နေလုံးကြီးသည် မြေကြီးထဲသို့ ညှိုးငယ်စွာ တိုးဝင်သွားပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးသည် ငြိမ်သက်လာ၏။ အမှောင်ထုသည် အေးစက်စွာ ဖြစ်ပေါ်လာလေပြီ။ အမည်မသိပိုးမွှားကောင်များသည် သဘာဝသံစုံတီးဝိုင်းကြီးဖြင့် ငြိမ်သက်နေသည့် ပတ်ဝန်းကျင်ကို အန်တုလျက်။ ညမုဆိုးများဟုခေါ်သော အမည်မသိငှက်များ၏ တောင်ပံခတ်သံများကို မကြာမကြာ ကြားနေရပြီ။ လမိုက်ညပေါင်းများစွာသည် ကျွန်နော့်အတွက် ဘာမှ မထူးဆန်းခဲ့ပေ။ လမိုက်ညများသည် ထူးပြီးဆန်းနေသည်ဟုလည်း ကျွန်နော် ဘယ်သောအခါမှ မတွေးခဲ့။ လမိုက်ညများသည် ကျွန်နော့်အတွက် ခံစားမှုတစ်ခုခုကို ပေးနိုင်ခဲ့သော ခေါင်းစဉ်တစ်ခုလည်း မဖြစ်ခဲ့ပေ။ သို့သော်……..သို့သော်……..ဤယခုညသည် ကျွန်နော့်အတွက် အမည်မသိဝေဒနာတစ်ရပ် ဖြစ်ပေါ်အောင် ဖန်တီးပေးနေလေပြီ။ ခံစားနေရသည့် ဝေဒနာက ဘာလဲဆိုတာ အတိအကျမသိ။ သေချာစွာ သိနေသည်က ယခုလမိုက်ညသည် ကျွန်နော်နဲ့ မရင်းနှီးတော့ပေ။ ငယ်ပေါင်းတွေ မဟုတ်တော့သည့်အလား သူစိမ်းဆန်လျက်။ ယခု ကျွန်နော် ရောက်နေသည့်နေရာသည် ရွာကလေးတစ်ရွာ။ တောင်တန်းကြီးတစ်ခု၏ အခြေ၌ တည်ထား၏။ ထိုရွာကလေးသည် နေရောက်ခြည်ကို ပထမဦးဆုံးရရှိပြီး ပထမဦးစွာဖြင့် စောစီးစွာ လက်လွတ်ရသည့်ရွာကလေး။ ရွာထဲရှိလူများတွင် မိရိုးဖလာ ဓလေ့ထုံးတမ်းများကို အသေဖက်တွယ်ထားသူများ၏။ လယ်ယာလုပ်ငန်း လုပ်ကိုင်ရင်း အနာဂတ်သည်လည်း ပြောင်းလဲနိုင်သည်ဟု မမြင်နိုင်သော လူများနေထိုင်ကြသည့် ရွာကလေး။ လမိုက်ညတွေကို သေသည့်တိုင်အောင် ပိုင်ဆိုင်ခဲ့သူတွေ နေထိုင်သွားခဲ့ကြသည့်နေရာ။ တိတိကျကျဆိုရသော် ကျွန်နော့်ကိုမွေးဖွားခဲ့သည့် ဇာတိချက်မြှုပ်ရာ ရွာကလေးတစ်ရွာပေါ့လေ။ ကျွန်နော်ထိုင်နေ၏။ အိမ်အတွင်းမှာပေါ့။ ကျွန်နော်ငယ်ငယ်က အဖေထိုင်နေကျသစ်သား ခေါက်ကုလားထိုင်တစ်လုံးပေါ်မှာပေါ့။ ကုလားထိုင်၏ ဘယ်ဘက်မှာ ပြတင်းပေါက်တစ်ခု။ ပတ်ဝန်းကျင်ကို စောင့်ကြည့်ဖို့ပေါ့။ ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ ကြည့်လိုက်မိသည်။ ဘာကြောင့်လဲမသိ။ အပြင်ဘက်၌ ကျွန်နော့်မျက်လုံး အနီးအနားမှာရှိသော မြင်ကွင်းများသည် မည်းမှောင်လျက်။ေ၀၀ါးလျက်။ ဘာမှမမြင်ရပေ။ သို့သော်လည်း….