Saturday, September 27, 2008

Walking, talking.


လမ်းလျှောက်သော လျှောက်လှမ်းခြင်း

“ကျွန်တော်နှင့် မိန်းမချောလေးများ”

ကျွန်တော်တို့ မြန်မာမှာ ဆိုရိုးလေးတစ်ခု ရှိသတဲ့။ “မိန်းကလေးတို့အိနြေ္ဒ ရွှေပေးလို့မရ”ဆိုပဲ။ ကျွန်တော်က ချစ်စဖွယ် စကားကိုသာ ဆိုချင်ပါတယ်။ တစ်ခါတလေတော့လည်း မဖြစ်ညစ်ကျယ် တွေးချင်မိတယ်။ အတွေးဆိုတာ ကိုယ်ပိုင်ဆိုပေမဲ့ ကျွန်တော်ကတော့ မျှဝေချင်တာ ဆန္ဒပါပဲ။ ဒါမှလည်း အတွေးတို့ပေါင်းစပ်ရင်း ဘဝအတွက် လျှောက်လှမ်းရာမှာ အဆင်ပြေမယ်ထင်တယ်လေ။

လူထုဒေါ်အမာရဲ့ စာသားတစ်ခုကို ကျွန်တော် စိတ်မှာမှတ်မိနေသေးတယ်။ အခုခေတ် မိန်းကလေးတွေများ အမေတို့ခေတ်နဲ့ ကွာလိုက်တာတဲ့။ ဆက်ပြောသွားတာတွေက အများကြီးပါ။ အများကြီးထဲမှာ ဆရာမကြီးပြောသွားတာက မိန်းကလေးတွေ ထမိန်ဝတ်တာနဲ့ ပက်သက်ပြီးပေါ့။ အမေတို့ခေတ်က လူမမြင်ကွယ်ရာကိုသွား၊ ထမိန်ကိုလည်း အကုန်မဖြန့်ရဘူး၊ လိုသလောက်လေးဖြန့်ပြီး ခပ်တင်းတင်းပြန်စည်းရတာတဲ့။



တနေ့က ကွန်ပျူတာစာစီစာရိုက်လုပ်တဲ့ ဆိုင်တစ်ခုနားကနေ ကျွန်တော်ဖြတ်သွားတယ်။ လမ်းလျှောက်ရင် ဘေးတစ်ဖက်ကိုကပ်၊ ကိုယ့်ဘာသာတွေးချင်ရာ တွေးနေတတ်တဲ့ ကျွန်တော့်မှာ အတော်အနေရခက်သွားပါတယ်။ တံခါးပွင့်လာတာကိုလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီဆိုင်လေးနားကို ကပ်လျှောက်နေတာကိုး။ သမီးပျိုလေးတစ်ယောက် ထွက်လာတာပါ။ ကျွန်တော်က အပေါက်နားကိုအရောက်၊ သူက ထွက်အလာ။ အဲဒီလို။

ဒါပေမဲ့ အတွေ့ကတော့ မငြိမ်းချမ်းပါဘူး။ လူအရင်ထွက်မလာဘူး။ လက်တစ်ဖက်နဲ့ ဖြန့်ထားတဲ့ ထမိန်စ အရင်ထွက်လာတယ်။ ပြီးတော့ ကျွန်တော်မရှောင်ရင် တိုက်မိမဲ့ပုံနဲ့ အပြင်ကို ထမိန်ဝတ်ရင်း ထွက်လာတာပါ။ ကျွန်တော်မှားတယ် ယူဆလို့ အမြန်ပဲ ရှောင်ပေးလိုက်ပါတယ်။ ခက်တာက သူကဒီအဖြစ်အပျက်အပေါ်မှာ ဟာသလို့ တွေးတယ်ထင်တယ်။ နောက်ကကပ်ပါလာတဲ့ သူ့သူငယ်ချင်းနဲ့ ပြောရယ်နေကြလေရဲ့။ ကျွန်တော်ကြုံမိ အဖြစ်ရှိသွားတယ်ထင်ပ။

