Tuesday, April 14, 2009

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်


” ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ် “

ဒီကဗျာဟာ လူထုကဗျာပါ။ လူငယ်ထုကဗျာပါ။ အထူးသဖြင့် ကျနော်တို့လို အိမ်ကိုငေးတဲ့ အိမ်ပြေး (သို့) အိမ်နဲ့ဝေးတဲ့ အိမ်ငေးလူငယ်ထုရဲ့ကဗျာပါ။

ကြယ်ပြာဟာ လူထုထမင်းဆိုင်ပါ။ လူငယ်ထုထမင်းဆိုင်ပါ။ အထူးသဖြင့် ကျနော်တို့လို အိမ်ကိုငေးတဲ့ အိမ်ပြေး (သို့) အိမ်နဲ့ဝေးတဲ့ အိမ်ငေးလူငယ်ထုရဲ့ထမင်းဆိုင်ပါ။

အဲဒီတုန်းက ကျနော်တို့လို လှည်းတန်းနဲ့ မကင်းတဲ့ ရန်ကုန်နေ နယ်သူနယ်သူတွှေရဲ့ အဓိကထမင်းရှင်ဟာ ကြယ်ပြာပါပဲ။ (ဟဲ ဟဲ လက်ရှိကြယ်ပြာအဆောက်အဦးရဲ့ အုတ်တစ်ချပ်ဟာ ကျနော်ပါပဲ။ သဲတစ်ပွင့်ဟာ ကျနော်ပါပဲ။) သင်တန်းတွေနဲ့ မကင်းလို့ လှည်းတန်းနဲ့ မကင်းခဲ့ကြတဲ့ ကျနော့် မိတ်ဆွေတော်တော်များများလည်း ကြယ်ပြာနဲ့ မကင်းခဲ့ကြပါဘူး။ ဒါပေမယ့် ကြယ်ပြာကို ကြယ်ပြာမှန်းမသိကြပါဘူး။ ကျနော်ကတော့ ကြယ်ပြာကို ကြယ်ပြာမှန်းသိလို့ အထူးသဖြင့် ကိုချောရဲ့ ”ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်“ကိုသိလို့ တခုတ်တရ သွားသွားစားခဲ့တာပါ။

ကျနော်ဟာ ကြယ်ပြာမှာ အကြိမ်ပေါင်းများစွာ ထမင်းစားခဲ့သလို ဒီကဗျာလေးကိုလည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရွတ်ခဲ့ပါတယ်။ တစ်ခါတစ်ရံ ဒီကဗျာကိုရွတ်မိလို့၊ ဒီကဗျာကိုရွတ်ချင်လို့ တကူးတက သွားစားခဲ့ပါတယ်။ ကြယ်ပြာလေးမှာ ထမင်းစားတဲ့အခါ၊ ဒီကဗျာကိုရွတ်တဲ့အခါ ဘယ်လိုမှ ချန်လှပ်ထားခဲ့လို့မရတဲ့အရာက “ဝေမှူးသွင်” ပါ။


အခုတော့ ကြယ်ပြာလေးရဲ့အဝေး၊ အိမ်နံ့သင်းတဲ့ ထမင်းစစ်စစ်ရဲ့အဝေးမှာ ဒီကဗျာလေးကို ရွတ်ချင်လာပြန်ပါတယ်။



ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်
.

ဟိုး ခပ်ဝေးဝေး …
ကြီးကောင်ဝင်စ အသံလေးမှာ
ပြန်စရာ အိမ်မရှိရှာဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေ ဝေပုံကလည်း
အဖူးပေါ် အညွန့်တက်
တပ်မက်စရာပါလား အမေ
သံသရာတေးချင်းလေးတွေက စီစီ
ပုရစ်ကလေးလို သားက မြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘ၀ဟာ
မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ်။
.
သားလေ
သူ့ကိုယ်ပိုင်အသီးတွေ
ညွှတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမယ့်
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ်။
.
အမေရယ်
လေတွေထန်နေလေလေ
သားမှာ ကြေကွဲရလေပါပဲ
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေသိပ်ပြီးရွာတာပဲ အမေရယ်။
.
အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့
အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ။
.
ဆုံးရှူံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့ အစိတ်အပိုင်းတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ အမေရဲ့။
.
တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေး တစ်ချောင်းပါဗျာ၊
အမေရယ်
ဟောဒီကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့ အချစ်မှာလေ
ဟောဒီကမ္ဘာကြီး နစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ်။
.
ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလာဘ်ကို
သားရခဲ့ပါတယ်။
.
အမေ မသိဘူးလား
လူတွေရဲ့ အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့ လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါး မုန်းတယ်အမေ။
.
အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာလက်တစ်ပစ်စာရယ်ပါ။
.
သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။
.
သားရဲ့ ‘ဘီး’ ကလေးဟာလေ
ဘယ်လောက်တောင်
ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ။
.
အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ်ခုန်ခုန်ချနေရတဲ့ ဘ၀ခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျနော် ဘယ်လောက်မှားယွင်းမိလို့လဲ။
.
အမေ
အဆုတ်က ကြပ်ခိုးစွဲ မီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထထတောက်တာ မြင်ရ
အမေရယ်
အတွင်းလူမမာတစ်ယောက်ပါ။
.
ဒါပေမယ့်
သစ်သားဘတ်စ်ကားအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီးဆိုတဲ့
လူလည်း ပါတယ်လေ
လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့။
.
ဘယ်လောက်တောင်
ကြောက်မက်ဖွယ်ရာ ပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှ
သမ္မာဒေ၀တွေလက်ထဲ ရောက်မှာတဲ့လဲ
တစ်ယောက်ကို တစ်ယောက်မေးရင်းပေါ့
မျက်စိတမှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုလ်တွေ ချောင်းကောဖြစ်သွား
ဘ၀ကို ဖြစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးလေးမှာ
အချိုရည်ကျန်သေးတယ်
အို …
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ်။
.
ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို အသေခံသောက်ချင်တဲ့
မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်၀၀ တိုက်ရိုက်မြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့
ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖ၀ါးထဲမှာ
ကျစ်ကျစ်ပါအောင် ဆုပ်ထားလို့
တဆတ်ဆတ်တုန်နေတဲ့
သားဘ၀လေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။
.
ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
ဗမာပရဆေးသန့်သန့် သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်မိပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ဂရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ။
.
အမေရယ် …
အမေ့ဆိပ်ကမ်းမကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့
ကျနော် ရိုးသားခဲ့ပါတယ်အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။..........။
.
.
မောင်ချောနွယ်

