Wednesday, June 4, 2008

“ဆေးလိပ်တစ်တို ရဲ့ ကျေးကျွန်”



ယနေု့ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးနေသူ လူဦးရေ ဘယ်လောက် ရှိတယ် ဆိုတာ ကျနော်မသိပါဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံတိုင်းလိုလို ဆေးလိပ်ရဲ့ ကျေးကျွန်တွေ (သောက်သုံးနေသူ) တော်တော်လေးများတယ်ဆိုတာတော့ သေချာပါတယ်။ ကျနော်တို့ အရှေ့ တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာဆို အမျိုးသမီးတွေကအစ ဆေးလိပ်ရဲ့ကျေးကျွန် တွေဖြစ်နေတာ တော်တော်လေး တွေ့နေရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ကံအားလျှော်စွာ အမျိုးသမီး ဆေးလိပ် သောက်တဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံက အမျိုးသမီးတွေ အတွက်ဂုဏ်ယူစရာ တစ်ခုပါ။




နောက်တစ်ချက်က ကျနော်တို့ နိုင်ငံက အမျိုးသမီးတွေ ဘာကြောင့် ဆေးလိပ် မသောက်တာလဲလို့ မေးရင်တော့ “ယဉ်ကျေးမှု”ကြောင့် လို့ ကျနော်ဖြေမှာပါ။ ကျနော်တို့ နိုင်ငံမှာ အမျိုးသမီးတစ်ယောက်တစ်လေ ဆေးလိပ်သောက်တာ၊ ကွမ်းဝါးတာ၊ ဘီယာဆိုင် ထိုင်တာ စတဲ့ ယဉ်ကျေးမှုကနေ သွေဖယ်စေတဲ့ အပြုအမှုတွေ လုပ်လာပြီဆိုရင် ဘေးပတ်ဝန်းကျင်က “ဒီကောင်မ မိန်းမတန်မဲ့ ဆေးလိပ်ကြီး လက်ကြားညှပ်လို့” “ဒီမိန်းမ အရှက်ကို နဲနဲမှ မရှိဘူး” “ကိုယ့်ဟာကို မိန်းမလို့ရော သဘောထားရဲ့လား” “အဆင့်အတန်း ကို မရှိဘူး” စသည်ဖြင့် ပြစ်တင်ရှုံ့ချလေ့ ရှိပါတယ်။ ဒါဟာ ကျနော်တို့ လူမျိုးစုတွေ ရဲ့ဓလေ့ လေးတစ်ခုပါ။ မြန်မာနိုင်ငံက အမျိုးသမီးတွေ အတွက် အင်မတန် တန်ဖိုးရှိတဲ့ ဓလေ့လေး တစ်ခုလို့ ယူဆမိပါတယ်။
အဲ့ဒီလိုပဲ ကျနော်တို့ ယောက်ျားလေးတွေကိုလဲ တချို့မိဘတွေ၊ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင်ကလူတွေက ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ “ယောက်ျားလေးပဲ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ဖဲရိုက်တာ၊…..