ဟိုးအဝေးသို့ မျှော်ကြည့်လိုက်တော့ တလက်လက်တောက်ပနေသည့် ကြယ်များကို မြင်ရ၏။ ကျွန်နော် စဉ်းစားလို့မရ။ အနီးအနား ပတ်ဝန်းကျင်ကိုမမြင်ရဘဲ ဟိုးအဝေးက အရာတွေကိုပဲ မြင်နေရသည်။ ဘယ်နှယ်ကြောင့် မြင်နေရပါလိမ့်။ သေချာတာကတော့ ကျွန်နော့်မျက်လုံးတွေ မအိုသေး။ အဖြေမသိတော့ လမိုက်ညကိုပဲ အပြစ်ပုံချလိုက်မိပါရဲ့။ ခေါက်ကုလားထိုင်၏ အရှေ့မှာ ကျွန်နော်ငယ်ငယ်က စာထိုင်ဖတ်ခဲ့သည့် လေးချောင်းထောက် သစ်သားစားပွဲတစ်လုံး။ စားပွဲပေါ်မှာ ရှိနေသည်အရာက ရေနံဆီမီးခွက်ငယ်လေးတစ်လုံး။ မှိတ်တုတ်မှိတ်တုတ်ဖြင့် ကျွန်နော့်ကိုမမှတ်မိဘဲ ဖြစ်နေတာလား။ ဒါမှမဟုတ် ကျွန်နော် အပြစ်ပုံချတာကို သိနေတာလားမသိဘူး။ သူက ကျွန်နော့်မျက်နှာကို မှိတ်တုတ်မှိတ်တုတ်နဲ့ တဖျတ်ဖျတ်ကြည့်လို့။ ဒါကြောင့် “မင်းတာဝန်ကျေပါတယ်ကွယ်”လို့ ကျွန်နော် မလုံမလဲ တိုးတိုးလေး ပြောလိုက်မိ၏။ ကျွန်နော်ထိုင်နေသည့်နေရာ၏ ညာဘက် လက်တစ်ကမ်းအကွာမှာ အမေသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ၀ါဝါ၊ ဖြူဖြူပန်းပွင့်များကို သပ်ထားသည့် အုန်းလက်အကြောတံတစ်ခုဖြင့် ကောက်သီလျက်။ အမေ့နံဘေးတွင် ကျွန်နော့်ညီမ၊ ပန်းပွင့်များကို ရိုးတံဖြင့် ကောက်သီရင်း တိတ်ဆိတ်လို့။ အမေနှင့်ညီမအကြား ခြေတံရှည်ရှည် ဆီမီးခွက်ငယ်လေးတစ်လုံး။ သူလည်းတိတ်ဆိတ်လို့။ အမေတွေးနေမှာပေါ့။ မနက်ကျရင် ဘုရားပန်းကပ်မယ့် ပန်းတွေမညှိုးအောင် ရေဖြန်းထားရဦးမယ် ဆိုတာကိုပေါ့။ ညီမလေးလည်း တွေးနေမှာပေါ့။ အမေ ဘုရားဆွမ်းကပ်ဖို့ မနက်စောစေထပြီး ထမင်းချက်ရမယ်ဆိုတာမျိုးကိုပေါ့။ မီးခွက်ခြေရှည်လေးလည်း တွေးနေမှာပေါ့။ တစ်ခုခုပေါ့။ တစ်ခုခုအကြောင်းပေါ့လေ။ အမေထိုင်နေသည့်နောက်ကျောဘက် တစ်လန်ကျော်ကျော်အကွာမှာ အိမ်ဦးဘုရားစင်။ ပန်းတွေဝေလို့။ မီးတွေထိန်လို့။ မီးခိုးတွေထူလို့။ ဘုရားစင်၏အောက်ခြေမှာ ထိုင်နေသည်က အဖေ။ ဘုရားစင်ပေါ်မှ ရေနှံဆီမီးခွက်၏အလင်းရောင်ကို အားပြုပြီး အလုပ်တွေရှုပ်နေသည်။ အဖေ့အရှေ့မှာ အရောင်ပြယ်နေသည့် ယွန်းကွမ်းအစ်တစ်လုံး။ ကွမ်းအစ်နံဘေးမှာ ခပ်ညစ်ညစ်စာအုပ်တစ်အုပ်။ ထိုစာအုပ်အပေါ်မှာ အသံ တက်လိုက်ကျလိုက်မြည်နေသည့် ရေဒီယိုတစ်လုံး။ အဖေသည် တချက်တချက် အမေ့ကို လှမ်းမေးလျက်။ တချက်တချက် ကျွန်နော့်ကို စကားလှမ်းပြောလိုက်နဲ့။ ကွမ်းယာကို ကိုယ်တိုင်ယာလျက်။ ရေနံဈေးတွေတက်နေသည့်အကြောင်း ပြောနေကြသည်ကို နားထောင်လျက်။ တချက်ချက်ပေါ့လေ။ တချက်ချက်ပေါ့လေ။ ကျွန်နော် အိမ်ပေါ်သို့ ပြန်ရောက်နေသည်မှာ ယခုညနဲ့ဆို နှစ်ညရှိပြီ။ သို့သော် မှောင်မည်းသော ညများ၊ လမိုက်ညများသည် ကျွန်နော့်ကို သူစိမ်းတစ်ယောက်လို ဆက်ဆံတုန်း။ ကျွန်နော် အိမ်လေးနဲ့ ခွဲခွာခဲ့တာ အတော်ကြာခဲ့သောကြောင့်လား။ ခွဲခွာနေခဲ့ရသည့်အချိန်အတွင်း