Monday, September 15, 2008

အချစ် ၊ အလွမ်း များ


ပြီး ခဲ့တဲ့ စနေနေ့ ညက ကျနော့ အကိုရယ် ၊ ကို အိမ်လွမ်းသူရယ် ၊ ကျနော်ရယ် ခြင်္သေ့ ကျွန်းက အရှေ့ဘက် ကမ်းခြေလေးမှာ ည ဘက်ကြီး လမ်းလျောက်ထွက်ကြရင်း ရေးဖြစ်တဲ့ စာစုလေးပါ ။ အကိုနဲ့ ကိုအိမ်လွမ်းသူကတော့ ဖုန်းတွေနဲ့ အသဲတွေ အသက်တွေ လုပ်ရင်း မအားလပ်ကြ ။ ကျနော်ကလည်း အပြောကျယ်တဲ့ကောင်းကင်နဲ့ ပင်လယ်ကို ကြည့်ရင်း အားတွေငယ်ပေါ့လေ ။

ဝိုင်းဝိုင်းစက်စက် လမင်းကြီးရယ် ၊ အပြာရောင် ကောင်းကင်ကြီးရယ် ၊ ရေပေါ်က ရွာတန်းရှည်ကြီးရယ် လှိုင်းပုတ်သံတွေရယ် ညို့ငင်မှု့တွေ ကြားမှာ ကျနော်လည်း မဆွတ်ခင်က ညွှတ်ချင်နေသူ ပီပီ ကျနော့ရဲ့ တစ်စုံ တစ်ယောက်ကို လွမ်းပါသည်။




