတွေ ပိုင်ဆိုင်ရမှာ မလွဲပါဘူး။
ခံစား၊ ဝေမျှ၊ တင်ပြသူက တောကြောင် at 1:59 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အားယူနေဆဲ အဖူးအပွင့်များ, တောကြောင်
Sunday, July 20, 2008
“ ပေးဆပ်သူတို့ နှလုံးသား ”
အချိန်အားဖြင့် အရှေ့ကောင်းကင်ပြင်မှာ လင်းအာရုဏ်၏ ရှေ့တော်ပြေး ရောင်နီဦးဟာ နုရာမှသည် ရင့်ရာသို့ တဖြေးဖြေး ပြောင်းလဲလျှက်ရှိနေပါတယ်…..။ ညလုပ်သား ညဉ့်ငှက်တွေက လည်း အိပ်တန်းဆီကို ခြေဦးလှည့်ဖို့ကြိုးစားနေကြတဲ့ အချိန်ပေါ့ ။ လင်းကြက်တို့ရဲ့ တွန်သံသည်လဲ စဲစပြုနေပြီလေ..။ နောက်ပြီး မိုးရိပ် မိုးငွေ့လေးတွေ ဆွတ်ဖျန်းထားတဲ့ နံနက်အာရုဏ်၏ လေပြေညှင်းလေးကလည်း အေးမြခြင်း၊ နုညံ့ခြင်း၊ သာယာခြင်းတွေကို ဆောင်ကျဉ်းလျှက် ပတ်ဝန်းကျင်တစ်ခုလုံးအား တိုးတိတ်ညင်သာစွာ တိုးဝှေ့ရင်း လူးလွန့်တိုက်ခက်လျှက် ရှိနေပြန်တယ် ..။ အဲ့ဒီလို ပတ်ဝန်းကျင်တစ်ခုလုံးမှာ အသံဆိုလို့…. “တောကျောင်း” က တုံးခေါက်သံနှင့် အနောက်ရပ်က 'ဖိုးလေးလောစံ'ရဲ့ ဘုရားဝတ်ပြုသံ ကလွဲပြီး အရာရာဟာ ပကတိအတိုင်း ငြိမ်သက်လျှက်..။
ဒါပေမဲ့….။
များမကြာမှီမှာတော့ ……အိမ်တိုင်းအိမ်တိုင်းဆီက ရေနံဆီမီးခွက်ရဲ့ မှုန်ပြပြအရောင် ကလေးတွေ လက်လာကြသလို. ယောက်ျားသားတွေရဲ့ နွားမောင်းသံ၊ လှည်းကသံ၊ နွားခြူသံ၊ တွေက ပတ်ဝန်းကျင်ကို စတင်အသက်ဝင်အောင်.. လှုပ်နှိုးလိုက်တယ်လေ..။ အဲ့ဒီလိုပဲ… အိမ်ရှင်မတွေရဲ့ အိုးသံ၊ခွက်သံတွေကလည်း နေ့တစ်နေ့တာရဲ့ တစ်ခန်းရပ် အတွက် ပိတ်ကားကိုဖွင့်လှစ်ရန် သံစဉ်၊တီးလုံးတီးကွက်တွေနဲ့ တစ်မျိုးတစ်ဖုံ ဖော်စပ်နေသည့် ဟန် .ပေါ့.လေ။ အဲ့ဒီလိုပတ်ဝန်းကျင်လေးထဲ ကမှ “ဟဲ့ .. ကောင်လေး… နင့်အဖေကဖြင့် နွားကဖို့တောင် လုပ်နေပြီ။ ထတော့ ဟဲ့..။” ဆိုတဲ့ မိခင်ဖြစ်သူ 'ဒေါ်ဦး' ရဲ့အသံကြားမှ “ဖိုးထွန်း” တစ်ယောက် အိပ်ယာမှ လူးလွန့် ထလာခဲ့တယ်…လေ.။ နောက်ပြီး မျက်နှာကို ကမန်းကတမ်းသစ်ပြီး လယ်ထွန်လိုက်ဖို့ “ခမောက်” “ဓါးမ” “ဘွဲ့ကြိုး” “ထွန်ညှင်းကွင်း” “ဂျဖျာ” (နွားရိုက်ကြိမ်လုံး) အစသဖြင့် ဝန်စည်စလွယ်တွေကို ကပြာကယာ ယူပြီး ဖခင်နှင့်အတူ လယ်တောဆီသို့ ထွက်လာခဲ့တာ..ပေါ့. .။ဒါပေမဲ့… အဲ့ဒီလိုပဲ နေစဉ်နဲ့ အမျှ လယ်တောဆီကို ထွက်လာခဲ့တိုင်း “ဖိုးထွန်း” တစ်ယောက် စိတ်နဲ့လူနဲ့ မကပ်တာတော့ သေချာပါတယ်။ ဤလိုဖြစ်အောင်လည်း အကြောင်းကဖန်ခဲ့တယ်မို့လား။ အကြောင်းဖန်ဆို……ဟိုတလော ည ဆီကပေါ့….။ မိသားစု စုံညီနေတဲ့ ညနေစာ ထမင်းဝိုင်းလေးမှာ မိဘနှစ်ပါးရဲ့ မဖြစ်မနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က 'ဖိုးထွန်း' ရဲ့ ရောင်စုံစီနေတဲ့ စိတ်ကူးထဲက အနာဂါတ်တွေ တစ်စဆီ ရိုက်ချိုးလိုက်သလို ဖြစ်ခဲ့လို့ပါပဲ။ 'ဖိုးထွန်း' ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေခဲ့တဲ့ အချိန်လေးပေါ့..။အဲ့ဒီ တုန်းကပေါ့..... ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို ပြောလိုက်တဲ့စကားလုံးတွေက မယုံကြည်နိုင်စရာ..ပါပဲ။ ဒါပေမဲ့ သေချာမှုတစ်ခုကို လက်ခံလိုက်ရတဲ့ အချိန်မှာတော့….။စားလက်စ ထမင်းလုပ်ကလေး သည်လည်း ရင်ထဲမှာ တင်းကျပ်ပြည့်နစ် နေတဲ့ ဒေါသတွေ၊ ဝမ်းနဲမှုတွေ၊ သောကတွေ၊ မကျေနပ်ချက်တွေ က မျိုမကျစေခဲ့ တာတော့ အမှန်ပဲလေ..။ 'ဖိုးထွန်း' မှမဟုတ်ပါဘူး မိသားစုဝင်အားလုံး စိတ် မချမ်းမြေ့ ခဲ့တာပါ။ အဲ့ဒီတုန်းက
အဖေတို့ အမေတို့ ပြောနေတဲ့ စကားသံတွေက အခု(ယခုအ)ချိန်ထိ နားထဲမှာ ပဲ့တင်ထပ်နေတုန်း..ပါပဲ ။
“ဟဲ့..မိဦး… ငါတို့ ဒီနှစ်က စီးပွားရေးကလဲ ကျပ်တယ်။ နင့်မှာလဲ နောက်ထက် ကိုယ်ဝန်က ရနေပြန်ပြီ.။ ထမင်းချက်တာတို့ အိမ်လုပ်ငန်းလုပ်တာတို့ ကတော့ 'မိမဲလေး' ဈေးရောင်းပြန်မှ လုပ်ရင်လဲဖြစ်တယ် ထားအုံး..။ဒီနွားမတွေ ကျောင်းဖို့နဲ့ ကုန်းထဲလယ်ထဲ (ယာထဲလယ်ထဲ) လုပ်ရမှာက ငါတစ်ယောက်ထဲ မဖြစ်သေးဘူးထင်တယ်နော်.."။
