Saturday, June 20, 2009

ဒီနေ့အဖို့

လွန်လေပြီးသောအခါ ကျနော် ရွှေပြည်ကြီးက ခွာတဲ့အခါ အောက်ပါစာအုပ်ကလေး(၃)အုပ်သာ ပါလာခဲ့ပါတယ်။

၁။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ”လူလေးသို့ပေးစာများ“
၂။ ဆရာနေမျိုးရဲ့ ”မြည်နေတဲ့ထရမ်းပက်“ - ဝတ္ထုတိုငယ်စု နဲ့
၃။ Stephen R. Covey ရဲ့ ”The 7 Habits of Highly Effective Peoplen“

ဒီနေ့အဖို့ ဆရာနေမျိုးရဲ့ ”မြည်နေတဲ့ထရမ်းပက်“ကိုမှ တခုတ်တရ ရွေးချယ်သယ်ယူလာတာ ဘာကြောင့်လဲဆိုတာ ဝေမျှလိုပါတယ်။



ဒီနေ့အဖို့

ဒီနေ့ ငါစားတာတွေ နည်းနည်းများသွားပြီ။ မက်(စ်)ပါဝါတစ်ပုလင်း (ငါ့ပိုက်ဆံနဲ့ငါဝယ်သောက်တာ)၊ ကန်စွန်းဥသုံးလုံး။ ကြီးနှစ်၊ သေးတစ်။ အိမ်မှာပြုတ်တာ၊ လက်ဖက်ရည်ကတော့ မနက်ကနေ စတွက်ရင် ညထိ (၄)ခွက်တော့ရှိမယ်။ စတော်ဘယ်ရီဖျော်ရည်တစ်ခွက် (ဖိုးကျော်ကတိုက်တာ)၊ ကွမ်းယာက (၁၂)ယာလောက်တော့ ရှိမယ်။ ရေခဲရေ (၁)ခွက်၊ မနက်က ထပ်တစ်ရာတစ်ချပ်၊ လက်ဖက်ရည်တစ်ခွက်ခွဲလောက် ရှိမယ်။ (သမီးတို့မကုန်တာ ငါသောက်သေးတယ်)။ ထမင်းကတော့ မြိန်သလိုလို မမြိန်သလိုလိုနဲ့။ စတော်ဘယ်ရီဖျော်ရည်သောက်နေတုန်း အစ်မ မဝင်းမေကို သတိရမိသေးတယ်။ မြို့ထဲက နေပူပူထဲဖြတ်ပြန်လာတော့ အေးအေးချိုချိုချဉ်ချဉ်လေး ရေငတ်ပြေသောက်ချင်လို့ (၄)ကွေ့အလွန်က လမ်းဘေးအအေးဆိုင်လေးမှာ မက်(စ်)ပါဝါသောက်ခဲ့တာ ထင်သလောက် အရသာမတွေ့ဘူး။ ငါ့ပါးစပ်ထဲမှာ နည်းနည်းသက်တက်တက် ဖြစ်နေသလိုပဲ။ အပြီးသတ်မှာ ခါးခါးသွားတယ်။ နေ့လယ်က ကိုဝေးခေါင်နဲ့ ထမင်းဆိုင်လေးတစ်ဆိုင်မှာ ထမင်းအတူစားဖြစ်တယ်။ သူကငါးမြင်းနဲ့၊ ငါကဝက်သားနဲ့။ ဝက်သားတုန်း က ငါ့အကြိုက်တော့ နည်းနည်းမာနေတယ်။ ကုလားပဲဟင်းက အိနေတာပဲ။ ကောင်း။ ညနေအိမ်ကချက်တဲ့ဟင်းက ကြက်ဥချက် (တစ်ယောက်တစ်လုံးနှုန်း)၊ သရက်ချဉ်သုပ်၊ စွန်တာနီပဲနဲ့ ခွေးတောက်ရွက်ဟင်းချို။ မြိန်သလိုလို မမြိန်သလိုလိုနဲ့။ ဒီနေ့အဖို့ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တာ နည်းနည်းများသွားပြီ။ တန်ရုံကောင်းတယ်။ အစ်မသိရင် ငါ့ကိုဆူမှာပဲ။ အပိုဆာဒါးတွေ။ ဒါပေမဲ့ ငါလိမ္မာတာလေးတွေလည်းရှိပါတယ်။ ကျုံးဘေးက ပုစွန်ဆိတ် ခုန်နေတဲ့ ထန်းရည်သည်လေးတွေဆီ ဝင်မသောက်ပဲ နေခဲ့တာလေ။

နေမျိုး

(နေမျိုး - မြည်နေတဲ့ထရမ်းပက် - ဝတ္ထုတိုငယ်စု - ပထမအကြိမ်၊ ဇန်နဝါရီလ၊ ၂၀၀၆)

3 comments:

မသက်ဇင် said...

မာရေးသျှင် ရေ
မျှဝေပေးတာကျေးဇူးပါ
ခင်မင်လျက်

တားမြစ် ထားသော... said...

သေချာသပေါ့ ကိုမာရေးသျှင်ရေ။
မြန်ပြည်ကြီးကိုလွမ်းတိုင်း ဖွင့်ဖတ်မိရင် အရသာရှိမယ့်စာတစ်အုပ်ပဲ။

လမ်းဘေးက ရေခဲရေ၊ မက်စ်ပါဝါတစ်လုံးနဲ့ တစ်ကယ့် မြန်ပြည်ကို တွေ့ရမှာကိုး...

ပျော်ရွှင်အဆင်ပြေစေသားဗျာ။

သုခမိန်

Ðaywalker[Soul] said...

ကျွန်တော်က နေမျိုး ရဲ့ ပရိတ်သတ်ဆိုတော့ ဒီကောင်လေးကို ကြိုက်ပြီးသားပဲ၊ အင်း.... အဲဒီစာအုပ်ထဲမှာ ပါတဲ့ စာလေးတွေအားလုံး တော်တော်လေး ကောင်းပါတယ်။

ဒါပေမယ့် နေမျိုးရဲ့ အရင်က magazine တွေမှာပါတဲ့ ကဗျာလေးတွေက ပိုကောင်းတယ်လို့ ထင်တယ်ဗျ။ ဘာပဲပြောပြောပါ.... အခုလို ပြန်ဖတ်ရတော့လည်း ဖီလင်တစ်မျိုးပေါ့။ ကျေးဇူးတင်ပါတယ်...