Showing posts with label အိမ်လွမ်းသူ (မှန်နီကုန်း). Show all posts
Showing posts with label အိမ်လွမ်းသူ (မှန်နီကုန်း). Show all posts

Tuesday, July 22, 2008

The Leader of Myanmar




"...နေသောင်းထောင် အရောင်မညိုးသလိုပ
ပြည်ကောင်းအောင် ဆောင်မကိုးရယ်လို့
ရွှေဒေါင်းတောင် ကလောင်တစ်မျိုးရယ်နှင့်......"


“၁၉ဇူလိုင်ပြီးလျှင်…..”



ဒီ ဇူလိုင် နှင့် ကျနော်တို့ မြန်မာ့သမိုင်းက မစိမ်းခဲ့ပါဘူး။ လွန်ခဲ့သော ၁၉ဇူလိုင်ပြီးလျှင် ယခု ၂၃ဇူလိုင်ပါ။ ဒါပေမဲ့ ဒီ၂၃ဇူလိုင် ကိုတော့ သိတဲ့သူနဲပါတယ်။ ဒီ၂၃ဇူလိုင်နှင့် ပတ်သတ်နေသော ပုဂ္ဂိုလ်ကတော့ ‘ဆရာကြီးသခင်ကိုယ်တော်မှိုင်း’ ပါ။ ကျနော်တို့ မြန်မာ့ သမိုင်းမှာ သူ့အကြောင်းသာ မပါခဲ့လျှင် မြန်မာ့ သမိုင်းတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်မှာပါ..။ဘာကြောင့် ပြောနိုင်သလဲ ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ “လွတ်လပ်ရေးရဲ့ ဖခင်ကြီး” “အမျိုးသား ခေါင်းဆောင်ကြီး” “တပ်မတော်ရဲ့ ဖခင်ကြီး” လို့ အမြဲတမ်း ဂုဏ်ပုဒ်တွေ အတတ်ခံရသော အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တောင် နိုင်ငံရေး အတွေးအခေါ်တွေနဲ့ ပတ်သတ်လာလျှင် ဆရာကြီးရဲ့ အရှိန်အဝါ အောက်က မလွတ်ခဲ့ပါဘူး။ စာဖတ်သူတို့ လဲ သိတဲ့အတိုင်း ဆရာကြီး ဟာ မြန်မာ့ သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အင်မတန် ကျော်ကြားခဲ့ပါတယ်။ ဆရာကြီးနဲ့ ပက်သတ်လာလျှင် “အမျိုးသားစာဆို ဆရာကြီးသခင် ကိုယ်တော်မှိုင်း” “ခေတ်ပေါ်ကဗျာ ခေါင်းဆောင်ကြီး” “အမျိုးသားညီညွတ်ရေး ဗိသုကာ” “လွတ်လပ်ရေး၏ မီးရှုးတန်ဆောင်” “ငြိမ်းချမ်းရေးဖခင်ကြီး” “တက္ကသိုလ်ရဲ့ ဖွားဘက်တော်” အစသဖြင့် အမျိုးမျိုးသော ဂုဏ်ပုဒ်တွေ ကလဲ တပ်လို့ မကုန်နိုင်ပါဘူး..။ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကို ၁၈၇၆ မတ်လ ၂၃ရက်(ကြာသပတေး)နေ့ တွင် အဖဦးစံထွန်း၊အမိဒေါ်အုန်းတို့က ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ဝါးလည်ရွာတွင် မွေးဖွားခဲ့ပြီး၊ ၁၉၆၄ ဇူလိုင်လ ၂၃ရက်(ကြာသပတေး)နေ့တွင် ကွယ်လွန်ခဲ့ပါတယ်။ ယခုဆိုလျှင် ဆရာကြီး ဆုံးသွားတာ ၄၄နှစ်ပြည့်သွားပါပြီ…။ ဆရာကြီး ကိုလွမ်းဆွတ် သတိရသောအားဖြင့်…. ဆရာဇော်ဂျီ ရေးသားသော ရသစာပေ နိဒါန်း စာအုပ်မှ… အပိုင်းအစလေး ကို ဖော်ပြပါရစေ..။
နိုင်ငံရေးသမားတို့သည် ဆရာကြီးကို မည်ကဲ့သို့ မြင်ကြမည်ကို မခန့်မှန်းတတ်ပါ။ ကျွန်တော်တို့ စာပေသမားများကမူ ဆရာကြီးကို လူပဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် သီလသမာဓိပညာနှင့် ပြည့်စုံ၍ု ပြည်သူလူထုအပေါ်၌ မေတ္တာအထားဆုံးဖြစ်သော စာဆိုဟူ၍ လည်းကောင်း၊ စာရေးဆရာတစ်ဦးအဖြစ်ဖြင့် မြန်မာနိုင်ငံကို လွတ်လပ်ရေး ရရာရကြောင်းအတွက် ကျေးဇူးအပြုဆုံးဖြစ်သော စာဆိုဟူ၍ လည်ကောင်း တန်ဖိုးထားချင် ပါသည်။ကျွန်တော်တို့ ခေတ်တွင်သာမက နောင်လာမည့် ခေတ်အဆက်ဆက် တိုင် တန်ဖိုးထားကြလိမ့်မည်လို့ ဆိုရဲပါသည်။
၁၉၁၈ခုနှစ်လောက်ကစပြီး ၁၉၅၃လောက်အထိ အနှစ်နှစ်ဆယ်နီးပါး ကဗျာဆိုခဲ့သော ဆရာကြီးသည် အာရှတိုက်၌ ယခုတိုင်သတင်းမွှေးနေသော အိန္ဒိယစာဆို တဂိုးနှင့် လည်းကောင်း၊ တရုတ်ဝတ္ထုရေးဆရာ လူရွှန်းနှင့်လည်းကောင်း တူပါသည်ဟု ယူချင်ပါသည်..။တူပုံမှာ တဂိုး၏ကဗျာများသည် အိန္ဒိယ ပြည်သူလူထု မျက်စေ့ ပွင့်ရေးအတွက် လည်းကောင်း၊လူရွှန်း၏ ဝတ္ထုများသည် တရုတ်ပြည်သူလူထုအတွက် မျက်စေ့ ပွင့်ရေးအတွက်လည်းကောင်း၊ အခြေခံဖြစ်ခဲ့ကြသကဲ့သို့ ၊ ဆရာကြီး၏ ကဗျာများသည်လည်း မြန်မာတိုင်းရင်းသား ပြည်သူလူထု မျက်စေ့ပွင့်ရေးအတွက် အခြေခံ ဖြစ်ခဲ့သည်ဟု ယူပါသည်.။ ထိုခေတ်ထိုအခါက အိန္ဒိယသည် ဗြိတိသျှ နယ်ချဲ့၏ စိုးမိုးမူ့ကိုခံနေရသည် ဖြစ်ရာအိန္ဒိယတို့၏ ဇာတိမာန်သည် ကျဆုံးလျှက်ရှိ၏။ ထိုသို့ ဖြစ်ရသည်မှာ အိန္ဒိယ၌ ကိုယ့်ရာဇဝင်၊ကိုယ့်ယဉ်ကျေးမှုတို့ကို အထင်သေးနေခြင်းတည်းဟူသော အပြစ်ကြောင့် ဖြစ်သည်ဟု တဂိုးက မြင်သည်။ ထိုအပြစ်ရှိနေသမျှ ကာလပတ်လုံး ဇာတိမာန်မရှိနိုင်၊ ဇာတိမာန်မရှိလျှင် အိန္ဒိယလွတ်လပ်ရေး အတွက် ကြိုးပမ်းချင်စိတ်မရှိနိုင်ဟုလည်း တဂိုးကမြင်သည်။ ထို့ကြောင့် တဂိုးသည် အမျိုးဘာသာ ယဉ်ကျေးမှုကို အခြေခံပြုလျှက် ဂီတဉ္စလီ စသော ကဗျာတို့ကို ရေးသားခြင်းအားဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ကို နှိုးဆော်ပေးခဲ့သည်။
တဖန် တရုတ်ပြည်သည် လွတ်လပ်သောနိုင်ငံဖြစ်နေသော်လည်း၊စီးပွးရေးအားဖြင့် သော်လည်းကောင်း၊ လူမှုရေးအားဖြင့် သော်လည်းကောင်း၊ ဥရောပ နယ်ချဲ့နှင့် ပြည်တွင်း ဧကရာဇ်၊ ပဒေသရာဇ်တို့၏ ဒဏ်ကိုခေါင်းငုံ့၍ ခံနေရသည်။ ထိုသို့ဖြစ်ရသည်မှာ အထက်တန်းလွှာတို့၌ စည်းစိမ်ယစ်မူးနေကြခြင်း အပြစ်ကြောင့် လည်းကောင်း၊ ၊ပြည်သူလူထု၌ အကြိုးမပြု ခေတ်မမှီတော့သော အစဉ်အလာ အယူအဆအချို့ကို မပြောင်းလဲ ချင်ကြသောကြောင့်လည်းကောင်း ဖြစ်သည်ဟု လူရွှန်းမြင်သည်။ ထိုအပြစ်တို့ ရှိနေသမျှ ကာလပတ်လုံး တရုတ်ပြည်သည် ဥရောပနယ်ချဲ့ ၊ ပြည်တွင်း ဧကရာဇ် ပဒေသရာဇ် တို့၏ ဒဏ်ကို တွန်းလှန်ခြင်းမပြုနိုင်။ တွန်းလှန်ခြင်းမပြုနိုင်လျှင် တိုးတက်ခြင်းမရှိနိုင်ဟုလည်း လူရွှန်းမြင်သည်။ ထို့ကြောင့် လူရွှန်းသည် ထို အပြစ်တို့ကို ပြည်သူလူထုက မြင်လာ၍ ရှုတ်ချချင်ကြအောင် ၊ စွန့်ချင်ကြအောင်၊ ထိုအပြစ်တို့ကို ရှုတ်ချ၍လည်းကောင်း၊ သရော်၍လည်းကောင်း၊ ဝတ္ထုတစ်မျိုး၊ ဆောင်းပါးတစ်ဖုံရေးကာ ပြည်သူလူထု၏ မျက်စိဖွင့်ကိုပေးခဲ့သည်..။
မြန်မာပြည်သည်လည်း ထိုခေတ် ထိုအခါကသော် အိန္ဒိယနှင့် တလှေတည်း စီး တစ်ခရီးတည်း သွားနေသော တိုင်းပြည်ပင်ဖြစ်ရာ အိန္ဒိယမှာကဲ့သို့ပင် မြန်မာ့ဇာတိမာန် သည် ကျဆုံးခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ မြန်မာပြည်၌ ကိုယ့်ရာဇဝင်၊ကိုယ့်ယဉ်ကျေးမှု၊ တို့ကို အထင်သေးနေကြခြင်းကြောင့် တည်းဟူသော အပြစ် ကြောင့် ဖြစ်ရသည်ဟု အိန္ဒိယ၌ တဂိုးမြင်သလို မြန်မာပြည်၌လည်း ဆရာကြီး ပြတ်ပြတ်သားသား မြင်ခဲ့သည်။ ထိုအပြစ်ကို ပွဲဦးထွက် လုပ်ငန်းတစ်ရပ် အဖြစ်ဖြင့် ချေဖျက်နိုင်မှသာ မြန်မာပြည်၏ လွတ်လပ်ရေးလမ်းစဉ် ဖြောင့်ဖြူးမည်ဟု လည်း ဆရာကြီး ကောင်းစွာသဘောပေါက် ခဲ့သည်။ အိန္ဒိယတွင် တဂိုးသည် အမျိုးဘာသာ ယဉ်ကျေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ခံကတုတ်ပြုကာ အိန္ဒိယဇာတိမာန် ကျဆုံးမှုကို တိုက်ဖျက်ခဲ့သည်.။ မြန်မာပြည်၌ကား ဆရာကြီးသည် အတိတ်မြန်မာ့ ရာဇဝင်မှ မြန်မာ့ ဂုဏ်ရည် အစိတ်အပိုင်းကို ပဓာနအားဖြင့် ခံကတုတ်ပြုကာ မြန်မာ့ဇာတိမာန် ကျဆုံးမှု ကို တိုက်ဖျက်ခဲ့သည်။ ၁၉၁၃ ခုနှစ်၊ ဗိုလ်ဋီကာ ဆောင်းပါးများကို ရေးသည်မှ အစပြု့၍ မှာတော်ပုံဝတ္ထု၊ ဒေါင်းဋီကာ၊ ဘွိုင်းကောက်ဋီကာ၊ မျောက်ဂဏ္ဍိ၊ ခွေးဋီကာ၊ သခင်ဋီကာတို့ကို ဆက်တိုက် ရေးကာ ရာဇဝင်နီတိ ဆောင်းပါးများ ကိုရေးသည်အထိ ယုံယုံ ကြည်ကြည် တိုက်ပွဲဝင်၍ မြန်မာတိုင်းရင်းသား ပြည်သူတို့ ၏ မျက်စိကို ဖွင့်ပေးခဲ့ သည်.။
သူ့စာတွင် ‘ ဘမရာပလ္လင် သောင်းမြေ့ပဟိုရ်နှင့် ကြငှန်းဆီက၊ သမ္ဘာမထင် ဒေါင်းငွေ့ညိုသနဲ့ သန်းပေမဲ့၊ ရာဇဝင် ကောင်းပေ့ဆိုတဲ့ အခန်းတွေနှင့် သိမ်ဦးရွာတောင် မှာ စိန်ခြူးကြာညောင်နဲ့ လွမ်းချိန်မို့ ၊ ဆရာအရှင်မှာ ရာဇဝင်နဲ့ ထမ်းရပေမပေါ့’ ဟု ဆရာကြီး ကိုယ်တိုင် အတိအလင်း ကြွေးကြော်ခဲ့ သည်ကို ထောက်ခြင်းအားဖြင့် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲ၌ အတိတ်ကမြန်မာရာဇဝင် မှ မြန်မာ့ဂုဏ်ရည် ခံကတုတ်ကို ဆရာကြီး အသုံးပြုမည်ဖြစ်ကြောင်း ဆရာကြီး သန္နိဋ္ဌာန်ချခဲ့ကြောင်းကို သိနိုင်သည်။
ထိုခေတ်အခါ က တေးကဗျာတို့၏ စကားအသိမ်အမွေ့ ၊ အယဉ်အကျေး အနုအနွဲ့ ပလီပလာ တီတီတာတာ သက်သက်တို့ ၌သာ မိန်းမောနေကြသော အခြားကဗျာ ဆရာအချို့ သည်လည်းကောင်း ကျမ်းဂန်စာပေများထဲ ၌သာ ပါပြီးသားဖြစ်သော အသိပေးစကား သက်သက်တို့ ကိုသာ ချွတ်စွပ် ဖောက်သည်ချကာ ခံညားထည်ဝါနေကြသော စာရေးဆရာ အချို့သည် လည်းကောင်း၊ ဆရာကြီး၏ ကဗျာများကို ပေါ့ပေါ့ တန်တန်မျှထင်မှတ်ခဲ့ ကြသည်။ အချို့သည် အကာကိုပင် အနှစ်ထင်နေ၍ အပြစ်တင်လွဲခဲ့ကြသေးသည်.။ ဥပမာ- ဆရာကြီး သည် မိမိရေးလေ့ရှိ သော မန်ကျည်းရွက်သတ် နဘေထပ်လေးချိုးရှည်များကို မဟာကဗျာ လေးချိုးကြီး ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ထိုသို့ သော လေးချိုးအစပ်များသည် ထိုအခါ ကသော် ဇတ်ပွဲ၊ ရုပ်သေးပွဲတို့၌ ငိုချင်းအတွက် သုံးစွဲသော အစပ်မျိုး ဖြစ်သည်.။ ထိုအခါ ထိုအချိုးထဲကမှ ‘တေးမျိုး အပြီး မသာမယာကို လေးချိုးကြီး မဟာကဗျာ ရယ်လို့ ခေါ်ရက်လေခြင်းဟု’ ကဲ့ရဲ့ သူများပေါ်ခဲ့သည်..။ထိုသူတိုသည် ဆရာကြီး၏ ကဗျာဥာဏ် တန်ဖိုးအစစ်အမှန်ကို မမြင်ခဲ့ပေ။ နာမ ပညတ်လောက်ကိုသာ ရေးကြီးခွင့်ကျယ် မြင်ခဲ့ကြသည်ဟု ထင်မိသည်။ အနုပ်မက်၍ အခွက်ပျက်ရသော သဘောမျိုး နှင့်တူသည်။
ထိုခေတ်ထိုအခါက ထိုသို့ မြင်တတ်ကြ၍ ထိုသို့ ပေါ့ပေါ့ တန်တန် မှတ်ထင်ကြသည်မှာ အံ့သြစရာမဟုတ်ပါ။ ယခုခေတ် ယခုအခါ၌ပင် ဆရာကြီး၏ ကဗျာဥာဏ်တန်ဖိုးကို မြင်တတ်အောင် အားမထုတ်လိုကြသော စာသင်ဆရာ ပညာရှိ အခေါ်ခံသူ အချို့ အစိတ်အပိုင်း၌ ဆိုခဲ့သော အယူအဆမျိုးနှင့် အမှတ်အထင်တို့ ရှိနေကြသေးသည်ကို တွေ့နေလျှက် ဖြစ်သည်။ သို့ရာတွင် ဆရာကြီးသည် ထိုခေတ်ထိုအခါကပင် သူ့စိတ်ကိုသူ သိပြီးဖြစ်သဖြင့် မသိသူ၊ တန်ဖိုးမဖြတ်တတ်သောသူတို့၏ အဆိုအမိန့် အသေးအဖွဲတို့ကို သူ့စကား အစစ်ဖြင့် ၊နှစ်သက်ဖွယ်ဖြစ်အောင် မမှိတ်မသုန် ရေးချယ်ခဲ့သည်။ ထိုသို့ ရေးခဲသောကြောင့် မြန်မာပြည်သူလူထုသည် ဆရာကြီး၏ ကဗျာတို့ မှာတဆင့် အတိတ်မြန်မာ ရာဇဝင် အဖြစ်အပျက်များတွင် ချီးကျူးသင့်သည်ကို ချီးကျူးလာတတ်သော ပညာကိုလည်းကောင်း၊ ကရုဏာဖြစ်သင့်သည်ကို ဂရုဏာဖြစ်လာတတ်သော ပညာကိုလည်းကောင်း၊ အားတတ်သင့်သည်ကို အားတတ်လာသော ပညာကိုလည်းကောင်း၊ နှမြောသင့်သည်ကို နှမြောတတ်လာတတ်သော ပညာကိုလည်းကောင်း၊ တတ်မြောက်လာကြ၍ မီးခဲပြာဖုံး၊ ဇာတိမာန်စိတ်ဓါတ်ကို ပြန်လည်ရရှိလာသည်ဟု ယူပါသည်.။ ပုဂံခေတ်ဘွဲ့၊ အင်းဝခေတ်ဘွဲ့၊ တပင်ရွှေထီးဘွဲ့၊ တောင်ငူရာဇာဘွဲ့၊ အလောင်းမင်းတရားဘွဲ့၊ မင်းတုန်းမင်းဘွဲ့၊ ဗိုလ်လရောင်ဘွဲ့၊ ဆရာတော် ဦးဥတ္တမဘွဲ့၊ စသည်တို့သည် ဇာတိမာန် စိတ်ဓါတ်အတွက် မရိုးနိုင်သော စာများဖြစ်သည်..။
အိန္ဒိယ လွတ်လပ်ရေးကို နေရူးသည် လောလောဆယ် ယူပေးခဲ့သည်မှာမှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို တဂိုးက စည်းရုံးပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ တရုတ်ပြည်သစ်ထူထောင်ရေးကို မော်စီတုန်းသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏၊ သိုရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို လူရွှန်းက စည်းရုံးပေးခဲ့သောကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံလွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ် အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးနိုင်ခဲ့သောကြေင့် ဖြစ်သည်..ဟု ယူဆပါသတည်း။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ..ကွယ်လွန်ခြင်း ၄၄နှစ်ပြည့်ကို လွမ်းဆွတ်တမ်းတ သောအားဖြင့်……..မျှဝေလိုက် ရပါသည်..။


