Friday, March 27, 2009

နှလုံးလှဖို့ အလှဆုံးသို့ (၁)


ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးတော့ သန့်သန့်ရှင်းရှင်း မနေတတ်သေးဘူးဆိုရင်တော့ မြတ်စွာဘုရားရဲ့တပည့်ကောင်း သိပ်မပီသသေးဘူး။ နာမည်ပဲ ခံထားတာ ဖြစ်မယ်။



ရဟန်းတွေရဲ့ ဝိနည်းတော်ထဲမှာ သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ဝိနည်းသိက္ခာပုဒ်တွေဟာ အင်မတန် များပါတယ်။ တစ်ကိုယ်လုံး သန့်ရှင်းနေဖို့၊ ခြေသည်း၊ လက်သည်း၊ ဆံပင်ကအစ ပါတယ်။ သွားတွေကို တံပူနဲ့ တိုက်ဖို့ ဆိုတာတွေ ပါတယ်။

အစားအသောက် အနေအထိုင် သန့်ရှင်းဖို့ ဆိုတာကို မြတ်စွာဘုရားက အများကြီး ဟောခဲ့တယ်။ သင်္ကန်း လျှော်တာနဲ့ ပတ်သက်လို့ သန့်ရှင်းဖို့ ဆိုတာတွေ ပါတယ်။ သပိတ်ဆေးတာနဲ့ ပတ်သက်ပြီးတော့ သန့်ရှင်းဖို့ အတိအကျပါတယ်။ မပြောင်ရင် အပြစ်ရှိတယ်။

နေတဲ့ထိုင်တဲ့ ကျောင်းမှာ မသန့်ရှင်းရင် အပြစ်ရှိတယ်။ သေနာသနဝတ်ကို မလုပ်မနေရ။ သေနာသန ဆိုတာ နေထိုင်တဲ့ နေရာကို ပြောတာ။ ဝတ် ဆိုတာ ဝတ္တရား။ သေနာသနဝတ်ကို မပြုရင် အပြစ်ရှိတယ်။ အဲသလိုရဟန်း တရားအားထုတ်ရင် တရားထူး မရဘူးတဲ့။

အဲဒီတော့ တရားအားထုတ်တဲ့နေရာမှာ အဆင်ပြေချင်ရင် လုပ်ရမယ့် စည်းကမ်းထဲမှာ သန့်ရှင်းရေး ဆိုတာ ပါနေတယ်။ နောက်ဆုံး ဘယ်လောက်အထိတောင် ပါသလဲ သိလား။ ဝမ်းချုပ်နေရင် အထဲမှာ မသန့်ရှင်းဘူး၊ ဝမ်းနှုတ်ဆေးစားတဲ့။ အဲဒီလောက်အထိတောင် ပါတယ်။

မြတ်စွာဘုရားဟာ တပည့်တွေအားလုံးကို အဆင့်အတန်းမြင့်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါကြောင့် ရုပ်ပိုင်းသန့်ရှင်းဖို့ စိတ်ပိုင်းသန့်ရှင်းဖို့ကို အသေးစိပ်ဟောခဲ့တယ်။

ဘုန်းကြီးကတွေးကြည့်တယ်။ ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးတော့ သန့်သန့်ရှင်းရှင်း မနေတတ်သေးဘူးဆိုရင်တော့ မြတ်စွာဘုရားရဲ့တပည့်ကောင်း သိပ်မပီသသေးဘူး။ နာမည်ပဲ ခံထားတာ ဖြစ်မယ်။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) - အလှတရားမှအမှန်တရားသို့(ပထမအကြိမ်) (စာ- ၁၄-၁၅)

3 comments:

တားမြစ် ထားသော... said...

ဟုတ်ကဲ့။
မှတ်သားစရာပါပဲ ခင်ဗျာ။

သုခမိန်

မသက်ဇင် said...

မှတ်သားနာယူသွားပါတယ်---
အလွန်ကောင်းပါတယ်--

သစ္စာ said...

E - Journal လာဖတ်သွားပါတယ်ရှင့်
ကောင်းပါတယ်