Thursday, June 19, 2008

The Ring, I wanna ...


မျှော်နေမိတဲ့ ဖုန်းသံလေး

အသံတစ်ခုကြောင့် စိတ်ကိုလှုပ်ရှားစေတတ်တယ်လို့ ပြောရင် လက်ခံကြမှာပါ။ ငယ့်ဘဝမှာလည်း စိတ်လှုပ်ရှားမိစေတဲ့ အသံလေးတွေ များမှများပါပဲ။ အမှတ်တရအရှိဆုံး စိတ်ကိုစွဲဆောင်သွားတဲ့ အသံလေးတစ်ခုက မောင့်အသံကို ဖုန်းထဲမှာ ကြားမိခါစ အချိန်တုန်းကပေါ့။ တစ်ကယ်ပါ ဆွဲဆောင်မှုရှိတဲ့ ချိုမြမြ မောင့်အသံလေးမှာ စိတ်ဝင်စားစရာတွေ အလိုလိုရှိနေတတ်တယ်။ ရင်းနီးခါစတစ်ရက်မှာ မောင်က “ဖုန်းခေါ်လိုက်မယ်နော် ငယ်လေး”
အဲဒီတညနေလုံး ဖုန်းမြည်သံတွေက ရင်ကိုလှုပ်ရှားစေခဲ့တာ။ ဒါပေမဲ့ စိတ်လှုပ်ရှားမှုတွေ အားလုံးကို
“ငယ်လေး ဘာတွေလုပ်နေလဲ”ဆိုတဲ့ မောင့်စကားသံလေးကို ကြားလိုက်ကတည်းက ပြန်ရှာလို့မရအောင်ပါပဲ။ ဟုတ်တယ်။ ချိုမြမြမောင့်အသံလေးရဲ့နောက်ကို စိတ်တွေ အလိုလို စီးမြောသွားလို့ပေါ့။



အခုလည်း ဖုန်းထဲက မောင့်အသံလေးကိုပဲ မျှော်နေမိပြန်တယ်။ ဒီနေ့ဆို မောင်ခရီးထွက်သွားတာ သုံးရက်ရှိပြီလေ။ ညနေတိုင်းရဲ့ ကြည်နူးမှုလေးတွေကို သုံးရက်ကြာအောင် ပေးဆပ်နေရပြီ။ အရင်ကဆို အလုပ်အနေအိမ်ကိုပြန်တဲ့ လမ်းတစ်လျှောက်လုံးမှာ မောင့်စကားသံလေးတွေ၊ မောင့်ရဲ့ကြည်စယ် နောက်ပြောင်မှုလေးတွေနဲ့ နီယွန်ညနေခင်းတွေဆိုတာ ငယ့်အတွက်တော့ စိတ်လှုပ်ရှားစရာ ညနေခင်းတွေပေါ့။ အခုတော့ မောင့်ကိုလွမ်းနေရတယ်။ အင်း …ဟုတ်တယ်။ လွမ်းနေမိတယ်လေ။ အခန်းရှေ့ရောက်လို့ မောင်ကနှုတ်ဆက်နေပြီဆိုရင် ရင်မှာဟာနေတတ်တာကို အခုတော့ အလွမ်းလို့ မပြောချင်တော့ပါဘူး။ ဘယ်တုန်းကမှ မလွမ်းဖူးခဲ့ဘူးလို့ပဲ နားလည်တာမိတယ်။ မောင်နဲ့ စကားပြောချင်တယ်။ မောင့်အသံလေးကိုကြားချင်တယ်။ မောင့်ကို လွမ်းတတ်နေပြီလို့လည်း ပြောပြချင်သေးတယ်။

မောင်ခရီးသွားမဲ့ ညနေက မောင့်အခန်းမှာ ပစ္စည်းတွေကူထည့်ပေးရင်း စိတ်မှာဝမ်းနည်းနေတာက အခုဆို အခြေအနေ ပိုဆိုးနေပြီမောင်ရယ်။
“ရောက်ရောက်ချင်း ငယ့်ဆီကို ဖုန်းဆက်မယ်”
“အလုပ်တွေပြီးတဲ့ ညနေတိုင်းလည်း ငယ်နဲ့ဖုန်းပြောမယ်လေ”
အခုရော မောင်ရယ်။ မောင့်ဖုန်းကိုမျှော်နေမယ်ဆိုတာ မောင်သိမှာပါ။ ဟင့်အင်း ..မောင့်ကို ငယ်အပြစ်မတင်ပါဘူး။ သေချာတယ်လေ။ မောင်အချိန်ရတာနဲ့ ငယ့်ဆီကိုဖုန်းဆက်မယ်။ မောင်လည်း ငယ့်ကို သတိရနေမယ်ဆိုတာ ငယ်သိပါတယ်။ ဒီဖုန်းသံလေးရဲ့ နောက်ကနေ “ငယ့်ကို လွမ်းလိုက်တာ” ဆိုတဲ့ မောင့်အသံကိုကြားရင် ငယ်မျက်ရည်ကျမိမယ် ထင်တာပဲ။ ဒါပေမဲ့ အဲဒီမျက်ရည်က မောင့်ကိုလွမ်းလို့ ကျတဲ့မျက်ရည်ထက် ဝမ်းသာလို့ ကျတဲ့မျက်ရည်က ပိုမယ်ထင်ပါတယ်။

အခုတော့ ဒီဖုန်းသံလေးက ငယ့်ကို စိတ်လှုပ်ရှားစေတာထက် အလွမ်းတွေပဲ ပိုပိုလို့တိုးတာစေတယ် မောင်ရယ်။ သူ့ရဲ့ အသံလေးတိုင်းမှာ ငယ့်ရဲ့မျှော်လင့်ချက်တွေ ကျရှုံးနေရဆဲပါပဲ။ ငယ်မမျှော်တဲ့ ဖုန်းသံအားလုံးကိုလည်း ဒီရက်ပိုင်းမှာ ငယ်စကားကောင်းကောင်း ပြန်မပြောဖြစ်တော့ဘူး။ မောင့်အလုပ်တွေက မောင့်ကို အရမ်းဖိစီးနေတာလား။ ဟုတ်တယ် …မောင်အလုပ်များနေတာပဲ ဖြစ်မယ်။ ဒီနေ့ညနေဆို မောင်အလုပ်အားတော့မယ် ထင်တယ်နော်။ ဒီလိုသာဆို ငယ်မောင်နဲ့ ဖုန်းပြောရတော့မှာပေါ့နော်။ အို ..စိတ်ကူးနဲ့တင် ငယ်ပျော်နေပြီမောင်ရယ်။

သုခမိန်။…..။

1 comment:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုဗာဘိုရေ လက်ရာ လေးကို သဘောကျတယ်ဗျာ ။ စိတ်ကူးနဲ့ ပျော်နေတယ့် ငယ့်ကို မြင်ယောင်ရင်း . . . .