လုပ်တာ ဘာဆန်းသလဲ” စသည်ဖြင့် ပြောကြပါတယ်။ အဲ့ဒီစကားရဲ့ အကျိုးသက်ရောက်မှု (Effect) ဘယ်လောက်ထိ သက်ရောက်မှု ရှိတယ်ဆိုတာ မစဉ်းစားကြပါဘူး။ လွယ်လွယ်ပဲ ပြောလိုက်ကြတာပါ။ လူ့လောကကို ရောက်လာတဲ့ လူသားတစ်ယောက်ကို “ဟိုပစ္စည်းလေး” တတ်ပေးလိုက်တာနဲ့ပဲ မကောင်းမှု လိုင်စင်ထုတ်ပေးထားတဲ့အတိုင်း ပြောနေလိုက်ကြတာ။ အဲ့ဒီလို ဘာမဟုတ်တဲ့ စကားတစ်ခွန်းက ကျနော်တို့ နုပျိုတဲ့ ယောက်ျားလေး လူငယ်တွေ အတွက် မကောင်းမှုဆီကို တွန်းပို့စေတဲ့ တွန်းအားတစ်ခု ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။ ဘာကြောင့် ကျနော်ပြောနိုင်သလဲ ဆိုရင် ကျနော်ကိုယ်တိုင် ခံစားခဲ့ရဘူးလို့ပါ။
မှတ်မှတ်ရရ ပြောရရင် ကျနော် ၈တန်းစာမေးပွဲအပြီး နွေရာသီကျောင်းပိတ်ရက် ကာလဟာ ကလေးဘဝကနေ လူပျိုဘဝ ကို သိသိသာသာကြီး ပြောင်းလဲလာတဲ့ ကာလပါ။ ကျနော်ရဲ့ အသံကအစ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေဟာ ကလေးဘဝကို ကျောခိုင်းစပြုတဲ့ အချိန်ပါ။ အဲ့ဒီအချိန်မှာ ကျနော့် ပတ်ဝန်းကျင်က အစ်ကိုတွေ၊အစ်မတွေ၊ ဦးလေးတွေ၊ လေးလေးတွေကလဲ သတိထားမိလာပါတယ်။ ကျနော့် ကိုတွေ့လို့ ခေါ်ရင်တောင် ခါတိုင်းလိုမဟုတ်တော့ဘူး။ “လူပျိုကြီး” ဆိုတဲ့ ပညတ်ချက်လေး ကို သုံးလာပါတယ်။ သူတို့ အဲ့ဒီလို ခေါ်လိုက်တိုင်း ကျနော်က အရမ်းသဘောကျနေတာဗျ။ ကျနော့်ကိုယ် ကျနော်တောင် တကယ့်လူပျိုသိုးကြီးစတိုင် ထင်မှတ်နေမိတယ်။
အဲ့ဒီလိုနဲ့ တစ်နေ့မှာတော့ အစ်ကိုဝမ်းကွဲတစ်ရောက်ရဲ့ တဲကို(လယ်တောစောင့်တဲ့ တဲ) ကို ရောက်သွားတော့ အစ်ကိုဝမ်းကွဲတွေ စုပြီးထန်းရေ(ရည်)သောက်နေတာနဲ့ တွေ့ပါလေရော။ သူတို့ကလည်း ဘာရယ်မဟုတ် ကျနော့်ကို စချင်နောက်ချင်တာ နဲ့ ထန်းရေသောက်ဖို့ ခေါ်တယ်လေ။ အစကတော့ ကျနော် အကြောက်အကန် ငြင်းနေခဲ့တာပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ “မင်းယောက်ျား မဟုတ်ဘူးလား”“မင်းအခြောက်လား”“မင်းကတော့ မိန်းမများ သာရရင် မြင်လှသေးတယ်”(မြင်ယောင်သေးတယ်) “ယောက်ျားဆိုတာ သောက်တတ် စားတတ်ရတယ်ကွ ငါ့ညီရ” စသည်ဖြင့် သူတို့ရဲ့ စကားနာတွေ ကို ကျနော်မလွန်ဆန်နိုင်ခဲ့ပါဘူး။ အဲ့ဒီလိုပတ်ဝန်းကျင် မှာ ကျင်လည်ရင်း နွေရာသီ ကျောင်းပိတ်ရက်လဲ ကုန်လို့ ကျောင်းတွေလဲ ပြန်ဖွင့်ရော…။ မြီးကောင်ပေါက်စ အရွယ် လူပျိုကြီးဂိုက်အပြည့်နဲ့ ကျနော် နဝမတန်း ဆိုတဲ့စာသင်ခန်းဆီ ချီတက်လာခဲ့တယ်လေ။