အိမ်လွမ်းသူ


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, July 20, 2008

“ ပေးဆပ်သူတို့ နှလုံးသား ”


အချိန်အားဖြင့် အရှေ့ကောင်းကင်ပြင်မှာ လင်းအာရုဏ်၏ ရှေ့တော်ပြေး ရောင်နီဦးဟာ နုရာမှသည် ရင့်ရာသို့ တဖြေးဖြေး ပြောင်းလဲလျှက်ရှိနေပါတယ်…..။ ညလုပ်သား ညဉ့်ငှက်တွေက လည်း အိပ်တန်းဆီကို ခြေဦးလှည့်ဖို့ကြိုးစားနေကြတဲ့ အချိန်ပေါ့ ။ လင်းကြက်တို့ရဲ့ တွန်သံသည်လဲ စဲစပြုနေပြီလေ..။ နောက်ပြီး မိုးရိပ် မိုးငွေ့လေးတွေ ဆွတ်ဖျန်းထားတဲ့ နံနက်အာရုဏ်၏ လေပြေညှင်းလေးကလည်း အေးမြခြင်း၊ နုညံ့ခြင်း၊ သာယာခြင်းတွေကို ဆောင်ကျဉ်းလျှက် ပတ်ဝန်းကျင်တစ်ခုလုံးအား တိုးတိတ်ညင်သာစွာ တိုးဝှေ့ရင်း လူးလွန့်တိုက်ခက်လျှက် ရှိနေပြန်တယ် ..။ အဲ့ဒီလို ပတ်ဝန်းကျင်တစ်ခုလုံးမှာ အသံဆိုလို့…. “တောကျောင်း” က တုံးခေါက်သံနှင့် အနောက်ရပ်က 'ဖိုးလေးလောစံ'ရဲ့ ဘုရားဝတ်ပြုသံ ကလွဲပြီး အရာရာဟာ ပကတိအတိုင်း ငြိမ်သက်လျှက်..။
ဒါပေမဲ့….။