8 comments:

မသက်ဇင် said...

မောင်ချောနွယ် ရဲ့ ဘဝ ဆန်တဲ့ ကဗျာလေးကို
စောစောစီးစီး လာဖတ်သွားပါတယ်--
E - Journal ကို အခုလို တင်ပေးတဲ့အတွက်--
ကျေးဇူးတင်ပါတယ်--

ကဗျာဦး said...

အခုတော့ ကြယ်ပြာလေးရဲ့အဝေး၊ အိမ်နံ့သင်းတဲ့ ထမင်းစစ်စစ်ရဲ့အဝေးမှာ ဒီကဗျာလေးကို ရွတ်ချင်လာပြန်ပါတယ်။

စာသားက ကဗျာထက်ပိုလန်းတယ်

မသက်ဇင် said...

သင်္ကြန်ရေလို အေးမြပါစေ--
မြန်မာပြည်သူများ--
သာယာဝပြောပါစေ---
ငြိမ်းချမ်းကြပါစေ--

သီဟသစ် said...

လှည်းတန်းက ကြယ်ပြာမှာ
လပေးစားခဲ့တာကို သတိရ သွားပြီဗျာ.

Anonymous said...

ကဗျာဆရာတစ်ယောက်ရဲ့ ဘဝကို စိတ်မှန်း မြင်ယောင်မိရင်း ဒီလမ်းကြောင်းပေါ်ကို ခုံမင်ရဲဝံ့စွာ လျှောက်လှမ်းသွားကြသူတွေကို လေးစားမိတယ်။ ကဗျာဆရာ တစ်ယောက် ထစ်ဆစ်ပုံဖော်လိုက်တဲ့ ကဗျာတစ်ပုဒ်.. အဲဒီကဗျာဟာ ကဗျာဆရာရဲ့ ရင်နှစ်သည်းချာ သားတစ်ယောက်ပမာ ဖြစ်မယ် တွေးမိတယ်။ ဒီသားလေးကို တခြားသူတွေကလည်း ချစ်ခင်ကြင်နာနေကြတာ မြင်ရတဲ့ ကဗျာဆရာရဲ့ ကျေနပ်ပီတိ အကြောင်း တွေးတောရင်း..။ ဗဟုသုတ သိပ်မကြွယ်လှလို့ တချို့နေရာတွေကို သိပ် နားမလည်ဘူး။ မေးခွင့် ရနိုင်မယ်ဆို သေချာပြန်ဖတ်ပြီး ပြန်လာမေးပါမယ်။ ဖော်ပြပေးတာ ကျေးဇူးပါ ခင်ဗျာ။ နှစ်သစ်က စပြီး နောင် လာမယ့် နေ့ရက်တိုင်း အဆင်ပြေချမ်းမြေ့နိုင်ပါစေ။

နှင်းရည် said...

စာတွေလာဖတ်သွားပါတယ်

တားမြစ် ထားသော... said...

ကောင်းတဲ့ ဝေမျှမှုပါ။ ဆရာ မောင်ချောနွယ်ရဲ့ ကဗျာတွေကို သဘောကျတယ်။

ကိုမာရေးရဲ့ တမ်းတသံတွေကလည်း လွမ်းဆွတ်ကြည်နူးဖွယ်ရာပ။

သုခမိန်

Anonymous said...

ရေးထားတာတွေ ရှင်းရှင်းလင်းလင်းနဲ့ ထိထိမိမိ
ပါပဲဗျာ ရိုးရှင်းတဲ့ အရေးအသားကိုတော့ တကယ် သဘောကျပါတယ်။