“ မြန်မာပြည်ကို လွမ်းတယ် ပြန်တော့မယ်” ဆိုတာကလည်း အသက်တွေမှ မငယ်ကြတော့ စိတ်နောက် ကိုယ်ပါ လုပ်ဖို့ အတော် ခက်ပါသည် ။ ပင်လယ်ရယ် ၊ လမင်းရယ် ၊ ကောင်းကင်ကြီးရယ် ၊ လှူပ်ရှားနေကြဆဲ လူတွေရယ် ၊ အိပ်မောကျနေဆဲ လူတစ်ချို့ရယ် ကိုငေးကြည့်ရင်း ဘ၀ဆိုတာ ဒီလိုပါပဲလို့ ဖြေသိမ့်ရပြန်ပါသည် ။
လရောင်ရဲ့ အေးမြမှု့ကို လူတစ်ချို့ ရှာဖွေ ကြည်နူးနေချိန်မှာ ၀မ်းတစ်ထွာ အတွက် ညဆိုတာကို မစဉ်းစား နိုင်အားသော သူများကလည်း တစ်ချို့။
ဘ၀ဆိုတာ ဘာလည်းလို့ သေချာသိချင် မနေတော့တာကတော့ ရှုပ်ထွေးများပြားလှသော အဖြေများကြောင့်လည်း ဖြစ်မည်ထင်ပါသည် ။ လူဖြစ်လာသူချင်း အတူတူ တစ်ချို့က လူပီပီ သသ မဖြစ်ကြရသေးတာ မြင်သော အခါ ဘ၀ဆိုတာ ရယ် ၊ ကံရယ်၊ အတိတ်ကံရယ်ကို မမှီ မကမ်း ဆက်စပ် ကြည့်ချင်ပြန်ပါသည် ။
ထို သို့သော တောင်ရောက် မြောက်ရောက် အတွေးစများကို စုစည်း ရန် မလွယ်လှသော်လည်း သူမကို ကျနော် လွမ်းတာကတော့ အသေအချာ ။ လှလှ ပပ လွမ်းသော အလွမ်းဖြစ်ရန်ကတော့ နည်းပါးလွန်းလှသော ရာနှုန်းတစ်ခုသာပါ။
တစ်ဘက်သက် နှင့် အချစ် ဆိုသော စကားလုံးကိုတော့ သူမက ကျနော့် သမိုင်းထဲကို ပူးတွဲ ပြီး ဆွဲဝင်လာသူသာဖြစ်သည် ။ သို့မဟုတ် သူမနှင့် အတူ ထို စကားလုံးများကို ကျနော့ သမိုင်းထဲသို့ ပစ်ချခံရခြင်းလည်း ဖြစ်ကောင်း ဖြစ်မည်။ အချစ်ဆို တာ ဘာလည်း ၊ ချစ်ဖူးခဲ့ပြီလား ၊ မသိလိုက် မသိဘာသာ ကျော်ဖြတ်သွားပြီလား လားပေါင်းများစွာနဲ့ေေ၀၀ါးနေဆဲ ကျနော့် ဘ၀ကို ဒါဟာ အချစ်လို့ လင်းလက် ပြသသူကတော့ သူမသာ ဖြစ်သည်။ လွန်ခဲ့သော ထို့ထက် မဝေးလှစွာသော အတိတ် က ယင်းမာပွင့်ချိန်သည် ကျနော့ အချစ်တို့မွေးဖွားရာ ၊ မျှော်လင့်ချက်တို့ ရှင်သန်ထမြောက်ရာ ရာသီသာ ဖြစ်သည်။
ထင်မှတ်မထားသော၊ မမျှော်လင့်တော့သော၊ ထို့ထက် မွေးဖွားလာမည် မထင်တော့သော အချစ်ဆိုသော ဘာသာစကားသည် ကျနော့ ဒုတိယ မိခင် ကျောင်းတော်က ကန်တင်းမှာ ဘာမှ ပြင်ဆင်ချိန်မရပဲ ကျနော့် ရင်မှာ တွယ်ကပ်ပြီး မသေမသပ် မွေးဖွားခဲ့လေသည် ။ တစ်ချိန်ထည်းမှာပဲ လူလားမြောက်လာခဲ့ ၊ရှင်သန်ခဲ့သည်ဟုလည်း ပြောမှ အဓိပ္ပယ် ပြည့်စုံလိမ့်မည် ။
မချစ်ဘူးခဲ့သူမို့ထင်သည် ကျနော်သည် အချစ်ရေးမှာ မသေသပ်လှချေ ။ ပျော်ပျော်နေတတ်သော၊ ဖြစ်ကတတ်ဆန်းနေတတ်သော ကျနော်သည် သူမအား ချစ်မိနေပါကြောင်းကို လိမ်လည်ဖုံးဝှက်ရန် မစွမ်းသာခဲ့ ။ ကံအကြောင်းမလှ လို့ လူသိသွားတာဟု ပြောရန်လည်း ကိုယ့်လိပ်ပြာ ကိုယ်မလုံ လှ။ ဟန်ဆောင်ကောင်းသည်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့ဘူးသော်လည်း စာမေးပွဲတွေ့မှ ချွေး ဒီးဒီး ပြန်ကျလာလေသည်။ ထို့ကြောင့် ကျနော်သည် ၀န်ခံခဲ့ရလေသည်။ ထို့ကြောင့် ပဲ ကျနော်တို့ ပြဇာတ်သည် လွမ်းမောဖွယ် မဖြစ်ခဲ့ပဲ ကျနော်သာ ကြေကွဲနေရသူ ဖြစ်ခဲ့သည် ။ ကိုထီး ရဲ့ သီချင်းလို "သခင်ရယ် ကြည်နုချစ်ခွင့် ရမလား ၊ မော် ဖူး ကြည့်ခွင့် ရှိမလား" တောင် မေးခွင့် မရ ။ ဘာကို အပြစ်ပုံချမလဲကတော့ စဉ်းစားကြည့်ရင် ခေါင်း အတော် ပူလေသည်။ သူမ နှလုံးသားကို ထိအောင် မပစ်ပဲ ကျနော့ နှလုံးသားမှာတင် ရပ်တန့်သွားသော မြှား ပစ်ရှင် ကို မြှားနတ်မောင်ကိုတော့ အားပိုထည့်ပြီး နောက်တစ်ကြိမ်ပစ်ပေးပါ ဟု တောင်းပန်ချင်ပါသည်။
မြင်သော ကြည့်သော ထောင့်များ လည်း ကွာဟနိုင်လေသည်။ ကျနော်တို့ ခံစားချက် ၊ အမြင်များလဲ ကွဲလွဲခွင့် လွတ်လပ်စွာ ရှိကြသည် ။ သူမ ကျနော့်ကို မချစ်ခဲ့တာကတော့ ဖြေရှင်း မရခဲ့သော ပု စ္ဆာ သာဖြစ်သည်။
တစ်ခု ပြောရန်ရှိသည်က သူမသည် တွေ့စကတည်းက ကျနော့ကို မဖြားယောင်းခဲ့ချေ ။
ကျီးမနင်းပဲ ကြွေခဲ့သော ထန်းသီးသည် ကျနော် ။ လူတော်တစ်ယောက် မဖြစ်သော်လည်း လူကောင်းတစ်ယောက်တော့ သူမကြောင့် ကျနော် ဖြစ်လာခဲ့ဘူးသည် ။ စာဆိုတာ စာမေးပွဲဖြေရန် တစ်ညလိုမှ ထဖတ်တတ်သော ကျနော်သည် အတန်းမှန်မှန် တက်တတ်လာလေသည်။ ကျောင်းပိတ်ရက်ကို မုန်းမိလာသည်ဟု ကျနော် ပြောလျင် သူမကတော့ ပိတ်ရက်တွေက နည်းလိုက်တာဟု သူမရဲ့ ကျောင်းဖွင့်ရက် ငရဲခန်းကို ပြန်မရချင်လှစွာ ရေရွတ် မည်တမ်းလိမ့်မည် ထင်ပါသည်။
ကျနော့်ရဲ့ သူမကတော့ ကျနော်နှင့် အဲလို အရှေ့နှင့်အနောက် ခံစားချက်ခြင်း တော်တော် တူလေသည် ။


