Tuesday, September 30, 2008

ညီလေးသို့ပေးစာ(ရက် ၉၀-အဓိဋ္ဌာန် ၊ ငြင်းပယ်ခြင်းရဲ့အလှ) -၂

ညီလေးရေ…..


ကိုကြီးတို့ရဲ့ ရက်(၉၀)အဓိဋ္ဌာန် ငြင်းပယ်ခြင်းရဲ့အလှ မဟာဗျူဟာကို အကောင်အထည် ဖော်ဖို့ရာ နည်းဗျူဟာလေးတွေ ဥပမာ ပေးချင်ပါတယ်။ “ချက်”ဆို နားကွက်ကမီးတောက်ပြီးသား ညီလေးအတွက် အသေးစိတ်ဖွင့်ဆိုရှင်းပြဖို့မလိုတာ ကိုကြီးသိပါတယ်။

“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ - ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်” ဆိုတဲ့ ဗုဒ္ဓရဲ့စကားကို လက်ကိုင်ထားပြီး “ငါသာလျှင် ငါ့ကံ၏အရှင်သခင် (ဆွဲဆောင်မှုနိယာမ) ”ကို မိတ်ဆက်နေသူ ပီပီ အတွေးနည်းဗျူဟာကပဲ စချင်ပါတယ်။


ငြင်းပယ်ရမယ့် အတွေးများ

ညီလေးရဲ့ပန်းတိုင်ကိုလှမ်းကိုင်စေနိုင်တာဟာ ညီလေးရဲ့ အတွေးတွေ ဖြစ်သလို ၊ ညီလေးရဲ့ ပန်းတိုင်က ဝေးကွာစေတာလည်း ညီလေးရဲ့အတွေးတွေပါပဲ။ အဲဒါကြောင့် တားမြစ် ထားသော...အတွေးများကို ဖယ်ရှားပြီး အပြုသဘောဆောင်တဲ့ ပေါကြွယ်ဝခြင်းဆိုင်ရာ အကောင်းမြင်အတွေးတွေကို အစားထိုးရမှာ ကိုကြီးတို့တာဝန်ပါ။ ညီလေးရဲ့ အဇ္ဈတ္တကပဲဖြစ်ဖြစ်၊ ပြင်ပလူတွေဆီကပဲဖြစ်ဖြစ် အနုတ်လက္ခဏာသဘောဆောင်တဲ့ အတွေးအမြင်၊ စကားအမျှင်ဆိုရင် လုံးလုံးသည်းမခံပါနဲ့။ မိုးတွေ ဝေါခနဲရွာတာနဲ့ အခန်းတခါးကို ဒိုင်းခနဲပိတ်ချလိုက်သလိုသာ အဲဒီအတွေးတွေကို ငြင်းပယ်ချလိုက်ပါ။

ငြင်းပယ်ရမယ့် ခြွင်းချက်များ

ကိုကြီးတို့ငယ်ငယ်က သင်ခဲ့ရတဲ့ ပျင်းရိခြင်းခြောက်ပါး ဆိုတာ ခြွင်းချက်များပါပဲ။ အဲဒီလိုခြွင်းချက်တွေဟာ အချိန်၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု နဲ့ အကျိုးအမြတ်တွေကို ကုန်ခမ်းစေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို မညှာမတာတမ်း အရိုးသားဆုံး စစ်ဆေးသုံးသပ်ပြီး ကိုယ် ဘယ်လို ပြုမူဆောင်ရွက်ချင်တယ်ဆိုတာ ခြွင်းချက်မရှိအောင် ပြဋ္ဌာန်းထားရပါမယ်။ လိုက်နာနိုင်ဖို့အတွက်ကတော့ ကျကျနန လေ့ကျင့်ထားတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အပ္ပမာဒတရား မြင့်မားနေဖို့လိုပါတယ်။

ငြင်းပယ်ရမယ့်စကား

တစ်စုံတစ်ယောက်အတွက် တစ်စုံတစ်ရာ အကျိုးဖြစ်စေမယ့်စကား မဟုတ်ရင် မပြောဘဲ ငြင်းပယ်တတ်တဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရမယ်။ လိုအပ်လို့ပြောတဲ့အခါမှာလည်း အဖြေကိုပဲ ပြောပါ။ ပြဿနာအပေါ်မှာ၊ အပြစ်ပုံချနေခြင်းအပေါ်မှာ အချိန်ဖြုန်းမနေမိဖို့ အလွန်အရေးကြီးပါတယ်။ အဲဒီလိုလေ့ကျင့်ခြင်းဖြင့် အချိန်ကုန်အများကြီးသက်သာသလို တကယ့်တကယ် အရေးပါတဲ့ အရေးအရာတွေမှာသုံးရမယ့် စိတ်အင်အားကိုလည်း မလိုအပ်တဲ့နေရာမှာ မဖြုန်းတီးရာ ရောက်ပါတယ်။

ဒီလောက်ဆိုရင် ကျန်တဲ့ နည်းဗျူဟာတွေကို ညီလေးကိုယ်တိုင်ဆက်လက်ရေးဆွဲတတ်ပြီဆိုတာ ကိုကြီး အပြည့်အဝ ယုံကြည်ပါတယ်။ ကိုကြီးတို့ရဲ့ ရက်(၉၀)အဓိဋ္ဌာန်ကို လာမယ့် အောက်တိုဘာ (၃)ရက်၊ သောကြာနေ့မှာ စကြရအောင်။


ဆက်ဖတ်မယ်ဆိုရင် ...

ညည်းချင်း…….


“ညည်းချင်း”

မိုးဆောင်းနွေတို့ လှည့်ပတ်
ရှစ်နှစ်ဆိုတဲ့၊ အခန်းဆက်မှာ
ပညာပြည့်ဝ၊ ဘွဲ့ တွေရလို့ 
မိဘနဲ့ ဝေး၊ တာဝန်ပေးလို့ 
စွမ်းဆောင်ဝန်တာ၊ အလုပ်မှာကား
ပညာနှင့် နည်းနည်းမှမဆိုင်။

သို့ ပေမဲ့လည်း
တာဝန်တွေသိ၊ လုပ်ဆောင်ခဲ့၏။

နားဖို့ ချိန်၊ ဘယ်မရှိ
စားဖို့ ဆန်၊ ၀ယ်ချိန်မရှိ
စိတ်မပျော်တဲ့၊ ဒီဘဝမှာ
မျှော်လင့်တဲ့၊ စိတ်အာရုံ
အလုပ်ဆိုသည်မှာ
ဈာန်ဝင်စားရာသာ ဖြစ်ခြေသည်တကား။

ဖြစ်ချင်တာမဖြစ်၊
ဖြစ်ချင်တာဖြစ်နေတဲ့လောကမှာ
လုပ်သည့်အလုပ်၊ စာရေးသာသာ
ဟိုလူကအော်၊ ဒီလူငေါက်နဲ့ 
ကြိမ်ဖန်များတော့၊ ဘဝရယ်နာ။

အော်… မေမေရယ်
ဟောဒီ့အလုပ်ကိုလေ
မေမေ့သမီးမှာ…..
စိတ်ပျက်ပါ၏။ ထွက်ပြေးချင်မိ။
မယ်(5:30pm,23.9.08)

ဆက်ဖတ်မယ်ဆိုရင် ...

