Thursday, September 25, 2008

နှင်းရည်စက်လက်

ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်
စကြာဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ
ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့
ကဗျာကို
သြော် ………. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့်။

(မောင်သိန်းဇော်)

ကျနော် ကဗျာရွတ်ပါရစေ။
ဒီတစ်ခါတော့ ဗုံသံတွေထဲ ကျွံကျနေတဲ့ ကဗျာအလှ ကို ရွတ်ပါရစေ။
ဒါဟာ ကျနော် ကဗျာမရေးဖြစ်ခြင်း အကြောင်းရင်းကို ဖွင့်ဆိုခြင်းလည်း ဖြစ်ပါတယ်။

ကျနော်ကဗျာရွတ်ပါတော့မယ်။

ကျေးဇူးပြုပြီး …..
ခန္ဓာကိုယ် အနေအထားကို မတ်မတ်ကလေးထားလိုက်ပါ။
တစ်ကိုယ်လုံးက အကြောတွေလျော့နေပါစေ။
မျက်လွှာကလေးတွေကိုသိမ်းလိုက်ပါ။
အသက်ဝဝရှုသွင်းပါ။
(၁) ကနေ (၁၀) ထိ ရေတွက်ပါ။
ပြီးမှ ဖြည်းဖြည်းချင်း ပြန်ရှုထုတ်ပါ။
……………………………………………
အဲသလို (၅) ကြိမ်၊ (၅) ခါ လုပ်ပါ။

ကဲ ကျနော်ကဗျာ ရွတ်ပါတော့မယ်။



နှင်းရည်စက်လက်

မေမေ့ဆီမှာ
စိတ်ရဲ့အသုံးစရိတ်အနေနဲ့
စာရင်းပြပြီး
ခရီးစဉ်လေးတစ်ခုကိုကိုတောင်းယူခဲ့၊

တောင်ကုန်းလေးပေါ်မှာတည်ရှိနေတဲ့
မြို့ကလေးလို့ပြောမယ့်အစား
တောင်ကုန်းလေးပေါ်မှာဖူးပွင့်နေတဲ့
မြို့ကလေးလို့ပြောကြရအောင်ပါ။

နေလုံးနီနီရေ
ကိုယ် အထူးကျေးဇူးတင်ပါတယ် ၊
ပန်းတွေဝတ်ထားတဲ့
နှင်းကို မင်းချွတ်ချလိုက်တဲ့အခါ
သဘာဝရဲ့ကိုယ်ထည်လှလှကို
အထင်းသား ကိုယ်မြင်ခွင့်ရတယ် ။
ဒီနေရာလေးဟာ တကယ်တော့
ကဗျာရေးဖို့ မကောင်းပါဘူး ၊
ဘာမှမရေးဘဲ
မွှေးရနံ့တွေကို ငေးကြည့်နေဖို့ကောင်းပါတယ် ။

ကဲ ကိုယ့်ရာဇဝင်အတွက်တော့
101ဆိုတဲ့ အိပ်ခန်းလေး မပါလည်းဖြစ်တယ်
ဥရောပတိုက်ကြီး မပါလည်းဖြစ်တယ်
ပန်းပွင့်နဲ့နေရောင်ခြည်တွေ မပါလည်းဖြစ်တယ်
မြို့ကလေးရေ မင်းကတော့ မပါလို့
မဖြစ်ပါဘူးကွယ် ။

ဒါပေမယ့် မေမေရယ်
မြို့ကလေးဟာ သူလှတာကို သူသိမနေရင်
သူဟာ ဒီထက်ပိုပြီး လှနေမှာပဲ ၊
သူ့ထံမှာ သားပျော်ပါတယ် ….. ဒါပေမယ့် မေမေရယ်
လေကောင်းလေသန့်တွေ ၊ ပန်းခင်းတွေ
တိမ်တွေ တောင်ကုန်းမြင့်မြင့်တွေ
နှင်းစက်တွေနဲ့ မြို့ကလေးကို
နဂိုရည်အတိုင်းထားပြီး
သားပြန်ခဲ့ ။

အဲဒီနေ့ကပေါ့ မေမေရယ်
မနက်စောစောကြီး ….. မြို့ကလေးအပေါ်ကို
ချယ်ရီပန်းတွေအားရပါးရ ကြွေကျလို့ …..
အပြင်ဘက်ကနှစ်ယောက်ထိုင်ခုံလေးအပေါ်မှာ
မေမေ့သားရဲ့နှလုံးသားငယ် မိုးရေတွေ ရွှဲ လို့ ။……………။


မောင်သိန်းဇော်

6 comments:

လင်းဦး(စိတ်ပညာ) said...

ကျွန်တော် ကဗျာဖတ်ပါတော့မယ်။ ကျွန်တော်ကဗျာဖတ်ရင် ဖတ်ရင်းနဲ့ ကဗျာဖတ်သူရဲ့ ရင်ကိုမြင်အောင်ကြည့်ပါတယ်။ ပြီးပြီးရော မဖတ်တတ်ပါဘူး။

ကဗျာလေးကောင်းတယ်.. တကယ်ပါ။ ဒါနဲ့ တစ်ခု ထူးခြားတာ အခုလိုက်ဖတ်ဖြစ်တော့ ချယ်ရီနဲ့ ပတ်သက်ပြီးပဲတွေ့နေရတယ်။ :)

ကိုအောင် said...

