Sunday, September 14, 2008

၁၉၈၅ခုနှစ်က နှင်းဆီ

“နယူးယောက်ဆိုတဲ့ မြို့ကြီးရဲ့
ဝဝဖီးဖီးကဖီးဆိုင်ကလေးတစ်ဆိုင်မှာ
ဟောဒီစာမျက်နှာကို မင်းဆွဲလှန်မိမယ်ဆိုရင်
ဒီကဗျာဟာ မင်းအတွက်ပဲ ရည်စူးပြီး ရေးလိုက်ပါပေရဲ့
အရောင်ရင့်ရင့် အပွင့်ကားကား နှင်းဆီရေ။”
....................................................

ကျနော် ကဗျာရွတ်ပါရစေ။

ဆရာ အိမ်လွမ်းသူ (မှန်နီကုန်း) ကို အကြောင်းပြုပြီး E-Journal မှာ ပါဝင်မှု စတင်ကတည်းက ကဗျာရွတ်ချင်နေတာပါ။

ကျနော် လက်ရှိ နေထိုင်နေတဲ့ နေရာဟာ မြန်မာစာအုပ်စာတမ်း တော်တော်များများ ရနိုင်တဲ့နေရာပါ။ ရွှေပြည်ကြီးမှာ ရှာလို့ မလွယ်တော့တဲ့ ရှားပါးစာအုပ်စာတမ်းတွေကိုတောင် လွယ်လွယ်ကူကူရနိုင်ပါတယ်။ (ကြောက်ရခြင်းမှ ကင်းရတာလည်း ပါမှာပေါ့ခင်မျာ)။ ဒါပေမယ့် ကဗျာစာအုပ်ကတော့ တော်တော်ရှားပါတယ်။ ရနိုင်ခဲပါတယ်။



ကျနော့်မှာလည်း နှလုံးသားထဲ စွဲနေတာက လွဲလို့ တစ်ပုဒ်၊တစ်အုပ်မှ ပါမလာခဲ့ပါ။ ဆရာမိုးဝေးရဲ့ “မြစ်ဝကျွန်းပေါ်” တစ်ပုဒ်တည်းသာ ကျနော့် ဒိုင်ယာရီထဲမှာ ချရေးထားတာကြောင့် ပါလာခဲ့တာပါ။

ဘလော့တွေလည်တတ်လာပြီး တစ်ခြားဘလော့တွေမှာ သူတို့ ဝေမျှထားတဲ့ ကဗျာကောင်းလေးတွေ ဖတ်ရတဲ့အခါ ရေငတ်နေတုန်း ရေတွင်းထဲကျသူပမာ ခံစားရပါတယ်။ ယခုတလော ဆရာတောကျောင်းဆရာ ရဲ့ “တစ်ခါက တစ်ချို့ တလေ” မှာ ကျနော်ရဲ့ တစ်ခါက တစ်ချို့ တလေတွေကို ပြန်ပြန်တွေ့ရတဲ့ အခါ ကျနော့်ရဲ့ ကဗျာရွတ်ဆို ဝေငှလိုစိတ်ဟာ ထိန်းမနိုင်သိမ်းမရ ရုန်းကြွလာပါတယ်။

ဒါကြောင့် ကျနော် ကဗျာရွတ်ပါမယ်။ (ကဗျာဆိုတာ ဒါပါပဲ လို့ ပြောဆိုလိုရင်းလည်း ဖြစ်ပါတယ်။)

ဟိုး...... ဟိုး...... တုန်းက အင်းလျားကန်ဘောင်ပေါ်မှာ၊ အင်းစိန်လမ်းမကြီးပေါ်မှာ၊ အဓိပတိလမ်းမပေါ်မှာ၊ မိုးရွာထဲမှာ၊ ညလယ်ယံမှာ ကျနော်နဲ့အတူ ကဗျာတွေ ရွတ်ခဲ့တဲ့ “လေလုံဇကာထဲပိတ်မိနေတဲ့ ပေါ့ဆတတ်တဲ့ သစ်ရွက်တစ်ရွက် (သို့မဟုတ်) ဗလာကောင်” ကို ဒီနေရာက အသိအမှတ်ပြုလိုက်ပါကြောင်း………

၁၉၈၅ခုနှစ်က နှင်းဆီ

(၁)
နယူးယောက်ဆိုတဲ့ မြို့ကြီးရဲ့
ဝဝဖီးဖီးကဖီးဆိုင်ကလေးတစ်ဆိုင်မှာ
ဟောဒီစာမျက်နှာကို မင်းဆွဲလှန်မိမယ်ဆိုရင်
ဒီကဗျာဟာ မင်းအတွက်ပဲ ရည်စူးပြီး ရေးလိုက်ပါပေရဲ့
အရောင်ရင့်ရင့် အပွင့်ကားကား နှင်းဆီရေ။

(၂)
ဂန္ဓာလရာဇ်သွေးရောင်လွှမ်းနေတဲ့
မင်းရဲ့ အနီရောင်နှုတ်ခမ်းသားပေါ်မှာ
ငါဟာ အပျင်းပြေလမ်းသလားနေကျ
မင်းရဲ့လျှာ
မင်းရဲ့သွား
အဲဒီအရာနှစ်ခုကြားကနေ
ဖြတ်သန်းတိုက်ခိုက်လာတဲ့လေ
ပူနွေးစွတ်စိုနေပေမယ့်
စပျစ်သီးနံ့လေး သင်းပျံ့ နေတတ်လို့
ငါ ဘယ်လိုမေ့ပစ်နိုင်မှာလဲ။