မကြာတော့သော ကာလမှာ ကျနော့ ချစ်သက်တမ်း ၆ နှစ်ပြည့်တော့မည် ။ အမှတ်တရ အဖြစ် ကဗျာတစ်ပုဒ်လောက် အံချချင်သော်လည်း စကားလုံးများက ရှားပါး လှစွာ ။ ကာရံ ပျောက် နေဆဲ စကားလုံးများကို ပြန်စုစည်းသော်လည်း ကဗျာဆိုတာက ပီပီသသမဖြစ် ။
အဲ ဒါကြောင့် ကျနော် ဖတ်ဘူး ပြီး ကြိုက်မိနေဆဲ ကဗျာတစ်ပုဒ် ကို ပြန်ရေးချရင်း ကျနော့် ခံစားမှူ့ စာစုကို နိဂုံး ချုပ်လိုပါသည် ။ “သုည” ၀တ္ထုထဲက ကဗျာလေးပါ။ (ဆရာ မင်းခိုက် စိုးစံ လား၊ ဆရာ တာရာ မင်းဝေ လား ကျနော် မသေချာလှပါ)

တစ်ဘ၀စာ
ခပ်ကြာကြာ ထိုင်ကြည့်ခွင့် ရယုံ လေးတင်ပါပဲ
ဒီ့ အပြင် ဘာမှ မပိုခဲ့ဘူး
ငါ ဆိုတဲ့ ကောင်ကလည်း သွေးအေး
ယဉ်ယဉ်ကျေးပဲ
လွမ်း . . တယ် . . . ။


8 comments:

Anonymous said...

ကိုတာတူးရေ ပုစ္ဆာနဲ့ ၀တ္ထုက တမင်ရေးထားတာမဟုတ်ရင် ပြင်ပေးနိုင်မလားလို့ပါ..ခံစားချက်ဆိုတာ အဲလိုပဲဗျာ။ ခြင်္သေ့ကျွန်းမှာ အလွမ်းတွေ ဝေသွားတဲ့ညနေပေါ့ဗျာ။

မသက်ဇင် said...

လွမ်းမောတမ်းတ ဖွယ်ရာ အချစ်တပုဒ်ပါ။
ရသကောင်းတွေ ဖတ်ချင်ရင် ဒီနေရာကို အမြဲရောက်တယ်။
မေးချင်သေးတယ်------
VBT တားမြစ်ထားသော ရဲ့ အမည်ရင်း---
နောက်တယောက် က အိမ်လွမ်းသူ---
အခု ရသ ရေးသူက ကိုတာတူး--
မာရေးသျှင်ကို သိပြီးသား--။

ဖြေချင်မှဖြေပါ----
နောက်ထပ်ရှိသေးလား

Anonymous said...

ရသအလုံးစုံကို
တစ်ပုဒ်တည်းနဲ့ စုပုံပေးစွမ်းနိုင်တဲ့
တကယ့်ရသစာတမ်းတစ်စောင်ပါပဲဗျာ။
အဲဒီလက်ကလေးတွေ အနုပညာနဲ့ မကင်းကွာပါစေကြောင်း မျှော်လင့်ဆုတောင်းလျက်ပါ။

khin oo may said...

ထိုင်ကြည်. နေ လို.။ မဖြစ် သေးဘုး။ လက် ကလေး နဲနဲ သွက် ဘို.တော. လိုမယ်။
သံတမန် က may be ဆိုတာ Yes လို. အဓီပါယ် ရှိ သလို
စစ်သားရဲ့  yes ဆိုတာ yes ပါဘဲ.
မိန်း မပျူိုလေးရဲ. No ကတော.Yes ဖြစ်နိုင်ပါတယ်။

Unknown said...

the author of "zero" is Min Khike Soe San

အိမ်လွမ်းသူ(မှန်နီကုန်း) said...