Monday, September 29, 2008

"တစ်ကိုယ်ရေ လွမ်းဆွတ်မှု"

အလွမ်းတွေ
တစ်စက်ပြီးတစ်စက် ကြွေကြ
ခြေချစရာနေရာမရှိ
အလွမ်းတွေ ပြည့်လို့နေပြီ။
နင်းမိတဲ့အလွမ်း
မနွမ်းဘဲ လန်းဆန်း
ရင်ကို ထိအောင်နမ်းခဲ့တယ်။
အလွမ်းရဲ့ ရနံ့
နှလုံးသားနဲ့ ရှူရှိုက်ခွင့်ရပြန်တော့
ရင်မှာ ပိုလွမ်း
တမ်းတလို့ နေမိပြန်တယ်။
အလွမ်းတွေ မဝေဆာခင်
အလွမ်းနဲ့ ဝေးရာကို
ထွက်ပြေချင်ပေမယ့်
အလွမ်းတွေက
ကျနော့်ကို ဝန်းရံနေကြပြီလေ။
မြေမှာလဲ အလွမ်း
လေမှာလဲ အလွမ်း
အနမ်းတွေကို လွမ်းရင်း
အလွမ်တွေနဲ့ ရင်းနှီးလို့လာခဲ့ပြီ။
ပြေးဖို့ ကြိုးစားတဲ့ခြေလှမ်း
အလွမ်းရဲ့ ရစ်ပတ်ခြင်းကိုခံရတော့
ခြေလှမ်းတွေ လှမ်းလို့မရတော့ဘူး။
အလွမ်းတွေ ရစ်ပတ်ခံနေရတဲ့ကျနော်
အသံကုန် အော်ဟစ်ပြီး အကူအညီတောင်းနေပေမဲ့
ဘယ်သူမှ မကြားကြဘူး။
အလွမ်းတွေ ကျနော့်ကို ရစ်ပတ်လိုက်တာ
ခြေဖျားကနေ စလို့
အခုဆို ..
ကျနော့်နှလုံးသားအထက်ဆီရောက်လို့လာခဲ့ပြီ။
ဟူး ....................................
အသက်ရှူရတာလဲ မဝတော့ဘူး။
အလွမ်းတွေနဲ့ မွန်းကြပ်လိုက်တာ.....
ကျနော့်ကို ကယ်ကြပါအုံးလို့
အော် ခေါ်နေပေမယ့်
အသံက မထွက်တော့ဘူး။
နောက်ဆုံး ................
အလွမ်းရဲ့ လက်ချက်နဲ့
ကျနော်တစ်ယောက်
တမလွန်ဘဝကို ရောက်ခဲ့ရပြီလေ။

တောကြောင်။

ဆက်ဖတ်မယ်ဆိုရင် ...

ညီလေးသို့ပေးစာ(ရက် ၉၀-အဓိဋ္ဌာန် ၊ ငြင်းပယ်ခြင်းရဲ့အလှ)

ညီလေးရေ.....
မနက်ဖြန်ဆိုရင် ၂၀၀၈ ခုနှစ်ရဲ့ ချစ်သော စက်တင်ဘာဟာ ဘယ်သောအခါမှ ပြန်မဆုံနိုင်တဲ့ ခရီးကို အပြီးအပိုင် ထွက်ခွာသွားတော့မယ်။ နှစ်တစ်နှစ်မှာ (၁၂)လ ရှိတဲ့အနက် (၉)လတာ ကုန်ဆုံးကာ (၃)လသာ ကျန်တော့မယ်။ ပြက္ခဒိန်တစ်ခုရဲ့ လေးပုံပုံသုံးပုံဟာ ကုန်ဆုံးသွားတဲ့အတွက်ကြောင့် လေးပုံတစ်ပုံသာ ကျန်တော့တယ် ဆိုပါစို့။ ဒါဟာ ဒီကမ္ဘာပေါ်က လူသားအားလုံးအတွက် တူညီတဲ့ အမှန်တရားပါ။တန်းတူရည်တူ အခွင့်အရေးပါ။

အဲဒီတော့ မြန်မာပီပီ ရက်(၉၀)အဓိဋ္ဌာန် တင်ပြီး အဲဒီအခွင့်အရေးကို အသုံးချကြရအောင် ညီလေးရေ။ အတိအကျ ဆိုရင်တော့ အောက်တိုဘာ (၃)ရက်၊ သောကြာနေ့က စကြတာပေါ့။ အဲဒီနေ့က စရေတွက်ရင် ၂၀၀၈ အကုန် ဒီဇင်ဘာ(၃၁)ရက်အထိ ရက်(၉၀)ကွက်တိပဲ။ ဒီ ရက်ပေါင်း (၉၀)ဟာ အခု အသုံးချရင်ချ၊ မဟုတ်ရင် ဘယ်တော့မှ ပြန်မရမယ့် အခွင့်အရေးပါ။

ကဲ နှစ်အစမှာ ကိုကြီးတို့ချခဲ့တဲ့ ရည်မှန်းချက်တွေ၊ရာထားချက်တွေ ဘယ်လောက် အောင်မြင်ခဲ့ပြီးပြီလဲ၊ ဘယ်လောက်ပြည့်မီခဲ့ပြီးပြီလဲ။ ဘာပဲဖြစ်ဖြစ်
“ပြီးခဲ့တာတေ၊ွ ပြီးပါစေတော့
ပေါ့ပေါ့ပါးပါး၊ စိတ်ထားတည်ကြည်
နောင်ဖြစ်မည်ကို၊ မတွေးလိုနှင့်…..
ယနေ့လုပ်ရန်၊ စိတ်အားသန်လျက်
ကြောင်းကျိုးဆက်က၊ သင့်တွက်နက်ဖြန်
ဧကန်လှပ၊ ပြည့်စုံရလိမ့်” ဆိုတဲ့ “အမေရဲ့ အမှာ” နဲ့အညီ အခုကျန်တဲ့ ရက်(၉၀)ဟာ ကိုကြီးတို့ဘဝရဲ့ အကောင်းဆုံး သုံးလပတ်ဖြစ်စေရမှာ ကိုကြီးတို့ရဲ့တာဝန်ပါ။ အဲဒီအခါ မဟာဗျူဟာလိုတယ်။ နည်းဗျူဟာ လိုတယ်။