(၃)
မင်းရဲ့ ရေစိုဆံပင်တွေ ဖြီးသင်ပေးနေခိုက်
ငါရဲ့ တောစီးဖိနပ်ကို ကြိုးတပ်ပေးခဲ့တာ
ဘဝရေစက်လို့ ခေါ်ရမလား
ဒီကပဲ မှားယွင်းခဲ့ပါတယ်။

(၄)
“ဟစ်တလာ”ကို ငါတို့ မချစ်ခဲ့ဘူး
“ရှိတ်စပီးယား“ကို ငါတို့ ချစ်ခဲ့တယ်
“မူဆိုလီနီ”ကို ငါတို့ မချစ်ခဲ့ဘူး
“မိုဒီဂလျာနီ”ကို ငါတို့ ချစ်ခဲ့တယ်
“စတာလင်”ကို ငါတို့ မချစ်ခဲ့ဘူး
“ယက်ဖ်တူရှင်ကာ”ကို ငါတို့ ချစ်ခဲ့တယ်။

(၅)
“ကိုလံဘတ်(စ်)” ရေ
မစ္စတာ“ကိုလံဘတ်(စ်)”ခင်များ
မမြင်နိုင်တဲ့ ကံတရားက
ငါ့ သူမကို “အမေရိက” မှာ ပစ်ချထားခဲ့ပေါ့။

(၆)
“ပုဇွန်တောင် ရေကျော်” မှသည်
“မြောက်အမေရိက” ဆီသို့
ငါ့ ရှင်မတောင်သနပ်ခါးနံ့ကလေး
ဖြတ်ပြေးသွားပါပကော။

(၇)
ကမ္ဘာကြီးကို
မြင်းတစ်ကောင်လို စီးနေတဲ့
ကောင်းဘွိုင်တွေရဲ့ နယ်မြေမှာ
မင်း အယားမပြေနိုင်ဘဲ နေလေမလား။
သွေးဆူလွယ်တဲ့
ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်ကို
ဝီစကီဖန်ခွက်ထဲကပဲ ကြည့်နေမလား။
အမေရိကန်ပြည်ထောင်စုရဲ့
အစိုးရရုံးပိတ်ရက်တွေမှာ
မင်း ဘယ်လိုများနေရှာမလဲ
မသေခင်
ပြန်တွေ့ကြရင်
ဘယ်က ဘယ်လို နှုတ်ဆက်ရမလဲဟင်၊

(၈)
တမာပင်အောက်က
ဗျိုင်းတောင်ဆန်တဲ့ ငါ့ဝိညာဉ်ဟာ
“အပါချီ”ရက်အင်ဒီးယန်းတွေရဲ့ ဇာတိမြေ
မင်းအခြေစိုက်နေထိုင်ရာ အနောက်ဘက်ဒေသဆီ
ချီတက်ခဲ့ပြီပေါ့ “နှင်းဆီ”။…………….။


မိုဃ်းဇော်

3 comments:

မောင်ငယ်ရင်သွေး said...

ဂန္ဓာလရာဇ်သွေးရောင်လွှမ်းနေတဲ့
မင်းရဲ့ အနီရောင်နှုတ်ခမ်းသားပေါ်မှာ
ငါဟာ အပျင်းပြေလမ်းသလားနေကျ
မင်းရဲ့လျှာ
မင်းရဲ့သွား
အဲဒီအရာနှစ်ခုကြားကနေ
ဖြတ်သန်းတိုက်ခိုက်လာတဲ့လေ
…………………………………………
(ကဗျာဆိုတာ ဒါပါပဲ လို့ ပြောဆိုလိုရင်းလည်း ဖြစ်ပါတယ်။)
...................
ဟုတ်ကဲ့ ကျေးဇူးပါ။ ဆရာ့ရင်ထဲက ကဗျာဓာတ်တွေကို လှပ်ကနဲ မြင်လိုက်ပါတယ်။
ဆရာ့ ကဗျာတွေကိုလည်း ရွတ်စေချင်ပါတယ်။

တားမြစ် ထားသော... said...

ကဗျာဆိုတာ ဒါပဲလို့ ပြောချင်တာ။

ကျွန်တော်က ကဗျာဆိုတာ ဘာလည်းလို့ သိချင်နေတာ။ ကဗျာကောင်းတစ်ပုဒ်ပါပဲ။

Anonymous said...

ဆရာ မာရေးသျှင် ရေ ကဗျာတွေ စာတွေ အကုန်လာဖတ်တာပါ ...
ကိုယ့်ကိုယ်ကို အသိနောက်ကျတယ်လို့ပဲ ခံယူမိပါတယ်
ကျွန်တော်က ကန့်ဘလူ မြို့နယ် ချပ်သင်း ကပါ ..
ပြောရရင်တော့ ရွာသားလေးပေါ့ဗျာ .
တစ်နယ်တည်းသားတွေ လာဆုံတွေ့ရလို့ ၀မ်းသာမိပါတယ်ဗျာ :)