" ဒါဆို….. ‘တော်’ က ဘာလုပ်ချင်လို့လဲ.."။
"ငါစဉ်းစားနေတာ ဟ။ အခုဆိုရင် 'ဖိုးထွန်း' လေးလဲ လေးတန်းအောင်ပြီဆိုတော့ ရေးတတ်ဖတ်တတ်နေပြီပဲ.။ နွားကျောင်းလေးရရ ထွန်နောက် လိုက်လေးရရ ကျောင်းထွက်ခိုင်းရင် ကောင်းမလားလို့ လေ."။
"ကျုပ်ကတော့ ဘယ်သူ့မှ.. ကျောင်းတော့ မထုတ်ချင်ဘူးတော်ရေ့.။ ကျုပ်တို့ဟာ ကျုပ်တို့ ဖြစ်အောင် ရုန်းချင်တာပဲ.."။
" အေးလေဟာ… ငါလဲ ဘယ်ထုတ်ချင်ပါ့မလဲ ဟ။တကယ့် တကယ် ကောက်စိုက်ချိန်တို့၊ ပြောင်းချိုးချိန်တို့ ရောက်ရင် နင်လဲ ကိုယ်ဝန်ကရင့်နေပြီ..၊ အလုပ်ကလဲ ပြိုင်ကျလာမှာ ။ လူငှား (သူရင်းငှား)ငှားခိုင်းရအောင်လဲ ကိုယ့်မိသားစု ဝမ်းစာတောင် အနိုင်နိုင် လုပ်နေရ တာ .။ ဘယ်လိုလုပ်ပြီး ငှားမလဲ။ ငါလည်း ကိုယ့်သားသမီးကို ဘယ်လိုလုပ်ပြီး ဆင်းရဲတွင်းထဲ …………ဆိုပြီး….." 'ဦးလွန်း' တစ်ယောက်လဲ အသံတိမ်ဝင်သွားလေရဲ့..။
'ဒေါ်ဦး' တစ်ယောက်လည်း ဘာစကားသံမှ ထက်ပြီး ထွက်ကျမလာနိုင်အောင် ကို…….ရင်နင့်စွာ ခံစားနေရပါတယ်။ခံစားဆို….. သူကိုယ်တိုင်နကန်းတလုံးမှ မသိခဲ့တဲ့ 'ဒေါ်ဦး' …ဘာကိစ္စ၊ ညာကိစ္စ၊ လက်မှတ်ထိုးဖို့ ကြုံလာတိုင်း လက်မှတ်ထိုးရန်နေရာမှာ တုန်တုန်ချိချိနဲ့ ကြက်ခြေခက် ကိုဖြောင့်အောင်မခက်တတ်တဲ့ 'ဒေါ်ဦး' …ရင်ထဲမှာ အမြစ်တွယ်နေတာကတော့ “ငါ့သားသမီးတွေ…. ငါ့လို မဖြစ်စေရဘူး…..” “ငါ့ သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်ကို ဖြစ်ရမယ်….” “ငါ့တို့လို ဆင်းဆင်းရဲရဲ နွားနဲ့ ဖက်ရုန်းရမယ့် အထဲမှာ ငါသားသမီးတွေ မပါစေရဘူး… ”လို့ အမြဲတမ်း စိတ်ထဲက ကြုံးဝါးခဲ့တဲ့ “ဒေါ်ဦး” တစ်ယောက် …။ဟော့ ..အခုတော့…ထမင်းလုပ်တွေ ရှေ့မဆက်နိုင်တော့ ပါဘူး..။ စိတ်ထဲက ချမှတ်ခဲ့တဲ့ သန္နိဋ္ဌာန် စကားလုံးတွေက မေးခွန်းပေါင်းများစွာအဖြစ် အသွင်ပြောင်း တားမနိုင်၊စည်းမရ ထွက်လာခဲ့တဲ့ အဖြေက မျက်ရည်တွေ လေ..။ခါတိုင်းဆို … အင်မတန်မှ စိုပြေနေတဲ့ ထမင်းဝိုင်းလေး အခုတော့ အသက်မဝင်တော့ ဘူး.ပေါ့.။
အကြီးမ'မိမဲလေး' တုန်းကလဲ မိခင်ဖြစ်သူ ကလေးတွဲလောင်းနဲ့၊ ထမင်းချက်လိုက်ရ၊ လယ်တောသွားလိုက်ရ၊ စိုက်ရပျိုးရနဲ့၊ အားရတယ်မရှိလို့ …နောက်ဆုံး မနေနိုင်တဲ့ အဆုံး သူဟာသူ ကျောင်းထွက် ပစ်လိုက်တာလေ။ အဲ့ဒီအချိန် တုန်းကတော့ .. သမီးမိန်းကလေး ဖြစ်နေတာက တစ်ကြောင်း၊ သူတစ်ယောက်ကျောင်းထွက်ပြီး အိမ်ကို ကူရင်တော့ ကျန်တဲ့ အငယ်တွေ ရှေ့ ဆက်နိုင်လောက်ပါတယ်လို့ ထင်နေခဲ့တာက တစ်ကြောင်း ဆိုတော့ ဘာမှ မပြောခဲမိဘူးလေ။ ဟော့…အခုတော့ ..ဆိုရှယ်လစ်စနှစ်ရဲ့
စီးပွားရေး ကပ်ဆိုးက ငါ့သားသမီးတွေကို အသက်ကလေး နုနုနယ်နယ်နဲ့ လုပ်ငန်းခွင်ထဲ အတင်း စတေးခိုင်းနေ ပါပကော…. လား။ အကြီးမ 'မိမဲလေး' လေးမှာလည်း
ကျောင်းကနေထွက်လိုက်ပြီ ဆိုကတည်းက … ကနေ့ထိ (ယနေ့ထိ)နားရတယ်မရှိဘူး…။ တစ်မိသားစုလုံးစာ ထမင်းချက်လိုက်ရ၊ အားရင်အားသလို ရာသီအလိုက် မုန့်ဖက်ထုပ်လေး ရောင်းလိုက်ရ၊ ပြောင်းဖူးပြုပ်လေး ရောင်းလိုက်ရ၊ ပေါင်းသင်း (ကောက်ညှင်းကျည်တောင့်) ချိန် ပေါင်းသင်း၊ ခေါစီ(ခေါပုပ်) ချိန် ခေါစီ၊ ဟော့….ဈေးတောင်းနဲ့ ခေါင်း ဓါတ်၊နာမ်များ ပဏ္ဍာသင့်နေသလား အောင့်မေ့ရတယ်…။ မြို့ထဲ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ နေပူစပ်ခါး၊ ခြေတိုအောင်လှည့်ရောင်းနေရတာ ကို..တောင်.. မကြည့်ရက်ပါဘူး..ဆိုနေမှ.ဟော အခု လာပြန်ပြီ နောက်ထပ် သားတစ်ယောက် လောကရဲ့ စစ်တလင်းပြင်ဆီ အတင်းစစ်ချီခိုင်း. နေပြန် ပါရော့..လား။
