Monday, April 27, 2009

Thought from some words (6)



အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၆)

ကျွန်တော်တို့ အီးဂျာနယ်(E-Journal)လေးမှာ “သတင်းနှင့် အတွေးအမြင်” ဆိုတဲ့ ကဏ္ဍလေးရှိပါတယ်။ စာလာဖတ်သူတွေကို ပေးချင်တဲ့ သတင်းနဲ့ အတွေးအမြင်လေးတွေကို ဖော်ပြပေးတာပါ။ သတင်းနဲ့ အဆက်ပြတ်တတ်သူဆိုတော့လည်း သတင်းတွေကိုတော့ တစ်ခါမှ မဖော်ပြဖူးသေးပါဘူး။ ဒါပေမဲ့ ကဏ္ဍလေးစကတည်းက ဝိုင်းတော်သားတွေ တပျော်တပါးပဲ အတွေးလေးတွေ၊ အမြင်လေးတွေ၊ သတိပြု ဆင်ခြင်စရာလေးတွေ တင်ထားကြပါတယ်။ စာဖတ်သူတွေမှာ သတိမထားမိသူရှိသလို သတိတရ ဖတ်မိသူတွေလည်း ရှိမှာပါ။ အခုဆိုရင် ဖော်ပြထားတာလေးတွေ အတော်တောင် များနေပါပြီ။ အားလုံးလည်း ဖတ်စရာလေးရအောင်ဆိုပြီး ကျွန်တော်က ဖော်ပြပြီးသမျှတွေကို အဟောင်းဆုံးကနေစပြီး အသစ်ဆုံးထိ ဖြည်းဖြည်းခြင်း ခံစားသွားပါမယ်။ စာစုလေးတွေအပေါ်မှာ ကျွန်တော့်ရဲ့ အမြင်တွေပါပဲ။ စာဖတ်သူတို့လည်း လွတ်လပ်စွာ တွေးထင်၊ ဝေဖန်ပိုင်းခြားလို့ လမ်းပြပေးသွားကြမယ်လို့ မျှော်လင့်ပါတယ်။
ပြီးခဲ့တဲ့ ပိုစ့်တွေကိုလည်း ကလစ်လုပ်ပြီး သွားဖတ်နိုင်ပါတယ်။ အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄) အပိုင်း(၅)



………………………………………………………………………………….
11th-Jul-2008 - ”မုတ္တော မောစေယျံ”- ကိုယ်တိုင် လွတ်လပ်ပြီး၊ သူတစ်ပါးကို လွတ်လပ်စေမည်။ (ဗုဒ္ဓ)
………………………………………………………………………………….
လွတ်လပ်မှု။ ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။ လွတ်လပ်မှုဟာ လွတ်လပ်မှုပဲပေါ့ဆိုရင် ပိုများပြည့်စုံမလား။ မိမိကိုယ်ကို လွတ်လပ်စေခြင်းဆိုတာကိုက အတော်ကျယ်ပြန့်သွားမယ်။ တစ်ခါတစ်လေ ကျွန်တော်တို့တွေမှာ ငါနှင့်ငါကို သဘောထားမတိုက်ဆိုင်ကြပါဘူး။ ဒီတော့ ခုပြောနေတဲ့ လွတ်လပ်ခြင်းမှာ အမှောင်မှ အလင်းသို့၊ ဝိဇ္ဇာမှ အဝဇ္ဇာသို့၊ သညာမှ ပညာသို့ စသည်ဖြင့်တို့ကို လွတ်လပ်ခြင်းဆိုတဲ့အမြင်နဲ့ တွေးမိပါတယ်။ အရင်ဆုံးကတော့ ကျွန်တော်တို့ကိုယ်တိုင်ပေါ့ ခင်ဗျာ။ မိမိကိုယ်တိုင် လူကောင်းတစ်ယောက်ဖြစ်လာမှလည်း သူများကိုကောင်းအောင် လုပ်ပေးနိုင်မှာပါ။ မိမိကိုယ်တိုင် ကောင်းမှု၊မကောင်းမှုကို သေချာခွဲခြားသိပြီး ရှောင်ရှားနိုင်နေမှလည်း သူများကို ကောင်းအောင် လုပ်နိုင်ကြမှာပါ။ စကားစုလေးကလည်း ဗုဒ္ဓရှင်တော်ရဲ့ စကားစုလေးပါတဲ့။ သူတစ်ပါးကိုတွဲထူဖို့ ကိုယ်တိုင်ကလည်း မတ်မတ်ရှိနေမှပါ။ ကျွန်တော်ကတော့ သဘောကျတဲ့ စကားစုလေးပါပဲ။