အော်...... ။
ကိုတာတူး....ကိုတာတူး...
လက်စသတ်တော့....ကိုတာတူးက....
အရည်မရှိတဲ့ သံပရာသီးကို ရေစွတ်ပြီး ညှစ်ချင်နေတာ ကိုး..။
ခက်တော့ ခက်ကုန်ပြီနော်...။
ဒီလိုသာဆိုရင်တော့ နောက်တခါ ....ဘယ်သွားသွားခေါ်လို့ ဖြစ်ဘူးထင်ပ။
တကယ့် တကယ်တော့ ....
လမင်းကြီးမှာလဲ အပြစ်မရှိပါဘူး
ပင်လယ်ကြီးမှာလဲ အပြစ်မရှိပါဘူး...
မြှားနတ်မောင်မှာလဲ အပြစ်မရှိပါဘူး...
ဟို..တယောက်မှာလဲ အပြစ်မရှိပါဘူး...။
အဲ့ဒီနေ့က ကိုတာတူးဝယ်ခဲ့သော ကင်မရာ
(ကမ်းခြေမှာ လမ်းလျှောက်နေကြသော ကောင်းမလေးတွေကို ညဘက်ရိုက်လို့မရတဲ့)သာလျှင် အပြစ်ရှိပါ၏....။
ဟဲ...ဟဲ..။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကျနော့ ဒီစာစုလေးနဲ့ ပက်သက်ပြီး တောင်းပန်ချင်တာ အချို့ ရှိပါတယ်။
ကျန်တာတွေလည်း နောက်ပေါ်လာရင်တော့ ထပ်မံ တောင်းပန် ၊ဖြည့် စွက်ပေးပါ့မယ် ။
၁။ ပထမဆုံးကတော့ ကျနော့ ညီ မငယ် နိုင်း နဒီကို ပါ။ သူမက ကျနော့ကို အကြံပြုထားသောပို့စ် (ဆုံးမတယ် ပြောမှ မှန်မလားပဲ) http://ninenadi9.blogspot.com/2008/09/love-hope-life.html တင်ထားတာကို ကျနော်က မသိသေးပဲ ယခု ပိုစ်လေး ကို တင်မိပါတယ်။ ယောင်း မမြင်းစီး ထွက်တာ မဟုတ်ပဲ မတော် တဆ တိုက် ဆိုင်မှု့သာ ဖြစ်ကြောင်း မိနိုင်း အား သိစေချင်ပါသည် ။
၂။ ခုလို အသေးစိပ် ဖတ်သွားပြီး ပြင် ပြပေးတာ ကျေးဇူး တင်ပါတယ် ကိုရွာသားလေးရေ ။
ကျနော့ စက်က ပဋ္ဌ်ဆင့်တွေ ရိုက်တာ အဆင်မပြေတာနဲ့ ပဋ္ဌ်ဆင့်ကို ဖြည်ပြီး ရိုက်မိသွားလို့ပါ ။ ခု ပြင်ထားပြီး သွားပြီ အကို ။
အင်း ပေါ့ အကိုရာ လွမ်းတဲ့ရောဂါကတော်တော် ဆိုးတယ် ။ ခုထိ ဖြေဆေးကလည်း မရှိ ။ ဂိမ်းဆော့နေရင် သက်သာ သလိုပါပဲ ။ ဒါကလည်း ထင်ရုံပါ အကိုရာ ။ ကျေးဇူးတင်ပါတယ် အကို ။
၃။ မသက်ဇင်ရေ ခုလို လာလည်ပြီး ဖတ်ရှု့ပေးတာ ကျေးဇူးတင်ပါတယ်။
လွမ်း တာရယ် မောတာရယ်က ကျနော် ပဲ ဖြစ်မှာ အမေရေ ။ :D
ကျနောက ကိုဗာဘို လို့ ခေါ်တဲ့ ကိုတားမြစ် ရဲ့ အမည်ကတော့ သူက ပို့စ် တစ်ခုရေးပြီး
ဝိုင်းတော်သားတွေကိုရော သူ့ကိုယ် သူပါ မိတ်ဆက်ထားပါတယ်။
http://ver-bo-ten.blogspot.com/2008/07/e-journal-me-and-contributors.html
ကျနော်က တာတူးပါ။ အမမေးတာလေးကို ပိုစ့် တစ်ခုနဲ့ ကျနော် ဖြေထားပါတယ် အမရေ ။ http://ver-bo-ten.blogspot.com/2008/09/introduction-about-me.html