'မိမဲလေး' ကတော့ အငယ်နှစ်ကောင် 'ဝင်းအောင်' 'ဝင်းမောင်' ကို ထမင်းခူးကျွေးနေလေ ရဲ့..။ အငယ်ဆုံးကောင် 'ဝင်းမောင်' ကတော့ ကျောင်းနေဖို့ တစ်နှစ်လောက်လိုသေးတယ်..။ အထူးသဖြင့် 'ဝင်းအောင်' လဲ အစ်ကိုဖြစ်သူ ကျောင်းထွက်ရ တော့မယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတာ အပြင်၊ အားလဲငယ်မိတာ ပေါ့..။ ခါတိုင်းနှစ်တွေ ဆိုရင်တော့ ညီအစ်ကိုနှစ်ယောက် အတူကျောင်းသွား၊ အတူကျောင်းပြန် မို့လား။ နောက်ပြီး ကျောင်းမှာ ဘေးတစိမ်းတွေနဲ့ ရန်ဖြစ်ရင်တောင် အစ်ကို 'ဖိုးထွန်း'က အမြဲတမ်း ကူနေကြလေ..။ အစ်ကို 'ဖိုးထွန်း'ရှိနေရင် ဘယ်သူမှလဲ ရန်မစရဲဘူး မို့လား။ အခုတော့ ကိုယ်အားကိုးနေရတဲ့ အစ်ကိုတစ်ယောက် ပညာရေးရဲ့ လမ်းခုလပ်မှာ ညီဖြစ်သူတွေ ကို အားပေး၊လက်ပြရင်း ကျောင်းတော်ကို ကျောခိုင်းသွားလျှက်…. နောက်မျိုးဆက် အခက်မတွေ့ရအောင် ပခုံးပြောင်းထမ်းဖို့ ပြင်နေပြီလေ.. ။
'ဖိုးထွန်း' တစ်ယောက်လဲ…မိဘတွေကို ဘာတစ်ခွန်းမှ ပြန်မပြောလိုတော့…။ ပြောနေလို့ရော… ပြဿနာက ပြေလည်လာစရာ အကြောင်းမရှိ။ ရင်ထဲမှာတော့ တင်းကျပ် ပြည့်နစ်နေတော့ ထမင်းစားနေတဲ့ လက်တစ်ဘက်လဲ ပန်းကန်ထဲကနေ မခွာတော့ပါဘူး..။ သက်ပြင်းအကြိမ်ကြိမ်ချရင်း “ဒီလို ဆင်းရဲတဲ့ မိသားစုမှာ လူဖြစ်လာရတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား…၊” “ဒီလို အခြေအနေဆိုးတဲ့ မိသားစုရဲ့ စီးပွားရေး အကြပ်အတည်း က ဘာဖြစ်လို့ ငါရဲ့ ကံကြမ္မာကိုမှ လာခိုရတာလဲ…” “ဒါမှမဟုတ် လူ့လောကကို ရောက် မလာ သေးတဲ့ အမေ့ဗိုက်ထဲက ရင်သွေးလေးကပဲ ဒီကြမ္မာဆိုးကို ငါတို့မိသားစုဆီ သယ်ဆောင် လာလေ သလား ..” 'ဖိုးထွန်း'တစ်ယောက်မှာတော့ ဘာတစ်ခုမှ ဝေခွဲလို့မရ…။ရင်ထဲမှာ ဗလောင်ဆူပြီး ပွက်အံကျလာတဲ့ မျက်ရေတွေကတော့
တသွင်သွင်…။ နောက်ဆုံး ရှေ့ခရီး မဆက်နိုင်တော့ တဲ့ ထမင်းပန်ကန် နွားစာလောင်းထဲ သွန်ပြီး စိတ်ပြေရာ ပြေကြောင်း ကပြင်(အိမ်ရှေ့ ကွပ်ပျစ်) ဆီကို ထွက်လာခဲ့တယ်.မို့လား။
အော် အခုတော့…… 'ဖိုးထွန်း' တစ်ယောက် လယ်တောရောက်လို့ လယ်ထဲကိုဆင်းတဲ့ အထိ အတွေးစကမပြတ်..သေးဘူး။ စိတ်နဲ ခန္ဓာကင်းကွာနေသလိုပါပဲ…။ ကိုယ်ဟာကို ဘဝင်မကျ ဖြစ်နေတဲ့ 'ဖိုးထွန်း' ရဲ့ မျက်နှာပြင်လိုပဲ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း အပြိုင်အဆိုင် အုံ့ဆိုင်းညို့မှိုင်း လျှက်.လေ။ မိုးကလဲ တစ်ချက်တစ်ချက် ဖွဲဖွဲလေးရွာလိုက်၊ ရပ်သွားလိုက်နဲ့ 'ဖိုးထွန်း' ရဲ့ တအုံနွေးနွေးခံစားနေတဲ့ ခံစားချက်ကို အသက်ဆက်ပေး နေသလား အောင့်မေ့မိပါ ရဲ့။ လယ်ကွင်းစပ်က ပေါက်ပင်ပေါ်မှာတော့ “ဗျိုင်း” သုံး၊လေး ကောင် လယ်ထွန်လိုက်တဲ့ အခါ တဖျပ်ဖျပ်လူးပြီးပေါ်လာမည့် “ငါး”ကလေး “ဖား” ကလေးများကို ထိုးသုတ်ကြဖို့် တီးတိုး တိုင်ပင်နေကြသလို..။ ညောင်ပင်ပေါ်က “ကြက်တူရွေး” တစ်အုပ်ကလဲ …..တ “ကလိ့” “ကလိ့ ” နဲ့ ပတ်လည်ဝိုင်းနေတဲ့… ပြောင်းခင်းရှင် တွေကို ခြိမ်းခြောက်နေကြ လေရဲ့..။အရှေ့ဘက်နားဆီမှာတော့ 'ဖိုးလေးကင်း' တစ်ယောက် လေ ကလေး တချွန်ချွန်နဲ့ မြေပဲခင်းထဲ ပေါင်းသင်ရင်း အလုပ်ရှုပ်နေတာကို တွေ့နေရပါတယ်။တခါတလေ အနောက်ဘက်ထန်းပင်ခံ(လယ်)လျှို ဆီမှ 'ဥိးလေးတင်ညွန့်' ရဲ့ သူ့ “နွား” တွေကို စိတ်တိုင်း မကျတိုင်း ဆဲသံ ဆိုသံကလည်းံ တစ်ချက်တစ်ချက် ကြားရတတ်သေးတယ်.. လေ။ နောက်ထပ်တစ်ဖုံ သဲကောကြီးတိုက် (လယ်ကွင်းနာမည်)ဆီမှ 'လေးကြင်မြိုင်' ရဲ့ ဘောက်အဖွဲ့ ကောက်ဆိုက်သမများ ကလည်း သီချင်းဆိုလိုက်ကြ၊ တစ်ခါတစ်ခါမှာတော့ “ဟေး….” တိုက်လိုက်ကြနဲ့ “လယ်”ကွင်းပြင်က “ဇတ်”တလင်းပြင် ကလဲ တစ်မျိုးလေး စွဲညွတ်စရာ…မို့လား။ ဒါပေမဲ့ ဘယ်လောက်ပင် ပတ်ဝန်းကျင်က အခြေအနေတွေ လှည့်ဖြားးလှည့်ဖြား 'ဖိုးထွန်း' ရဲ့အာရုံကို မဖမ်းစားနိုင်ခဲ့ပါဘူး။ 'ဖိုးထွန်း' ရှေ့မှာ ဦးဆောင် ထွန်နေရှာသော ဖခင်ဖြစ်သူ 'ဦးလွန်း' မှာတော့ သားဖြစ်သူရဲ့ ခံစားချက်ကို အမှုမဲ့ အမှတ်မဲ့ မို့ မသိရှာပေ။ ပြီးဆုံးသွားသော ပုံရိပ်တစ်ခုကို မေ့မေ့ပျောက်ပျောက်ပါပဲ…။