ငြင်းပယ်ခြင်းရဲ့ အလှ


ပထမဦးဆုံးသော မဟာဗျူဟာကတော့ ---- အဲဒီတော့ ဒီရက်ပေါင်း (၉၀)လုံးလုံး “ဘူး”တစ်လုံးဆောင်ကြမယ်။ ငြင်းပယ်ခြင်းရဲ့ အလှကို ထွန်းလင်းပြကြမယ်။

ရည်ရွယ်ချက်ကြီးမားတဲ့ သူဆိုတာ စိတ်ဓာတ်အင်အားကြီးမားရတယ်။ အကြီးမားဆုံးစိတ်ဓာတ်အင်အားက “ခန္တီ”ဆိုတဲ့ တရားပဲ။ သူတစ်ပါးတွေကို သည်းခံဖို့ ဆိုတာကိုက ခက်လှပြီ။ ကိုယ်ကိုယ့်ကို သည်းခံဖို့ဆိုတာက ပါရမီရှိမှဖြစ်မယ်။ ပါရမီဆိုတာ ဖြည့်ကျင့်ယူရင်ရပါတယ်။ …..
ကိုကြီး ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ “လေရူးသည် စာမတတ်ပါ”ထဲက စကားလေးတွေကို ကိုကြီးမှတ်မိသလို ပြန်ကိုးကားလိုက်တာပါ။ စာသားတွေကတော့ အတိအကျမဟုတ်ဘူးပေါ့။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က ဖတ်ဖူးတာဆိုတော့ သေချာ မမှတ်မိတော့ဘူး။ (အဲသည်စာအုပ်ကလေး ညီလေး ဖတ်ပြီးသားဖြစ်မှာပါ။ မဖတ်ရသေးရင် ဖတ်ကြည့်ပါလား။)

ကိုကြီးတို့ ရက်ပေါင်း (၉၀)လုံးလုံး ငြင်းပယ်ကြမယ်။

ငြင်းပယ်ခြင်း၊ ငြင်းဆိုခြင်း၊ ဟင့်အင်း ဆိုတာ ကိုကြီးတို့ ကြွယ်ဝသမျှ ဝေါဟာရတွေထဲမှာ စွမ်အားအကြီးမားဆုံး စကားလုံးဆိုရင် မမှားပါဘူးကွာ။ ကိုကြီးတို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေ ခါးဝတ်ပုဆိုးပမာ မြဲကြပါတယ်ဆိုတဲ့ ငါးပါးသောသီလတွေဟာ ငြင်းပယ်ခြင်းတွေချည်းပါပဲ။ ငြင်းပယ်ခြင်းဟာ အကန့်အသတ်တစ်ခုကို ချမှတ်ဖို့၊ နယ်နိမိတ်တွေကို ခိုင်မာစေဖို့၊ ညီလေးလုပ်မယ့်အရာတွေနဲ့ မလုပ်မယ့်အရာတွေကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့အတွက် အလွယ်ကူဆုံး စကားလုံးဖြစ်ပါတယ်။ ငြင်းပယ်ခြင်း (ဟင့်အင်း-ဆိုတာ) ညစ်နွမ်းတဲ့စကားလုံး၊ အနုတ်လက္ခဏာသဘောဆောင်တဲ့စကားလုံး မဟုတ်သလို၊ အတ္တဆန်တဲ့ စကားလုံးလည်း မဟုတ်ပါဘူး။ အတ္တ၊ ပရ နှစ်ဖြာအတွက် သန့်စင်သောစွမ်းအားရဲ့ စကားလုံးသာဖြစ်ပါတယ်။

ဘယ်အရာတွေကို၊ ဘယ်နေရာမှာ၊ ဘယ်လိုငြင်းပယ်ရမယ်ဆိုတဲ့ အနုပညာကို ညီလေး ကျွမ်းကျွမ်းကျင်ကျင် အောင်အောင်မြင်မြင်ရှိဖို့ဟာ အလွန်အရေးပါပါတယ်။ ငြင်းပယ်တတ်အောင် သင်ယူလေ့လာခြင်းဖြင့် ညီလေးရဲ့ အဓိကဦးစားပေးတွေမှာ အာရုံစူးစိုက်နိုင်လာကာ ညီလေးရဲအချိန်တွေဟာ ပိုမိုလွတ်မြောက်လာမှာပါ။ အချိန်ဆိုတာ အသက်၊ အချိန်ဆိုတာ ဘဝ။ ဒီတော့ ညီလေးရဲ့ ဘဝဟာ ပိုမိုလွတ်မြောက်လာမှာ၊ ညီလေးရဲ့ အချိန်၊ ညီလေးရဲ့ ဘဝဟာ ညီလေးရဲ့ လက်ထဲကို အပြည့်အဝ ရောက်လာမှာ အသေအချာပါ။ ဟင့်အင်း လို့ ပြောတတ်ခြင်းဖြင့် ညီလေးရဲ့ ပန်းတိုင်ကို လှမ်းကိုင်ဖို့ အချိန်တွေ၊ အင်အားတွေ ပိုလို့ရလာစေမှာပါ။ ညီလေးရဲ့ နေ့စဉ်ဘဝ၊ ပြုမူဆောင်ရွက်ချက်တွေမှာ ပိုမိုလွှမ်းမိုးချယ်လှယ်ချုပ်ကိုင်နိုင်လာတာဟာ ငြင်းပယ်ခြင်းရဲ့ အလှတစ်ပါးပါ။ ငြင်းပယ်ခြင်းအားဖြင့် လက်ခံခြင်းရဲ့ တန်ဖိုးကို ပိုမိုမြင့်မားစေပါတယ်။ ဟင့်အင်း-လို့ ညီလေးငြင်းပယ်လိုက်ခြင်းဟာ ညီလေးကိုယ်တိုင်ချမှတ်လိုက်တဲ့ မဟာဗျူဟာအမြောက်ဆုံးသော ဆုံးဖြတ်ချက်ပါပဲ။

အဲဒီတော့ ကိုကြီးတို့ရဲ့ ရက်(၉၀)အဓိဋ္ဌာန်ကို လာမယ့် အောက်တိုဘာ (၃)ရက်၊ သောကြာနေ့မှာ စကြရအောင်။

ဆက်ဖတ်မယ်ဆိုရင် ...

Just Psychological Test for fun.