လမိုက်ညများမရှိသည့်မြို့ပေါ်သို့ ကျွန်နော် ရောက်ရှိသွားခဲ့သည်ကို သိနေလို့လား။ ……………….. “လမိုက်ညများမရှိသည့်မြို”့။…………………………………. ဒီလို ကျွန်နော် ခေါ်လိုက်ရသည့်အကြောင်းကတော့ ကြည့်လိုက်သည့်နေရာတိုင်း မီးများထိန်လင်းလျက်။ အလင်းရောင်များလွှမ်းမိုးလျက်။ နေရာတိုင်း၊ အချိန်တိုင်းပေါ့လေ။ မှောင်မှဲနေသည့် အချိန်ဆိုလို့ ကျွန်နော့်မျက်လုံးများပိတ်သွားပြီး အိပ်မောကျသွားသည့်အချိန်ပဲရှိမည်။ မီးရောင် သို့မဟုတ် အလင်းရောင်ကို မမြင်ရပါဟု ပြောလို့ရသည်။ ရေနှံဆီမီးခွက်ဆို ဝေလာဝေး။ ညဆိုသည်မှာ အာရုံထဲက မေ့ပျောက်လျက်။ အချိန်တိုင်းသည် ကျွန်နော့်အတွက် လင်းကျင်းလျက်ပေါ့။ ထိုမြို့ပေါ်မှာ အတော်ကြာကြာနေထိုင်ခဲ့သည်။ အလုပ်လုပ်ရင်း ၀မ်းဝရေး အတွက်ပေါ့။ သေချာတာကတော့ ကျွန်နော့်ရွာလေးဆီ စိတ်အမြဲရောက်လျက်ပေါ့လေ။ ငယ်ငယ်က လမိုက်ညဆိုသည်မှာ ကျွန်နော့်အတွက် မထူးဆန်းခဲ့။ ယခု ထူးဆန်းနေလေပြီ။ လမိုက်ညများသည် ကျွန်နော့်ကို စိန်ခေါ်နေတာလား။ ဒါမှမဟုတ် မနှစ်မြို့တော့တာလား။ ကျွန်နော်ကပဲ လမိုက်ညများကို ဖယ်ရှားဖို့ သင်ကြားတတ်မြောက်ခဲ့သည့် အတတ်ပညာကြောင့်လားမသိ။ သေချာသည်က လမိုက်ညများကို ကြည့်ရင်း ကျွန်နော် ဖယ်ရှားပစ်ချင်နေပြီ။ အကြောင်းပြချက်ဘာလဲဟု မေးလာခဲ့လျှင် ကျွန်နော် ရေရေရာရာ မဖြေချင်တော့ပါ။ သို့သော် …. အတင်းအကျပ် မေးလာခဲ့လျှင် အမေကိုလည်းကောင်း၊ အဖေကိုလည်းကောင်း၊ ညီမကိုလည်းကောင်း၊ ရေနံဆီမီးခွက်ငယ်ကိုလည်းကောင်း၊ ထိုသို့သော “လည်းကောင်း” တွေအများကြီး ခေါင်းစဉ်တပ်ထားရသည့် သူတို့အကြောင်းတွေကို ပြောပြရတော့မည်။ “……….ဒေါက်ဒေါက်ဒေါက်………ဒေါက်ဒေါက်……………” တစ်စုံတစ်ယောက် တံခါးကို ခေါက်နေသည့်အသံသည် ကျွန်နော့်နားထဲ ကျယ်လောင်စွာ တိုးဝင်လာခဲ့သည်။ “………..ဘယ်သူလဲကွ………………..” ဟု ပါးစပ်ဖွင့် အော်မေးရင်း မျက်လုံးနှစ်လုံးကိုပါ ဖွင့်လိုက်မိသည်။ “အ…………………………………………………………………….” စူးရှသော အလင်းရောင်များ မျက်လုံးထဲသို့ အရှိန်ပြင်းစွာဝင်လာသည်။ မီးအလင်းရောင်များကို မုန်းသည်။ အမြဲတမ်းလင်းနေသည့် အခန်းမီးများကို မုန်းသည်။ “…………အလုပ်သွားဖို့ အချိန်ရောက်ပြီကွ………………..” တဲ့ ။ သြော်………သူငယ်ချင်းက အလုပ်သွားဖို့ လာနှိုးတာကိုး။ ခုနက ရွာကိုရောက်သွားခဲ့သည် မဟုတ်ပါလော။ “…..သြော်……….ငါ အိပ်မက်မက်နေပါလား……….” ။.....................။ မင်းရဲရှင်
KuchingTrip
3 weeks ago
No comments:
Post a Comment