ကာယကံရှင် 'ဖိုးထွန်း' မှာတော့ ……“အင်း …. မနှစ်တုန်းက ငါတစ်နှစ်လုံးဝတ်ခဲ့တဲ့ ကျောင်းစိမ်းလုံချည်လေးနဲ့ အင်္ကျီဖြူလေး..အခု ဘာညွန်ကြားချက်စာတစ်စောင်မှ မလိုပဲ ညီဖြစ် သူရဲ့ခါးပေါ် အလိုလို ရောက်သွားပြီ …” “မူလတန်း တစ်လျှောက်ပခုံးက မခွာခဲ့တဲ့ “လွယ်အိတ်” ကလေး ကလည်း အခုဆိုရင် ပခုံးပြောင်းသွားပြီ..။” နောက်ပြီး “ညနေတိုင် အလုပ်သိမ်းလို့ လယ်တောကပြန် အိမ်ရောက်တော့လည်း မြင်တွေ့နေရတဲ့ လွယ်အိတ်ကလေး၊ အင်္ကျီဖြူနဲ့ ကျောင်းစိမ်းလုံချည် လေးတွေက သခင်ဟောင်းကိုပဲ ပြန်လည်တမ်းတနေ သယောင်ယောင်…” “ဟော အခုဆို ညနေစားလို့ပြီးရင် လုပ်စရာက ဗလာနတ္ထိပါဆို…အရင်တုန်းက စာကြည့်ရင် အမြဲထွန်းနေကျ ရေနံဆီမီးကွက်လေး
ကလည်း ဝါကျင့်ကျင့် အလင်းရောင်အောက်ကနေ ဘယ်ညာ လူးလွန့်ရင်း လှောင်ပြောင်နေသလား အောက်မေ့ရပြန်ရော့…..။” အဲဒီလိုပဲ ပတ်ဝန်းကျင်ရဲ့ မြင်မြင်သမျှဟာ ဘဝင်မကျ စရာတွေ ဖြစ်နေခဲ့တာပေါ့..။ အဲ့ဒီလိုနဲ့… နွားနှစ်ကောင်ရဲ့ သယ်ဆောင်ရာကို ကျိုးနှစ်ချောင်းကိုင်လိုက်နေတဲ့ ..'ဖိုးထွန်း'တစ်ယောက် အတွေးတွေ နယ်ချဲ့နေလိုက်တာ ရှေ့ကထွန် နေတဲ့ ဖခင်ရဲ့ “ဟဲ့ … ကောင်လေး…….. လယ်ကန်သင်းရိုးနားရောက်ရင် ထွန်တုံးအစွန်ကို လူကနင်းပြီး နုတ်ခမ်းသားတွေ ထွန်တုံးနဲ့ ရစ်ရစ်ချဟဲ့…ဒါမှ “လယ်” မကော မှာ…ငါ့သားရဲ့….” ဆိုပြီး သုံးလေးခါ လှည့်လှည့်ပြောမှပဲ သတိပြန်ဝင် လာခဲ့တာ မို့လား….။ ..။
အင်း…. ဘယ်အရာမှ အစိုးမရတဲ့ လောကကြီးမှာ ရာသီစက်ဝိုင်းအလီလီ ပြောင်းလာလိုက်တာ အဲဒီအချိန်တုန်းက 'ဖိုးထွန်း'က အခုဆိုရင် 'ဦးဖိုးထွန်း' ဖြစ်နေပြီ လေ။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်ကလေး. က မနေ့တစ်နေ့က လိုပါပဲလား..။အင်း…….!!! အဲဒီတုန်းက လူလောကကိုမရောက်သေးတဲ့ အမေ့ဗိုက်ထဲက ညီလေးတောင် အခု နိုင်ငံခြားမှာ အလုပ်လုပ်နေပြီပဲ..။ ဟိုတစ်နေ့က အမေတို့အိမ်ကို သွားလည်ရင်း သူ ဖုန်းဆက်တာနဲ့ကြုံလို့ စကားခဏ ပြောလိုက်ရသေးတယ်။
“အစ်ကို နေကောင်းလား…။ အဆင်ရော ပြေလား…။ အခုဘာတွေ စိုက်ပြီးပြီလဲ..။ လယ်တွေရော ရေရနေပြီလား…” အစသဖြင့်…ညီဖြစ်သူတွေဆီက “ပီရဝါစာ” ချစ်ဖွယ်သောစကား လေးတွေ ကြားလိုက်ရတာနဲ့ပဲ…… မိမိအတွက် အရာရာဟာ ဘာမှ မပြောပလောက်တော့ ပါဘူး…။ ဘာပဲဖြစ်ဖြစ် “ငါ့သားသမီးတွေ ကိုတော့ ငါတို့မိသားစုလိုမဖြစ်ရအောင် ကြိုးစားနေတာပဲ လေ..” အင်း…ထိုင်ပြီး တွေးနေလို မဖြစ်သေးပါဘူး..။ ထွန် နားထားတာ တောင် ကြာနေပြီ..ပဲ… ..။ နွားတွေလဲ နေပူ လှပြီ…ဒီတစ်စပ်ကလေးတော့ စပ်အောင်ထွန်လိုက်အုံး….မှ…။….။
စာရှု့သူအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ။ ။
အိမ်လွမ်းသူ (မှန်နီကုန်း)
ခံစား၊ ဝေမျှ၊ တင်ပြသူက အိမ်လွမ်းသူ(မှန်နီကုန်း) at 7:56 AM 11 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အားယူနေဆဲ အဖူးအပွင့်များ, အိမ်လွမ်းသူ (မှန်နီကုန်း)
Wednesday, July 2, 2008
The Killer
သေနတ်သမား
သူ ရုတ်တရက်နိုးလာတော့ သူဘယ်သူလဲဆိုတာမသိဘူး၊ အဲ ဘာကိစ္စ ဒီလက်နက်ပစ္စည်းစက်ရုံထဲ ရောက်နေသလဲဆိုတာ နားမလည်ပါဘူး။ ကိုယ့်နာမည်ကိုတောင်မမှတ်မိ၊ ဘာတွေများလုပ်နေမိပါလိမ့်။ ဘာဆိုဘာမှကို မမှတ်မိပါဘူး။
စက်ရုံကအတော်အတန်ကြီးပါတယ်။ ပစ္စည်းတပ်ဆင်ရေးလိုင်း၊ ကွန်ဗိုင်ယာတွေ၊ ပစ္စည်းတပ်ဆင်သံတွေထွက်လို့ပါ။
သူ အဆင်သင့်လုပ်ပြီးသား သေနတ်တလက်ကို အော်တိုမက်တစ်ထုပ်ပိုးထားတဲ့ သေတ္တာထဲကနေ ဆွဲထုတ်လိုက်တယ်။ ယန္တယားတစ်ခုကို သူကိုင်တွယ်မောင်းနှင်ခဲ့တာ အခုတော့ ယန္တယားက ရပ်သွားပါပြီ။