တစ်ခါသောရက်က လ္ဘက်ရည်ဆိုင်ထိုင်ပါတယ်။ ဆိုင်က ခုံပုလေးတွေနဲ့ ခင်းကျင်းတဲ့ဆိုင်ပါ။ သူရတဲ့နေရာမှာ အဆင်ပြေအောင် ခင်းရတယ်ဆိုတော့ ဝိုင်းတွေက မနီးလွန်း မဝေးလွန်းတွေပေါ့။ မကြာပါဘူး ခေတ်ရဲ့ သမီးပျိုလေးနှစ်ယောက် ဆိုင်ထဲကိုဝင်လာတယ်။ မှာစရာရှိတာမှာရင်းနဲ့ သူတို့တွေလည်း ထိုင်ကြတယ်ပေါ့။ သူ့နေရာနဲ့သူထိုင်ရင်း စကားပြောနေတာ၊ ဘယ်သူကိုမှ အနှောင့်အယှက်မဖြစ်ဘူးဆိုပေမဲ့ ကျွန်တော်ကတော့ အနှောင့်အယှက်ဖြစ်ပါတယ်။

ဒီကနေ့ခေတ်စားနေတဲ့ စတိုင်တစ်ခုဖြစ်တဲ့ ဂျင်းဘောင်းဘီကို အောက်နားခပ်ကျကျဝတ်တာဟာ (ချက်ပြုတ်လို့လည်းခေါ်ကြတယ်ထင်ပ) ပေါ့ပါးတဲ့ စတိုင်တစ်ခုလို့မြင်တယ်။ ကျွန်တော်က လက်ခံပါတယ်။ ဒါပေမဲ့ ခက်တာက ဂျင်းကအနက်ရောင်ဆိုရင် အတွင်းခံကိုလည်း အနက်ရောင်ဝတ်ပေါ့။ ဥပမာ ဂျင်းကအနက်ဆိုရင် ကျန်တာကို အနီရောင်ဝတ်လာတယ်။ ထင်ရှားစေချင်လို့တော့ မဟုတ်တန်ရာဘူး။ မြင်ရသူအတွက် မြန်မာ့အသိုင်းအဝိုင်းမှာ အနည်းအကျဉ်း စိတ်ရှုပ်စေပါတယ်။

အဲ၊ စောစောက သမီးပျိုနှစ်ယောက်ကတော့ ထိုင်ပြီးကတည်းက ဝတ်လာတဲ့အဝတ်အစားအရ ဘယ်လိုမှမလုံနိုင်တဲ့ သူတို့ခါးကို ဖုံးဖို့ကြိုးစားကြတယ်။ ကြိုးစားပါ၊ ကောင်းပါ၏။ မကောင်းတာက ခါးကို အင်္ကျီနဲ့ဖုံးလိုက် နောက်ဝိုင်းကလူတွေကို မသာမာသူလိုကြည့်လိုက်။ ခဏနေဆွဲချပြီးဖုံးလိုက် မသာမာသူလို ကြည့်လိုက်နဲ့။ အတော်စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ ကျွန်တော်ကြုံမိ အပြစ်ရှိသွားတယ်ထင်ပ။

ကျွန်တော်ကြုံမိလို့ အပြစ်ရှိသလိုဖြစ်သွားတာတွေ ပြန်ပြောပြနေရင် ကုန်နိုင်မယ်မထင်ပါဘူး။ ကျွန်တော်ကတော့ ပွင့်လင်းမှု၊ ခေတ်ရေစီးတွင်လိုက်လျောညီထွေရှိမှုတွေကို အရမ်းသဘောကျသူပါ။ ဒါပေမဲ့ လူဆိုတာ စည်းရှိရပါမယ်။