အဲ့ဒီမှာ ကျနော်နဲ့ ပေါင်းတဲ့ သူငယ်ချင်းတွေထဲမှာ ငကျော်နဲ့ငလား က ၈တန်းလောက် ကထဲက ဆေးလိပ်ကို အစပြုခဲ့တဲ့သူတွေ ဆိုတော့ ၉တန်းလဲရောက်ရော ဆေးလိပ်ကို ဟန်ပါပါ လက်ကြားညှပ်တတ်နေပြီ။ သူတို့တတွေနဲ့ အတူ လက္ဘက်ရည်ဆိုင်ထိုင်လိုက်၊ ၈တန်း၊၉တန်း၊၁၀တန်း ကကောင်မလေးတွေကို လူပျိုလှည့်လိုက်ပေါ့လေ။ စော် ပတ်တယ်ပေါ့ ဗျာ။ ဒီလိုနဲ့ သူတို့နဲ့နေလာရင်း ကျနော် သူတို့ကိုအားကျလာတယ်ဗျ။ ကောင်မလေးတွေ ကို သွားပတ်တာတောင် ဆေးလိပ်လေး လက်ကြားညှပ်ထားရင် ပိုပြီး စတိုင် ပိုကျသလိုနဲ့ ထင်နေတာလေ။ နောက်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေးတွေကို ကိုယ်ဟာ လူပျိုတစ်ယောက်ဖြစ်လာပြီဆိုတာကို အင်မတန်သိစေချင်တာလဲ ပါတာပေါ့။ မိန်းကလေးတွေရှေ့မှာ ဆေးလိပ်သောက်ပြတာဟာ ကိုယ့်ကို လူပျိုတစ်ယောက် ဖြစ်ကြောင်း အလွယ်တကူ သိနိုင်တဲ့ သင်္ကေတတစ်ခုလို့လည်း ထင်နေခဲ့တာပါ။
နောက်ပြီး ယောက်ျားလေး တော်တော်များများ အချင်းချင်းပြောလေ့ ပြောထ ရှိတဲ့ စကားရှိ သေးတယ်။ ယောက်ျားလေးတစ်ယောက် ဆေးလိပ်သောက်တတ်၊ အရက်သောက်တတ်၊ ဖဲရိုက်တတ်၊ ……အစသဖြင့် မကောင်းမှုတွေ အစပြုလာပြီဆိုရင် “ဟာ ဒီကောင်ကိုသွား မစမ်းနဲ့ ဒီကောင်က ဆရာဖြစ်နေပြီ” ။ မကောင်းမှု့လုပ်တဲ့ နေရာမှာ “ဆရာတစ်ပါး အဖြစ်” အချင်းချင်း အသိအမှတ်ပြုတာတောင် ကျနော်အကျေနပ်ကြီး ကျေနပ်ခဲ့တာလေ။ အဲ့ဒီလိုနဲ့ ကျနော်ဟာ ဆေးလိပ်ရဲ့ ကျေးကျွန် ဖြစ်မှန်းမသိဖြစ်လာခဲ့ တာ အခုအချိန်ထိပဲလို့ ပြောရမှာပဲ။ ဆေးလိပ်ရဲ့ ကျေးကျွန်တစ်ယောက်ဖြစ်တဲ့ ကျနော် အထူးသဖြင့် ထမင်းစားပြီး ခါစ၊ လက္ဘက်ရည်သောက်တဲ့ အချိန်၊ စာအုပ်ဖတ်တဲ့အခါ စတဲ့ အချိန်တွေမှာဆိုရင် ကျနော့်ရဲ့ လက်တွေက ဆေးလိပ်ရှိတဲ့ဆီကို အလိုလိုရောက်တတ်နေပြီလေ။ဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် ကျနော်တို့ရဲ့ နေ့စဉ်မရှိမဖြစ် ပစ္စည်းတစ်ခုအဖြစ် နေရာယူခဲ့တဲ့ အထိပါပဲ။ ကိုယ်ဆီမှာ ဝယ်ပြီးသား မရှိတော့ဘူး ကုန်နေရင်လည်း နီးစပ်ရာသောက်တတ်တဲ့ သူငယ်ချင်းဆီ က တောင်းသောက်မယ်။ ဘယ်မှာမှ ရှာမရတဲ့ အဆုံး လက်ထဲမှာပိုက်ဆံမရှိခဲ့ရင်တောင် နီးစပ်ရာလူဆီက ငွေချေးပြီး ဆေးလိပ်ဝယ်ဖို့ ဝန်မလေးတော့ပါဘူးး။