သေနတ်ကို ဖြတ်ကနဲလှမ်းကိုင်လာတာ အသားကျနေတာပါပဲလား။ လမ်းသွယ်ကလေးကနေ စက်ရုံရဲ့အခြားဖက်ခြမ်းကို ထွက်လာတဲ့တယ်။ အဲဒီမှာ အခြားတစ်ယောက်က ကျည်ဆံတွေကို ထုပ်ပိုးနေတယ်။
“ငါဘယ်သူလဲ” သူ အသံခပ်တုန်တုန် လေးလေးကန်ကန်မေးလိုက်တယ်။
အဲဒီလူက အလုပ်ဆက်လုပ်နေတယ်။ လှည့်မကြည့်သလို ဘာမှမကြားသလို လှုပ်ရှားမှုလည်း ရှိပါဘူး။
“ငါဘယ်သူလဲ” “ငါဘယ်သူလဲ” လို့ အော်လိုက်တယ်၊ ဒါပေမယ့် စက်ရုံကြီးတခုလုံးမှာ သူ့အသံကြီးပဲ့တင်ထပ်သွားတာကလွဲပြီး ဘာမှထူးခြားမသွားပါဘူး။ လူတွေလည်း လှည့်တောင်မကြည့်ဘဲ အလုပ်ပဲဆက်လုပ်နေကြပါတယ်။
သူ ကျည်ထုပ်ပိုးနေတဲ့သူရဲ့ ခေါင်းကို သေနတ်နဲ့ မွှေ့လိုက်တယ်။ ဖျောင်းကနဲ အသံမြည်သွားပြီး ကျည်ထုပ်ပိုးနေတဲ့သူလည်း မှောက်ကျသွားပြီး ကျည်ဆံတွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲသွားတယ်။
ကျည်တစ်တောင့်ကို ကောက်ယူလိုက်တယ်။ အသင့်တော်ဆုံး ကျည်ဆံတခုထင်ပါရဲ့။ ကျည်တွေက အဆင်မပြေတွေဖြစ်တတ်တယ်။
သူ အပေါ်ဘက်က ခြေသံတချက်ချက်ကို ကြားရတယ်၊ လမ်းသွယ်လေးကနေ သူ့ဆီကိုလာနေတဲ့သူကို အဖြေကိုလုံးဝ မမျှော်လင့်ဘဲ “ငါဘယ်သူလဲ” ဆိုပြီး လှမ်းမေးလိုက်တယ်။
အဲဒီတစ်ယောက်လည်း အောက်ကိုငုံ့ကြည့်ပြီး ပြေးတော့တာပဲ။
သူလည်း သေနတ်ကို အပေါ်ထောင်ပြီး နှစ်ချက်လောက်ပစ်လိုက်တယ်။ ပြေးသွားတဲ့သူလည်း ရပ်ပြီး ဒူးထောက်ကျသွားပြီး လဲမကျခင်မှာဘဲ နံရံပေါ်က ခလုတ်အနီလေးကို နှိပ်လိုက်တယ်။
အချက်ပေး အသံတွေက ကျယ်ကျယ်လောင်လောင် ရှင်းရှင်းလင်းလင်းပေါ်ထွက်လာတယ်။
“သေနတ်သမား သေနတ်သမား သေနတ်သမား ” ဆိုပြီး စပီကာတွေကနေ အချက်ပေးသံတွေထွက်လာတယ်။
ဘယ်အလုပ်သမားတွေကမှ လှည့်မကြည့်ကြပါဘူး။ အလုပ်ပဲ ဆက်လုပ်နေကြတာပါ။
သူ ပြေးတယ်၊ သတိပေးသံတွေထွက်နေတဲ့ စပီကာတွေကနေလွတ်အောင်ပေါ့။ တံခါးတစ်ပေါက်ကိုတွေ့တော့ အဲဒီဆီကို ပြေးသွားလိုက်တယ်။ တံခါးကပွင့်သွားတယ်၊ အဲ ယူနီဖောင်းမတူ လူလေးယောက်ရပ်နေတယ်။ သူတို့တွေက သူ့ကို အံ့ဖွယ်စွမ်းရည်မြင့်သေနတ်တွေနဲ့ ပစ်ခတ်လိုက်တယ်။ ခန္ဓာကိုယ်ပေါ်က ပစ္စည်းတချို့ပြုတ်ထွက်ကုန်တယ်။ သူက သုံးကြိမ်လောက် သေနတ်နဲ့ ပြန်ပစ်တော့ ဟိုလေးယောက်ထဲက တစ်ယောက်က သေနတ်ကြီး ပြုတ်ကျပြီး ကြမ်းပြင်ပေါ်မှောက်သွားတယ်။
သူတစ်ခြားတစ်ဖက်ကို ထွက်ပြေးပေမယ့် အဲဒီတခြားဖက်ကလည်း အဲသလို လူတွေ ထွက်လာကြတာပဲ။ ဘေးဝန်းကျင်ကိုကြည့်တော့ ဖက်ပေါင်းစုံကနေ သူ့ဆီကို ချဉ်းကပ်လာတာတွေ့ရတယ်။
လွတ်အောင်ပြေးမှဖြစ်မယ်။
သူ အထက်အမြင့်တွေရောက်အောင် အပေါ်ထပ်တွေကို တက်တယ်။ အပေါ်မှာလည်း သူတို့တွေနဲ့ သူပိတ်မိနေပြီ။ သူကျည်တွေ ကုန်သည်အထိ သေနတ်နဲ့ ပစ်လိုက်တယ်။
သူတို့တွေ သူ့ဆီကို အပေါ်တွေ အောက်ဖက်တွေကနေချဉ်းကပ်လာတော့ “ကျေးဇူးပြုပြီး ငါ့ကို မပစ်ခတ်ပါနဲ့၊ ငါဘယ်သူလဲဆိုတာကို သိချင်ယုံသက်သက်ပါ”
သူတို့ သူ့ကို ပစ်ခတ်လိုက်ပါတယ်၊ စွမ်းအင်မြင့်အရောင်တွေ ဖြာကျ၊ အရာအားလုံးပြီးဆုံးသွားပါတယ်…
///////
သူတို့တွေက သူ့ကိုကြည့်ပြီး တံခါးကို ၀ုန်းကနဲပိတ်လိုက်တယ်၊ ပြီးကုန်တင်ကားလည်း ထွက်သွားတယ်။ “သူတို့ထဲက တစ်ယောက်ယောက်ကတော့ ခဏခြင်း အဲသလိုတွေ ဖြစ်တတ်တယ်” အစောင့်တစ်ယောက်ကပြောတယ်။
“ငါက အဲဒါ နားကိုမလည်တာ”ဆိုပြီး ဒုတိယ အစောင့်က ခေါင်းကုတ်ရင်းပြောတယ်။
“အခုတစ်ယောက်ကိုပဲ ကြည့်၊ သူဘာပြောသလဲဆိုတော့ ငါဘယ်သူလဲဆိုတာလေးကိုပဲ သိချင်တာပါတဲ့။ အဲသလိုတွေပဲ၊ လူတွေနဲ့ သိပ်တူတာ။ သူတို့တွေက အဲဒီစက်ရုပ်တွေကို သိပ်ပြီး ကောင်းလွန်းအောင်လုပ်ထားတယ်လို့ ငါတော့ ထင်တယ်။”
အစောင့်နှစ်ယောက်သည် စက်ရုပ်တင်သွားသော ကုန်တင်ကား ကွယ်ပျောက်သွားသည်အထိ ငေးမောကြည့်နေကြလေသည်။
မူရင်း - The Killer by Stephen King
စက်ရုပ်လူသား သူငယ်ချင်းများသို့ အမှတ်တရ....