များမကြာမှီမှာတော့ ……အိမ်တိုင်းအိမ်တိုင်းဆီက ရေနံဆီမီးခွက်ရဲ့ မှုန်ပြပြအရောင် ကလေးတွေ လက်လာကြသလို. ယောက်ျားသားတွေရဲ့ နွားမောင်းသံ၊ လှည်းကသံ၊ နွားခြူသံ၊ တွေက ပတ်ဝန်းကျင်ကို စတင်အသက်ဝင်အောင်.. လှုပ်နှိုးလိုက်တယ်လေ..။ အဲ့ဒီလိုပဲ… အိမ်ရှင်မတွေရဲ့ အိုးသံ၊ခွက်သံတွေကလည်း နေ့တစ်နေ့တာရဲ့ တစ်ခန်းရပ် အတွက် ပိတ်ကားကိုဖွင့်လှစ်ရန် သံစဉ်၊တီးလုံးတီးကွက်တွေနဲ့ တစ်မျိုးတစ်ဖုံ ဖော်စပ်နေသည့် ဟန် .ပေါ့.လေ။ အဲ့ဒီလိုပတ်ဝန်းကျင်လေးထဲ ကမှ “ဟဲ့ .. ကောင်လေး… နင့်အဖေကဖြင့် နွားကဖို့တောင် လုပ်နေပြီ။ ထတော့ ဟဲ့..။” ဆိုတဲ့ မိခင်ဖြစ်သူ 'ဒေါ်ဦး' ရဲ့အသံကြားမှ “ဖိုးထွန်း” တစ်ယောက် အိပ်ယာမှ လူးလွန့် ထလာခဲ့တယ်…လေ.။ နောက်ပြီး မျက်နှာကို ကမန်းကတမ်းသစ်ပြီး လယ်ထွန်လိုက်ဖို့ “ခမောက်” “ဓါးမ” “ဘွဲ့ကြိုး” “ထွန်ညှင်းကွင်း” “ဂျဖျာ” (နွားရိုက်ကြိမ်လုံး) အစသဖြင့် ဝန်စည်စလွယ်တွေကို ကပြာကယာ ယူပြီး ဖခင်နှင့်အတူ လယ်တောဆီသို့ ထွက်လာခဲ့တာ..ပေါ့. .။ဒါပေမဲ့… အဲ့ဒီလိုပဲ နေစဉ်နဲ့ အမျှ လယ်တောဆီကို ထွက်လာခဲ့တိုင်း “ဖိုးထွန်း” တစ်ယောက် စိတ်နဲ့လူနဲ့ မကပ်တာတော့ သေချာပါတယ်။ ဤလိုဖြစ်အောင်လည်း အကြောင်းကဖန်ခဲ့တယ်မို့လား။ အကြောင်းဖန်ဆို……ဟိုတလော ည ဆီကပေါ့….။ မိသားစု စုံညီနေတဲ့ ညနေစာ ထမင်းဝိုင်းလေးမှာ မိဘနှစ်ပါးရဲ့ မဖြစ်မနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က 'ဖိုးထွန်း' ရဲ့ ရောင်စုံစီနေတဲ့ စိတ်ကူးထဲက အနာဂါတ်တွေ တစ်စဆီ ရိုက်ချိုးလိုက်သလို ဖြစ်ခဲ့လို့ပါပဲ။ 'ဖိုးထွန်း' ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေခဲ့တဲ့ အချိန်လေးပေါ့..။အဲ့ဒီ တုန်းကပေါ့..... ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို ပြောလိုက်တဲ့စကားလုံးတွေက မယုံကြည်နိုင်စရာ..ပါပဲ။ ဒါပေမဲ့ သေချာမှုတစ်ခုကို လက်ခံလိုက်ရတဲ့ အချိန်မှာတော့….။စားလက်စ ထမင်းလုပ်ကလေး သည်လည်း ရင်ထဲမှာ တင်းကျပ်ပြည့်နစ် နေတဲ့ ဒေါသတွေ၊ ဝမ်းနဲမှုတွေ၊ သောကတွေ၊ မကျေနပ်ချက်တွေ က မျိုမကျစေခဲ့ တာတော့ အမှန်ပဲလေ..။ 'ဖိုးထွန်း' မှမဟုတ်ပါဘူး မိသားစုဝင်အားလုံး စိတ် မချမ်းမြေ့ ခဲ့တာပါ။ အဲ့ဒီတုန်းက
အဖေတို့ အမေတို့ ပြောနေတဲ့ စကားသံတွေက အခု(ယခုအ)ချိန်ထိ နားထဲမှာ ပဲ့တင်ထပ်နေတုန်း..ပါပဲ ။
“ဟဲ့..မိဦး… ငါတို့ ဒီနှစ်က စီးပွားရေးကလဲ ကျပ်တယ်။ နင့်မှာလဲ နောက်ထက် ကိုယ်ဝန်က ရနေပြန်ပြီ.။ ထမင်းချက်တာတို့ အိမ်လုပ်ငန်းလုပ်တာတို့ ကတော့ 'မိမဲလေး' ဈေးရောင်းပြန်မှ လုပ်ရင်လဲဖြစ်တယ် ထားအုံး..။ဒီနွားမတွေ ကျောင်းဖို့နဲ့ ကုန်းထဲလယ်ထဲ (ယာထဲလယ်ထဲ) လုပ်ရမှာက ငါတစ်ယောက်ထဲ မဖြစ်သေးဘူးထင်တယ်နော်.."။
" ဒါဆို….. ‘တော်’ က ဘာလုပ်ချင်လို့လဲ.."။
"ငါစဉ်းစားနေတာ ဟ။ အခုဆိုရင် 'ဖိုးထွန်း' လေးလဲ လေးတန်းအောင်ပြီဆိုတော့ ရေးတတ်ဖတ်တတ်နေပြီပဲ.။ နွားကျောင်းလေးရရ ထွန်နောက် လိုက်လေးရရ ကျောင်းထွက်ခိုင်းရင် ကောင်းမလားလို့ လေ."။
"ကျုပ်ကတော့ ဘယ်သူ့မှ.. ကျောင်းတော့ မထုတ်ချင်ဘူးတော်ရေ့.။ ကျုပ်တို့ဟာ ကျုပ်တို့ ဖြစ်အောင် ရုန်းချင်တာပဲ.."။
" အေးလေဟာ… ငါလဲ ဘယ်ထုတ်ချင်ပါ့မလဲ ဟ။တကယ့် တကယ် ကောက်စိုက်ချိန်တို့၊ ပြောင်းချိုးချိန်တို့ ရောက်ရင် နင်လဲ ကိုယ်ဝန်ကရင့်နေပြီ..၊ အလုပ်ကလဲ ပြိုင်ကျလာမှာ ။ လူငှား (သူရင်းငှား)ငှားခိုင်းရအောင်လဲ ကိုယ့်မိသားစု ဝမ်းစာတောင် အနိုင်နိုင် လုပ်နေရ တာ .။ ဘယ်လိုလုပ်ပြီး ငှားမလဲ။ ငါလည်း ကိုယ့်သားသမီးကို ဘယ်လိုလုပ်ပြီး ဆင်းရဲတွင်းထဲ …………ဆိုပြီး….." 'ဦးလွန်း' တစ်ယောက်လဲ အသံတိမ်ဝင်သွားလေရဲ့..။
'ဒေါ်ဦး' တစ်ယောက်လည်း ဘာစကားသံမှ ထက်ပြီး ထွက်ကျမလာနိုင်အောင် ကို…….ရင်နင့်စွာ ခံစားနေရပါတယ်။ခံစားဆို….. သူကိုယ်တိုင်နကန်းတလုံးမှ မသိခဲ့တဲ့ 'ဒေါ်ဦး' …ဘာကိစ္စ၊ ညာကိစ္စ၊ လက်မှတ်ထိုးဖို့ ကြုံလာတိုင်း လက်မှတ်ထိုးရန်နေရာမှာ တုန်တုန်ချိချိနဲ့ ကြက်ခြေခက် ကိုဖြောင့်အောင်မခက်တတ်တဲ့ 'ဒေါ်ဦး' …ရင်ထဲမှာ အမြစ်တွယ်နေတာကတော့ “ငါ့သားသမီးတွေ…. ငါ့လို မဖြစ်စေရဘူး…..” “ငါ့ သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်ကို ဖြစ်ရမယ်….” “ငါ့တို့လို ဆင်းဆင်းရဲရဲ နွားနဲ့ ဖက်ရုန်းရမယ့် အထဲမှာ ငါသားသမီးတွေ မပါစေရဘူး… ”လို့ အမြဲတမ်း စိတ်ထဲက ကြုံးဝါးခဲ့တဲ့ “ဒေါ်ဦး” တစ်ယောက် …။ဟော့ ..အခုတော့…ထမင်းလုပ်တွေ ရှေ့မဆက်နိုင်တော့ ပါဘူး..။ စိတ်ထဲက ချမှတ်ခဲ့တဲ့ သန္နိဋ္ဌာန် စကားလုံးတွေက မေးခွန်းပေါင်းများစွာအဖြစ် အသွင်ပြောင်း တားမနိုင်၊စည်းမရ ထွက်လာခဲ့တဲ့ အဖြေက မျက်ရည်တွေ လေ..။ခါတိုင်းဆို … အင်မတန်မှ စိုပြေနေတဲ့ ထမင်းဝိုင်းလေး အခုတော့ အသက်မဝင်တော့ ဘူး.ပေါ့.။
အကြီးမ'မိမဲလေး' တုန်းကလဲ မိခင်ဖြစ်သူ ကလေးတွဲလောင်းနဲ့၊ ထမင်းချက်လိုက်ရ၊ လယ်တောသွားလိုက်ရ၊ စိုက်ရပျိုးရနဲ့၊ အားရတယ်မရှိလို့ …နောက်ဆုံး မနေနိုင်တဲ့ အဆုံး သူဟာသူ ကျောင်းထွက် ပစ်လိုက်တာလေ။ အဲ့ဒီအချိန် တုန်းကတော့ .. သမီးမိန်းကလေး ဖြစ်နေတာက တစ်ကြောင်း၊ သူတစ်ယောက်ကျောင်းထွက်ပြီး အိမ်ကို ကူရင်တော့ ကျန်တဲ့ အငယ်တွေ ရှေ့ ဆက်နိုင်လောက်ပါတယ်လို့ ထင်နေခဲ့တာက တစ်ကြောင်း ဆိုတော့ ဘာမှ မပြောခဲမိဘူးလေ။ ဟော့…အခုတော့ ..ဆိုရှယ်လစ်စနှစ်ရဲ့
စီးပွားရေး ကပ်ဆိုးက ငါ့သားသမီးတွေကို အသက်ကလေး နုနုနယ်နယ်နဲ့ လုပ်ငန်းခွင်ထဲ အတင်း စတေးခိုင်းနေ ပါပကော…. လား။ အကြီးမ 'မိမဲလေး' လေးမှာလည်း
ကျောင်းကနေထွက်လိုက်ပြီ ဆိုကတည်းက … ကနေ့ထိ (ယနေ့ထိ)နားရတယ်မရှိဘူး…။ တစ်မိသားစုလုံးစာ ထမင်းချက်လိုက်ရ၊ အားရင်အားသလို ရာသီအလိုက် မုန့်ဖက်ထုပ်လေး ရောင်းလိုက်ရ၊ ပြောင်းဖူးပြုပ်လေး ရောင်းလိုက်ရ၊ ပေါင်းသင်း (ကောက်ညှင်းကျည်တောင့်) ချိန် ပေါင်းသင်း၊ ခေါစီ(ခေါပုပ်) ချိန် ခေါစီ၊ ဟော့….ဈေးတောင်းနဲ့ ခေါင်း ဓါတ်၊နာမ်များ ပဏ္ဍာသင့်နေသလား အောင့်မေ့ရတယ်…။ မြို့ထဲ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ နေပူစပ်ခါး၊ ခြေတိုအောင်လှည့်ရောင်းနေရတာ ကို..တောင်.. မကြည့်ရက်ပါဘူး..ဆိုနေမှ.ဟော အခု လာပြန်ပြီ နောက်ထပ် သားတစ်ယောက် လောကရဲ့ စစ်တလင်းပြင်ဆီ အတင်းစစ်ချီခိုင်း. နေပြန် ပါရော့..လား။
'မိမဲလေး' ကတော့ အငယ်နှစ်ကောင် 'ဝင်းအောင်' 'ဝင်းမောင်' ကို ထမင်းခူးကျွေးနေလေ ရဲ့..။ အငယ်ဆုံးကောင် 'ဝင်းမောင်' ကတော့ ကျောင်းနေဖို့ တစ်နှစ်လောက်လိုသေးတယ်..။ အထူးသဖြင့် 'ဝင်းအောင်' လဲ အစ်ကိုဖြစ်သူ ကျောင်းထွက်ရ တော့မယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတာ အပြင်၊ အားလဲငယ်မိတာ ပေါ့..။ ခါတိုင်းနှစ်တွေ ဆိုရင်တော့ ညီအစ်ကိုနှစ်ယောက် အတူကျောင်းသွား၊ အတူကျောင်းပြန် မို့လား။ နောက်ပြီး ကျောင်းမှာ ဘေးတစိမ်းတွေနဲ့ ရန်ဖြစ်ရင်တောင် အစ်ကို 'ဖိုးထွန်း'က အမြဲတမ်း ကူနေကြလေ..။ အစ်ကို 'ဖိုးထွန်း'ရှိနေရင် ဘယ်သူမှလဲ ရန်မစရဲဘူး မို့လား။ အခုတော့ ကိုယ်အားကိုးနေရတဲ့ အစ်ကိုတစ်ယောက် ပညာရေးရဲ့ လမ်းခုလပ်မှာ ညီဖြစ်သူတွေ ကို အားပေး၊လက်ပြရင်း ကျောင်းတော်ကို ကျောခိုင်းသွားလျှက်…. နောက်မျိုးဆက် အခက်မတွေ့ရအောင် ပခုံးပြောင်းထမ်းဖို့ ပြင်နေပြီလေ.. ။
'ဖိုးထွန်း' တစ်ယောက်လဲ…မိဘတွေကို ဘာတစ်ခွန်းမှ ပြန်မပြောလိုတော့…။ ပြောနေလို့ရော… ပြဿနာက ပြေလည်လာစရာ အကြောင်းမရှိ။ ရင်ထဲမှာတော့ တင်းကျပ် ပြည့်နစ်နေတော့ ထမင်းစားနေတဲ့ လက်တစ်ဘက်လဲ ပန်းကန်ထဲကနေ မခွာတော့ပါဘူး..။ သက်ပြင်းအကြိမ်ကြိမ်ချရင်း “ဒီလို ဆင်းရဲတဲ့ မိသားစုမှာ လူဖြစ်လာရတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား…၊” “ဒီလို အခြေအနေဆိုးတဲ့ မိသားစုရဲ့ စီးပွားရေး အကြပ်အတည်း က ဘာဖြစ်လို့ ငါရဲ့ ကံကြမ္မာကိုမှ လာခိုရတာလဲ…” “ဒါမှမဟုတ် လူ့လောကကို ရောက် မလာ သေးတဲ့ အမေ့ဗိုက်ထဲက ရင်သွေးလေးကပဲ ဒီကြမ္မာဆိုးကို ငါတို့မိသားစုဆီ သယ်ဆောင် လာလေ သလား ..” 'ဖိုးထွန်း'တစ်ယောက်မှာတော့ ဘာတစ်ခုမှ ဝေခွဲလို့မရ…။ရင်ထဲမှာ ဗလောင်ဆူပြီး ပွက်အံကျလာတဲ့ မျက်ရေတွေကတော့
တသွင်သွင်…။ နောက်ဆုံး ရှေ့ခရီး မဆက်နိုင်တော့ တဲ့ ထမင်းပန်ကန် နွားစာလောင်းထဲ သွန်ပြီး စိတ်ပြေရာ ပြေကြောင်း ကပြင်(အိမ်ရှေ့ ကွပ်ပျစ်) ဆီကို ထွက်လာခဲ့တယ်.မို့လား။
အော် အခုတော့…… 'ဖိုးထွန်း' တစ်ယောက် လယ်တောရောက်လို့ လယ်ထဲကိုဆင်းတဲ့ အထိ အတွေးစကမပြတ်..သေးဘူး။ စိတ်နဲ ခန္ဓာကင်းကွာနေသလိုပါပဲ…။ ကိုယ်ဟာကို ဘဝင်မကျ ဖြစ်နေတဲ့ 'ဖိုးထွန်း' ရဲ့ မျက်နှာပြင်လိုပဲ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း အပြိုင်အဆိုင် အုံ့ဆိုင်းညို့မှိုင်း လျှက်.လေ။ မိုးကလဲ တစ်ချက်တစ်ချက် ဖွဲဖွဲလေးရွာလိုက်၊ ရပ်သွားလိုက်နဲ့ 'ဖိုးထွန်း' ရဲ့ တအုံနွေးနွေးခံစားနေတဲ့ ခံစားချက်ကို အသက်ဆက်ပေး နေသလား အောင့်မေ့မိပါ ရဲ့။ လယ်ကွင်းစပ်က ပေါက်ပင်ပေါ်မှာတော့ “ဗျိုင်း” သုံး၊လေး ကောင် လယ်ထွန်လိုက်တဲ့ အခါ တဖျပ်ဖျပ်လူးပြီးပေါ်လာမည့် “ငါး”ကလေး “ဖား” ကလေးများကို ထိုးသုတ်ကြဖို့် တီးတိုး တိုင်ပင်နေကြသလို..။ ညောင်ပင်ပေါ်က “ကြက်တူရွေး” တစ်အုပ်ကလဲ …..တ “ကလိ့” “ကလိ့ ” နဲ့ ပတ်လည်ဝိုင်းနေတဲ့… ပြောင်းခင်းရှင် တွေကို ခြိမ်းခြောက်နေကြ လေရဲ့..။အရှေ့ဘက်နားဆီမှာတော့ 'ဖိုးလေးကင်း' တစ်ယောက် လေ ကလေး တချွန်ချွန်နဲ့ မြေပဲခင်းထဲ ပေါင်းသင်ရင်း အလုပ်ရှုပ်နေတာကို တွေ့နေရပါတယ်။တခါတလေ အနောက်ဘက်ထန်းပင်ခံ(လယ်)လျှို ဆီမှ 'ဥိးလေးတင်ညွန့်' ရဲ့ သူ့ “နွား” တွေကို စိတ်တိုင်း မကျတိုင်း ဆဲသံ ဆိုသံကလည်းံ တစ်ချက်တစ်ချက် ကြားရတတ်သေးတယ်.. လေ။ နောက်ထပ်တစ်ဖုံ သဲကောကြီးတိုက် (လယ်ကွင်းနာမည်)ဆီမှ 'လေးကြင်မြိုင်' ရဲ့ ဘောက်အဖွဲ့ ကောက်ဆိုက်သမများ ကလည်း သီချင်းဆိုလိုက်ကြ၊ တစ်ခါတစ်ခါမှာတော့ “ဟေး….” တိုက်လိုက်ကြနဲ့ “လယ်”ကွင်းပြင်က “ဇတ်”တလင်းပြင် ကလဲ တစ်မျိုးလေး စွဲညွတ်စရာ…မို့လား။ ဒါပေမဲ့ ဘယ်လောက်ပင် ပတ်ဝန်းကျင်က အခြေအနေတွေ လှည့်ဖြားးလှည့်ဖြား 'ဖိုးထွန်း' ရဲ့အာရုံကို မဖမ်းစားနိုင်ခဲ့ပါဘူး။ 'ဖိုးထွန်း' ရှေ့မှာ ဦးဆောင် ထွန်နေရှာသော ဖခင်ဖြစ်သူ 'ဦးလွန်း' မှာတော့ သားဖြစ်သူရဲ့ ခံစားချက်ကို အမှုမဲ့ အမှတ်မဲ့ မို့ မသိရှာပေ။ ပြီးဆုံးသွားသော ပုံရိပ်တစ်ခုကို မေ့မေ့ပျောက်ပျောက်ပါပဲ…။
ကာယကံရှင် 'ဖိုးထွန်း' မှာတော့ ……“အင်း …. မနှစ်တုန်းက ငါတစ်နှစ်လုံးဝတ်ခဲ့တဲ့ ကျောင်းစိမ်းလုံချည်လေးနဲ့ အင်္ကျီဖြူလေး..အခု ဘာညွန်ကြားချက်စာတစ်စောင်မှ မလိုပဲ ညီဖြစ် သူရဲ့ခါးပေါ် အလိုလို ရောက်သွားပြီ …” “မူလတန်း တစ်လျှောက်ပခုံးက မခွာခဲ့တဲ့ “လွယ်အိတ်” ကလေး ကလည်း အခုဆိုရင် ပခုံးပြောင်းသွားပြီ..။” နောက်ပြီး “ညနေတိုင် အလုပ်သိမ်းလို့ လယ်တောကပြန် အိမ်ရောက်တော့လည်း မြင်တွေ့နေရတဲ့ လွယ်အိတ်ကလေး၊ အင်္ကျီဖြူနဲ့ ကျောင်းစိမ်းလုံချည် လေးတွေက သခင်ဟောင်းကိုပဲ ပြန်လည်တမ်းတနေ သယောင်ယောင်…” “ဟော အခုဆို ညနေစားလို့ပြီးရင် လုပ်စရာက ဗလာနတ္ထိပါဆို…အရင်တုန်းက စာကြည့်ရင် အမြဲထွန်းနေကျ ရေနံဆီမီးကွက်လေး
ကလည်း ဝါကျင့်ကျင့် အလင်းရောင်အောက်ကနေ ဘယ်ညာ လူးလွန့်ရင်း လှောင်ပြောင်နေသလား အောက်မေ့ရပြန်ရော့…..။” အဲဒီလိုပဲ ပတ်ဝန်းကျင်ရဲ့ မြင်မြင်သမျှဟာ ဘဝင်မကျ စရာတွေ ဖြစ်နေခဲ့တာပေါ့..။ အဲ့ဒီလိုနဲ့… နွားနှစ်ကောင်ရဲ့ သယ်ဆောင်ရာကို ကျိုးနှစ်ချောင်းကိုင်လိုက်နေတဲ့ ..'ဖိုးထွန်း'တစ်ယောက် အတွေးတွေ နယ်ချဲ့နေလိုက်တာ ရှေ့ကထွန် နေတဲ့ ဖခင်ရဲ့ “ဟဲ့ … ကောင်လေး…….. လယ်ကန်သင်းရိုးနားရောက်ရင် ထွန်တုံးအစွန်ကို လူကနင်းပြီး နုတ်ခမ်းသားတွေ ထွန်တုံးနဲ့ ရစ်ရစ်ချဟဲ့…ဒါမှ “လယ်” မကော မှာ…ငါ့သားရဲ့….” ဆိုပြီး သုံးလေးခါ လှည့်လှည့်ပြောမှပဲ သတိပြန်ဝင် လာခဲ့တာ မို့လား….။ ..။
အင်း…. ဘယ်အရာမှ အစိုးမရတဲ့ လောကကြီးမှာ ရာသီစက်ဝိုင်းအလီလီ ပြောင်းလာလိုက်တာ အဲဒီအချိန်တုန်းက 'ဖိုးထွန်း'က အခုဆိုရင် 'ဦးဖိုးထွန်း' ဖြစ်နေပြီ လေ။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်ကလေး. က မနေ့တစ်နေ့က လိုပါပဲလား..။အင်း…….!!! အဲဒီတုန်းက လူလောကကိုမရောက်သေးတဲ့ အမေ့ဗိုက်ထဲက ညီလေးတောင် အခု နိုင်ငံခြားမှာ အလုပ်လုပ်နေပြီပဲ..။ ဟိုတစ်နေ့က အမေတို့အိမ်ကို သွားလည်ရင်း သူ ဖုန်းဆက်တာနဲ့ကြုံလို့ စကားခဏ ပြောလိုက်ရသေးတယ်။
“အစ်ကို နေကောင်းလား…။ အဆင်ရော ပြေလား…။ အခုဘာတွေ စိုက်ပြီးပြီလဲ..။ လယ်တွေရော ရေရနေပြီလား…” အစသဖြင့်…ညီဖြစ်သူတွေဆီက “ပီရဝါစာ” ချစ်ဖွယ်သောစကား လေးတွေ ကြားလိုက်ရတာနဲ့ပဲ…… မိမိအတွက် အရာရာဟာ ဘာမှ မပြောပလောက်တော့ ပါဘူး…။ ဘာပဲဖြစ်ဖြစ် “ငါ့သားသမီးတွေ ကိုတော့ ငါတို့မိသားစုလိုမဖြစ်ရအောင် ကြိုးစားနေတာပဲ လေ..” အင်း…ထိုင်ပြီး တွေးနေလို မဖြစ်သေးပါဘူး..။ ထွန် နားထားတာ တောင် ကြာနေပြီ..ပဲ… ..။ နွားတွေလဲ နေပူ လှပြီ…ဒီတစ်စပ်ကလေးတော့ စပ်အောင်ထွန်လိုက်အုံး….မှ…။….။
စာရှု့သူအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ။ ။
အိမ်လွမ်းသူ (မှန်နီကုန်း)