လူစုံရာမှာ စားပွဲတစ်လုံးနဲ့ ထိုင်လုပ်ရမဲ့အလုပ်မျိုးမှာ ရင်ဘတ်ဟိုက်လွန်းတာကို ဝတ်မလာပါနဲ့။ ဝတ်လာမိရင်လည်း နောင်တရပါ။ ကြည့်သောသူမြင်၏ ဆိုတာထက် တစ်ခါတစ်လေမှာ မြင်သောသူ အပြစ်ရှိ၏လို့ ဖြစ်အောင်တော့ မလုပ်စေချင်ပါဘူး။ အိနြေ္ဒဆိုတာက ရင်ဖုံးလေးဝတ်၊ ထမိန်ရှည်ရှည်လေးနဲ့ ဆံပင်ကို နောက်လေးသိမ်းပြီး ဆင်မရင်သာလှမ်းနေတာကို ပြောတာမဟုတ်တန်ရာဘူး။ ကိုယ့်ခေတ်၊ ကိုယ့်စတိုင်နဲ့ အနေတတ်ဖို့ကို ပြောတာပါ။ ပွင့်လင်းတယ်ဆိုတာကလည်း ရဲတင်းတာဟုတ်ဟန် မတူဘူး။ ရဲတင်းလွန်းစွာနှင့် အနေမတတ်ရင်သာ မိန်းကလေးတွေအတွက် အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်တာပါ။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ယဉ်ကျေးမှုများ ပေါင်းစည်းခြင်းဆိုတာထက် ရောယှက်ခြင်းမျှသာပါ။ မကောင်းတာပယ်၊ ကောင်းတာကို သယ်ရမှာ။ ကိုရီးယားမလေးတွေ ဆံပင်ဖြောင့်နဲ့လှနေပေမဲ့ မြန်မာမလေးတွေက တခြားစတိုင်နဲ့မှ လှချင်လှနေမှာ။ သူတို့ကျင်လည်ရာပတ်ဝန်းကျင်နဲ့ ကိုယ်ကျင်လည်ရာပတ်ဝန်းကျင် မတူကွဲပြားမှုကြားမှာ မျှယူရမှာပါ။ ဒါဟာ နတ်ဒိုးကို ခေတ်သံစဉ်နဲ့ တွဲဖက်သလိုလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ အလိုမတူ ကွဲပြားလို့ရပါတယ်။ ကိုယ့်ကြောင့်သာ ပတ်ဝန်းကျင်မှာ အနှောင့်အယှက်မဖြစ်စေပါနဲ့။ ယဉ်ကျေးမှုဆိုတာကလည်း စီးဆင်းခြင်းတစ်မျိုးပါပဲ။ တားဆီးလို့ မရနိုင်ကောင်းပါဘူး။ ဒါပေမဲ့ လူမှုရေး နှုန်းသတ်မှတ်ချက်တွေကိုတော့ ဖောက်ဖျက်လို့ မရနိုင်ပါဘူး။ တဖြည်းဖြည်းခြင်းပဲ သူ့အလိုလိုပြုပြင်သွားတတ်တာမျိုးပါ။

အပြောင်းအလဲတစ်ခုကို ဦးဆောင်သူတွေဟာ ပေးဆပ်ရတတ်ပါတယ်။ ခေတ်ကာလ အမျိုးသမီးများကလည်း ဒါဟာငါတို့ အပြောင်းအလဲတစ်ခုကို ဦးတည်နေတာလို့ လက်ခံယုံကြည်ရဲရင် တစ်ချို့ကိုတော့ ပေးဆပ်ရမှာပါ။ ခေတ်ရှေ့ပြေးတဲ့နိုင်ငံတွေမှာ ခါးလေးရင်လေး လစ်ဟာတာလောက်နဲ့ မိန်းကလေးတွေကို ဘယ်ပုရိသမှ အရေးတယူမကြည့်ပါ။ သူတို့အတွက် မထူးဆန်းတော့လို့ပါ။ ဟုတ်ကဲ့ ကျွန်တော်တို့ မိန်းမချောလေးတွေလည်း မထူးဆန်းဘူးဆိုတဲ့ ခံစားချက်ကို အမောင်ပုရိသတို့ ခံစားရအောင် တစ်ချို့တော့ ပေးဆပ်ရမယ်ထင်တယ်။ မပေးဆပ်ချင်ရင်တော့ ပတ်ဝန်းကျင်အနေမခက်ရအောင် မပြောင်းလဲပါနဲ့လား။ ဒီလိုတော့လည်း မဟုတ်သေးဘူးထင်တယ်။ ပြောင်းလဲရင်လည်း ပတ်ဝန်းကျင်အနေရမခက်အောင် အနေတတ်ကြပါစေသား။

သုခမိန်။…..။

10 comments:

လင်းလက်ကြယ်စင် said...