………………………………………………………………………………….
12th-Jul-2008 - Hate Sin, Love the Sinner.
………………………………………………………………………………….
ဒုစရိုက်မှုကို ဆန့်ကျင်ပါ။ ဒုစရိုက်သားတို့ကိုတော့ ကြင်နာပါ။ ကောင်းတဲ့အတွေးပါပဲ။ ကျွန်တော်မှီသလောက်နဲ့ မြန်မာမှုပြုလိုက်တာပါ။ အလိုအပိုတော့ ရှိချင်လည်းရှိမှာပေါ့လေ။ ကျွန်တော်တို့တွေဟာ ဒုစရိုက်မှုဆိုတာကို မနှစ်သက်ကြ၊ သဘောမကျကြပါဘူး။ ဒါပေမဲ့ သူများလုပ်နေရင်သာ လက်ညိုးထိုးချင်ကြတာ။ ကိုယ်တိုင်လုပ်နေမိပြီဆိုရင်တော့ အကြောင်းပြချက်တွေနဲ့ မကောင်းမှုကို ကောင်းမှုထင်အောင် ပြောဆိုတတ်တာ။ သာမာန်လူသားတွေဖြစ်လို့ ကင်းတာတော့ မကင်းနိုင်ကြပါဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ မကောင်းမှုတွေ တစ်နည်း ဒုစရိုက်မှုတွေကို ဆန့်ကျင်လိုတဲ့ အခြေခံလေးရှိနေဖို့ လိုပါမယ်။ ဒါကတော့ မိမိကိုယ်တိုင်အတွက်ပါ။
လောကကြီးမှာ သေးတာ၊ကြီးတာ နည်းတာ၊များတာသာ ကွာရင်ကွာမယ်။ ဒုစရိုက်မှုကို ပြုနေရတဲ့သူတွေ၊ ပြုနေသူတွေရှိနေကြတာပါပဲ။ ဒီလိုလူတွေအပေါ်မှာလည်း ချစ်ခြင်းအားဖြင့် အကြင်နာထားလို့ မေတ္တာ-ဂရုဏာ-မုဒိတာဆိုတဲ့ အခြေခံအချက်လေးတွေနဲ့ ဆက်ဆံသင့်ပါတယ်။ ဒုစရိုက်သားတို့ကို ပြစ်ပယ်ထားခြင်းဟာ ကျွန်တော်တို့ပတ်ဝန်းကျင်အတွက် ကြီးတဲ့ အန္တရာယ်ပါပဲ။ တွေးကြည့်သင့်တဲ့ စကားစုလေးမဟုတ်လားဗျာ။