ဆက်ဖတ်မယ်ဆိုရင် ...

Thursday, July 10, 2008

Globalization and My Village!


ကျုပ်တို့ရွာနဲ့ ဂလိုဘယ်(လ်)လိုက်ဇေးရှင်း

“Globalization” ဆိုတဲ့ စကားလုံး ကို ဒီဘက်ခတ်မှာ တော်တော်လေး လူသုံးများလာတာ တွေရပါတယ်။ အဲဒီမှာ “ဂလိုဘယ်(လ်)လိုက်ဇေးရှင်း” ရဲ အကြောင်းကို ဃဃဏဏ သိလို့ သုံးနေတဲ့သူတွေလဲ ရှိသလို..တော်ရိရော်ရိ သူများသုံးလို့ လိုက်သုံးနေသူတွေက ပိုများမယ်ထင်ပါတယ်.။မင်းကော ဘယ်အထဲကလဲ လို့မေးရင်တော့ ယောင်တောင်တောင် ထဲကပါပဲ..။ဘာပဲ ဖြစ်ဖြစ် ယနေ့ ကမ္ဘာမှာ သတင်းနဲ့ နည်းပညာ ကဏ္ဍ အရမ်းတိုးတက် တော့ နေ့စဉ် အချိန်နဲ့ အမျှ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံ တွေ ကို ကမ္ဘာ့နေရာတိုင်းလိုလိုက မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းသိနိုင်တယ်လို့ ဆိုကြသမို့လား။ ဒါကြောင့်လဲ ဒီ “ဂလိုဘယ်(လ်)လိုက်ဇေးရှင်း” ဆိုတာကြီးကို တပြောတည်း ပြောနေကြတယ် လေ..။

ကျုပ်လဲ အားကျမခံ ကျုပ်တို့ရွာ နဲ့ ဒီဂလိုဘယ်(လ်)လိုက်ဇေးရှင်းကြီး ဘယ်လိုများ ပတ်သတ်နေလဲလို့ မဆီမဆိုင် တွေးနေမိတယ်.။ ဒီလိုပါ…ကျုပ်တို့ ရွာမှာရော ဘာသာရေး ကစ၊ သာရေးနာရေး၊ ရပ်ရေးရွာရေး၊ ဟိုအကြောင်းဒီအကြောင်း၊ ထွေလီကာလီ များမြောင်လှတဲ့ လူဘဝဇတ်ခုံ အဖုံဖုံ ဘယ်လိုတွေ များ အခန်းဆက်နေကြသလဲ ပေါ့…။ အို… စေ့စေ့ တွေးမှရေးရေးပေါ်ဆိုသလိုပဲ…ဗျို့..။ ယနေ့ များတကာတွေ သြချနေရတဲ့ “ကမ္ဘာရွာ”ဆိုတဲ့ခေတ်ကြီးလိုပဲ ပေါ့။ ကျုပ်တိုရွာမှာလဲ သတင်းယူတာ၊ သတင်းပို့တာ၊ သတင်းဖြန့်ဝေတာ၊ ဆိုတဲ့ စနစ်က သူ့ရပ်နဲ့ သူ့ဇတ်ကတော့ ဟုတ်နေတာပဲ ဗျို့..။



အိုင်တီ နည်းပညာမှာတော့ hacker လို့ ခေါ်မလားမသိဘူး။ ဒီလိုပြောလိုက်တော့ ခင်ဗျားတို့ အတော်များများက ကွင်းခနဲ ကွက်ခနဲ မြင်လိုက်မယ်။ တဒေါက် ဒေါက်နဲ့ လက်သွက်တဲ့၊ သတင်းနိုက်တတ်တဲ့ ပညာရှင်တွေကို။ ကျုပ်တို့ ရွာမှာတော့ ကြက်သရေဆောင်၊ သတင်းကင်းထောက်တွေ ဘယ်လောက်ထိကောင်းလဲ သိချင်ရင်တော့ ကျုပ်တို့ မြို့က မီးသတ်တပ်ဖွဲ့ဝင်တွေကိုသာ မေးပေတော့လို့ ပြောပါရစေ။ အကြောင်းကဒီလိုပါ….. မိတ်ဆွေတို့ သိတဲ့ အတိုင်း.. ကျုပ်တို့ ၇ွာက မြို့နဲ့ ကပ်လျက် ရွာဆိုတဲ့ အကြောင်းလေ..။ အဲဒီတော့ မြို့နဲ့ ပတ်သက်တဲ့ ကောင်ကျိုး၊ဆိုးကျိုးဟူသမျှလဲ ကျုပ်တို့ ရွာနဲ့ သက်ဆိုင်တယ်ပေါ့ဗျာ။ ကျုပ် မှတ်မိသလောက်တော့ ဗျာ..ကောင်းကျိုး၊ဆိုးကျိုးလို့သာ ဆိုရတယ်… ကျုပ်တို့ ရွာက ဆိုးကျိုးသာပို ခံစားရတယ်ထင်ပါတယ်။ ဥပမာဗျာ.. လုပ်အားပေးဆိုပါတော့ (ငယ်ငယ်တုံးက) မြို့ထဲက အိမ်တွေ က လူပဲ လိုက်ရတာ များတယ်၊ ကျုပ်တို့ ရွာကတော့ လူတင်မကဘူး တခါတလေ လှည်းရောနွားရောပါ လိုက်ရတာဗျ.။ ထားပါ..ဒါတွေ က။

စောစောကပြောသလို ပေါ့ ….မြို့နဲ ပတ်သက်တဲ့ မီးသတ်ရန်ပုံငွေကစ၊ ဘာကြေးညာကြေး ဆို.. ကျုပ်တို့ ရွာလဲ ပေးရတာပေါ့…။အဲဒီလိုပဲ နွေရာသီရောက်ပြီဆိုရင် မီးသတ်တပ်ဖွဲဝင်တွေ က ကျုပ်တို့ ရွာ အပါ အဝင်၊ မြို့ပေါ်က ရပ်ကွက်ပေါင်းစုံ ကို အလှည့်ကျ မီးလိုက်စစ်လေ့ ရှိပါ တယ်..။ သူတို့ စစ်တာကလဲ တခြားမဟုတ်ပါဘူး. မီးချိတ်၊ မီးကပ်၊ ရေတဘက်၊ မီးသတ်သဲနဲ့ မီးသတ်ရေ စုံမစုံပေါ့ဗျာ။ အထူးသဖြင့် မီးကြွင်းမီးကျန် ရှိမရှိပေါ့..။ အဲ.. ပစ်မှုတစ်ခုတွေ့ရင်တော့ ပစ်မှုပေါ် မူတည်ပြီး ဒါဏ်တပ် တယ်လေ..။မီးသတ်ရေ ဖြည့် မထားရင် ဘယ်လောက်..၊ မီးကြွင်း မီးကျန်ဆိုရင် ဘယ်လောက်.. အစသဖြင့် ပေါလေ။ ကျုပ်တို့ ရွာကအိမ်ထောင်စု အားလုံးက တောသူတောင်သားတွေ ဆိုတော့ …မီးချိတ်၊ မီးကပ်၊ ရေတဘက်ဆိုတာကတော့ အထူး လုပ်နေစရာ မလိုပါဘူး။ သစ်တို့ ဝါးတို့ ပေါတာကိုး။ မီးသတ်ရေအိုး ကတော့ နွားသောက်၊ ဝက်သောက်နဲ့ ဆိုတော့ ကုန်နေတာက များပါတယ်၊ မီးကြွင်းမီးကျန်ကလဲ ကျေးရွာဓလေ့ဆိုတော့ လူကြီးတွေက ရေနွေးကြမ်းက အပြတ်မခံကြဘူးလေ..။ အမြဲတမ်း မီးဖိုနဲ့ ရေနွေးအိုးဖင် ခွာရတယ် မရှိဘူး။ အဲဒီတော့ အထူးသဖြင့် ကျုပ်တို့ ရွာထဲမှာ မီးသတ်တပ်ဖွဲ့လာပြီဆိုရင် အဓိက လုပ်ရတာက မီးသတ်ရေအိုး ရေဖြည့်ပို့ရယ်နဲ့ မီးကြွင်းမီးကျန်သတ်ဖို့ ပါပဲ။ အဲပြောရအုံးမယ်.. မီးသတ်ရေအိုးက ရေတစ်ဂါလံ ကျော်ကျော်လောက်ဆံ့မယ်ထင်တယ် ၅လုံး..၊ မီးသတ်သဲကလဲ တစ်တင်း ထန်းခေါက်လောက်တောင်း အစုပ်တစ်ခုနဲ့ ထည့် ထားရတယ်ဗျ။