သင်အိမ်ထောင်ကျမကျ ဒီအခြေအနေနဲ့ စမ်းသပ်ရအောင်

ကျွန်တော်တို့ အခြေအနေတစ်ရပ်ကို ဖန်တီးကြမယ်။ ခြောက်သွေ့နေတဲ့ တောတန်းတစ်ခုကို ဖြတ်သန်းအသွား အန္တရာယ်တစ်ခုနဲ့ တွေ့တယ်ပေါ့။ အသက်လုပြီး ပြေးနေရတယ်။ မောပန်းနွမ်းနယ်နေပြီ။ အဲဒီအချိန်မှာ ကမ်းပါးတစ်ခုကို ကျော်ဖြတ်ရတယ်။ ခင်ဗျား အရမ်းပင်ပန်းနေပြီ။ ဒါပေမဲ့ အသက်ဘေးနဲ့ ကြုံတွေ့နေရလို့ ကမ်းပါးရံကို ကျော်ဖြတ်ကို ဖြတ်ရတော့မယ်။ အားတင်းလို့ ကျော်ဖြတ်နေတုန်းမှာ ခင်ဗျားရေအရမ်းဆာလာတယ်။ နည်းနည်းလောက် ဆက်ကြိုးစားလိုက်ရင်လည်း ကမ်းပါးကို ကျော်ဖြတ်လို့ အန္တရာယ်ကနေ လွန်တော့မယ်။ ရေကလည်း အရမ်းဆာနေပြီ။ ဆိုးသွားတာတစ်ခုက ခင်ဗျားရေသောက်ချင်တယ်ဆိုရင် ကမ်းပါးရံအောက်ခြေကို ဆင်းသောက်ရမယ်။ ရေကလည်း ရနိုင်တာ ဒီတစ်နေရာပဲ။ ကမ်းပါးရံရဲ့ဟိုတစ်ဖက်မှာက ရေအတွက်မသေချာဘူး။ အောက်ခြေမှာ အန္တရယ်နဲ့ရေ ရှိနေလေရဲ့။ ခင်ဗျားဘာ လုပ်မလည်း။ စိတ်မှာ ပုံဖော်ခံစားကြည့်ပြီး အဖြေတစ်ခု စဉ်းစားထားလိုက်ပါ။ ခင်ဗျား ကမ်းပါးရံကိုပဲ ကျော်ဖြတ်တော့မှာလား၊ ရေဆင်းသောက်မလား။
ပြီးမှ ဆက်ဖတ်ရန်ကို နိပ်နော်။



ခင်ဗျားက ကမ်းပါးရံကိုပဲ ကျော်ဖြတ်လို့ သွားတော့မယ်ဆိုရင် အိမ်ထောင်ကျဖို့အတွက် သိပ်မသေချာသူပါတဲ့။ သူတို့ပြောတာကတော့ အကျပ်အတည်းတစ်ခုကို ဖောက်ထွက်ရာမှာ ကိုယ့်အသက်ကိုကိုယ် ရွေးချယ်လို့တဲ့။
ခင်ဗျားက ရေဆင်းသောက်အုံးမယ် ဆိုရင်တော့ အိမ်ထောင်ကျဖို့ ရာနှုန်းများသူပါတဲ့။ အကျပ်အတည်းတစ်ခုမှာတောင် အသက်ကိုပဓာဏမထားပဲ အန္တရာယ်ရှိရာကို ပြန်သွားလို့တဲ့။

ဟုတ်မဟုတ်တော့ အရမ်းမတွေးကြပါနဲ့။ စိတ်ပိုင်းဆိုင်ရာ အပျော်မေးခွန်းလေးတစ်ခုပါ။ ကျွန်တော့်ကိုလည်း သူငယ်ချင်းတစ်ယောက်က မေးလို့မှတ်မိနေတာလေးပါ။ ဒီမေးခွန်းလေးကို သိပြီးသားဆိုရင်တော့လည်း ပြုံးသွားလိုက်ယုံပေါ့နော။ ဒါနဲ့ စကားမစပ် ကျွန်တော်ကတော့ ရေဆင်းသောက်သေးတယ်ဗျ။ ဟီး…ဟီး..။ အခုထိကတော့ ရည်းစားမရှိ လူပျိုပါခင်ဗျာ။း)

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, September 28, 2008

မင်းနဲ့ငါ တစ်ညတာ


အစားကောင်းစားရတဲ့အခါ ချစ်သောသူကို သတိရတယ် - တဲ့။
ကိုယ့်အတွက် သာမြင်ညောင်ညဟာ တစ်ချို့ အတွက် ရာထောင်မက ဖြစ်နေတတ်ပါတယ်။ အခု ကျနော့်ရဲ့ ရာထောင်မကတွေကို ခင်များတို့အား ဝေမျှလိုပါတယ်။ တကယ်တော့ ဒါဟာ တာဝန်တစ်ရပ်ကို ထမ်းရွက်ခြင်းလည်း ဖြစ်ပါတယ်……



မင်းနဲ့ငါ တစ်ညတာ

မင်းလည်း ပြောစရာရှိတာ မပြောနဲ့တော့။ ငါလည်း ပြောစရာရှိတာတွေ မပြောတော့ဘူး။ မင်းကြီးပြင်းခဲ့တဲ့မြို့၊ မင်းငယ်ဘဝ၊ ငါကြီးပြင်းခဲ့ရာမြို့၊ ငါ့ငယ်ဘဝ။ ငါတို့ရဲ့အမှတ်ရစရာတွေ။ ငါတို့ရဲ့ခံစားမှုတွေ။ ငါတို့သီခဲ့ကြတဲ့တေးတွေ ရင်ထဲမှာပဲ သိမ်းထားလိုက်ကြစို့။ လူဆိုတာ ပျော်ရွှင်စရာတွေ့ရင် ပြုံးရယ်မှာပဲ၊ ဝမ်းနည်းစရာတွေ့ရင် ငိုမိမှာပဲ။ အကျပ်အတည်းတွေ့ရင် ရုန်းကန်မှာပဲ။ ငါတို့မမြင်နိုင်သေးတဲ့ တရားဓမ္မတွေ၊ ငါတို့မသိသေးတဲ့ သံဝေဂတွေ သူ့အတိုင်းပဲရှိနေပါစေကွာ။ ဘယ်အရာကို ပိုကောင်းအောင် လုပ်နိုင်မလဲ။ ဒါကို ငါစဉ်းစားမိသလို ဘယ်အရာကို ပိုဆိုးမသွားအောင် လုပ်ထားနိုင်မလဲ။ မင်းလည်း စဉ်းစားမိမှာပါကွာ။ တို့ ဒီနေ့အဖို့ ပေါင်မုန့်ကလေးတစ်လုံး ကောင်းကောင်းဖုတ်မယ်။ သလဲပင်ကလေးကို ရေလောင်းမယ်။ အဝေးကရောက်လာမယ့် စာပို့သမားကို စောင့်မျှော်မယ်။ မင်းလည်း ပြောစရာရှိတာတွေ မပြောနဲ့တော့၊ ငါလည်း ပြောစရာရှိတာတွေ မပြောတော့ဘူး။ အတွေ့အကြုံဖြတ်သန်းမှု မတူပေမယ့် ခံစားချက်တွေဟာ ဒီအတိုင်းပဲ။ ကမ္ဘာကြီးဟာလည်း တစ်ခုတည်း။ မနက်လင်းရင် အရှေ့ အရပ်က ထွက်ပေါ်လာမယ့် နေမင်းကြီးကို ငါတို့ စောစောထကြည့်မယ်။ ငါတို့ငြင်းခုန်ဖို့ မလိုတော့ဘူး။ ငါတို့ဆွေးနွေးဖို့ မလိုတော့ဘူး။ စက်သီးကြိုးနဲ့ ကျောက်တုန်းရေတွင်းထဲကရေကို ငါငင်မယ်။ မင်းက သလဲပင်ကလေးကို လောင်းပါ။ တကယ်တော့ ပေါင်မုန့် တစ်လုံးထက် ပေါင်မုန့်နှစ်လုံးက ပိုကောင်းတာပေါ့ကွာ။ ဒါပေမယ့် ပေါင်မုန့်တစ်လုံးပဲ မင်းဖုတ်ခဲ့လည်း ငါကျေနပ်ပြီ။ မီးဖိုထဲက မီးတွေ ငြိမ်းသွားလို့ အအေးဓာတ် စတင် ဖြစ်ပေါ်လာခဲ့ရင် မင်းငါ့အနားကိုတိုးပါ။ မင်းကို ငါပွေ့ဖက်ထားမယ်။ နွေးအောင်ပေါ့။ ဒီထက်မပိုဘူး။ တကယ်လို့ မင်းနားထောင်ချင်ခဲ့ရင် ငါအလေးအနက် ပြောခဲ့တဲ့စကားကို ဘေးဖယ်ထားပြီး မင်းကို အကြောင်းအရာတစ်ခု ပြောပြမယ်။ ဟိုး ငါငယ်ငယ်တုန်းက ကြောင်ကလေးကို လက်သဲညှပ်ပေးခဲ့တဲ့ အကြောင်းလေ။ မင်းလည်း ခုထိ အမှတ်ရနေတဲ့ ငယ်ငယ်က မိုက်မဲမှုတစ်ခုခုကို ပြောပြပါ။ ငါနားထောင်ချင်လို့။