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 5:57 AM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အားယူနေဆဲ အဖူးအပွင့်များ, ကေဇက်
Monday, June 30, 2008
... Love Story from Future !
အနာဂတ်ရဲ့ ချစ်ပုံပြင်
အလုပ်ခန်းမှာ ကုမ္ပဏီနဲ့ အစည်းဝေးရှိနေတုန်း လက်ကောက်ဝတ်က ဖန်သားပြင်လေးကို ငုံ့ကြည့်လိုက်မိတယ်။ ဟုတ်တယ်။ ဒီအစည်းဝေးပြီးတာနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ရအုံးမယ်။ နေ့လည်ပိုင်းလောက်ကတည်းက သတိပေးစနစ်က လာပြောနေတာ။ ဒီနေ့ညနေ ကောင်မလေးကို သွားတွေ့ဖို့ရှိတာကို မမေ့ဖို့နဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့လေ။ အဲဒီအတွက် လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက တကိုယ်ရည်ညွှန်ကြားမှုဌာနကို အချက်အလက်တွေပို့ထားလိုက်တာ။ သူတို့ရဲ့ အကြံပြုချက်ကလည်း ကောင်းမွန်ကြောင်းနဲ့၊ သင့်တော်ကြောင်းပဲဆိုတော့ စိတ်အေးသွားရတယ်။ ဒီလိုမှမဟုတ်ရင် အကြံပြုချက်တွေ တပုံတပင်နဲ့ စိတ်ရှုပ်စရာတွေ ပါလာတတ်လို့လေ။ တခါကလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သဘာဝဥယျဉ်မှာ နေဝင်ချိန်သွားကြည့်မိတာ၊ အပြန်မှာ လေအေးတွေမိပြီးဖျားလာတာ။ အတော်ရှင်းယူလိုက်ရတယ်။ သူတို့ညွှန်ကြားချက်မပါဘဲ သွားလို့ဆိုပြီး အာမခံကြေးတောင် ပြန်လျော်ရတော့မလို့။ အဲဒီအချိန်တုန်းက စိတ်မှာ တစ်ခုခုကို လွမ်းသလိုလိုဖြစ်လို့ သွားကြည့်မိတာပါဆိုတာကို လက်ခံသွားလို့ တော်သေးတယ်။
ဒီပြဿနာဖြစ်ပြီးကတည်းက အိမ်ထောင်ပြုဖို့ကို မကြာခဏ အကြံပြုနေတော့တာ။ အခုတော့ သူတို့လည်း အဆင်ပြေသွားပါတယ်။ လွန်ခဲ့တဲ့ တလလောက်မှာ သူငယ်ချင်းတစ်ယောက်ရှိနေတဲ့ ကွန်ယက်ပေါ်က စကားဝိုင်းကို အလည်ရောက်တုန်း ဒီကောင်မလေးနဲ့ ခင်လာတာလေ။ အဲဒီနေ့က စကားဝိုင်းမှာ သိပ်ပြီးစကားမပြောဖြစ်တော့ဘူး။ ဖန်သားပြင်ပေါ်က သူ့မျက်နှာလေးက အရမ်းဆွဲဆောင်နေတော့တာ။ အချိန်ကုန်မှန်းမသိ ကုန်သွားတော့တာပဲ။ စကားဝိုင်းကနေ ပြန်မယ်လုပ်တော့ သူငယ်ချင်းက နောက်နာရီဝက်မှာ အချိန်ပေးနိုင်ရင် သူ့ကိုယ်ပိုင် ကွန်ယက်ပေါ်လာခဲ့ပါအုံးတဲ့။ သဘောပေါက်လိုက်တယ်။ ပုံရိပ်တုနည်းပညာနဲ့ ဆုံပြီး အေးအေးဆေးဆေး စကားပြောဖို့ဆိုတာကို။ သူငယ်ချင်းကလည်း ချစ်ဖို့ကောင်းတဲ့ကောင်၊ သူ့ကွန်ယက်ပေါ်ရောက်သွားမှ ကောင်မလေးကိုပါ သူကဖိတ်ထားတာကိုး။ စိတ်မှာတော်တော် ပျော်သွားတာ။ တနာရီခွဲလောက်ကြာအောင် သုံးရောက်သား အချိန်ဖြုန်းလိုက်ကြတယ်။ ပုံရိပ်တုနည်းပညာနဲ့ ဆုံလိုက်ကတည်းက ကောင်မလေးရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေါ်၊ ရှင်းသန့်မွှေးပျံ့တဲ့ ကိုယ်ရည်ကိုယ်သွေးကို သတိထားမိပြီး စကားတွေ အများကြီးပဲ ပြောဖြစ်ကြတယ်။ စိတ်မှာလည်း စွဲလမ်းသွားမိတယ်။
ဒီတစ်ခါတော့ ကိုယ့်ဘာသာကိုယ် ရင်ခုန်ကြည့်အုံးမယ်ဆိုပြီး တကိုယ်ရည်ညွှန်ကြားမှုဌာနကို အချက်အလက်တွေ ချက်ချင်းမပေးခဲ့ဘူး။ ဒါတောင်မှ မနက်အိပ်ရာထဆိုရင် ဇီဝအချက်အလက်တွေ ပေးပို့ရင်း ဒီရက်ပိုင်းမှာ အချစ်အငွေ့အသက်တွေ တွေ့နေတယ် လာပြောတာ နှစ်ခါလောက်ကြုံသေးတယ်။ သူငယ်ချင်းမိတ်ဆက်ပေးလို့ ခင်မင်သွားကတည်းက နှစ်ယောက်သား ကိုယ်ပိုင်ကွန်ယက်တွေမှာ ဆုံဖြစ်ကြတယ်။ တလလောက်အတွင်းမှာ ပုံရိပ်တုနည်းပညာနဲ့လည်း သုံးခါလောက် ဆုံပြီးသွားပြီ။ နှစ်ခါလောက်ကတော့ သှူ့ဆီမှာပဲ ဆုံဖြစ်တာပါ။ ဒုတိယ တစ်ခေါက်မှာပဲ ခံစားမှုချင်းဖလှယ်၊ ရင်ထဲကစကားတွေကို ဖွင့်ပြောပြီး ချစ်ခွင့်ပန်ခဲ့တာပေါ့။ ကောင်မလေးကလည်း ပွင့်လင်းစွာပဲ တုန့်ပြန်ရင်း ချစ်သူတွေဖြစ်ခဲ့ကြတာလေ။ မှတ်မိသေးတယ်။ အဲဒီနေ့က ကောင်မလေးကို အနမ်းလေးတွေတောင် ခြွေခဲ့မိသေး။ နောက်ပိုင်း မကြာခဏဆုံဖြစ်ကြရင်း လက်ထပ်ဖို့ပြောလိုက်တော့မှ လူချင်းတွေ့ဖို့ဖြစ်လာတာလေ။ ကောင်မလေးနေတဲ့မြို့က ကီလိုမီတာ ၆၀၀ လောက်ဝေးတယ်ဆိုတော့ နှစ်ယောက်စလုံးအဆင်ပြေအောင် လမ်းခုလတ်က မြို့လေးတစ်ခုမှာပဲ ချိန်းလိုက်တာ။