ကျုပ်မှတ်မိသလောက်ပြောရရင် ကျုပ်တို့ ရွာထဲမှာ မီးသတ်တပ်ဖွဲ့ ဒါဏ်ရိုက်ခံရတယ် ဆိုတာ ရွာထိပ်က တစ်အိမ်နှစ်အိမ်နဲ့ ရွာနောက်ပိုင်း အစွန်က တစ်အိမ်နှစ်အိမ်ပဲ ကြားဖူးတယ်။ ဒါတောင် တစ်နှစ်လုံးနေမှ တစ်ခါလောက်ပါ။ တော်တော်လေးရှားပါတယ်။ ရွာလည်က အိမ်တွေ ဆိုတာကတော့ ပြောမနေနဲ့ တော့ ..။ တစ်ခါမှ အဖမ်းမခံရဖူး ဘူးလေ။ ဘာကြောင့် လဲ မေးရင်တော့ ကျုပ်တို့ ရွာကို ဝင်ဖို့ လယ်ကွင်းလျှို လေးကို ဖြတ်ရတာ က တစ်ကြောင်း၊ ကျုပ်တို့ ရွာရဲ hackers တွေ က လဲ နေရာတိုင်းမှာ ရှိနေတာက တစ်ကြောင်းလေ။ မီးသတ်ရဲဘော်တွေ လယ်ကွင်းကို ဖြတ်နေပြီဆိုတာနဲ့ သတင်းက ကျုပ်တို့ တစ်ရွာလုံး နှံ့ နေပြီ။ အဲဒီလို အချိန်ဆို ဆော့ နေတဲ့ ကလေး အားလုံးရပ် ပြီး “မီးသတ်ဗျို့ …….မီးသတ်ဗျို့….။” ရွာထဲ က လမ်းဟူသမျှ လူစုခွဲပြီးအော် ကြတာလေ..။ တစ်မျိုးပျော်စရာတောင် ကောင်းသေးဗျ။ လူကြီးတွေ ကလဲ ချက်ချင်းပဲ မီးသတ်ရေအိုးရေဖြည့်တယ်…၊ မီးကြွင်းမီးကျန်သတ်တယ်၊ ဟော့.. မီးသတ်ရဲဘော်တွေလဲ ရွာထဲ ရောက်ရော့ အားလုံး အဆင်သင့်ပဲ ။ မီးသတ်ရဲဘော်ကြီးတွေ ကြိုက်သလောက် ခြေတိုအောင် စစ်ပေတော့ ကျုပ်တို့ ရွာမှာ ဒါဏ်တတ်ခံရတယ်ဆိုတာမရှိဘူး။ အဲဒီလောက်ကောင်းတာ သတင်းကပို့တာ ဖြန့်ဝေတာက။ အဲ တစ်ခါတစ်လေ ရွာရှေ့ပေါက်က ဝင်ရင် အဆင်မပြေလို့ ရွာနောက်ပေါက်ကဝင်ဖမ်းလဲ မထူးပါဘူး။ ထိပ်ပိုင်းက တစ်အိမ်စ နှစ်အိမ်စတော့ တစ်ခါတစ်လေ အဖမ်းခံရတတ်ပါတယ်။ ဒါကလဲ ရှားပါတယ်။ သူတို့ ကလဲ ကျုပ်တို့ ရွာအကြောင်းသိထားတော့ တစ်အိမ်နှစ်အိမ်လောက် စစ်ပြီးရင် ဆက်မစစ်တော့ ပါဘူး။ တွေ့တဲ့ အိမ်ဝင်ထိုင်ပြီး အဲ့ဒီအိမ်က တိုက်တဲ့ ရေနွေးကြမ်းလေး သောက်လိုက်၊ ကြွေးတဲ့ လက်ဖက်ကလေး စားရင်း တောင်ပြော၊ မြောက်ပြောနဲ့ ပြန်သွားရတာများပါတယ်။

အဲဒါက မီးသတ်ကိစ္စပါ..။ နောက်ရှိသေးတယ် Google Search Engine တွေမှာ သုံးတဲ့ News ဆိုတဲ့ link လိုမျိုး ကျုပ်တို့ ရွာရဲ့ ပင်တိုင်စံ ရွာဆော် ကိုစိန်အောင်ပါ။ သတင်းစုံသိချင်ရင် သူ့သာမေးပေတော့။ သူကတော့ တကယ့် အစိုးရရဲ့ အခွန်အတုတ် ကိစ္စတွေ၊ ရပ်ရွာ သာရေး၊နာရေး ကိစ္စတွေနဲ့ ဘာသာရေးလုပ်ငန်းတွေမှာ ဆော်သြပေးရသူလေ။ အကြောင်းတစ်စုံ တစ်ရာ ထူးတာနဲ့ သူကရွာရိုးကိုးပေါက် ခြေပေါက်အောင် လှည့်ပြီးဟစ်နေရတာမို့လား။ ပြောရအုံးမယ် ကိုစိန်အောင်က ရွာဆော်လုပ်နေလို့ သာဗျ ၊ သူ့အသံက ကောင်းမှကောင်းပဲ။ တစ်ခါတစ်လေ “ဘာဗျို့ ….ညာဗျို့…..” အော်ပြီး ပြီဆိုရင် အလင်္ကာကျော်စွာရဲ အသံနဲ့ တစ်ပုဒ်လောက် ဟဲလိုက်သေးတယ်..ဗျို့။ ကျုပ်တို့ဆို သူတစ်ခုခုအော်ပြီးတာနဲ့ ဘာသီချင်းများ ဆိုမလဲ ဆိုပြီး နားစွန့်ရတာ အမောသားပဲ။

ဒါတင်ဘယ်ကမလဲ pop-up တွေလို သတင်းအချက်အလက်တွေ မဟုတ်တာတွေရော၊ ဟုတ်တာတွေရော၊ ရောပြွန်းသပြွန်း တစ်အိမ်တက်ဆင်း လိုက်ပြီး သတင် ဖလှယ်ရေး ကို အဓိကထားလုပ်နေတဲ့ မိန်းမတွေ က ရှိသေးတယ်လေ။ ဒီကနေ့ ဘယ်သူ့အိမ်က ဘာဟင်းချက်စားတယ်……ကစ၊ ဘယ်သူကတော့ ဒီနှစ်သီးနှံတွေ ဘယ်လောက်ရတယ်တော့.. ဆိုတာထိ။ ပြောမဆုံးပေါင် တောသုံးတောင် ဆိုတာတွေလေ။ တစ်ခါတစ်လေ “ဟယ်… ရွာလယ်ခေါင်က ခင်စန်းလေး ကလေးသုံးမွှာပူးမွေးလို့ တဲ့ တော့..။ အယ်… ဟုတ်လား။ နှစ်ယောက်က ချက်ချင်းသေသွားတာတဲ့ ။ အော်…။ ကျန်တာလေးက ယောက်ျားလေးတဲ့..။ ဟုတ်သလား….ဒါဆို"မောင်ကျန်”လေးပေါ့။” နောက်တစ်ခါ… “ဟို မြောက်ချောင်(ပိုင်း) က မြင့်ဆွေ မိန်းမလေး ကိုယ်ဝန် အရင့် အမာကြီးနဲ့ ဝက်စာအိုးကျိုတာလေ အဲ့ဒီ မီးဖိုနားလေးတင် ကလေးမွေးတာတဲ့ တော့ သနားပါတယ်။ ဟယ်..။ အယ်…ဟုတ်သလား၊ ဒုက္ခပါပဲနော်..။” “ဘာလေးတဲ့လဲ..” “ယောက်ျားလေး ဆိုလား ဟဲ့” အဲ့ဒီကလေးလဲ ချက်ချင်းပဲ အရပ်က ရေတစ်ခွက် မတိုက်ရပဲ နာမည်ပါ ကင်မွန်းတပ်ပေးလိုက်တယ် လေ… “ပြာလူး” တဲ့။ မြို့တွေမှာလို နာမည်တစ်လုံးပေးပို့ အရေး ဝိထာရ ချဲ့မနေပါဘူး..။ မိဘတွေ ကလဲ အရပ်က သဘောကျလို့ ပေးထားတဲ့ နာမည် တစ်လုံး ကြေကြေနပ်နပ်ပါပဲ..။ ဘယ်လောက် မြန်လဲ ကျုပ်တို့ ရွာက သတင်းကဏ္ဍမှာ..။

ဟော….. အခုဆိုရင် “ပြာလူး” တို့ ဆိုတာ ကျုပ်တို့ရွာရဲ့ ကြက်သရေဆောင် hacker တောင်ဖြစ်နေပြီလေ..။ ကျုပ်တို့ ရွာမှာ သဘောကျတာ တစ်ခု ရှိသေးတယ်၊ ရွာထဲ ကို သူခိုးဝင်တယ်ဆိုပါတော့..။ တစ်ရွာလုံး ရှိရှိသမျှလူ အကုန်ထွက်ပြီး လိုက်တာပဲ။ များသောအားဖြင့် မိတာပါပဲ။ မြို့တွေ မှာလို ကိုယ်ပစ္စည်းကို ဖင်ခုထိုင်ပြီး ကျီးကြည့် ကြောင်ကြည့် လုပ်မနေပါဘူး။ အဲ သူခိုးမိပြီဆိုရင်လဲ ကျုပ်တို့ရွာက ဘယ်တော့ မှ သူခိုးကို ရဲစခန်း မအပ်ဘူး။ နောက်တစ်ခါ ကျုပ်တို့ ရွာထဲ မလာရဲအောင် ကောင်းကောင်းဆုံးမ လွတ်တာပဲ။ ရွာထဲ ရှိရှိသမျှ လူငယ်ဟူသမျှကို… ပညာလဲပေးရင်း၊ ဝင်ပြီးရိုက် ခိုင်းတာလေ။ လူငယ်တွေကိုလဲ လူကြီးတွေက ခိုးစားတဲ့ “သူခိုး” ဆိုတာ ဒီလိုပဲ လို့ ခေါ်ပြတာလေ။ အခုနောက်ပိုင်းဆိုရင် ကျုပ်တို့ရွာကို သူခိုး ခိုးသံမကြားရသလောက်ပါပဲ..။

ကဲ ဘယ်လိုလဲ ကမ္ဘာရွာကြီးရေ.. ကျုပ်တို့ရွာကတော့ အဲ့ဒီလိုရပ်တည်လာတာ နှစ်တွေတောင်ဆွေးနေပြီ….။ ခင်များရော… ဘယ်လို ရှေ့ဆက်မလဲ ဆိုတာတော့ …..။ စာရှုသူအပေါင်းကို…… ပြာလူးတို့ ရွာက သတင်းနဲ့နည်းပညာတွေ လေ့လာရအောင် ဖိတ်ခေါ်ပါတယ်ဗျာ..။ ကြုံရင်ဝင်ခဲ့ကြပါအုံး။

စာရှု့သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။

အိမ်လွမ်းသူ (မှန်နီကုန်း)

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, June 24, 2008

Television



“ရုပ်မြင်သံကြားဆိုတာ…….”

ဘာရယ်မဟုတ်ပါဘူး….။TV ကြည့်နေရင်း….ကျနော် ငယ်ငယ်တုန်းက ရုပ်မြင်သံကြား စပြီးကြည့်ဘူးတဲ့ အကြောင်းလေး အမှတ်ရလို့ ရေးမိတာပါ။ အဲ့ဒီ အချိန်တုန်းကဆို ကျနော့် အသက်က ရှိလှမှ ၅နှစ်လောက်ပဲရှိအုံးမယ်။ ကျနော့်အထက် တစ်ယောက်ခြား အစ်ကို ကတော့ ၉တန်းလောက်ရောက်နေပြီထင်တယ်။ နောက်ပြီး အထက်က အစ်ကိုက ၆တန်းလောက်ဖြစ်မယ်။ အဲ့ဒီတုန်းက ကျနော်တို့မြို့ တစ်မြို့လုံးမှာ ရှားရှားပါးပါး ရုပ်မြင်သံကြားဆိုလို့ စစ်မှုထမ်းဟောင်းရုံးထဲက ၁၂လက်မ (အဖြူ/အမဲ) တီဗွီလေးတစ်လုံးပဲ ရှိတာလေ။ စစ်မှုထမ်းဟောင်းရုံးဆိုတာကလဲ ကျနော်တို့ ရွာနဲ့ ၂မိုင်နီးနီးလောက် ဝေးတယ်ဗျ။ နောက်ပြီး ကျနော်မှတ်မိသလောက် ဆိုရင် TVဆိုတဲ့ အသုံးအနှုန်းတောင် မသုံးသေးဘူး။ ရုပ်မြင်သံကြားစက်လို့ပဲ ခေါ်ကြတာလေ။ အဲ့ဒါတောင်( လူကြီး )တမတ် (ကလေး) ဆယ်ပြားပေးရတာဗျ။