နေမျိုး
(ချင်းတွင်းမဂ္ဂဇင်း၊အမှတ် -၉ ၊ စက်တင်ဘာလ၊ ၂၀၀၆)

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, September 27, 2008

Walking, talking.


လမ်းလျှောက်သော လျှောက်လှမ်းခြင်း

“ကျွန်တော်နှင့် မိန်းမချောလေးများ”

ကျွန်တော်တို့ မြန်မာမှာ ဆိုရိုးလေးတစ်ခု ရှိသတဲ့။ “မိန်းကလေးတို့အိနြေ္ဒ ရွှေပေးလို့မရ”ဆိုပဲ။ ကျွန်တော်က ချစ်စဖွယ် စကားကိုသာ ဆိုချင်ပါတယ်။ တစ်ခါတလေတော့လည်း မဖြစ်ညစ်ကျယ် တွေးချင်မိတယ်။ အတွေးဆိုတာ ကိုယ်ပိုင်ဆိုပေမဲ့ ကျွန်တော်ကတော့ မျှဝေချင်တာ ဆန္ဒပါပဲ။ ဒါမှလည်း အတွေးတို့ပေါင်းစပ်ရင်း ဘဝအတွက် လျှောက်လှမ်းရာမှာ အဆင်ပြေမယ်ထင်တယ်လေ။

လူထုဒေါ်အမာရဲ့ စာသားတစ်ခုကို ကျွန်တော် စိတ်မှာမှတ်မိနေသေးတယ်။ အခုခေတ် မိန်းကလေးတွေများ အမေတို့ခေတ်နဲ့ ကွာလိုက်တာတဲ့။ ဆက်ပြောသွားတာတွေက အများကြီးပါ။ အများကြီးထဲမှာ ဆရာမကြီးပြောသွားတာက မိန်းကလေးတွေ ထမိန်ဝတ်တာနဲ့ ပက်သက်ပြီးပေါ့။ အမေတို့ခေတ်က လူမမြင်ကွယ်ရာကိုသွား၊ ထမိန်ကိုလည်း အကုန်မဖြန့်ရဘူး၊ လိုသလောက်လေးဖြန့်ပြီး ခပ်တင်းတင်းပြန်စည်းရတာတဲ့။



တနေ့က ကွန်ပျူတာစာစီစာရိုက်လုပ်တဲ့ ဆိုင်တစ်ခုနားကနေ ကျွန်တော်ဖြတ်သွားတယ်။ လမ်းလျှောက်ရင် ဘေးတစ်ဖက်ကိုကပ်၊ ကိုယ့်ဘာသာတွေးချင်ရာ တွေးနေတတ်တဲ့ ကျွန်တော့်မှာ အတော်အနေရခက်သွားပါတယ်။ တံခါးပွင့်လာတာကိုလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီဆိုင်လေးနားကို ကပ်လျှောက်နေတာကိုး။ သမီးပျိုလေးတစ်ယောက် ထွက်လာတာပါ။ ကျွန်တော်က အပေါက်နားကိုအရောက်၊ သူက ထွက်အလာ။ အဲဒီလို။

ဒါပေမဲ့ အတွေ့ကတော့ မငြိမ်းချမ်းပါဘူး။ လူအရင်ထွက်မလာဘူး။ လက်တစ်ဖက်နဲ့ ဖြန့်ထားတဲ့ ထမိန်စ အရင်ထွက်လာတယ်။ ပြီးတော့ ကျွန်တော်မရှောင်ရင် တိုက်မိမဲ့ပုံနဲ့ အပြင်ကို ထမိန်ဝတ်ရင်း ထွက်လာတာပါ။ ကျွန်တော်မှားတယ် ယူဆလို့ အမြန်ပဲ ရှောင်ပေးလိုက်ပါတယ်။ ခက်တာက သူကဒီအဖြစ်အပျက်အပေါ်မှာ ဟာသလို့ တွေးတယ်ထင်တယ်။ နောက်ကကပ်ပါလာတဲ့ သူ့သူငယ်ချင်းနဲ့ ပြောရယ်နေကြလေရဲ့။ ကျွန်တော်ကြုံမိ အဖြစ်ရှိသွားတယ်ထင်ပ။