ဆေးလိပ်တိုနဲ့ ပတ်သက်ပြီး အဖြစ်အပျက်ကလေးတစ်ခု ပြောပြအုံးမယ်။ ကျနော် အင်းစိန် GTI ကျောင်း၊ ဗဟိုဆောင် မှာ ဆရာဖြစ်သင်တန်း ပထမနှစ်တက်တုန်းက အဖြစ်အပျက် လေးပါ။ မိတ်ဆွေတို့ သိတဲ့အတိုင်းပါပဲ အဆောင်နေကျောင်းသားတို့ ရဲ့ သဘာဝ ဆိုတာ ညရောက်ပြီ ဆိုရင် မူးတဲ့သူကမူး၊ ဂစ်တာတီးပြီး သီချင်းအော်တဲ့သူကအော်၊ တစ်ယောက်နဲ့ တစ်ယောက် စရင်းနောက်ရင်း လုံးထွေးနေသူလည်း ထွေးရဲ့၊ အဲ့ဒီနေ့ က ကျနော်တို့ အခန်း ၉ မှာတော့ စကားဝိုင်းလေးနဲ့ စည်ကားနေတယ်လို့ ပြောရမှာပေါ့။ စကားဝိုင်းဆိုလို့ ခေါင်းစဉ်လဲ မယ်မယ်ရရ မရှိပါဘူး။ စပ်မိစပ်ရာ ကောင်းမလေးတွေ အကြောင်း၊ ကျောင်းအုပ်ကြီးကအစ ဆရာ၊ဆရာမတွေအကြောင်း ၊ ကိုယ့်အကြောင်း သူ့ကြောင်း၊ ဘာမသိညာမသိ လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကြီးကိုလည်း ဝေဖန်လို ဝေဖန်ရဲ့၊ ခြောက်တီးခြောက်ချက် နိုင်ငံရေးအကြောင်းလေးလည်း ပြောတဲ့အခါပြောပေါ့လေ။ ဆေးလိပ်လေးဖွာလိုက်၊ ရယ်လိုက်မောလိုက်နဲ့ စကားလက်စုံကျနေတာ ညဉ့်နက်မှန်းမသိ နက်လာခဲ့တာမို့လား။ စကားဝိုင်းကလဲ ညဉ့်နက်လေ ပိုမြိုင်လာလေပါပဲ။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာလည်း ပါမှာပေါ့။ အဲ့ဒီလိုနဲ့ ည၁နာရီလည်း ကျော်လာရော ပြသနာက စတော့တာပါပဲ။ စကားဝိုင်းတစ်လျှောက်လုံး ဘာတစ်ခွန်းမှပြန်မပြော၊ ပြောသမျှအားလုံးနားထောင်ရင်း တစ်ဝိုင်းလုံး လစ်ဟင်းမှု့မရှိအောင် အလှည့်ကျ အသုံးတော်ခံလာခဲ့တဲ့ ကိုရွှေဆေးလိပ်တိုလေ နောက်ဆုံးထွက်သက် အငွေ့လေးတောင် လွတ်လပ်စွာ ထွက်ခွင့်မရလိုက်ပဲ စကားဝိုင်းကို ကျောခိုင်းသွားပါပကော။ စကားဝိုင်းကလဲ စည်ကားနေတုန်း ဆီပျက်သွားတဲ့ အင်ဂျင်တစ်လုံးလို အခိုက်အတန့်တော့ ထိုးရပ်သွားတာပေါ့။
