Wednesday, January 7, 2009

ကျောက်သင်ပုန်းကြီးပေါ်က မွေးနေ့လက်ဆောင်ကဗျာ


လာမည့် ဇန်နဝါရီလ (၉) ရက်နေ့ဟာ ကျနော်ရဲ့ ချစ်လှစွာသော (ကျနော့်ကို ချစ်လှစွာသော) မေတ္တာရှင်၊ ကျေးဇူးရှင် အစ်မရည်လေးရဲ့ အသက် (၃၀) ပြည့် မွေးနေ့မင်္ဂလာဖြစ်ပါတယ်။ ယခု ၂၀၀၉ E-journal ကို ၁၉၉၇ တုန်းက ရေးခဲ့တဲ့ ဇန်နဝါရီကျောင်းသား ကဗျာလေးနဲ့ဖွင့်ထားတာမို့ တစ်ဆက်တည်းမှာပဲ ၁၉၉၇ ခုနှစ် - အစ်မရည်လေးရဲ့ (၁၈)နှစ်ပြည့်မွေးနေ့မှာ (၁ရ)နှစ်သား၊ကျနော်ရေးပေးခဲ့တဲ့ မွေးနေ့လက်ဆောင်ကဗျာလေးကို (အဲဒီတုန်းကရေးထားတဲ့အတိုင်း တစ်လုံးတစ်ပါဒမှ မပြုပြင်မတည်းဖြတ်ဘဲ) ဖော်ပြပါရစေ။ ဒါဟာ အစ်မရည်လေးနှင့်တကွ ကျနော့်ထက် တစ်နေ့၊ တစ်ရက်၊ တစ်နံနက် ကြီးသော အစ်မတွေအားလုံးအတွက် မွေးနေ့လက်ဆောင်ကဗျာ ဖြစ်သလို (၁၈) နှစ်ပြည့် လူငယ်အားလုံးကို ရည်ညွှန်းလိုရင်းလည်း ဖြစ်ပါတယ်။

အဲဒီကဗျာလေးကို ထုံးစံအတိုင်း ကျနော်တို့အိမ်က ကျောက်သင်ပုန်းကြီးပေါ်မှာ ရေးခဲ့တာပါ။ အဲဒီကျောက်သင်ပုန်းကြီးဟာ ကျနော်တို့ တစ်မိသားစုလုံးရဲ့ ပွင့်အန်သမျှနဲ့ ပြည့်လျှံကျနေတာ နေ့စဉ်နဲ့အမျှနီးပါးပါပဲ။ အခုတော့ ကျနော်တို့ မောင်နှမတွေအားလုံးဟာ အဲဒီကျောက်သင်ပုန်းကြီးရဲ့ အဝေး ၊ ကဗျာတွေ၊စာတွေရဲ့ မနီးမဝေး၊ အတိတ်သမိုင်းရဲ့ ဟိုး ခပ်ဝေးဝေး၊ ဆရာမိုးဝေးရဲ့ မြစ်ဝကျွန်းပေါ် မှာ…….



၁၉၉၇ ဇန်နဝါရီ ၉ ရက် (ကရင်နှစ်သစ်ကူးနေ့)


တစ်ကိုးခွန်ကိုး
စ၍တိုးကာ
လက်ချိုးရေလာ
(၁၈) ခါမြောက်
ယနေ့ရောက်ပြီ …..
ဒါကြောင့်
နိုင်ငံတကာကျင့်ထုံး
ယူလို့သုံးရရင်
“အတ္တာဟိ အတ္တနော နာထော” ကို
သင်ရောခံယူ
အများနဲ့အတူ
ကိုယ်လမ်းကိုယ်ဖောက်
ကိုယ်တိုင်လျှောက်လို့
မိဘတို့ထမင်းခွက်
ဝင်မစွက်ဘဲ
အားခဲရုန်းကန်
အမြင်မှန်ဖြင့်
ထာဝရရပ်တည်
အသက်ရှည်ကာ
လက်ချောင်းတစ်ရာ
တိုးပွားလာစေ
တောင်းဆုခြွေသည်
မ မောင် ဆုတောင်း ပြည့်စေသောဝ်။……။

3 comments:

ခေါင်ခေါင် said...

လွန်ခဲ့တဲ့ ၁၂ နှစ်က ရေးခဲ့တဲ့ ကဗျာဆိုတော့..တစ်မျိုးကြီးပဲ စိတ်ထဲမှာ..
လွမ်စရာ ကောင်းသွားလို့ပါ..

တားမြစ် ထားသော... said...

“မ” “မောင်” ဆုတောင်း ပြည့်စေသောဝ်။……။

ထပ်ဆင့် ဆုတောင်းသွားပါတယ်။ ၁၈နှစ်အရွယ်လေးတွေ အတွက်ဆိုလို့ပါ။
*****************
ကိုမာရေးသျှင်ရေ အနည်းဆုံး တလလောက် ကျွန်တော်က အွန်လိုင်းနဲ့ ဝေးနေအုံးမှာ။ အီးဂျာလေးကို စောင့်ရှောက်ထားလိုက်ပါအုံး ခင်ဗျာ။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

Anonymous said...

ပျော်ရွှင်စရာကောင်းသော မွေးနေ့လေး ဖြစ်ပါစေဗျာ။ ကဗျာလေးလဲကောင်း၏