တစ်ခါသောရက်က လ္ဘက်ရည်ဆိုင်ထိုင်ပါတယ်။ ဆိုင်က ခုံပုလေးတွေနဲ့ ခင်းကျင်းတဲ့ဆိုင်ပါ။ သူရတဲ့နေရာမှာ အဆင်ပြေအောင် ခင်းရတယ်ဆိုတော့ ဝိုင်းတွေက မနီးလွန်း မဝေးလွန်းတွေပေါ့။ မကြာပါဘူး ခေတ်ရဲ့ သမီးပျိုလေးနှစ်ယောက် ဆိုင်ထဲကိုဝင်လာတယ်။ မှာစရာရှိတာမှာရင်းနဲ့ သူတို့တွေလည်း ထိုင်ကြတယ်ပေါ့။ သူ့နေရာနဲ့သူထိုင်ရင်း စကားပြောနေတာ၊ ဘယ်သူကိုမှ အနှောင့်အယှက်မဖြစ်ဘူးဆိုပေမဲ့ ကျွန်တော်ကတော့ အနှောင့်အယှက်ဖြစ်ပါတယ်။

ဒီကနေ့ခေတ်စားနေတဲ့ စတိုင်တစ်ခုဖြစ်တဲ့ ဂျင်းဘောင်းဘီကို အောက်နားခပ်ကျကျဝတ်တာဟာ (ချက်ပြုတ်လို့လည်းခေါ်ကြတယ်ထင်ပ) ပေါ့ပါးတဲ့ စတိုင်တစ်ခုလို့မြင်တယ်။ ကျွန်တော်က လက်ခံပါတယ်။ ဒါပေမဲ့ ခက်တာက ဂျင်းကအနက်ရောင်ဆိုရင် အတွင်းခံကိုလည်း အနက်ရောင်ဝတ်ပေါ့။ ဥပမာ ဂျင်းကအနက်ဆိုရင် ကျန်တာကို အနီရောင်ဝတ်လာတယ်။ ထင်ရှားစေချင်လို့တော့ မဟုတ်တန်ရာဘူး။ မြင်ရသူအတွက် မြန်မာ့အသိုင်းအဝိုင်းမှာ အနည်းအကျဉ်း စိတ်ရှုပ်စေပါတယ်။

အဲ၊ စောစောက သမီးပျိုနှစ်ယောက်ကတော့ ထိုင်ပြီးကတည်းက ဝတ်လာတဲ့အဝတ်အစားအရ ဘယ်လိုမှမလုံနိုင်တဲ့ သူတို့ခါးကို ဖုံးဖို့ကြိုးစားကြတယ်။ ကြိုးစားပါ၊ ကောင်းပါ၏။ မကောင်းတာက ခါးကို အင်္ကျီနဲ့ဖုံးလိုက် နောက်ဝိုင်းကလူတွေကို မသာမာသူလိုကြည့်လိုက်။ ခဏနေဆွဲချပြီးဖုံးလိုက် မသာမာသူလို ကြည့်လိုက်နဲ့။ အတော်စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ ကျွန်တော်ကြုံမိ အပြစ်ရှိသွားတယ်ထင်ပ။

ကျွန်တော်ကြုံမိလို့ အပြစ်ရှိသလိုဖြစ်သွားတာတွေ ပြန်ပြောပြနေရင် ကုန်နိုင်မယ်မထင်ပါဘူး။ ကျွန်တော်ကတော့ ပွင့်လင်းမှု၊ ခေတ်ရေစီးတွင်လိုက်လျောညီထွေရှိမှုတွေကို အရမ်းသဘောကျသူပါ။ ဒါပေမဲ့ လူဆိုတာ စည်းရှိရပါမယ်။

လူစုံရာမှာ စားပွဲတစ်လုံးနဲ့ ထိုင်လုပ်ရမဲ့အလုပ်မျိုးမှာ ရင်ဘတ်ဟိုက်လွန်းတာကို ဝတ်မလာပါနဲ့။ ဝတ်လာမိရင်လည်း နောင်တရပါ။ ကြည့်သောသူမြင်၏ ဆိုတာထက် တစ်ခါတစ်လေမှာ မြင်သောသူ အပြစ်ရှိ၏လို့ ဖြစ်အောင်တော့ မလုပ်စေချင်ပါဘူး။ အိနြေ္ဒဆိုတာက ရင်ဖုံးလေးဝတ်၊ ထမိန်ရှည်ရှည်လေးနဲ့ ဆံပင်ကို နောက်လေးသိမ်းပြီး ဆင်မရင်သာလှမ်းနေတာကို ပြောတာမဟုတ်တန်ရာဘူး။ ကိုယ့်ခေတ်၊ ကိုယ့်စတိုင်နဲ့ အနေတတ်ဖို့ကို ပြောတာပါ။ ပွင့်လင်းတယ်ဆိုတာကလည်း ရဲတင်းတာဟုတ်ဟန် မတူဘူး။ ရဲတင်းလွန်းစွာနှင့် အနေမတတ်ရင်သာ မိန်းကလေးတွေအတွက် အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်တာပါ။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ယဉ်ကျေးမှုများ ပေါင်းစည်းခြင်းဆိုတာထက် ရောယှက်ခြင်းမျှသာပါ။ မကောင်းတာပယ်၊ ကောင်းတာကို သယ်ရမှာ။ ကိုရီးယားမလေးတွေ ဆံပင်ဖြောင့်နဲ့လှနေပေမဲ့ မြန်မာမလေးတွေက တခြားစတိုင်နဲ့မှ လှချင်လှနေမှာ။ သူတို့ကျင်လည်ရာပတ်ဝန်းကျင်နဲ့ ကိုယ်ကျင်လည်ရာပတ်ဝန်းကျင် မတူကွဲပြားမှုကြားမှာ မျှယူရမှာပါ။ ဒါဟာ နတ်ဒိုးကို ခေတ်သံစဉ်နဲ့ တွဲဖက်သလိုလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ အလိုမတူ ကွဲပြားလို့ရပါတယ်။ ကိုယ့်ကြောင့်သာ ပတ်ဝန်းကျင်မှာ အနှောင့်အယှက်မဖြစ်စေပါနဲ့။ ယဉ်ကျေးမှုဆိုတာကလည်း စီးဆင်းခြင်းတစ်မျိုးပါပဲ။ တားဆီးလို့ မရနိုင်ကောင်းပါဘူး။ ဒါပေမဲ့ လူမှုရေး နှုန်းသတ်မှတ်ချက်တွေကိုတော့ ဖောက်ဖျက်လို့ မရနိုင်ပါဘူး။ တဖြည်းဖြည်းခြင်းပဲ သူ့အလိုလိုပြုပြင်သွားတတ်တာမျိုးပါ။