အဲ့ဒီမှာ “ဗညား” ကစပြီး ဟေ့ကောင် “ရွှင်ကြီး” ဆေးလိပ်ကျန်သေးလား။ ရှိတော့ဘူး ကွ၊ ဒါနောက်ဆုံးပဲ။ “မောင်လှိုင်”ဆီရော ဟင့်အင် ကုန်ပြီဗျ။ “ကရင်” ဆီမေးငေါ့ ပြတော့ လည်း ခေါင်းရမ်းပြတယ်။ “သထုံ” ဆီလှမ်းကြည့် တော့ လည်း အခြေအနေက မကောင်း ။ ချစ်တိုးနဲ့၊ အရှည်ကြီးတို့ကတော့ ဆေးလိပ်မသောက်ကြပေမယ့် နားလည်မှု့ရှိစွာနဲ့ စကားဝိုင်း ကို နားထား ပေးတယ်လေ။ အဲ့လိုနဲ့ “ဗညား” က လာကွာ“ ရွှင်ကြီး”မင်းနဲ့ငါ “ဖက်တီး” တို့ အခန်းဘက်သွား ဖန်ကြည့်ရအောင်ဆိုပြီး နှစ်ယောက်သား ချီတက်လာခဲ့ တာပေါ့။ ဟိုရောက်တော့ ဟိုလူ့မေး . . . မရှိ၊ ဒီလူ့မေး . . . မရှိနဲ့ “ဖက်တီး” ကုတင်လဲရောက်ရော မေးတောင် မမေးရသေးဘူး “ဟီး…ဟီး မမေးနဲ့တော့ ..ငါတောင်အိပ်ယာဝင် ဆေးလိပ် မသောက်ရလို့ အိပ်လို့ မပျော်သေးဘူး”လို့ ဆီး (ကြို) ပြောလေရဲ့။ ဒီလိုနဲ့ ဘယ်မှာမှရှာမရတဲ့ အဆုံး နှစ်ယောက်သား လူမိုက်တို့ထုံး နှလုံးမူပြီး အခန်းရှေ့က အမှိုက်ပုံးကို ကြက်ယက်သလို့ ရှာပေမဲ့လဲ ကံများဆိုးချင်တော့ အဲ့ဒီနေ့မှပဲ တစ်ဆောင်လုံး သန့်ရှင်းရေး အဒေါ်ကြီးက ရှင်းသွားလေရဲ့။ ခါတိုင်းလည်း ဒီလိုပဲ နောက်ဆုံး ဘယ်မှရှာမရရင် အမှိုက်ပုံးထဲ အရင်က စွန့်ထားတဲ့ အတိုအစ ပြန်ရှာသောက်နေကြတာ မို့လား။
အဲ့ဒီအချိန်မှာ….. ကျနော်က “ဟာ..ဟုတ်ပြီ” လဲဆိုလိုက်ရော အားလုံး မျက်လုံးတွေ လက်လာကြတယ်။ “မင်းတို့ငါတို့ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ဆေးလိပ်ရဲ့ ကျေးကျွန်ကြီးကို မေ့နေလိုက်တာ” “ဟေ့ကောင်တွေ…. ဆရာကြီးကားထဲ သွားရှာရင် မြေကြီးလက်နဲ့ ခတ်တာကမှ လွဲအုံးမယ်” လဲဆိုလိုက်ရော၊ အားလုံးဘယ်လို ဆုံးဖြတ်ရမှန်းမသိ ဖြစ်နေတယ်လေ။ မတော် ဆရာကြီးနဲ့ မိသွားရင် မလွယ်ဘူးကိုး..။ သူ့ဆေးလိပ် ခိုးသောက်တာက တစ်မှု့၊ အဆောင်မလွယ်ပေါက်က ခိုးထွက်တာကတစ်မှု့ မို့လား။ ဒါပေမဲ့ ကြာကြာစဉ်းစားမနေပါဘူး …“လာကွာ သထုံ မင်း လိုက်ခဲ့ မင်းကလူကောင်သေးတယ်..” ဆိုပြီး အိပ်ယာခင်း စောင်တစ်ထည်ယူပြီး အောက်ကို ဆင်းလာခဲ့တယ်။ အောက် ရောက် တော့ ပြတင်းပေါက်အပေါ်က မှန်လည်ကိုဖွင့် စောင်စတစ်စ ကိုအပြင်ချ၊ သထုံကို စောင်စကိုင်ပြီး အောက်ကို ဆင်းခိုင်း၊ နောက်ပြီး ဆရာကြီးကားထဲက ဆေးလိပ်ခွက်ထဲ က မီးညှိပြီးခါစ ဆေးလိပ်တိုတစ်တို ရလာတယ်လေ။ အဲ့ဒီမယ် ကားဆိုလို့ သော့ ဘယ်လိုရသလဲ မမေးနဲ့ ဗျ၊ ကျနော်တို့ ကျောင်းအုပ်ကြီးကို ဝန်ကြီး ပေးထားတဲ့ကားက သော့မပြောနဲ့ နဲနဲမြန်မြန် မောင်းရင် တခါးဂျက်က ပြုတ်ပြုတ်သွားလို့ ဆိုက်ကားသာသာလေး မောင်းလို့ ရတာ။ ဒါတောင် မနက်ခင်းဆိုရင် ကိုက်၃၀၀ လောက် ကျနော်တို့ တွန်းပေးမှ နိုးတာလေ။ ဒါကထားလိုက်ပါ စကားကြုံလို့ပါ။
စောစောကစကား ပြန်ဆက်ရရင် ဆေးလိပ်တစ်တိုနဲ့ စကားဝိုင်းလေး ပြန်အသက်သွင်းတာပေါ့ ။ အဲ့ဒီလိုနဲ့ စကားကောင်းနေလိုက်ကြတာ ၂နာရီကျော်ကျော် လဲ ရောက်ရော ပြတင်းပေါက်နားထိုင်နေတဲ့ “ချစ်တိုး”က “ဟာ..ဟေ့ကောင်တွေ….. မော်ကြီးဟ.” လို့လဲ ဆိုလိုက်ရော ပြောလက်စ စကားဘယ်ရောက်မှန်းမသိတော့ပါဘူး။ အားလုံး ကိုယ့်ကုတင်ကိုယ် ပြေးလိုက်ကြတာ တန်းနေတာပဲ။ “မော်ကြီး” ဆိုတာဘယ်သူ ဟုတ်ရိုးလဲ ..ကျနော်တို့ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမော်ထွန်းလေ။ ဆေးလိပ်တိုလေးရဲ့ အရှင်သခင်ပေါ့။ ကော်ရစ်ဒါမှာ ကားကား . . ကားကားနဲ့ အဆောင်ကို ပတ်ကြည့်နေတာလေ။ အဲ့ဒီလိုပဲ ဆရာကြီးက ညတရေးနိုးရင် အဆောင်ကကျောင်းသားတွေ မအိပ်ပဲ စကားထိုင်ပြောနေပြီး မနက်ကျောင်းပျက်မှာစိုးရိမ်လို့ အဆောင်အပေါ်ထပ်ကို တက်တက် စစ်တာလေ။ ဆရာကြီး ကျနော်တို့အခန်းရှေ့က ဖြတ်သွားတော့ အားလုံးအသက်တောင် ပြင်းပြင်းမရှုရဲ ကြဘူး။ နဲနဲလဲ ဝေးသွားရော ပါးစပ်ကို စောင်နဲ့ပိတ်ပြီး တခွီးခွီးနဲ့ ရယ်လိုက်ကြတာ ကျနော်ဆို မျက်ရည်တောင် ထွက်တယ်။
ဒီအဖြစ်ပျက်လေးက ကျနော်တို့တတွေ ပြန်တွေးမိရင် အလွမ်းပြေစရာလေးပါ။ ဒါပေမဲ့ ဆေးလိပ်ရဲ့ ကျေးကျွန်ဖြစ်သွားတဲ့ ကျနော်တို့ဟာ တလျှောက်လုံး ချစ်ကြောက်ရိုသေ ခဲ့ရတဲ့ ဆရာကြီးအပေါ်မှာ အရိုသေတန်ခဲ့ပါတယ်။ အများတကာ လိုက်နာခဲ့တဲ့ အဆောင် စည်းကမ်းကိုလည်း ချိုးဖောက်ခဲ့တယ်လေ။ အဲ့ဒြီပစ်မှုအတွက် ဒီနေရာကနေပဲ ဆရာကြီးကို ရှိခိုးဦးချ တောင်းပန်လိုက်ပါတယ် ဆရာကြီးခင်ဗျား..။
မျိုးဆက်သစ်လူငယ်များ ကျနော်တို့လို ဆေးလိပ်ရဲ့ ကျေးကျွန်၊ ဘယ်. မူးယစ်ဆေးဝါး ရဲ့ ကျေးကျွန်မှ မဖြစ်အောင် ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။….
ရွှင်လန်းချမ်းမြေ့ကြပါစေ။

