Thursday, April 23, 2009

နှလုံးလှဖို့ အလှဆုံးသို့ (၄)


လမ်းပေါ်သွားရင်လည်း ကောင်းကောင်းမွန်မွန် ဝတ်ပြီးတော့ မသွားရင် အဲဒါ တွေ့သမျှလူအားလုံးကို စော်ကားတာပဲ။ ဒါဟာ ယုတ်ယင်းမှု၊ ကြမ်းတမ်းမှု၊ ရိုင်းပြမှု၊ စော်ကားမှုတစ်မျိုး ဖြစ်နေတယ်။



ဘုရားဟောဝိနည်းတော်ကို လေ့လာကြည့်ရင် ရဟန်းတွေကို “လက်သည်းခွံလောက်ပေါက်နေတဲ့ သင်္ကန်းကို မဝတ်ရဘူး” တဲ့။ စွန့်ပစ်ရမယ်လို့ ပြောတာမဟုတ်ဘူးနော်၊ ဖာထေးရမယ်လို့ ပြောတာ။ “အနားဖွာတဲ့ သင်္ကန်းကို မဝတ်ရဘူး” တဲ့၊ ဝတ်တာကြာလို့ အနားလေးတွေ ဖွာသွားရင် ပြန်လုံးပြီးဝတ်ရမယ်တဲ့။

(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် - ဆရာတော်ဦးဇောတိက) မှ

အဝတ်အစား ကိုးယိုးကားယား ဝတ်တာဟာ ယုတ်ယင်းမှု၊ ကြမ်းတမ်းမှုသဘောတစ်မျိုးဖြစ်တယ်။ “violence” အကြမ်းဖက်မှုလို့ ဆိုနိုင်တယ်။

လူတစ်ယောက်ဟာ ကြည့်မကောင်းလောက်အောင် ဆံပင်တွေ ကို့ရို့ ကားယား လုပ်လိုက်မယ်။ အဝတ်အစားတွေလည်း ကို့ရို့ ကားယား ကြည့်မကောင်း လောက်အောင် ဝတ်လိုက်မယ်ဆိုပါတော့နော်။ အင်္ကျီတွေမှာအပေါက်တွေနဲ့၊ ဘောင်းဘီတွေမှာလည်း အပေါက်တွေနဲ့ ဆိုပါတော့။ လုံချည်ဆိုလည်း အဲဒီလိုပဲ ကို့ရို့ ကားယား ဝတ်မယ်ဆိုပါတော့။ ပြီးတော့ လမ်းပေါ်မှာ သူလျှောက်သွားနေတယ် ဆိုပါတော့၊ သူ ဘယ်သူ့ကိုမှ ဘာမှ မလုပ်ပေမယ့် သူဟာ လူတွေကို အကြမ်းဖက်မှု(violence) တစ်ခုခု လုပ်လိုက်ပြီလို့ ပြောလို့ရတယ်။ သူ့ကို မြင်ရတဲ့သူတိုင်း စိတ်ချမ်းသာမှာ မဟုတ်ဘူး။ ဒါဟာ ရိုင်းပျမှု စော်ကားမှု တစ်မျိုးလို ဖြစ်နေတယ်။

ကိုယ့်အိမ်ကို လာတဲ့သူဟာ အဝတ်အစားကို ကို့ရို့ ကားယား ဝတ်လာမယ်ဆိုရင် ကိုယ့်ကို မလေးစားဘူးလို့ အဓိပ္ပာယ်ပေါက်တယ်။ အိမ်ရှင်ကို လေးစားရင် ကောင်းကောင်းမွန်မွန် ဝတ်သွားရတယ်။

ဂုဏ်သိက္ခာရှိတဲ့၊ စိတ်ဓာတ်အဆင့်အတန်း ပညာရေးအဆင့်အတန်းမြင့်တဲ့ သူဟာ ကိုယ့်အိမ်ကို ဧည့်သည်လာရင် ဧည့်သည်ကို မတွေ့ခင်မှာ အရင်ဆုံး အင်္ကျီသွားလဲတယ်။ အင်္ကျီအဝတ်အစား ကောင်းကောင်းလဲတယ်။ ဥပမာ ယောင်္ကျားဆိုရင်ပေါ့၊ စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ထွက်တွေ့ရင် အဓိပ္ပာယ်က ဘယ်လိုပေါက်မလဲ။ ဧည့်သည်ကို မလေးစားဘူးလို့ အဲဒီလို အဓိပ္ပာယ်ပေါက်တယ်နော်။ ကိုယ့်အိမ်ကို လာတဲ့ ဧည့်သည်ကို လေးစားရမယ်။ ဧည့်သည်ကိုလေးစားရင် ကောင်းကောင်းမွန်မွန် သန့်သန့်ပြန့်ပြန့် အဝတ်အစားဝတ်ပြီးတော့ ထွက်တွေ့ရမယ်။

(အလှတရားမှအမှန်တရားသို့ - ဆရာတော်ဦးဇောတိက) မှ

6 comments:

တားမြစ် ထားသော... said...

ကိုယ်ရည်ကိုယ်သွေးဆိုတာကို နားလည်တန်ဖိုးထားတတ်ဖို့ တကယ်လိုအပ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးမှမကောင်းရင် ပညာတတ်နေလည်း အဆံမပါတဲ့ အုန်းသီးလိုနေမှာပါပဲ။ ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူကျတော့ ပညာမတတ်တောင်မှ သူ့ဘဝကို အကောင်းဘက်က လမ်းကြောင်းတတ်မယ်။

မြန်မာလူငယ်ထု ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်နိုင်စေသားဗျာ။

သုခမိန်

ကဗျာဦး said...

လာဖတ်တယ်ရှင်
လူငယ်တွေအတွက် တန်ဘိုးရှိပါတယ်

Anonymous said...

I hv read!

Welcome said...

ရောက်ဖြစ်တိုင်း အဖိုးတန် အသိတွေ ရစေတယ်။
ကျေးဇူးပါ။

အဆင်ပြေပျော်ရွှင်ပါစေ
လေးစားလျက်

LMO said...

လေးစားစွာ ဖတ်ရှုမှတ်သားသွားပါတယ်။ တွေ့ကြုံဆက်ဆံ ရသူ အားလုံး အပေါ် လေးစားစွာ ပြုမှုဆက်ဆံတတ်ဖို့ လိုအပ်ပုံလေး နာယူမှတ်သား လိုက်ပါတယ်။ ကျေးဇူးပါ ခင်ဗျာ။ အဆင်ပြေပါစေ။

Anonymous said...

မှတ်သားစရာပါပဲဗျား.. ခုခေတ်အတွက် အလွန်တန်ဖိုးရှိပါပေတယ် ဗျာ။