အပြောင်းအလဲတစ်ခုကို ဦးဆောင်သူတွေဟာ ပေးဆပ်ရတတ်ပါတယ်။ ခေတ်ကာလ အမျိုးသမီးများကလည်း ဒါဟာငါတို့ အပြောင်းအလဲတစ်ခုကို ဦးတည်နေတာလို့ လက်ခံယုံကြည်ရဲရင် တစ်ချို့ကိုတော့ ပေးဆပ်ရမှာပါ။ ခေတ်ရှေ့ပြေးတဲ့နိုင်ငံတွေမှာ ခါးလေးရင်လေး လစ်ဟာတာလောက်နဲ့ မိန်းကလေးတွေကို ဘယ်ပုရိသမှ အရေးတယူမကြည့်ပါ။ သူတို့အတွက် မထူးဆန်းတော့လို့ပါ။ ဟုတ်ကဲ့ ကျွန်တော်တို့ မိန်းမချောလေးတွေလည်း မထူးဆန်းဘူးဆိုတဲ့ ခံစားချက်ကို အမောင်ပုရိသတို့ ခံစားရအောင် တစ်ချို့တော့ ပေးဆပ်ရမယ်ထင်တယ်။ မပေးဆပ်ချင်ရင်တော့ ပတ်ဝန်းကျင်အနေမခက်ရအောင် မပြောင်းလဲပါနဲ့လား။ ဒီလိုတော့လည်း မဟုတ်သေးဘူးထင်တယ်။ ပြောင်းလဲရင်လည်း ပတ်ဝန်းကျင်အနေရမခက်အောင် အနေတတ်ကြပါစေသား။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, September 25, 2008

နှင်းရည်စက်လက်

ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်
စကြာဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ
ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့
ကဗျာကို
သြော် ………. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့်။

(မောင်သိန်းဇော်)

ကျနော် ကဗျာရွတ်ပါရစေ။
ဒီတစ်ခါတော့ ဗုံသံတွေထဲ ကျွံကျနေတဲ့ ကဗျာအလှ ကို ရွတ်ပါရစေ။
ဒါဟာ ကျနော် ကဗျာမရေးဖြစ်ခြင်း အကြောင်းရင်းကို ဖွင့်ဆိုခြင်းလည်း ဖြစ်ပါတယ်။

ကျနော်ကဗျာရွတ်ပါတော့မယ်။

ကျေးဇူးပြုပြီး …..
ခန္ဓာကိုယ် အနေအထားကို မတ်မတ်ကလေးထားလိုက်ပါ။
တစ်ကိုယ်လုံးက အကြောတွေလျော့နေပါစေ။
မျက်လွှာကလေးတွေကိုသိမ်းလိုက်ပါ။
အသက်ဝဝရှုသွင်းပါ။
(၁) ကနေ (၁၀) ထိ ရေတွက်ပါ။
ပြီးမှ ဖြည်းဖြည်းချင်း ပြန်ရှုထုတ်ပါ။
……………………………………………
အဲသလို (၅) ကြိမ်၊ (၅) ခါ လုပ်ပါ။

ကဲ ကျနော်ကဗျာ ရွတ်ပါတော့မယ်။



နှင်းရည်စက်လက်

မေမေ့ဆီမှာ
စိတ်ရဲ့အသုံးစရိတ်အနေနဲ့
စာရင်းပြပြီး
ခရီးစဉ်လေးတစ်ခုကိုကိုတောင်းယူခဲ့၊

တောင်ကုန်းလေးပေါ်မှာတည်ရှိနေတဲ့
မြို့ကလေးလို့ပြောမယ့်အစား
တောင်ကုန်းလေးပေါ်မှာဖူးပွင့်နေတဲ့
မြို့ကလေးလို့ပြောကြရအောင်ပါ။

နေလုံးနီနီရေ
ကိုယ် အထူးကျေးဇူးတင်ပါတယ် ၊
ပန်းတွေဝတ်ထားတဲ့
နှင်းကို မင်းချွတ်ချလိုက်တဲ့အခါ
သဘာဝရဲ့ကိုယ်ထည်လှလှကို
အထင်းသား ကိုယ်မြင်ခွင့်ရတယ် ။
ဒီနေရာလေးဟာ တကယ်တော့
ကဗျာရေးဖို့ မကောင်းပါဘူး ၊
ဘာမှမရေးဘဲ
မွှေးရနံ့တွေကို ငေးကြည့်နေဖို့ကောင်းပါတယ် ။

ကဲ ကိုယ့်ရာဇဝင်အတွက်တော့
101ဆိုတဲ့ အိပ်ခန်းလေး မပါလည်းဖြစ်တယ်
ဥရောပတိုက်ကြီး မပါလည်းဖြစ်တယ်
ပန်းပွင့်နဲ့နေရောင်ခြည်တွေ မပါလည်းဖြစ်တယ်
မြို့ကလေးရေ မင်းကတော့ မပါလို့
မဖြစ်ပါဘူးကွယ် ။

ဒါပေမယ့် မေမေရယ်
မြို့ကလေးဟာ သူလှတာကို သူသိမနေရင်
သူဟာ ဒီထက်ပိုပြီး လှနေမှာပဲ ၊
သူ့ထံမှာ သားပျော်ပါတယ် ….. ဒါပေမယ့် မေမေရယ်
လေကောင်းလေသန့်တွေ ၊ ပန်းခင်းတွေ
တိမ်တွေ တောင်ကုန်းမြင့်မြင့်တွေ
နှင်းစက်တွေနဲ့ မြို့ကလေးကို
နဂိုရည်အတိုင်းထားပြီး
သားပြန်ခဲ့ ။

အဲဒီနေ့ကပေါ့ မေမေရယ်
မနက်စောစောကြီး ….. မြို့ကလေးအပေါ်ကို
ချယ်ရီပန်းတွေအားရပါးရ ကြွေကျလို့ …..
အပြင်ဘက်ကနှစ်ယောက်ထိုင်ခုံလေးအပေါ်မှာ
မေမေ့သားရဲ့နှလုံးသားငယ် မိုးရေတွေ ရွှဲ လို့ ။……………။


မောင်သိန်းဇော်

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, September 23, 2008

Researching the Research


အင်တာနက်ထဲမှာ ဟိုရှာ ဒီရှာလုပ်ရင် ပါဝါပွိုင့်ဆလိုက်တွေကိုတွေ့တော့ ဖတ်ကြည့်မိတာလေးတွေပါ။

Research must be teamed
  • African proverb
“If you want to go quickly, go alone. If you want to go far, go together.”
  • Research Proverb
“Doing alone, no more job and grant; doing as team, plenty of jobs and grants.”