လေးစားလျှက်……..
“အိမ်လွမ်းသူ”


9 comments:

ဇနိ said...

ဆေးလိပ်များ ပြတ်ပြီလားလို့
ဟုတ်လည်း ဟုတ်ဘဲနဲ့
ကျနော်တော့ ပြတ်ဆဲသွားပြီဗျ ကြာပြီ..
ဖတ်ကြည့်ပါဦး ဒီမှာ
http://o-way.blogspot.com/2008/01/blog-post_2493.html
ပြောရဦးမယ် - အခုခေတ် မြန်မာမိန်းကလေးတွေသာ ဆေးလိပ်မသောက်ကြတာ ကျနော့် ဂျီးတော်တွေဆို သောက်ကြတယ်ဗျ...

တားမြစ် ထားသော... said...

မူးယစ်ဆေးရဲ့ ကျေးကျွန်ဖြစ်ရတာ ဘဝနာတာပါပဲ။ အခုလို လူငယ်တွေအတွက် သတိပေးစာလေးကို မြင်ရတော့ သဘောကျမိပါတယ်။ ယောကျာင်္းလေးဖြစ်တာနဲ့ လုပ်ပိုင်ခွင့်ရှိသလိုလို လူငယ်တွေအပေါ် မတိုက်တွန်းမိအောင် သတိထားပါ့မယ်။
ကိုယ်တိုင်လည်း ရုန်းထွက်နိုင်အောင် ကြိုးစားရအုံးမယ်။

နေလင်း said...

ကောင်းလိုက်တဲ့ အရေးအသားဗျာ...

NatShinNaung said...

အမှတ်တရ လေးတွေပေါ့။ ကျွန်တော်လည်း ၈ တန်းထဲက သောက်တာ. ဒီနေ့ထိ. ၄ လပဲ တစ်ခါ ပြတ်မိသေးတယ်။ အခုတော့ တစ်နေ့ တစ်ဘူးပဲ။ စားစရာမရှိ တစ်လကို $ 50 နီးပါးပဲ။ ဆေးလိပ်ဘိုးနဲ့ မွဲတော့မယ်။ သတိပေးတာ ကျေးဇူး။ ဖြတ်ဘို့ စိတ်ပြန်ကူးလိုက်ဦးမယ်။ :D

လားရှိုးသူ said...

တောရွာက အမျိုးသမီးများဆို ဆေးပြင်းလိပ်ခဲတယ်၊ ခုခောတ် မိန်းကလေးများက ပြည်ပရောက်ရင်၊ စိတ်ပြေလက်ပျောက် ခဲကြတယ်၊ သတိပေးလိုက်အုံးမယ်၊ အရင်က ကျေးလက်တောရွာက အရီးတို့လုပ်တာကော၊ ခုပြည်ပရောက် အမျိုးသမီးများခဲတာရော မှားပါတယ်လို့။ ကောင်းလိုက်တဲ့ ပို့စ်။

Anonymous said...