ဟော …အတွေးလွန်သွားတာကို ကုမ္ပဏီအကြီးအကဲ သတိထားမိသွားတယ်ထင်ပ၊ မေးခွန်းတချို့ လှမ်းမေးတယ်။ ဒါပေမဲ့ ဒီနေ့အစည်းဝေးက အေးဆေးပါ။ လက်ရှိတာဝန်ယူထားတဲ့ အာဖရိက အလယ်ပိုင်းအကြောင်းမဟုတ်ပေမဲ့ ကျောင်းသားဘဝက အထူးပြုလေ့လာခဲ့တဲ့ စာတန်းမှာ ဒီအကြောင်းတွေကို အကျယ်တဝင့်လေ့လာထားတယ်။ အရှေ့အလည်ပိုင်းက ဘဝပျက်နေသူတွေအကြောင်းလေ။ ဟိုး.. လွန်ခဲ့တဲ့တချိန်တုန်းကတော့ ကမ္ဘာ့အချမ်းသာဆုံး ရေနံနိုင်ငံတွေ ဒီနေ့အချိန်မှာ ဆင်းရဲမွဲတေနေရတာတွေအတွက် ဖြေရှင်းဖို့ နည်းလမ်းတွေ အကြောင်းပေါ့။ ကုမ္ပဏီရဲ့ အဓိကအလုပ်က လေထုသန့်ရှင်းရေးလေ။ ကိုယ်တိုင်လည်း ဒီသန့်ရှင်းရေး ကုမ္ပဏီမှာအလုပ်ရဖို့ကို အများကြီးကြိုးစားခဲ့ရတာ။ အခုတော့လည်း ကြိုးစားမှုနဲ့ထိုက်တန်တဲ့ နေရာကိုရနေပါပြီ။ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေရှိတဲ့ အာဖရိကအလည်ပိုင်းရဲ့ လေထုသန့်ရှင်းရေးပိုင်း တာဝန်ခံပေါ့။ တော်ရုံလူမရနိုင်တဲ့ နေရာဖြစ်သလို၊ အတော်လည်းဂရုစိုက်ရတဲ့ နေရာတွေလေ။ သူတို့ရဲ့ အဓိကချမ်းသာမှု သဘာဝတရားကို ထိန်းသိမ်းမှုမှာ ပါဝင်ပက်သက်နေရတာကိုး။
အော်.. အခုမှပဲ သဘောပေါက်တယ်။ အစည်းဝေးပြီးခါနီးလို့ ကိုယ့်ဆီကနေ အကြံဉာဏ်နဲ့ အမြင်တွေမေးတာကိုး။ ပြောစရာတွေများပေမဲ့ သူတို့တွေရဲ့ ရေနံကိုပဲ စီးပွားရေးတိုးတက်မှုအတွက် ဖက်တွယ်ထားမှုကို စွန့်လွှတ်တာနောက်ကျပုံ။ ဆက်သွယ်ရေးကွန်ယက်ရဲ့ လျှင်မြန်မှုနဲ့ ပွင့်လင်းမှုကို ယဉ်ကျေးမှုမျက်နှာစာကနေ ဇွတ်အတင်းပိတ်ပင်ထားမိတာ မှားသွားပုံ။ သူတို့ဒေသရဲ့ သဘာဝအရင်းအမြစ်၊ အလှအပ ရှားပါးမှုကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပုံတွေကိုပဲ အဓိက ဆွေးနွေးပေးလိုက်တယ်။ အဆုံးသတ်အနေနဲ့ လူသားချင်းစာနာမှုအရ အနိမ့်ဆုံးဈေးနဲ့ လေထုသန့်ရှင်းရေးကို လုပ်ပေးသင့်ကြောင်း၊ အာဖရိကနိုင်ငံတွေလို ချမ်းသာတဲ့နိုင်ငံတွေက နယ်ခြားမဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လျှင် လေထုသန့်ရှင်းမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်း အကြံပြုလိုက်တယ်။
ဒီလိုနဲ့ပဲ အစည်းဝေးကိုရပ်၊ ဆုံးဖြတ်ချက်ကို နောက်နာရီ ၂၀ အတွင်း အဖွဲ့ဝင်တွေဆီကို အကြောင်းပြန်လိုက်မယ်လို့ ဌာနချုပ်က အကြောင်းပြန်ပြီးသွားတော့ ရှေ့သုံးဖက်မြင်ဖန်သားပြင်ကနေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကုန်ကြပြီ။ ကိုယ်ကတော့ ဌာနချုပ်မှာ ဆက်သွယ်ရေး ကွန်ယက်ပိုင်းဆိုင်ရာ သူငယ်ချင်းကို နှုတ်ဆက်ဖို့ ဆောင့်နေလိုက်သေးတယ်။ သူငယ်ချင်းနှစ်ယောက် ဟိုဟို ဒီဒီ ပြောကြပြီး နှုတ်ဆက်လိုက်တယ်။ သူ့နေလည်စာအတွက် ကိုယ်ကပဲ ဒကာခံလိုက်တယ်။ အစားအသောက်ကွန်ယက်ကနေ သူငယ်ချင်းအတွက် အကောင်ဆုံးနေ့လည်စာကို သူ့တကိုယ်ရည်ညွှန်ကြားမှုအရ ပို့ပေးခိုင်းလိုက်တယ်လေ။ အင်း.. ကိုယ်တိုင်လည်း နေ့လည်စာကို စားရအုံးမယ်။ အလုပ်ခန်းကထွက်၊ ထမင်းစားခန်းဝင်ပြီး နေ့လည်စာအတွက် အကြံပြုစာရင်းကို ကြည့်လိုက်တယ်။ ဟုတ်ပြီ၊ မှိုကစွန်းကြော်စားတာပဲကောင်းမယ် ဆိုပြီး နံပါတ် ၄ ကိုရွေးပေးခဲ့လိုက်တယ်။
ရေချိုးရအုံးမယ်။ ရေချိုးခန်းမှန်ရှေ့မှာ ခဏရပ်ပြီး ကိုယ်အပူချိန်ကို ပေးလိုက်တယ်။ ပြီးရင်အကောင်းဆုံး အပူချိန်အနေအထားနဲ့ ချိုးရေရမယ်။ ဟော.. အခုမှတွေ့တယ်။ ဆံပင်တွေက နည်းနည်း ပုံမကျသလိုပဲ။ ဆံပင်ညှပ်ဖို့ ခလုပ်ကိုနှိပ်လိုက်တယ်။ ဆံပင်ညှပ်အုပ်ဆောင်းပေါ်လာပြီး ပုံစံကောင်းအောင် ပြင်ပေးတယ်။ လေဆာနဲ့ ဆံပင်ကို တိပေးတာဆိုတော့ ခေါင်းလျှော်စရာလည်းမလိုတော့ဘူးပေါ့။ ကဲရေချိုးမှပဲ။ အစားအသောက်တွေ အဆင်သင့်နေကြောင်း အချက်လည်းပြနေပြီကိုး။ ရေမိုးချိုး ထမင်းစားပြီးသွားရင်တော့ ကောင်မလေးဆီမသွားခင် လန်းသွားအောင် ခဏအိပ်ဖို့ ဇီဝဌာနကို အကြောင်းကြားအုံးမယ်။ သူတို့က ခဏအတွင်း အိပ်ပျော်သွားအောင်လုပ်ပေးပြီး အကောင်းဆုံးအခြေအနေရောက်ရင် နှိုးပေးမယ်လေ။