အာဖရိကန် စကားပုံဆိုလိုတာက - ခရီးတခုကို မြန်မြန်သွားလိုရင် တစ်ယောက်တည်းသွားတဲ့၊ အဲ ဝေးဝေးသွားချင်ရင် အပေါင်းအဖော်တွေနဲ့ အတူတူသွားလို့ ဆိုလိုတာဖြစ်ပါလိမ့်မယ်။

သူကိုလိုက်တုပြီး ပေါ်လာတဲ့ စကားပုံက တစ်ယောက်တည်းသာ အလုပ်လုပ်နေရင် ဘာမှလည်းဆက်လုပ်စရာပေါ်လာမှာ မဟုတ်သလို၊ ဘာအထောက်အပံ့မှလည်း ရမှာ မဟုတ်ဘူးပေါ့၊ အသင်းအစုအနေနဲ့ အလုပ်လုပ်ရင်တော့ အလုပ်အကိုင်တွေ၊ အထောက်အပံ့တွေလည်း များလာမယ်လို့ ဆိုလိုတာပါ။

သုသေသနအလုပ်လုပ်တဲ့အခါ အသင်းအဖွဲ့နဲ့ လုပ်တာ ကောင်းတယ်ဆိုတဲ့ သဘောကို ပြောချင်တာဖြစ်ပါလိမ့်မယ်။ သုသေသန အလုပ်တခုလုပ်တဲ့အခါမှာ အတွေ့အကြုံရှိတဲ့၊ သဘာရင့် ဆရာတွေက မျိုးဆက်သစ်တွေကို တွဲခေါ်ရမယ်။ တွဲခေါ်မယ်ဆိုတော့ ဝါရင့် သဘာရင့်တွေက မျိုးဆက်သစ် အငယ်တွေကို ဘယ်လိုတွဲခေါ်မှာတုန်း။ အထောက်အပံ့ဆိုတာကလည်းရှိမှသာ တွဲခေါ်သူကလည်း တွဲခေါ်နိုင်ရှာမယ်ပေါ့။ ဒီတော့ အထောက်အပံ့ကို ဘယ်က ရမှာပါလိမ့်။


Research, industry and system as a team and rule of game
  • Researchers convert tax money to knowledge.
  • Industries convert knowledge to MORE money (and pay more tax).
  • System manages to enlarge this spiral circle for benefit of tax payers and nation; creates Knowledge-Based Wealth.
  • To be successful,
  • Researchers know what should be done, under what conditions and have postgraduate students as connecting mechanism.
  • Industries give research problems/conditions, follow up and implement the results.
  • “Manager” creates system and rule to spirally circulate wealth.

သုသေသနရယ်၊ (စက်မှု)လုပ်ငန်းရယ်၊ စနစ်ရယ်က သဟဇာတဖြစ်နေရမယ်။
  • သုသေသနသမားက အခွန်ငွေကို အသိပညာအဖြစ်ပြောင်းလဲပစ်တယ်။
  • စက်မှုလုပ်ငန်းတွေက အသိပညာတွေကို ပိုက်ဆံတွေအဖြစ်ပြောင်းလဲပစ်မယ်။ (ပြီးတော့ အခွန်ထမ်းဆောင်ပေါ့။)
  • စနစ်က ဒီစက်ဝိုင်းကို အဆင်ပြေပြေလည်ပတ်နိုင်အောင် မောင်းနှင်နိုင်ရမယ်။ (အခွန်ထမ်းသူတွေရယ်၊နိုင်ငံအတွက်ရယ် ပညာကိုအခြေခံတဲ့ ကြွယ်ဝမှုရှိအောင် လုပ်ဆောင်ပေးရမယ်။)
  • အောင်မြင်ဖို့ရာက -
  • သုသေသနသမားတွေက ဘယ်လိုအခြေအနေမှာ ဘာတွေကိုလုပ်ဆောင်ရမယ်ဆိုတာ သိရမယ်၊ ဘွဲ့လွန်တွေလည်း အဆက်မပြတ်မွေးရမယ်။
  • စက်မှုလုပ်ငန်းတွေက သုသေသနလုပ်ငန်းအတွက် ဘယ်လိုပြဿနာတွေရှိတယ်၊ ဘယ်လို အခြေအနေရှိတယ်ဆိုတာကို ပြောပြနိုင်ရမယ်။ ရလာတဲ့ ရလာဒ်တွေကိုလည်း အမှန်တကယ် အကောင်အထည်ဖော်ရမယ်။
  • စီမံသူတွေကတော့ ကြွယ်ဝချမ်းသာရေးအတွက် စနစ်ကိုဖန်တီးနိုင်ပြီး မောင်းနှင်ထိန်းချုပ်တတ်ရမယ်ပေါ့။

ဒီတော့ကာ တို့နိုင်ငံမှာရော သုသေသနရယ်၊ စက်မှုလုပ်ငန်းတွေရယ် အဆက်အစပ်ရှိပြီလား။ အပြင်ကလုပ်ငန်းတွေရဲ့နည်းပညာလိုအပ်ချက်တွေကို သုသေသနလုပ်ငန်းတွေက လိုက်ပြီးဖြည့်ဆည်းနိုင်ပြီလား။ သုတေသနသမား ကောင်းကောင်းတွေမွေးထုတ်ဖို့ တက္ကသိုလ်ကောင်းကောင်းတွေရော ရှိပြီလား။ တကယ်ကောင်းတဲ့ တက္ကသိုလ်တွေဖြစ်ဖို့ လိုအပ်တဲ့ အခြေခံအထောက်အပံ့တွေရော ရရှိရဲ့လား။
လားပေါင်းများစွာနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။


ဆက်ဖတ်မယ်ဆိုရင် ...

အရိပ်ကလေး

အရိပ်ကလေး

ချိတ်ဆွဲထားချင်ပါရဲ့
ကောင်းကင်ပေါ်မှာ…
တခြားသူတွေ မမြင်အောင်
မင်းရဲ့ အရိပ်ကို
တစ်စုံတရာ ဖန်ဆင်းခွင့်ရခဲ့ရင်…

ကိုယ်ရဲ့စိတ်နဲ့
အိပ်စက်ရတဲ့ ညတွေလဲ များပြီ။
အိပ်မက်တွေကို သောက်ပြီး
စိတ်ရဲ့ ထွက်ပေါက်အဖြစ်
မင်းကို မသိစေချင်ပါဘူးကွာ။

ကိုယ်တစ်ယောက်ထဲဘယ်လိုနေရတယ် ဆိုတာ
မင်း....ကိုယ်ယောင်ဖျောက်သွားတဲ့အခါ
ကိုယ့်စိတ်ကို ညာနေခဲ့ရတယ်။
မင်းရဲ့အကြည့်တွေကို အထင်းသား မြင်ရတဲ့အခါ …
မင်းရဲ့ စကားလုံးတွေ ကိုယ့်ပေါ်လျှံကျလာတဲ့အခါ …
မင်းကို ဖွဖွလေး ခိုးနမ်းနေမိတယ်။

တရားသောနည်းနဲ့
ထွက်ပြေးချင်နေတာလား။
မင်းရဲ့ အသိစိတ်ကပဲ
ကိုယ့်အကြည့်တွေကို မုန်းလို့လား။
မင်း ဘာကြောင့်ထွက်ပြေးနေရတာလဲကွာ
အရိပ်ကလေးရယ် ... ။………………..။

မာရေးသျှင်

Material : တိတ်တခိုး (တောကြောင်)

ဆက်ဖတ်မယ်ဆိုရင် ...