တစ်နေ့မှာ ကျနော် အိမ်က ရေတွင်းနားမှာ ကစားနေတုန်း ကျနော့်အထက်က အစ်ကိုနှစ်ယောက် နွားရေ(နွားသောက်ရေး) ခပ်ကြရင်း တိုးတိုး တိုးတိုးနဲ့ ဒီကနေ့ည ရုပ်မြင်သံကြားသွားကြည့်ဖို့ အမေ့ကို ပြောရအောင်ဆိုပြီး တိုင်ပင်နေကြတာလေ။ ကျနော် လည်း တော်တော်လေး စိတ်ဝင်စားသွားတာပေါ့ .။ အဲ့ဒါနဲ့ ကျနော်က “ငါရော လိုက်ခဲ့မယ်လည်း ဆိုလိုက်ရော” နှစ်ယောက်သား သူတို့ အစီအစဉ် ကျနော်သိရကောင်းလားဆိုပြီး ဒေါသထွက်နေလိုက်ကြတာဗျာ..။“မင်းက နေရာတကာ ဘာဖြစ်လို့လိုက်ချင်ရတာတုန်း…“ လို့တောင် ငေါက်လိုက်သေးတယ်။ သူတို့က ကျနော်နဲ့ ရုပ်ရှင်ကြည့် ၊ပွဲကြည့်၊ ညပိုင်း အပြင်သွားရမှာ သေမလောက်ကြောက်ကြတာလေ။ ကျနော်ကလဲ ကျနော်ပဲဗျ..။ အစ်မတွေ ရုပ်ရုင်ကြည့် ၊ပွဲကြည့် သွားတိုင်း မလိုက်ရရင်ဂျီကျတယ်။ လိုက်ရပြန်တော့ လဲ ဟိုလဲရောက်ရော ခဏနေရင် အိပ်တော့တာပဲ..။ အပြန်ရောက်ရင် ခေါ်လာတဲ့သူ ကတော့ ကုန်းပိုးပေတော့ဗျို့ ။ အဲ့ဒါကြောင့် အစ်ကိုတွေဆို ကျနော့် ကို တစ်ခါမှ အပြင်သွားရင် မခေါ်ဘူး။ ညနေပိုင်း အပြင်ထွက်တော့မယ်ဆိုရင် ကျနော့် ကို ပုန်းရှောင်ပြီးထွက်ကြတာ များတယ်..။ အစ်မတွေ ကတော့ အမြဲလိုလို ခေါ်ကြပါတယ်။ သူတို့ ကတော့ ဝမ်းကွဲ အစ်မတွေရော၊ အဒေါ်တွေရောဆိုတော့ အဖွဲ့တောင့်တာလဲ ပါမှာပေါ့။ အပြန်ရောက်ရင် ကျနော်ကို တလှည့်စီ ကုန်းပိုးခေါ်ကြတော့ သက်သာတာလဲ ပါမှာပေါ့လေ။
အဲ့ဒီနေ့ကတော့ ကျနော်လည်း ကြံရာမရတာနဲ့ အမေ ထမင်းချက်တဲ့အနားသွားပြီး သူတို့မပြောခင် ကြိုပြီးတော့ လိုက်ချင်ကြောင်း နားပူနားဆာ လုပ်တာပေါ့။ အစကတော့ အမေကလဲ “နင်က ဘာဖြစ်လို့လိုက်ချင်ရတာလဲ ဘာလည်းမဟုတ် ညာလည်းမဟုတ်နဲ့ ..လို့” ပြောပါသေးတယ်။ ဒါပေမဲ့ ကျနော်က မလိုက်ရရင်လဲ တအီအီနဲ့ ဂျီကျနေမှာဆိုးတာနဲ့…လိုက်သွား…. လိုက်သွား လို့ လဲ ပြောလိုက်ရော…ကျနော်မှာ ပျော်လိုက်တဲ့ ဖြစ်ခြင်းဗျာ။ ဟိုနှစ်ယောက် ကတော့ ဘာမှန်းမသိရသေးဘူး ကျနော်က တော့ တညနေလုံး မြူးနေတာပဲ။ မျက်နှာကလဲ စပ်ဖြီးဖြီး ဆိုတော့ ဒီကောင်တွေက ကျနော်ကိုသိပ်ပြီးတော့ မသင်္ကာကြဘူး။ သိပ်မကြာပါဘူး ညနေစာထမင်းလဲ စာပြီးရော ကျနော်က သူတို့ကိုစောင့်ရင်း အမေ့နား ပွတ်သီးပွတ်သတ်လုပ်နေတာပေါ့.။ နှစ်ယောက်သား အမေ့ဆီကို ရုပ်မြင်သံကြား သွားကြည့်ချင်ကြောင်းလည်း ပြောရော အမေက “ဒီကောင်လေးပါ ခေါ်သွားကြ..”လို့ လည်း ဆိုလိုက်ရော နှစ်ယောက်သား မျက်နှာကြီးတွေ စူပုတ်ပြီး ကျနော့် ကိုဘုကြည့် တောင်ကြည့် လိုက်သေးတယ်။ နောက်ပြီး “ဟာ…အမေ့သားက သူများတွေ နဲ့တူတာမဟုတ်ဘူး ဟိုရောက်ရင် ချက်ခြင်းတန်းအိပ်မှာ ၊ ပြန်ရင်လည်း နိုးရတာခက်သေး တယ်။ ခြေလျင်လည်း မလျှောက်ချင်ဘူး။ ကုန်းပိုးရမှာ…ဘာညာပေါ့”။ ကျနော်ကို ခေါ်ရမှာစိုး လို့ လေ။ ဒါပေမဲ့ သူတို့တတွေ ဘယ်လောက်ပဲ ထုချေလွှာတွေ တင်းသွင်းတင်သွင်း အမေ့ရဲ့ “ဒီကလေးကိုတောင် ခေါ်မသွားချင်ရင် နင်တို့လဲ မသွားကြနဲ့” ဆိုတဲ့ စကားနဲ့ပဲ ခဲလေသမျ သဲရေကျပေါ့ဗျာ။
သူတို့တတွေ ကတော့ တလမ်းလုံး တဗြစ်တောက်တောက်နဲ့ လိုက်လာရကောင်း မလားဆိုပြီး ပြောနေလိုက်ကြတာ….နောက်ပြီး “မင်းဟိုရောက်ရင်မအိပ်ရဘူးနော်..။ အပြန်ရောက်ရင်လဲ နိုးမရရင် ငါတို့က ပစ်ထားခဲ့မှာနော်..။ မင်းကိုဘယ်သူမှ ကုန်းလဲမပိုးဘူး” အစသဖြင့် သြဝါဒတွေ ချွေနေကြတာ.။ ကျနော်ကတော့ ဝတ်တရားကျေ အင်း လောက်သာ ပြန်ပြောပါတယ်။ သူတို့ပြောတာတွေလဲ နာထဲမရောက်ပါဘူး..။ အပြင်ကို လိုက်ခွင့်ရတာရယ်..၊ မမြင်ဘူးတာမြင်ရမယ်ဆိုတာ တွေးတွေးပြီး ပျော်နေတာပါ။ ပျော်လွန် လွန်းလို့ လမ်းတောင် ဖြောင့်ဖြောင့်မလျှောက်ဘူး တလမ်းလုံး ခုန်လိုက် ပေါက်လိုက်နဲ့ လိုက်လာခဲ့တာလေ.။ ရုပ်မြင်သံကြားစက်ဆိုတာ ရုပ်လည်းမြင်ရတယ်၊ အသံလည်းကြားရတယ် ဆိုတော့ ..ဘယ်လိုဟာကြီးပါလိမ့်ပေါ့….။တလမ်းလုံးတွေးလာခဲ့ တာ။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ လိုက်ခွင့်ရတာကိုပဲ ပျော်နေမိတာပါ။
အဲ ဟိုလဲ ရောက်ရော တွေ့ပါလေရော ..ဗျို့။ ရုပ်မြင်သံကြားစက်ဆိုလို့ အကြီးကြီးလို့ ထင်ထားခဲ့တာလေ..။ ဘယ်ကလာ ၁၂လက္မ ရုပ်မြင်သံကြားစက် ကလေး… စာပွဲလေး ပေါ်မှာ တင်ထားတယ်။ ဘေးနားမှာက ဘက်ထရီအိုးလေးက နှစ်လုံးနဲ့။ မှတ်မှတ်ရရ ပြောရရင် ကျနော် တို့ ရောက်တော့ သီချင်းအစီအစဉ် လွှင့်နေတာဗျ။ အမျိုးသမီး တေးသံရှင်ပဲ ဘယ်သူ၊ ဘယ်ဝါ၊ ဘာသီချင်းဆိုတယ်ဆိုတာတော့ ကျနော်မသိဘူး။ နောက်ပြီး ရှေ့မှာလူ၂၀လောက်ရှိမယ် ထင်တယ်။ ထိုင်ကြည့်နေကြတာ။ အမှန်တိုင်းပြော ရရင် ကျနော်က တခါမှ မမြင်ဘူးလို့ မြင်ဘူးချင်တာရယ်၊ အပြင်ကို ထွက်ခွင့်ရချင်တာရယ် ကြောင့်သာ လိုက်လာခဲ့တာ ။ ရုပ်မြင်သံကြားစက်ကို မြင်လိုက်ကတည်းက ဆိုင်းဝိုင်းတွေ၊ ဇတ်ပွဲတွေလောက် ကျနော့် စိတ်ကိုမဆွဲဆောင်နိုင်ဘူး။
အဲ..သိပ်မကြာလိုက်ပါဘူး သီချင်းနှစ်ပုဒ်လောက်လည်း ပြီးရော၊ ညပိုင်းသတင်းလွင့်တဲ့ အစီအစဉ်လည်း ရောက်ရော ..ကျနော့်ဇတ်လမ်းက စပြီလေ။ဟိုနှစ်ယောက်လဲ နောက်ကနေ ခါးတို့လိုက် ခေါင်းပုတ်လိုက်နဲ့ မအိပ်အောင် တတွတ်တွတ်ပြောပါသေးတယ်။ ဒါပေမဲ့ ကျနော် ကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ အစီစဉ်တွေလဲ ပြီးရော အစ်ကိုနှစ်ယောက်ခမျာ ပြဿနာ စတော့တာပါပဲ။ ကျနော့် ကိုတော်တော်နဲ့ နိုးလို့ကမရ၊ နိုးလို့ရပြန်တော့ အခြောက်တိုက်ကြီး ထငိုလို့ ငို၊ နောက်ပြီး နှစ်ယောက်သား လက်တစ်ယောက် တစ်ဘက်စီ ဆွဲပြီး ခေါ်လာတော့ လည်း လမ်းလျှောက်ရင်းအိပ်ငိုက်နေတော့ ခဏခဏ ခလုပ်တိုက်လဲတာလေ။ လဲလိုက်ပြန်ရင်း ထငိုလိုက်ရင်းပေါ့။ နောက်ပိုဆိုးတာက လမ်းမလျှောက်ချင်လို့ လမ်းလယ်ခေါင် ပယ်ပယ်ကြီးထိုင်ပြီး ဂျီကျလိုကျ ဆိုတော့ အစ်ကိုတွေမှာတော့ ကျနော့် ကို ဒေါသမီးပုံကျ နေတာလေ။ ချော့လိုက်ခြောက်လိုက် နဲ့ နောက်ပြီး လမ်းသွားလမ်းလာတွေ ကလဲ ဝိုင်းဝိုင်းကြည့် ကြလေ တော့ ရှက်တာလဲ ပါမှာပေါ့။ နောက်ဆုံး ဘယ်လိုမှ မရတဲ့ အဆုံး ညီအစ်ကိုနှစ်ယောက်သား “နောက်တစ်ခါ မင်းပါလို့ ကတော့ ဘယ်တော့မှ မသွားဘူး…….”အစသဖြင့် တဗြစ်တောက်တောက် ပြောရင်း …….တစ်ယောက်တလှည့် ကုန်းပိုးပြီးသကာလ…။ အော်……ကျနော့်ရဲ့ … ရုပ်မြင်သံကြား၊ …..ရုပ်မြင်သံကြား….။ ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
လေးစားလျှက်-
အိမ်လွမ်းသူ(မှန်နီကုန်း)


ဆက်ဖတ်မယ်ဆိုရင် ...

Thursday, June 12, 2008

“ကျနော်နဲ့ သီချင်းတစ်ပုဒ်”


သီချင်းတစ်ပုဒ် ဆိုလို့ တခြားသီချင်းမဟုတ် ပါဘူး။ စန္ဒယား ဦးချစ်ဆွေရဲ့ “တိမ်တမန်” သီချင်းပါ။ မိတ်ဆွေတို့လည်း နားထောင်ဘူးမယ်ထင်ပါတယ်။ ဒီသီချင်း က ကျနော် ခပ်ငယ်ငယ် အရွယ်ကထဲက စပြီး ကြိုက်နှစ်သက်ခဲ့တဲ့ သီချင်းတွေထဲက တစ်ပုဒ်ပါ။ ကျနော်တို့ ငယ်ငယ်ကတော့ ခုလို မိုးဦးကျ၊ မိုးရာသီရောက်ပြီဆိုရင် ရေဒီယိုညနေပိုင်း အစီအစဉ်မှာ ထုတ်လွှင့်နေကျ သီချင်းလေးပါ။ မှတ်မိနေသေးတယ် မိုးဦးကျ ဆိုရင် ရာသီဥတုကလဲ အိုက်စပ်စပ်လေ။ ညနေစာ ထမင်းစားပြီးပီဆိုရင် အိမ်ရှေ့က ကပြင် (ကွက်ပျစ်) ပေါ်ထွက်ပြီးပက်လက်လေး လှန်ရင်း အိမ်နားက ဦးလေးပြူး တို့အိမ်က ဖွင့်တဲ့ ညပိုင်း ရေဒီယို အစီအစဉ်နားထောင်ရင်း နဲ့ ဒီသီချင်းကို ရင်းနှီးခဲ့တယ်လို့ ပြောရမှာပဲ။



ကျနော်တို့ဒေသမှာက ဆည်တို့၊မြောင်းတို့လဲ မရှိတော့ ဒေသတွင်းက တောင်သူလယ်သမား အားလုံးက သဘာဝရဲ့ မိုးရေကိုပဲ အားကိုးနေရတာလေ။ အတာသင်္ကြန် နှစ်သစ်ကူးပြီး ပြီဆိုတာနဲ့ တောင်သူလယ်သမားအားလုံး စိုက်ဖို့၊ပျိုးဖို့ တာစူနေကြပြီ မို့လား။ တခါတလေ..မိုးဦးကမကျသေး မိုးကျတာ နောက်ကျနေရင် တောင်သူတွေ အားလုံး လည်တဆန့်ဆန့်နဲ့ အနောက်တောင်ထောင့် ဆီကို မိုးမျှော်နေရတာ အမောသားပဲ။ အဲဒီလို အချိန် ရေဒီယိုကလဲ “တိမ်တမန်” သီချင်းလေး လွှင့် လို့၊ တိမ်ညိုတိမ်လိပ်တွေကလည်း စနေထောင့် ဆီက တဖျပ်ဖျပ်လူးနေတဲ့ လျှပ်စီးရောင်အောက်မှာ ရိပ်ခနဲ ရိပ်ခနဲ ဟန်ရေးလေး ပြလို့…. ဆိုရင်ဗျာ…။ ဘာပြောကောင်းမလဲ.. ၊တလောကလုံးနဲ့ ကျနော် တသားတည်းကျနေတယ်လို့ ကို ထင်ရလောက်အောင် ဈာန်ဝင်သွားတာဗျ။ ဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် ရေဒီယို မှာ အဲဒီသီချင်း လွှင့် ပြီးလို့ တခြားအစီအစဉ်တွေ လွှင့် နေပြီ၊ အဲဒီနောက်ထပ် အစီအစဉ်တွေ က ကျနော့် စိတ်ထဲမှာစွဲကျန်နေခဲ့တဲ့ “တိမ်တမန်” ရဲ့ သံစဉ်တွေနဲ့ တီးလုံးသံတွေ ကို မလွှမ်းမိုးနိုင်ခဲ့ဘူး။ အဲ့ဒီလောက်ထိ ဒီသီချင်း စွဲလမ်းခဲ့တာပါ။ အခုအချိန်အထိလည်း ကြိုက်တုန်းပဲဗျ။
ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဝင်လာတဲ့ အတွေးလေးတစ်ခုကြောင့် အဲ့ဒီသီချင်းကို ဆိုညည်းဖို့ တော်တော်လေး ရွံ့ (စိုးရိမ်) နေမိတယ်ဗျာ။ ဘာရယ်မဟုတ်ပါဘူး သီချင်းထဲက စာသားတချို့ ကို ကိုယ်ဟာကိုယ် တွေးမိနေလို့ပါ။ မိတ်ဆွေတို့ လည်း မှတ်မိမယ်ထင်ပါတယ်။ အဲ့ဒီစာသားလေးက “်၊ဆည်၊မြောင်း၊ချောင်း၊ကန်.ပြည့်လျှံဖြိုးရန်…မိုးလုံးမည်းမျှ မရွာစေချင်ပါသည်…။ ဆည်၊မြောင်း၊ချောင်း၊ကန်…အသင့်အမှန် ကျိုးရန် ပုလဲလုံး၊ ရွဲလုံးမက ရွာစေချင်ပါသည်..” ဆိုတဲ့ စာသားလေးပါ.။ မိတ်ဆွေတို့လည်း သိကြတဲ့အတိုင်း လေ…ခင်များတို့ ကျနော်တို့ရဲ့ ကမ္ဘာကျော် အစိုးရကြီးလက်ထက်မှာ….လက်ညိုးညွန်ရာ ရေဖြစ်စေ ဆိုတဲ့ စီမံကိန်းနဲ့ ဆောက်လာခဲ့ တဲ့ ဆည်တွေ နဲတာမှ မဟုတ်တာ။ ဒီသီချင်း ထဲက စာသားလေးကို ဆက်တွေးမိရင်……..။အောင်မလေး……။