101 ဆိုတာ အိမ်မက်နံပါတ်လား။ ချစ်ရေးဆိုမှု အကြိမ်
မြောက်လား။ ကဗျာက လှပါတယ်။

တားမြစ် ထားသော... said...

ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်
စကြာဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ
ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့
ကဗျာကို
သြော် ………. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့်။
(မောင်သိန်းဇော်)

*****************

တစ်ချို့သော တိုက်ဆိုင်မှုတွေအတွက် အံ့သြမှုဆိုတာထက် ကြည်နူးမှုကို ကျွန်တော်ရတတ်တယ်။ တနေ့ကပဲ “မောင်သိန်းဇော်”ရဲ့ ကဗျာတွေအကြောင်း ကြားလိုက်ရတယ်။ အခု သူ့စာတွေကိုတွေ့ရတယ်။

ကဗျာလေးကိုသဘောကျကြောင်းပါ။

သုခမိန်(E-Journal)

khin oo may said...

အာယို..တကယ့်ဝါသနာရှင် ပါလား. အသက် ရှု ထုတ် လေ့ကျင်.ခန်း က ရွတ် တဲ. သူ အတွက် လား နားထောင်တဲ့သူ အတွက်လား။ မရှင်းလို.့ပါ . :D
လေးလေးစားစား နားထောင်သွားပါတယ်။ ပြောင် မြောက် ပါပေတယ်။ ရေးတဲ့ သူ ကော၊ ရွတ်တဲ. သူကော။ ကောင်းတယ်။

Anonymous said...

ဆရာ လင်းဦးခင်များ - တိုက်ဆိုင်မှုကတော့ တိုက်ဆိုင်မှုပါပဲ :D
ဆရာ ကိုအောင်ခင်များ - ကဗျာဖတ်သူသာ ကဗျာပိုင်ပါတယ်ခင်မျာ။ ဆရာ ဓာတ်ခံနဲ့သာ လွတ်လပ်စွာ ခံစားပါ။ 
ဆရာသုရေ - ဆရာ မောင်သိန်းဇော် ဟာ ဆရာ မောင်ချောနွယ်တို့၊ ဆရာ အောင်ချိမ့် ၊ ဒီကနေ့ ဆရာ စိုင်းဝင်းမြင့် တို့လို မြန်မာကဗျာ ဖြစ်ပေါ်တိုးတက်မှုမှာ ချန်လှပ်လို့ မရတဲ့ ရှာမှ ရှားတဲ့ ကဗျာဆရာစစ်စစ်ပါ ခင်များ
အစ်မခင်ဦးမေ ရေ -
ကြည်လင်နေတဲ့ မှန်သားပြင်မှာ ပုံရိပ်ထင်ဖို့…..
တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်မှာ အရိပ်ထင်ဖို့……
အသက်ရှုလေ့ကျင့်ခန်းလေးက
ကဗျာနားထောင်သူအတွက်ပါ
အထူးသဖြင့် ဒီကဗျာကို နားထောင်မယ့်သူဟာ ပိုလိုအပ်ပါတယ် ဟဲ ဟဲ

တောကြောင် said...

ကိုမာရေးသျှင်
ဟိုတစ်နေ့က ကိုသုခမိန်နဲ့ပြောဖြစ်ခဲ့တယ်...
မောင်သိန်းဇော် ကဗျာတွေ အကြောင်းပေါ့......
ကျနော် မောင်သိန်းဇော်ကဗျာစာအုပ်လေးကို ဖတ်ဖြစ်ခဲ့တာ ၂၀၀၃ လောက်ကထင်တယ်.......
တော်တော် ကြိုက်မိတယ်.....ဇာတ်မင်းသားလေးသိန်ဇော်က ကဗျာတွေရေတယ်ပေါ့ဆိုပြီး အံသြမိခဲ့ရတယ်......
အတွေး အရေးလေးတွေကလဲ လှတယ်လေ.....
ကဗျာလေးတွေပြန်ခံစားချင်ပေမယ့်...ကျနော့်ဆီမှာ စာအုပ်မရှိတော့လို့..........အဆင်ပြေရင် မောင်သိန်းဇော် ကဗျာတွေ တင်ပေးစေလိုပါတယ်.........
( ကောင်းကင်က သူ့ရင်ခွင်ထဲက ညကို တကယ်မှ ချစ်ရဲ့လား ? လရဲ့ ဆွဲအားနဲ့ ကျနော့်နှလုံးသားလေး ကြွတက်လာတဲ့အချိန် ရင်ထဲက လျှံကျလာတဲ့အချစ်တွေ ဘယ်သူယူမလဲ ? ဖြူစင်စွာ.....သန့်ရှင်းစွာ.......ဆွတ်ဆွတ်ဖြူလို့ ...........)
မောင်သိန်ဇော် ကဗျာမှ......
တောကြောင်......