အခုလို သေချာရေးပေးတာ သိပ်မှန်ပါတယ်။ ကျွန်မ ဒီလိုအတွေးမျိုးကို ခဏခဏတွေးဖူးတယ်။ အ၀တ်အစားဆိုတာ ခေတ်မီတာနဲ့ ခေတ်လွန်တာ မတူဘူးလို့ မြင်မိပါတယ်။ ရင်ဖုံးနဲ့ ထဘီအရှည်ကြီး အမြဲဝတ်ရမယ်လို့ မဆိုလိုပါဘူး။ လှပခေတ်မီပြီး လုံခြုံသော အ၀တ်အစားများကို မိန်းကလေးများ ၀တ်ဆင်သင့်ပါတယ်။ အချို့မိန်းကလေးများ လှပခေတ်မီပြီး လက်ပြတ်ကလေးတွေ စကပ်တိုလေးတွေ ၀တ်ဆင်ထားပေမယ့် နေတတ် ထိုင်တတ်တော့ ကြည့်ရတာ အမြင်မရိုင်းလှပါဘူး။ အဲဒီလို နေတတ်ဖို့လည်း ဟန်အမူအယာ ၊ သွားလာပုံ အရေးကြီးတယ်လို့ မြင်မိပါတယ်ရှင် :)

မသက်ဇင် said...

သုခမိန်ရေ----
ခေတ်ရေစီးချောင်းကိုတော့ မပြော လို တော့ပါ ဘူး--ကျမတို့ အဘွားခေတ်နဲ့ ကျမတို့ အမေခေတ် မတူ
သလို ကျမတို့ အမေခေတ်နဲ့ ကျမတို့ ခေတ်
မတူနိုင်တော့ဘူးလေ----။ ဒါပေမဲ့ ဝတ်စား ဆင်ယင်မှုမှာ တော့ အရှက်တရား ရှိရ မှာ ပေါ့---ယဉ်ကျေးတဲ့ မြန်မာ အမျိုးသမီးတွေ ဟာ ခေတ်တွေ ဘယ်လောက်ပဲ ဖြတ်သန်း ပြောင်းလဲခဲ့ပေမဲ့ မပြောင်းလဲ တဲ့ အရာကတော့ မမြင်သင့်မမြင်အပ်ရာကို
လုံခြုံစွာဝတ်ဆင်ခဲ့ကြတာပါပဲ-----
အနောက်နိုင်ငံတွေမှာတော့ အမျိုးသမီးရဲ့ အလှ တပါးဆိုပြီး တမင် ဖွင့်ပြီး ဝတ်ကြ တယ်----ဘာပဲဖြစ်ဖြစ်လေ မြန်မာ့ယဉ်ကျေးမှုကို ထိမ်း
သိမ်းရမှာမြန်မာနိုင်ငံသားတိုင်းရဲ့ တာဝန်ပါ--
အရေးအကြီးဆုံးကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေဟာအမျိုးသားများ ထက် ပိုများနေတာကြောင့်
တိုင်းပြည်အတွက် အမျိုးသမီးတွေ ရဲ့ အတွေးအခေါ်နဲ့ အင်အားတွေ လိုအပ်နေတာ
အမှန်ပါ---မျိုးဆက်သစ်မိန်းခလေးတွေ အနေနဲ့ ရုပ်ရှင်မင်းသမီး မင်းသား လက်ထပ်တာ နဲ့ ဖက်ရှင်စာအုပ်ဖတ်တာ
တွေ ကိုပဲ စိတ်ဝင်စား နေတာ မျိုးမဟုတ်ပဲ-----မိမိအတွက် အကျိုးရှိပြီး အတွေးအခေါ်မြင့်မားစေမဲ့ စာတွေကိုလည်း
မြန်မာအမျိုးသမီးငယ်တွေ ဖတ်သင့်ကြောင်း -

ကျမ ရင်ထဲက စေတနာ ဆန္ဒပါ သုခမိန်ရေ---

ခင်မင်လျက်
မသက်ဇင်

megumi said...

ဟုတ်တယ်နော်။ မြန်မာမိန်းကလေးတွေက လှချင်တာပဲသိတယ်။ ကိုယ့်အန္တရာယ် ကို မသိကြဘူး။ ကျမလည်း ခေတ်မှီမှီ ဝတ်စားဆင်ယင်ပါတယ်။ ဒါပေမယ့်၊ နေရာဒေသကိုတော့ ကြည့်ရတာပေါ့နော်။ ဒီနေရာနဲ့ မလိုက်ဖက်ဘူးလို့ ထင်နိုင်တဲ့ နေရာမှာ ဒီအဝတ်အစားကို မဝတ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ မြန်မာမိန်းကလေးတိုင်း ခေတ်မှီခြင်းနှင့် ခေတ်ဆန်ခြင်းကို ခွဲခြားနိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်ရှင်။

ဇနိ said...