အသစ်တွေ တည်ဆောက်တာကတော့ တည်ဆောက်တာပေါ့လေ…ဒါပေမယ့် တည်ဆောက်ပြီးသားတွေ ကို ဘယ်လိုထိန်းသိမ်း မလဲဆိုတာတော့ အများကြီး လိုအပ်မယ်ထင်ပါတယ်။ ကျနော်တွေးကြည့်မိတယ်…မြစ်တို့ ချောင်းတို့ ဆိုတာ ရေစီးနဲ့ အတူ အထက်က အနယ်အနစ်တွေ တိုက်စားလာတာမို့လား။ရှေ့မှာ ဆည်ရှိရင် ဆည်ကြမ်း ပြင်ထိ ဆိုက်ကပ်လာမယ်။ နောက် ပြီး ဆည်ကြမ်း ပြင်ကို တဖြည်းဖြည်း မြင့်လာစေမယ်။ အဲ့ဒီမှာ ဆည်ရဲ့ ပြုပြင်ထိန်းသိမ်းမှု မရှိရင် ဆည်ရေမျက်နှာပြင်ပါ မြင့်လာမယ်။ ရေမျက်နှာပြင် မြင့်လာရင် ဆည်ဘောင်ရဲ့ ခံနိုင်ရည်ကို စိန်ခေါ်လာမယ်လေ။ အဲ့ ဒီလို အချိန်မှာ ရေမနိုင်လို့ လွှတ်ချသည်ပဲဖြစ်စေ၊ ကျိုးကျသွားသည်ပဲ ဖြစ်စေ၊ အောက်ပိုင်မှာ ရေကြီးမှာတော့ သေချာနေတာပဲ.။
နောက်တစ်ချက် ထပ်ပြောပါရစေ။ မိုးပေါ်က ကျလာတဲ့ရေ ဒီအတိုင်းပဲ ချောင်းထဲ မြစ်ထဲကို တခါတည်း အရောက်ခံမှာလား။ မြေဆီလွှာထဲမှာ ကြာရှည် ထိန်းသိမ်းထားပို့ လက်ရှိ ရှိနေတဲ့သစ်တောတွေ ကို ထိန်းသိမ်းဖို့ နဲ့ နောက်ထပ် အသစ်တွေ ပြုစုပျိုးထောင်ဖို့ လူတိုင်းမှာ တာဝန်ရှိမယ်လို့ ထင်ပါတယ်။ ယခု သစ်တောတွေ ပြုန်းတီးနေတာ မပြုန်းတီးတာကို ကျနော်မပြောလိုပါ။ ပြည်သူလူထုကို အဲ့ဒါနဲ့ပတ်သက်ပြီး ဘယ်လိုပညာပေးမလဲ..။သစ်ထုတ်လုပ်သူတွေ ကို ဘယ်လိုထိန်းကွပ်မလဲ ဆိုတာ..တော့ လိုနေပါပြီ။ဘယ်လိုပဲ ဖြစ်ဖြစ် ရေကြီးတာတွေ ကာကွယ်ဖို့ သစ်တောတွေက အဓိကလိုအပ်နေပါတယ်..လို့ ပြောပါရစေဗျာ……။
ဒါလောက်ဆိုရင် ဘာကြောင့် ဒီသီချင်းကို နားထောင်ဖို့ ဆိုညည်းဖို့ ရွံ့နေတယ်ဆိုတာ မိတ်ဆွေတို့လည်း ခံစားလို့ရမယ်ထင်ပါတယ်….။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ…။
လေးစားလျှက်-
အိမ်လွမ်းသူ(မှန်နီကုန်း)


ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, June 4, 2008

“ဆေးလိပ်တစ်တို ရဲ့ ကျေးကျွန်”



ယနေု့ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးနေသူ လူဦးရေ ဘယ်လောက် ရှိတယ် ဆိုတာ ကျနော်မသိပါဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံတိုင်းလိုလို ဆေးလိပ်ရဲ့ ကျေးကျွန်တွေ (သောက်သုံးနေသူ) တော်တော်လေးများတယ်ဆိုတာတော့ သေချာပါတယ်။ ကျနော်တို့ အရှေ့ တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာဆို အမျိုးသမီးတွေကအစ ဆေးလိပ်ရဲ့ကျေးကျွန် တွေဖြစ်နေတာ တော်တော်လေး တွေ့နေရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ကံအားလျှော်စွာ အမျိုးသမီး ဆေးလိပ် သောက်တဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံက အမျိုးသမီးတွေ အတွက်ဂုဏ်ယူစရာ တစ်ခုပါ။