………………………………………………………………………………….
17th-Jul-2008 - ဟေ့ တိမ်တွေ အဲသည်သာနေတဲ့ လ ကို အမှောင်ချလိုက်စမ်း ဟောသည်မှာ ငါ လွမ်းလှပြီ။..........။ (မာရေးသျှင်၏ကဗျာမှ-)
………………………………………………………………………………….
ကျွန်တော်တို့ငယ်ငယ်ကတော့ လသာရင် လူကြီးတွေအလစ်မှာ အပေါင်းအသင်းတွေရှိရာထွက် ကစားနည်းပေါင်းစုံကို ကစားတော့တာပါပဲ။ နည်းနည်းလေးအတန်းကြီးလာတော့ လသာတဲ့ရက်ဆို ကွပ်ပျစ်ပေါ်က လ္ဘက်ရည်ဝိုင်းနားသွားပြီး လူကြီးတွေက အိပ်ရာထဲသွားအိပ်ချေလို့ မပြောမချင်း ကွေးနေတတ်တာပါပဲ။ တစ်ခြားမြို့ကြီးမှာ ကျောင်းသွားတက်ရတော့ အဆောင်ကော်ရစ်တာမှာ လသာတဲ့ညတွေဆို သူငယ်ချင်းနဲ့စကားတွေပြော၊ တစ်ခါတစ်လေလည်း ဟိုသတိရ ဒီသတိရပေါ့ဗျာ။ သိတဲ့အတိုင်းပဲ သာနေတဲ့လဆိုတာကလည်း ကျွန်တော်တို့ဆီမှာမှ အရသာပြည့်အောင် ခံစားရတာ။ ခုတော့လည်း ဝင်းပပလမင်းကြီးကိုတွေ့ရင် အတိတ်တွေပဲ ပေါ်ပေါ်လာတော့တယ်ဗျာ။ သူကတော့ အရင်ကလိုသာနေဆဲပါပဲ။ ကျွန်တော်တို့မှာသာ… တစ်ခါတစ်လေတော့လည်း ကိုမာရေးသျှင်ရဲ့ ကဗျာစာသားလေးလို - “ဟေ့ တိမ်တွေ အဲသည်သာနေတဲ့ လ ကို အမှောင်ချလိုက်စမ်း ဟောသည်မှာ ငါ လွမ်းလှပြီ”လို့ ပြောလိုက်ချင်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်သွားမှာတော့ စိုးရိမ်မိသား။

သုခမိန်။…..။

6 comments:

မသက်ဇင် said...

ကိုသုခမိန်ရေ
တစ်ခါတစ်လေတော့လည်း ကိုမာရေးသျှင်ရဲ့ ကဗျာစာသားလေးလို - “ဟေ့ တိမ်တွေ အဲသည်သာနေတဲ့ လ ကို အမှောင်ချလိုက်စမ်း ဟောသည်မှာ ငါ လွမ်းလှပြီ”

လွမ်းတယ်ရှင် ပြည့်ပြည့်ဝဝ သာနေတဲ့ လမင်းကြီးကို
မြန်မာပြည်က တောရွာတွေမှာပဲ သဘာဝ ခံစားရတာပါ
လူကြီးတွေ က လဘက်ရည်ကြမ်းဝိုင်း လူငယ်တွေက
ကစားကြ။
အဲဒီအရသာတွေ ဆုံးရှုံးခဲ့ ကြပြီနော်
အတွေးအမြင်သစ်တွေကို အစ ကနေ ပြန်ဖတ်မယ်ရှင်
E - Journal စာပေအဖွဲ့လည်း စာပေတာဝန်ကို ဆက်လက် ပြီး ဒီထက်မက ထမ်းဆောင်နိုင်ပါစေ။

သီဟသစ် said...

ကိုသုခမိန်ရေ..

အတွေးအမြင်ရော ..
စိမ်းလန်းပါစေရော ..
သေချာကိုဖတ်သွားပါတယ်ဗျာ..

လိုက်နာကျင့်သုံးဖို့ရာတော့ ကြိုးစားရအုံးမယ်ဗျ..

နှင်းရည် said...

အရမ်းတန်ဘိုးရှိပါတယ်

Anonymous said...

ငါ့လူတွေကတော့ အတော်လေးစာပေဆန်တယ်ဗျာ.. ဖတ်လိုက်ရတာ ကျေနပ်နှစ်သက်စရာကောင်းလှတယ်....

Anonymous said...

ဆရာသု ရေ အဲဒီ (၃) ခုလုံးက ကျနော်တင်ထားတာလေးတွေပါ။ ဆရာသုရဲ့ ပါရမီကတော့ အံ့မခန်းပါပဲ။ ဆရာသုရဲ့ ဖွင့်ဆိုရှင်းလင်းချက်တွေဟာ ရှင်းရှင်းလင်းလင်း၊ ထိထိမိမိ ရှိလှပါပေတယ်။ ကဲ ဆရာသုရေ ”မုတ္တော မောစေယျံ“ … အလုပ်သဘောနဲ့ ပြောလေရန်…. ပေါ့ခင်မျာ။

Anonymous said...

လာမယ်ဗျား