ဆေးလိပ်ကတော့ ကိုယ်လဲမသောက်
သူများသောက်လဲ အနံ့မခံနိုင်
ကိုယ်က မသောက်ပဲ အနံ့ရှုပြီးမူး
ကျွန်တော် အသောက်သင်ဘူးတယ်။
လုံးဝမကြိုက် မွန်းတယ်ခံစားရ
သူများတွေ ဘယ်လိုသောက်တယ်
ကျွန်တော်တော့ နားမလည်ပြီ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုအိမ်လွမ်းသူရေ ဆေးလိပ်နဲ့ ပက်သက်ရင်တော့ ပြောစရာက အပုံအပင်ဗျ။
သေချာတာကတော့ ဆေးလိပ်ဆိုတာ မကောင်းဘူး ဆိုတာပဲ ။
ကျနော် ငယ်ငယ်က အတူနေတဲ့ အဘွားက ဆေးလိပ်ကြိုက်တယ်။ ပြောင်းဖူးဖက်ပေါ့ဗျာ။ ကျနော်လည်း လိုက်ဖွာတာပေါ့။ ချိုတယ်လေဗျာ။ အဲနောက်တော့ အဖေကပြောတာနဲ့ သူ့မြေး (ကျနော့်) အနား နေချင်လို့ အဖွားက ဆေးလိပ်ဖြတ်တယ်။ ၁၉၈၅ လောက်ပေါ့။ အဲလိုနဲ့ ဆေးလိပ်နဲ့ ဝေးလာလိုက်တာ ၁၉၉၇- ၂၀၀၇ ကျတော့ ဆေးလိပ်ကို ပြန်နီးပြန်ရောဗျို့။ ကျနော့် ဘော်ဘော်တွေ တော်တော်များများက ဆေးလိပ်ဂျိုးတွေဗျ။ စတွေ့တာက တော့ ကိုဗာဘို နဲ့ နေကြီး ပြီးတော့ ခင်ဗျား တို့ပေါ့ဗျာ။ ကျနော်ကတော့ ဆေးလိပ်မကောင်းဘူးဆိုတာ သိလာတော့ မသောက်တော့ဘူးဗျ။ခက်တာက ကျုပ်တို့က သွားအတူ လာအတူကိုး ။ ခင်ဗျားတို့ဆိုတာကလည်း မနက် မိုးလင်းရင် မျက်လုံးမဖွင့်ခင် ဆေးလိပ်ကို ပါးစပ်မှာတပ်ရမှ နေထိ ထိုင်သာရှိတဲ့သူတွေကိုးဗျာ။ အဲဒီအချိန်ကတည်းက ကျနော့်မှာ ဆေးလိပ်ကို ဖင်စီခံ မပါပဲ သောက်လိုက်ရတာ(အငွေ့ရှူနေရတာ) ၂၀၀၇ အထိပဲ ။

ပြောချင်တာက ခုမှလာမှာ ။ ခင်ဗျားပြောသလိုပါပဲ ။ ကျနော်တို့ နောက်မျိုးဆက်တွေ ရေလိုက်လွဲနေ အတုယူလွဲနေတာတွေ ရှိသဗျ။ ဆေးလိပ်သောက်နိုင်မှ လူရာ ၀င်သလိုလို၊ ဆေးလိပ်သောက်နိုင်မှ ဂုဏ်ရှိသလိုလို ထင်နေတတ်ကြတာက ခက်သဗျာ။ ပြီးတော့ ကျနော်တို့တောဘက်မှာ ပြောတတ်ကြတာက စီးကရက် လက်ကြားညှပ်လို့ပါလား ဘာညာပေါ့လေ။ စီးကရက်လေး လက်ကြားညှပ်ပြီး လမ်းလျောက်လာရင်ကို မေးဖော်၊ ခေါ်ဖော်ရှိတဲ့သူတွေကလည်း အများသား။ အဲလို ဆေးလိပ်သောက်နိုင်ရင်ကို ဂုဏ်ရှိတယ် ထင်ကြတာလည်း ခက်တယ်ဗျ။ ကားပေါ် ရထားပေါ်မှာ ဆေးလိပ် မသောက်ရ ဆိုင်းဘုတ် ရှိသော်လည်း ကျနော်တို့ မြေလတ်ဘက်၊ အကြေဘက်က တော့ ဖွာကြတာ တထောင်းထောင်းကို ထလို့ဗျာ။ ခက်ပုံများ အဲဒီလို ။
ကဲ ကျနော်တို့ ဘယ်လို ပညာပေးကြမလဲ၊ ဘယ်လို အစွဲတွေ ချွတ်ကြမတုံးဗျာ ။

တားမြစ် ထားသော... said...

ဒါဆို တို့ဝယ်သောက်တဲ့ ဆေးလိပ်တွေကို ဒီကောင် ခိုးရှုသွားတာပဲ။ အခုမှ မိတော့တယ်၊ ငတာတူး။ နင်ရှုသွားတဲ့ ဆေးလိပ်တွေ အရော်ပြန်ပေး။

ဇနိ said...

ကိုတားတူးဆီက ဆေးလိပ်ဖိုးရအောင်ပြန်တောင်းပါဗျို့.
ဟားဟား