အိမ်လွမ်းသူ အကြောင်းကတော့
http://ver-bo-ten.blogspot.com/2008/05/blog-post_24.html မှာ အနည်းအကျင်း မိတ်ဆက်ထားပါတယ် ခင်ဗျာ။

၎။ကိုမာရေးသျှင်ရေ ကျနော်လည်း အားနာလှပြီ ။ ရေးဖြစ်တာတွေကလည်း ဟိုတစ်စ ဒီတစ်စဖြစ်နေ ၊ ပြီးတော့ အလုပ်ကများပေါ့ဗျာ ။ ပြန်လာနိုင်အောင်တော့ ကြိုးစားနေပါတယ် ခင်ဗျာ။

၅။ အမ မခင်ဦးမေရေ ခုလို အားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ကျနော်က လက်ကတော့ အတော့ကို နှေးသည် ပြောရမယ် ။ပြီးတော့ ရေမြေခြားပြီ ဆိုတော့ မျှော်လင့်ချက်က ဝေေ၀၀ါးဝါးပေါ့ အမရယ်။ တစ်ကြိမ်သာ ပစ်သော ၊ တစ်စင်းတည်းသော မြှားသည် ထိချက်ကို တက်တက်စင်အောင် လွဲသော်လည်း ဖြေဆေး မရှိတော့ပါ။ ကိုယ့်ရောဂါ ကိုယ်သိသမို့ နောက်ဆုံးတော့လည်း ငါတို့က ဗြဟ္မ ပြည်က လာတာကွလို့ ကိုဗာဘိုတို့ ၊ ကို အိမ်လွမ်းတို့ကို လှောင်ပြောင်ဖြေသိမ့်ရင်း ပေါ့ အမရယ် ။ ကျနော့်
G-Hall သူရဲ့ No ကို Yes ပြောင်းဖို့ကတော့ မျှော်လင့်ရန် ရာနှုန်း မရှိသလောက် ပြောရမယ် ။ ဘာပဲဖြစ်ဖြစ် ဇွဲကတော့ မလျော့ပါဘူး အမရယ် ။ ဒီဘ၀ မဟုတ်လည်း နောက်ဘ၀ပေါ့ နော် ။ ကျေးဇူးတင်ပါတယ် အမရေ ။

၆။ Tay ရေ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ကျနော်လည်း အရင်နေ့ကတော့ ဆရာ မင်းခိုက်စိုးစံ ဆိုပြီး တင်ထားတာ။ ညကမှ သူငယ်ချင်းက မေးတာနဲ့ ကျနော်လည်း ဝေတေ ၀ါးတား ဖြစ်သွားလို့ ခုလိုလေး ပြင်ရေးလိုက်တာ။ ခုလို ထောက်ပြ ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ရ ။ အမယ် မင်း မင်း ကိုအိမ်လွမ်းသူ ။ ဖွပါ့ ။ ကျုပ်ဘာသာ ကျုပ် လမင်းနဲ့ပင်လယ်ကို ဘယ်လောက်လှသလဲ ဆိုပြီး ဆက်စပ်မှတ်တမ်းတင်ချင်လို့ မ လာတဲ့ ကင်မရာပါဗျာ။ သူပဲ ကမ်းစပ်မှာ ပဲတွေပေးပြီး ပုံတွေ စွတ်ရိုက်လာပြီးတော့ ။ တော်ကြာ ခင်ဗျားပြောမှ ကမ်းခြေမှာ လူတွေမလာရဲတာ ကျုပ်ကြောင့်ဆိုပြီး အမှုပတ်နေပါဦးမယ် ။ ဟွန်း

အားလုံးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

တားမြစ် ထားသော... said...

အင်း။ ပိုစ့်ကိုဖတ်။ ကွန်မန့်တွေဖတ်လိုက်ရတာ ဘာပြောရမှန်းကို မသိတော့ပါ။ ဘယ်လိုဖြစ်ဖြစ် အချစ်သည် မိမိကိုယ်တိုင်နှင့်သာ သက်ဆိုင်သော စိတ်ပိုင်းဆိုင်ရာ ခံစားချက်။ လူအများစုတွင် ထိုခံစားချက် သဘာဝအရရှိနေတတ်သဖြင့် အချစ်အကြောင်းဆိုလျှင် စိတ်ဝင်စားကြလေသည်။ ထို့ကြောင့် ဒီပိုစ့်ကို သဘောကျသည်။း)
သုခမိန်(E-Journal)