နောက်တစ်ချက်က ကျနော်တို့ နိုင်ငံက အမျိုးသမီးတွေ ဘာကြောင့် ဆေးလိပ် မသောက်တာလဲလို့ မေးရင်တော့ “ယဉ်ကျေးမှု”ကြောင့် လို့ ကျနော်ဖြေမှာပါ။ ကျနော်တို့ နိုင်ငံမှာ အမျိုးသမီးတစ်ယောက်တစ်လေ ဆေးလိပ်သောက်တာ၊ ကွမ်းဝါးတာ၊ ဘီယာဆိုင် ထိုင်တာ စတဲ့ ယဉ်ကျေးမှုကနေ သွေဖယ်စေတဲ့ အပြုအမှုတွေ လုပ်လာပြီဆိုရင် ဘေးပတ်ဝန်းကျင်က “ဒီကောင်မ မိန်းမတန်မဲ့ ဆေးလိပ်ကြီး လက်ကြားညှပ်လို့” “ဒီမိန်းမ အရှက်ကို နဲနဲမှ မရှိဘူး” “ကိုယ့်ဟာကို မိန်းမလို့ရော သဘောထားရဲ့လား” “အဆင့်အတန်း ကို မရှိဘူး” စသည်ဖြင့် ပြစ်တင်ရှုံ့ချလေ့ ရှိပါတယ်။ ဒါဟာ ကျနော်တို့ လူမျိုးစုတွေ ရဲ့ဓလေ့ လေးတစ်ခုပါ။ မြန်မာနိုင်ငံက အမျိုးသမီးတွေ အတွက် အင်မတန် တန်ဖိုးရှိတဲ့ ဓလေ့လေး တစ်ခုလို့ ယူဆမိပါတယ်။
အဲ့ဒီလိုပဲ ကျနော်တို့ ယောက်ျားလေးတွေကိုလဲ တချို့မိဘတွေ၊ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင်ကလူတွေက ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ “ယောက်ျားလေးပဲ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ဖဲရိုက်တာ၊…..လုပ်တာ ဘာဆန်းသလဲ” စသည်ဖြင့် ပြောကြပါတယ်။ အဲ့ဒီစကားရဲ့ အကျိုးသက်ရောက်မှု (Effect) ဘယ်လောက်ထိ သက်ရောက်မှု ရှိတယ်ဆိုတာ မစဉ်းစားကြပါဘူး။ လွယ်လွယ်ပဲ ပြောလိုက်ကြတာပါ။ လူ့လောကကို ရောက်လာတဲ့ လူသားတစ်ယောက်ကို “ဟိုပစ္စည်းလေး” တတ်ပေးလိုက်တာနဲ့ပဲ မကောင်းမှု လိုင်စင်ထုတ်ပေးထားတဲ့အတိုင်း ပြောနေလိုက်ကြတာ။ အဲ့ဒီလို ဘာမဟုတ်တဲ့ စကားတစ်ခွန်းက ကျနော်တို့ နုပျိုတဲ့ ယောက်ျားလေး လူငယ်တွေ အတွက် မကောင်းမှုဆီကို တွန်းပို့စေတဲ့ တွန်းအားတစ်ခု ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။ ဘာကြောင့် ကျနော်ပြောနိုင်သလဲ ဆိုရင် ကျနော်ကိုယ်တိုင် ခံစားခဲ့ရဘူးလို့ပါ။
မှတ်မှတ်ရရ ပြောရရင် ကျနော် ၈တန်းစာမေးပွဲအပြီး နွေရာသီကျောင်းပိတ်ရက် ကာလဟာ ကလေးဘဝကနေ လူပျိုဘဝ ကို သိသိသာသာကြီး ပြောင်းလဲလာတဲ့ ကာလပါ။ ကျနော်ရဲ့ အသံကအစ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေဟာ ကလေးဘဝကို ကျောခိုင်းစပြုတဲ့ အချိန်ပါ။ အဲ့ဒီအချိန်မှာ ကျနော့် ပတ်ဝန်းကျင်က အစ်ကိုတွေ၊အစ်မတွေ၊ ဦးလေးတွေ၊ လေးလေးတွေကလဲ သတိထားမိလာပါတယ်။ ကျနော့် ကိုတွေ့လို့ ခေါ်ရင်တောင် ခါတိုင်းလိုမဟုတ်တော့ဘူး။ “လူပျိုကြီး” ဆိုတဲ့ ပညတ်ချက်လေး ကို သုံးလာပါတယ်။ သူတို့ အဲ့ဒီလို ခေါ်လိုက်တိုင်း ကျနော်က အရမ်းသဘောကျနေတာဗျ။ ကျနော့်ကိုယ် ကျနော်တောင် တကယ့်လူပျိုသိုးကြီးစတိုင် ထင်မှတ်နေမိတယ်။
အဲ့ဒီလိုနဲ့ တစ်နေ့မှာတော့ အစ်ကိုဝမ်းကွဲတစ်ရောက်ရဲ့ တဲကို(လယ်တောစောင့်တဲ့ တဲ) ကို ရောက်သွားတော့ အစ်ကိုဝမ်းကွဲတွေ စုပြီးထန်းရေ(ရည်)သောက်နေတာနဲ့ တွေ့ပါလေရော။ သူတို့ကလည်း ဘာရယ်မဟုတ် ကျနော့်ကို စချင်နောက်ချင်တာ နဲ့ ထန်းရေသောက်ဖို့ ခေါ်တယ်လေ။ အစကတော့ ကျနော် အကြောက်အကန် ငြင်းနေခဲ့တာပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ “မင်းယောက်ျား မဟုတ်ဘူးလား”“မင်းအခြောက်လား”“မင်းကတော့ မိန်းမများ သာရရင် မြင်လှသေးတယ်”(မြင်ယောင်သေးတယ်) “ယောက်ျားဆိုတာ သောက်တတ် စားတတ်ရတယ်ကွ ငါ့ညီရ” စသည်ဖြင့် သူတို့ရဲ့ စကားနာတွေ ကို ကျနော်မလွန်ဆန်နိုင်ခဲ့ပါဘူး။ အဲ့ဒီလိုပတ်ဝန်းကျင် မှာ ကျင်လည်ရင်း နွေရာသီ ကျောင်းပိတ်ရက်လဲ ကုန်လို့ ကျောင်းတွေလဲ ပြန်ဖွင့်ရော…။ မြီးကောင်ပေါက်စ အရွယ် လူပျိုကြီးဂိုက်အပြည့်နဲ့ ကျနော် နဝမတန်း ဆိုတဲ့စာသင်ခန်းဆီ ချီတက်လာခဲ့တယ်လေ။
အဲ့ဒီမှာ ကျနော်နဲ့ ပေါင်းတဲ့ သူငယ်ချင်းတွေထဲမှာ ငကျော်နဲ့ငလား က ၈တန်းလောက် ကထဲက ဆေးလိပ်ကို အစပြုခဲ့တဲ့သူတွေ ဆိုတော့ ၉တန်းလဲရောက်ရော ဆေးလိပ်ကို ဟန်ပါပါ လက်ကြားညှပ်တတ်နေပြီ။ သူတို့တတွေနဲ့ အတူ လက္ဘက်ရည်ဆိုင်ထိုင်လိုက်၊ ၈တန်း၊၉တန်း၊၁၀တန်း ကကောင်မလေးတွေကို လူပျိုလှည့်လိုက်ပေါ့လေ။ စော် ပတ်တယ်ပေါ့ ဗျာ။ ဒီလိုနဲ့ သူတို့နဲ့နေလာရင်း ကျနော် သူတို့ကိုအားကျလာတယ်ဗျ။ ကောင်မလေးတွေ ကို သွားပတ်တာတောင် ဆေးလိပ်လေး လက်ကြားညှပ်ထားရင် ပိုပြီး စတိုင် ပိုကျသလိုနဲ့ ထင်နေတာလေ။ နောက်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေးတွေကို ကိုယ်ဟာ လူပျိုတစ်ယောက်ဖြစ်လာပြီဆိုတာကို အင်မတန်သိစေချင်တာလဲ ပါတာပေါ့။ မိန်းကလေးတွေရှေ့မှာ ဆေးလိပ်သောက်ပြတာဟာ ကိုယ့်ကို လူပျိုတစ်ယောက် ဖြစ်ကြောင်း အလွယ်တကူ သိနိုင်တဲ့ သင်္ကေတတစ်ခုလို့လည်း ထင်နေခဲ့တာပါ။
နောက်ပြီး ယောက်ျားလေး တော်တော်များများ အချင်းချင်းပြောလေ့ ပြောထ ရှိတဲ့ စကားရှိ သေးတယ်။ ယောက်ျားလေးတစ်ယောက် ဆေးလိပ်သောက်တတ်၊ အရက်သောက်တတ်၊ ဖဲရိုက်တတ်၊ ……အစသဖြင့် မကောင်းမှုတွေ အစပြုလာပြီဆိုရင် “ဟာ ဒီကောင်ကိုသွား မစမ်းနဲ့ ဒီကောင်က ဆရာဖြစ်နေပြီ” ။ မကောင်းမှု့လုပ်တဲ့ နေရာမှာ “ဆရာတစ်ပါး အဖြစ်” အချင်းချင်း အသိအမှတ်ပြုတာတောင် ကျနော်အကျေနပ်ကြီး ကျေနပ်ခဲ့တာလေ။ အဲ့ဒီလိုနဲ့ ကျနော်ဟာ ဆေးလိပ်ရဲ့ ကျေးကျွန် ဖြစ်မှန်းမသိဖြစ်လာခဲ့ တာ အခုအချိန်ထိပဲလို့ ပြောရမှာပဲ။ ဆေးလိပ်ရဲ့ ကျေးကျွန်တစ်ယောက်ဖြစ်တဲ့ ကျနော် အထူးသဖြင့် ထမင်းစားပြီး ခါစ၊ လက္ဘက်ရည်သောက်တဲ့ အချိန်၊ စာအုပ်ဖတ်တဲ့အခါ စတဲ့ အချိန်တွေမှာဆိုရင် ကျနော့်ရဲ့ လက်တွေက ဆေးလိပ်ရှိတဲ့ဆီကို အလိုလိုရောက်တတ်နေပြီလေ။ဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် ကျနော်တို့ရဲ့ နေ့စဉ်မရှိမဖြစ် ပစ္စည်းတစ်ခုအဖြစ် နေရာယူခဲ့တဲ့ အထိပါပဲ။ ကိုယ်ဆီမှာ ဝယ်ပြီးသား မရှိတော့ဘူး ကုန်နေရင်လည်း နီးစပ်ရာသောက်တတ်တဲ့ သူငယ်ချင်းဆီ က တောင်းသောက်မယ်။ ဘယ်မှာမှ ရှာမရတဲ့ အဆုံး လက်ထဲမှာပိုက်ဆံမရှိခဲ့ရင်တောင် နီးစပ်ရာလူဆီက ငွေချေးပြီး ဆေးလိပ်ဝယ်ဖို့ ဝန်မလေးတော့ပါဘူးး။
ဆေးလိပ်တိုနဲ့ ပတ်သက်ပြီး အဖြစ်အပျက်ကလေးတစ်ခု ပြောပြအုံးမယ်။ ကျနော် အင်းစိန် GTI ကျောင်း၊ ဗဟိုဆောင် မှာ ဆရာဖြစ်သင်တန်း ပထမနှစ်တက်တုန်းက အဖြစ်အပျက် လေးပါ။ မိတ်ဆွေတို့ သိတဲ့အတိုင်းပါပဲ အဆောင်နေကျောင်းသားတို့ ရဲ့ သဘာဝ ဆိုတာ ညရောက်ပြီ ဆိုရင် မူးတဲ့သူကမူး၊ ဂစ်တာတီးပြီး သီချင်းအော်တဲ့သူကအော်၊ တစ်ယောက်နဲ့ တစ်ယောက် စရင်းနောက်ရင်း လုံးထွေးနေသူလည်း ထွေးရဲ့၊ အဲ့ဒီနေ့ က ကျနော်တို့ အခန်း ၉ မှာတော့ စကားဝိုင်းလေးနဲ့ စည်ကားနေတယ်လို့ ပြောရမှာပေါ့။ စကားဝိုင်းဆိုလို့ ခေါင်းစဉ်လဲ မယ်မယ်ရရ မရှိပါဘူး။ စပ်မိစပ်ရာ ကောင်းမလေးတွေ အကြောင်း၊ ကျောင်းအုပ်ကြီးကအစ ဆရာ၊ဆရာမတွေအကြောင်း ၊ ကိုယ့်အကြောင်း သူ့ကြောင်း၊ ဘာမသိညာမသိ လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကြီးကိုလည်း ဝေဖန်လို ဝေဖန်ရဲ့၊ ခြောက်တီးခြောက်ချက် နိုင်ငံရေးအကြောင်းလေးလည်း ပြောတဲ့အခါပြောပေါ့လေ။ ဆေးလိပ်လေးဖွာလိုက်၊ ရယ်လိုက်မောလိုက်နဲ့ စကားလက်စုံကျနေတာ ညဉ့်နက်မှန်းမသိ နက်လာခဲ့တာမို့လား။ စကားဝိုင်းကလဲ ညဉ့်နက်လေ ပိုမြိုင်လာလေပါပဲ။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာလည်း ပါမှာပေါ့။ အဲ့ဒီလိုနဲ့ ည၁နာရီလည်း ကျော်လာရော ပြသနာက စတော့တာပါပဲ။ စကားဝိုင်းတစ်လျှောက်လုံး ဘာတစ်ခွန်းမှပြန်မပြော၊ ပြောသမျှအားလုံးနားထောင်ရင်း တစ်ဝိုင်းလုံး လစ်ဟင်းမှု့မရှိအောင် အလှည့်ကျ အသုံးတော်ခံလာခဲ့တဲ့ ကိုရွှေဆေးလိပ်တိုလေ နောက်ဆုံးထွက်သက် အငွေ့လေးတောင် လွတ်လပ်စွာ ထွက်ခွင့်မရလိုက်ပဲ စကားဝိုင်းကို ကျောခိုင်းသွားပါပကော။ စကားဝိုင်းကလဲ စည်ကားနေတုန်း ဆီပျက်သွားတဲ့ အင်ဂျင်တစ်လုံးလို အခိုက်အတန့်တော့ ထိုးရပ်သွားတာပေါ့။
အဲ့ဒီမှာ “ဗညား” ကစပြီး ဟေ့ကောင် “ရွှင်ကြီး” ဆေးလိပ်ကျန်သေးလား။ ရှိတော့ဘူး ကွ၊ ဒါနောက်ဆုံးပဲ။ “မောင်လှိုင်”ဆီရော ဟင့်အင် ကုန်ပြီဗျ။ “ကရင်” ဆီမေးငေါ့ ပြတော့ လည်း ခေါင်းရမ်းပြတယ်။ “သထုံ” ဆီလှမ်းကြည့် တော့ လည်း အခြေအနေက မကောင်း ။ ချစ်တိုးနဲ့၊ အရှည်ကြီးတို့ကတော့ ဆေးလိပ်မသောက်ကြပေမယ့် နားလည်မှု့ရှိစွာနဲ့ စကားဝိုင်း ကို နားထား ပေးတယ်လေ။ အဲ့လိုနဲ့ “ဗညား” က လာကွာ“ ရွှင်ကြီး”မင်းနဲ့ငါ “ဖက်တီး” တို့ အခန်းဘက်သွား ဖန်ကြည့်ရအောင်ဆိုပြီး နှစ်ယောက်သား ချီတက်လာခဲ့ တာပေါ့။ ဟိုရောက်တော့ ဟိုလူ့မေး . . . မရှိ၊ ဒီလူ့မေး . . . မရှိနဲ့ “ဖက်တီး” ကုတင်လဲရောက်ရော မေးတောင် မမေးရသေးဘူး “ဟီး…ဟီး မမေးနဲ့တော့ ..ငါတောင်အိပ်ယာဝင် ဆေးလိပ် မသောက်ရလို့ အိပ်လို့ မပျော်သေးဘူး”လို့ ဆီး (ကြို) ပြောလေရဲ့။ ဒီလိုနဲ့ ဘယ်မှာမှရှာမရတဲ့ အဆုံး နှစ်ယောက်သား လူမိုက်တို့ထုံး နှလုံးမူပြီး အခန်းရှေ့က အမှိုက်ပုံးကို ကြက်ယက်သလို့ ရှာပေမဲ့လဲ ကံများဆိုးချင်တော့ အဲ့ဒီနေ့မှပဲ တစ်ဆောင်လုံး သန့်ရှင်းရေး အဒေါ်ကြီးက ရှင်းသွားလေရဲ့။ ခါတိုင်းလည်း ဒီလိုပဲ နောက်ဆုံး ဘယ်မှရှာမရရင် အမှိုက်ပုံးထဲ အရင်က စွန့်ထားတဲ့ အတိုအစ ပြန်ရှာသောက်နေကြတာ မို့လား။
အဲ့ဒီအချိန်မှာ….. ကျနော်က “ဟာ..ဟုတ်ပြီ” လဲဆိုလိုက်ရော အားလုံး မျက်လုံးတွေ လက်လာကြတယ်။ “မင်းတို့ငါတို့ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ဆေးလိပ်ရဲ့ ကျေးကျွန်ကြီးကို မေ့နေလိုက်တာ” “ဟေ့ကောင်တွေ…. ဆရာကြီးကားထဲ သွားရှာရင် မြေကြီးလက်နဲ့ ခတ်တာကမှ လွဲအုံးမယ်” လဲဆိုလိုက်ရော၊ အားလုံးဘယ်လို ဆုံးဖြတ်ရမှန်းမသိ ဖြစ်နေတယ်လေ။ မတော် ဆရာကြီးနဲ့ မိသွားရင် မလွယ်ဘူးကိုး..။ သူ့ဆေးလိပ် ခိုးသောက်တာက တစ်မှု့၊ အဆောင်မလွယ်ပေါက်က ခိုးထွက်တာကတစ်မှု့ မို့လား။ ဒါပေမဲ့ ကြာကြာစဉ်းစားမနေပါဘူး …“လာကွာ သထုံ မင်း လိုက်ခဲ့ မင်းကလူကောင်သေးတယ်..” ဆိုပြီး အိပ်ယာခင်း စောင်တစ်ထည်ယူပြီး အောက်ကို ဆင်းလာခဲ့တယ်။ အောက် ရောက် တော့ ပြတင်းပေါက်အပေါ်က မှန်လည်ကိုဖွင့် စောင်စတစ်စ ကိုအပြင်ချ၊ သထုံကို စောင်စကိုင်ပြီး အောက်ကို ဆင်းခိုင်း၊ နောက်ပြီး ဆရာကြီးကားထဲက ဆေးလိပ်ခွက်ထဲ က မီးညှိပြီးခါစ ဆေးလိပ်တိုတစ်တို ရလာတယ်လေ။ အဲ့ဒီမယ် ကားဆိုလို့ သော့ ဘယ်လိုရသလဲ မမေးနဲ့ ဗျ၊ ကျနော်တို့ ကျောင်းအုပ်ကြီးကို ဝန်ကြီး ပေးထားတဲ့ကားက သော့မပြောနဲ့ နဲနဲမြန်မြန် မောင်းရင် တခါးဂျက်က ပြုတ်ပြုတ်သွားလို့ ဆိုက်ကားသာသာလေး မောင်းလို့ ရတာ။ ဒါတောင် မနက်ခင်းဆိုရင် ကိုက်၃၀၀ လောက် ကျနော်တို့ တွန်းပေးမှ နိုးတာလေ။ ဒါကထားလိုက်ပါ စကားကြုံလို့ပါ။
စောစောကစကား ပြန်ဆက်ရရင် ဆေးလိပ်တစ်တိုနဲ့ စကားဝိုင်းလေး ပြန်အသက်သွင်းတာပေါ့ ။ အဲ့ဒီလိုနဲ့ စကားကောင်းနေလိုက်ကြတာ ၂နာရီကျော်ကျော် လဲ ရောက်ရော ပြတင်းပေါက်နားထိုင်နေတဲ့ “ချစ်တိုး”က “ဟာ..ဟေ့ကောင်တွေ….. မော်ကြီးဟ.” လို့လဲ ဆိုလိုက်ရော ပြောလက်စ စကားဘယ်ရောက်မှန်းမသိတော့ပါဘူး။ အားလုံး ကိုယ့်ကုတင်ကိုယ် ပြေးလိုက်ကြတာ တန်းနေတာပဲ။ “မော်ကြီး” ဆိုတာဘယ်သူ ဟုတ်ရိုးလဲ ..ကျနော်တို့ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမော်ထွန်းလေ။ ဆေးလိပ်တိုလေးရဲ့ အရှင်သခင်ပေါ့။ ကော်ရစ်ဒါမှာ ကားကား . . ကားကားနဲ့ အဆောင်ကို ပတ်ကြည့်နေတာလေ။ အဲ့ဒီလိုပဲ ဆရာကြီးက ညတရေးနိုးရင် အဆောင်ကကျောင်းသားတွေ မအိပ်ပဲ စကားထိုင်ပြောနေပြီး မနက်ကျောင်းပျက်မှာစိုးရိမ်လို့ အဆောင်အပေါ်ထပ်ကို တက်တက် စစ်တာလေ။ ဆရာကြီး ကျနော်တို့အခန်းရှေ့က ဖြတ်သွားတော့ အားလုံးအသက်တောင် ပြင်းပြင်းမရှုရဲ ကြဘူး။ နဲနဲလဲ ဝေးသွားရော ပါးစပ်ကို စောင်နဲ့ပိတ်ပြီး တခွီးခွီးနဲ့ ရယ်လိုက်ကြတာ ကျနော်ဆို မျက်ရည်တောင် ထွက်တယ်။
ဒီအဖြစ်ပျက်လေးက ကျနော်တို့တတွေ ပြန်တွေးမိရင် အလွမ်းပြေစရာလေးပါ။ ဒါပေမဲ့ ဆေးလိပ်ရဲ့ ကျေးကျွန်ဖြစ်သွားတဲ့ ကျနော်တို့ဟာ တလျှောက်လုံး ချစ်ကြောက်ရိုသေ ခဲ့ရတဲ့ ဆရာကြီးအပေါ်မှာ အရိုသေတန်ခဲ့ပါတယ်။ အများတကာ လိုက်နာခဲ့တဲ့ အဆောင် စည်းကမ်းကိုလည်း ချိုးဖောက်ခဲ့တယ်လေ။ အဲ့ဒြီပစ်မှုအတွက် ဒီနေရာကနေပဲ ဆရာကြီးကို ရှိခိုးဦးချ တောင်းပန်လိုက်ပါတယ် ဆရာကြီးခင်ဗျား..။
မျိုးဆက်သစ်လူငယ်များ ကျနော်တို့လို ဆေးလိပ်ရဲ့ ကျေးကျွန်၊ ဘယ်. မူးယစ်ဆေးဝါး ရဲ့ ကျေးကျွန်မှ မဖြစ်အောင် ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။….
ရွှင်လန်းချမ်းမြေ့ကြပါစေ။

လေးစားလျှက်……..
“အိမ်လွမ်းသူ”


ဆက်ဖတ်မယ်ဆိုရင် ...