ကဲ ကိုသုခမိန်ရေ အခုတလော ပွဲကြီးပွဲကောင်းတွေ တွေ့နေရတယ်ပေါ့လေ။
အနီနဲ့ အနက်ဆိုတာကြောင့် ကွန်းမန့်ပေးချင်သွားလို့။
တခါက တတန်းငယ်တဲ့ညီမလေးကို သတိရမိလို့ပါ။
သူကတော့ ကိုသုခမိန်ပြောသလိုမဟုတ်ဘူး တမင်တကာ အနီအနက်ဝတ်တာပါ။
သူ့ရဲ့ အထဲက ဘောင်းဘီက ပိုဈေးတန်တာကို အမြဲဝတ်ပါတယ်။ အလှလေးတွေနဲ့ပေါ့။
အင်း ဒါတွေကလည်း ခေတ်ရေစီးကြောင်းတွေကို လိုက်ကုန်တယ်ထင်ပါတယ်။
မဇနိတို့ အဘွားကြီးမျက်စိနဲ့တော့ သိပ်မတွေ့လှဘူးပေါ့နော်။ ဒါပေမယ့် ကိုယ်တွေက သုံးဆယ်နားကပ်လာပြီကိုး.....
ကိုသုခမိန်ကြီးလည်း နေကာမက်မှန်လေးဆောင်ထားရင် ကောင်းမလားနော်...
မဇနိ

ဖိုးသောကြာ said...

ကောင်မလေးကပဲ လွန်သလား၊ ကိုသုခမိန်ကပဲ ဗို့အားတွေပြင်းနေလား သိရအောင် အဲဒီမြင်ကွင်းလေးတော့ တွေ့ချင်သားဗျာ။ မဇနိအကြံပေးသလို နေကာမျက်မှန်လေးတော့ ဝယ်ထားဗျာ။ သူတို့လည်း နေတတ်သွားမယ်။ ကိုယ်ကလည်း မကြည့်သလိုလိုနဲ့ ပေါ့.... :P

Anonymous said...

ဆရာသု ရေးတတ်ပုံလေးကတော့ဗျာ…
တကယ်ကို မချီးကျူးဘဲ မနေနိုင်အောင်ပါပဲ။
ခေတ်လူငယ်တစ်ယောက်ရဲ့ ခေတ်ပြိုင်လူငယ်တွေပေါ် ထားတဲ့ စေတနာဟာ ပီတိဖြာစရာပဲ။
တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာက ဒီလိုပဲ ဝိုင်းဝန်းထိန်းသိမ်းကြရမှာပါပဲ။
“ဒီကြယ်ငါးလေးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ။”

ပန်းခရမ်းပြာ said...

နောက်ဆုံးတော့ ကျွန်တော်ကြည့်မိ အပြစ်ရှိ ဖြစ်သွားတာပေါ့။

thonn thonn said...

တစ်ကယ်ကောင်းတဲ့ ပို့စ်လေးပါပဲ ။

KHINMYAWIN said...

အင်း ဒါဆိုရင်လည်း
ဒီဘလော့ထဲက ကဗျာလေးတစ်ပုဒ်ထဲက စာသားလေးလို " ဖြစ်ချင်တာတွေမဖြစ်ရပဲ
ဖြစ်ချင်တာတွေဖြစ်နေတဲ့ လောကကြီးမှာ
တရားလေးနဲ့မှတ်နေတာသာ အကောင်းဆုံးဖြစ်မယ်ထင်တယ်နော်"
ဒါကြောင့် မြင်ရင်မြင်တာမှာပဲရပ်ပြီး
ရှေ့ကိုဆက်မတွေးနဲ့တော့ပေါ့
အဆင်ပြေသွားလိမ့်မယ်

Dr Phyo Wai Kyaw said...

ယဉ်ကျေးမှုပျောက်ခြင်းဟာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ ယူဆစရာသာ ရှိပါတယ်။

ဒါကသိပ်ကိုရှင်းတယ်။ အားနည်းတဲ့ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းဟာ ပျောက်ကွယ်သွားအပ်သလား။ ပြုပြင်ထိန်းသိမ်း အပ်သလား။

ကျနော်ပြောချင်တာတွေ များလှပါရဲ့။ စာကောင်းပေမွန်တွေ ဒီ့ထက်ဒီ များများ စားစားတွေ တွေ့ချင်ပါတယ်ဗျာ။ ဖတ်သူတွေရှိပါတယ်။ သိပ်လိုအပ်နေတဲ့ ကာလဖြစ်ပါတယ်။