အင်း.. လူအများနဲ့ မတွေ့တာကြာလို့ သံလိုက်ရထားကို ရွေးလိုက်တော့လည်း ထူးမခြားနားပါပဲ။ အားလုံးက သူ့အလုပ်နဲ့သူ စကားပြောလို့လည်းမရ၊ ပြောသာပြောရတာ ကိုယ်တိုင်လည်း ဘေးလူတွေနဲ့ စကားသိပ်မပြောချင်ပါဘူး။ အပြင်မှာ အခုလိုခရီးသွားနေရတာကိုပဲ စိတ်ပင်ပန်းလှပေါ့။ ညွှန်ကြားမှုဌာနက ရွေးပေးတဲ့ လက်မှတ်နေရာ ကောင်းလို့သာတော်သေးတယ်။ သွားရမှာကလည်း ခဏပါပဲ။ သဘာဝ ရှုခင်းတွေကြည့်လို့ကောင်းတဲ့ မြို့လေးပေါ့။ ကောင်မလေးနဲ့ ဆုံဖို့နေရာကိုလည်း ရွေးပေးထားကြတယ်။ ကိုယ်တို့နှစ်ယောက် အကြိုက် နေရာလေးပေါ့။ ရေကန်ကြီးရှိမယ်။ ကြာပန်းတွေရှိမယ်။ ပြီးတော့ အရိပ်ရပင်ကြီးတွေလဲရှိမယ်။ ကိုယ်ကတော့ ကံ့ကော်ပင်ကိုပဲရွေး ထားလိုက်တယ်။ သူတို့ကတော့ စွယ်တော်ပင်ကို ဦးစားပေး ရွေးထားတာ။ စားစရာကတော့ ညနေစာဖြစ်နေလို့ နှစ်ဦးစလုံးအဆင်ပြေမဲ့ နာနတ်သီးဖျော်ရည်ကိုပဲ ရွေးထားတယ်။ ဒါတောင် တစ်ရက်ကြိုမှာလိုက်လို့ မဟုတ်ရင် ရလိုက်မယ် မထင်ဘူး။ နောက် ၅ မိနစ်ဆိုရင်တောင် ရောက်တော့မှာပါလား။ ချစ်သူနဲ့ တွေ့ရမှာဆိုတော့ မလစ်ဟင်းရအောင် အချက်အလက်အားလုံးကို ပြန်စစ်ထားအုံးမှ ဖြစ်မယ်။
လက်ကောက်ဝတ်က ဖန်သားပြင်လေးကနေ အားလုံးကို ပြန်စစ်လိုက်တယ်။ ကိုယ်အပူချိန်၊ အသားရည်စိုပြေမှု၊ အဝတ်အစား အဆင်ပြေမှု၊ ဆံပင်ပုံစံ၊ ခံတွင်းနံ့၊ အရေးကြီးဆုံးဖြစ်တဲ့ နှလုံးသားရဲ့ အနေအထား။ အိုကေ။ အားလုံးအဆင်ပြေနေပြီ။ ကဲ.. ကိုယ်လာပြီချစ်သူရေ….။
ဟော.. ဟိုဘက် ခရီးသွားစင်္ကြန်ကနေ ထွက်လာနေတာ ကောင်မလေးပဲ။ အိုကြည့်စမ်းပါအုံး။ မိုးပြာရောင် ချည်သားအင်္ကျီလေးနဲ့ လှနေလိုက်တာ။ အပြေးပဲ ချစ်သူကို သွားကြိုလိုက်မိတယ်။ ပြီးတော့ ဘူတာကနေ ကြိုမှာထားတဲ့ မိုးပျံယဉ်နဲ့ ဥယျဉ်ဘက်ကို ထွက်ခဲ့တော့တယ်။ ဟိုကိုလည်းရောက်ရော ကံ့ကော်ပန်းနံ့လေးတွေနဲ့ ကြည်နူးစရာ ညနေပါပဲ။ ချစ်သူလက်လေးကို ဆွဲကိုင်ပြီး အနာဂတ်အတွက်စကားတွေပြော။ ချစ်သူစကားတွေကိုလည်း နားတောင်၊ နောက်ပြီး ရင်ခွင်ထဲမှာထားပြီး ညနေချိန်နေမင်းကြီးကို ကြည့်လိုက်ရတာ မမေ့နိုင်တဲ့ ဖြစ်ရပ်လေးတွေပေါ့။ ကိုယ်တိုင်လည်း ဘဝမှာ ထွေးပိုက်စရာရင်ငွေ့တစ်ခု အရမ်းလိုအပ်ပါလားလို့ တွေးမိလိုက်တယ်။ ဒီလိုနွေးထွေးမှုမျိုးကို ဝေးနေခဲ့တာ ကြာပါပြီကော။ ဟိုး.. လူငယ်ဘဝကတည်းကပေါ့။ ဒီလိုနဲ့ပဲ နာနတ်ဖျော်ရည် တဝက်မကျိုးပေမဲ့ အချိန်ကိုခိုးလို့မှမရတော့ ချစ်သူကို ဘူတာပြန်လိုက်ပို့လိုက်တယ်။
အပြန်လမ်းက အချိန်လေးတွေ တိုလွန်းသလိုပဲ။ ကြည်နူးခဲ့ရတာတွေကို ပြန်စဉ်းစားလို့ကို မဝဘူး။ ချစ်သူရဲ့ ဆံနွယ်လေးတွေ၊ အယုအယလေးတွေပေါ့။ ဒီအတိုင်းဆိုရင်တော့ ဒီနေ့ည ဘာအလုပ်မှ ကောင်းကောင်းလုပ်နိုင်မယ် မထင်ဘူး။ မထူးပါဘူး။ ဆုံးဖြတ်လိုက်တာ ကောင်းမယ်။ အိမ်ပြန်ရောက်ရင် ဒီတစ်နေ့စာနားဖို့ ရှိနေတဲ့အစီစဉ်တွေ ဖျက်လိုက်တော့မယ်။ လမ်းမှာကတည်းက အချက်အလက်တွေ စစ်ထားပြီး အချိန်ပြောင်းဖို့ တစ်ကိုယ်ရည်ညွှန်ကြားမှု ဌာနကို ပို့တာကောင်းမယ်။
ဟာ… ..အချက်အလက်တွေစစ်။ အချက်အလက်တွေစစ်ဆိုမှ တညနေလုံး သူ့ဘေးကကောင်မလေးကို သူလက်ကိုင်နေတာ။ သူ့လက်ကောက်ဝတ်မှာ အချက်အလက် ဖန်သားပြင်လေးမှ မပါပဲ။ သွားပြီ။ သူကိုယ်တိုင်မလာဘဲ သူ့ကိုယ်ပွားကို လွှတ်လိုက်တယ်ပေါ့လေ။ ဒါကြောင့် တညနေလုံး အကုန်အဆင်ပြေပြီး သူ့မျက်လုံးလေးတွေက တချက်တချက် အသက်မဲ့နေသလိုဖြစ်နေတာကိုး။ စိတ်ဆိုးလိုက်တာကွာ .… “ တောက် ”။
သုခမိန်။…..။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 1:15 AM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အားယူနေဆဲ အဖူးအပွင့်များ