သင်္ကြန်အဦး
ပိတောက်ဖူးကို
ခြွေခူးမိယောင်ယမ်း …
မျက်ရည်ခန်းထိ
စွတ်ဖြန်းလန်းပွင့်စေပါ့မည်။……….။
မာရေးသျှင်
9 Apr’98(Thu) 2:10 pm
၁၉၉၈ ခုနှစ်တုန်းက ပွင့်အန်လျှံကျခဲ့တဲ့ ကဗျာလေးပါ။ ထုံးစံအတိုင်း ခေါင်းစဉ်တပ်မထားတဲ့ အဲဒီ သင်္ကြန်ကဗျာလေးဟာ (၁၂)နှစ်ပြည့်ခဲ့ရှာပါပြီ။
ပိတောက်ဖူးလေးတွေကို သူ့မျက်ရည်နဲ့ စွတ်ဖြန်းပြ်ီး ပွင့်လန်းစေပါမယ်ဆိုတဲ့ (၁၈)နှစ်သား ကောင်လေးဟာ အခုလို ဆယ်စုနှစ်တစ်ခု ကျော်ဖြတ်ပြီးတဲ့အခါ ...............
ဝေဝေနွမ်းနွမ်း
မေတ္တာဖြန်းလျက်
ငြိမ်းငြိမ်းချမ်းချမ်းချစ်နေသည်။……….။
နောက် ဆယ်စုနှစ်တစ်ခု ထပ်ကျော်ဖြတ်ပြီးတဲ့ အခါ အဲဒီကောင်လေးဟာ ဟောသလို ရေးမှာပါ ..........
ပိတောက်မမြင်
ဖြစ်ပျက်မြင်သည်
နေ့စဉ်သင်္ကြန်ကျလျက်။……..။
**(ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
Monday, April 12, 2010
၉၈ သင်္ကြန်ကဗျာ
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 3:23 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Sunday, April 4, 2010
မစူးစမ်း မဆင်ခြင်သောယုန်သူငယ်
ရှေးရှေးတုန်းက တောမြိုင်လယ်
ယုန်ကလေးတစ်ကောင် ရှိပါတယ်
မြေပြိုမှာတကယ် ကြောက်တတ်သေး
အသည်းငယ်တဲ့ ယုန်ကလေး
အမှန်မတွေး အဖြေမရှာ
ဝုန်းခနဲမြည်သံ ကြားသောအခါ
မြေပြိုပါပြီ ကြောက်လို့ရှဲ
မစူးစမ်းတဲ့ ယုန်သူငယ်ပဲ
ဝက် စိုင် ကျွဲ နွား ကြံ့ ကျား ဆင်
ငှက်အများနဲ့ သားသမင်
ယုန်ကလေးနောက်တွင် တစီတတန်း
ပြေးကြ ရှောင်ကြ မစူးမစမ်း
မောမောပန်းပန်း ကိုရွှေယုန်
ခြင်္သေ့ကြီးနဲ့ တွေ့လို့ကြုံ
ဖြစ်ပုံ ပျက်ပုံ အကြောင်းစုံအား
ယုန်ကလေးက ရှင်းပြောကြား
လက်တွေ့သမား ခြင်္သေ့သည်
ယုန်ပြောသမျှ မယုံကြည်
ဖြစ်ပျက်တဲ့ဆီ သွားလို့ကြည့်
ယုန်ကလေးကို ခေါ်ခဲ့၏
ဥသျှစ်ကြွေသည့် နေရာမှာ
ထန်းလက် တစ်လက် ရှိခဲ့ရာ
ဝုန်းခနဲသာ မြည်လို့ဟည်း
ယုန်ကလေး လန့်တဲ့ အသံကြီး
စကတည်းက လေ့လာလျှင်
ယုန်ကလေးလည်း အမှန်ကိုမြင်
ခုလို မဆင်ခြင် မစူးစမ်းတော့
အများဒုက္ခ ပိုသည်ပေါ့
မှတ်လော့ သားလော့ လောကနယ်
ပုံပြင်ထဲက ယုန်ကလေးနှယ်
အရာရာဝယ် မစူးစမ်းက
ဒုက္ခ မုချ တွေ့မည်ပါ့။..........။
ဆွေသန်း
မြေးကလေးများဖြစ်ကြသော “မငြိမ်းသီရိဟန်”၊ “မချိုဆုသီ” တို့နှင့်တကွ ကလေးတိုင်းအတွက် အမှတ်တရ ...အဖြစ် ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ရွတ်ကြ၊ ဆိုကြဖို့ ရည်ရွယ်စပ်ဆိုထားတဲ့ ဆရာဆွေသန်း (ဆရာကြီးဦသန်းဆွေ - မြို့နယ်ပညာရေးမှူးငြိမ်း - ပခုက္ကူမြို့) ရဲ့ “သမီးလေးရဲ့မနက်ခင်း” ကလေးကဗျာများ မှ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ဆရာကြီး၏သားဖြစ်သူ၊ မချိုဆုသီရဲ့ဖေဖေ ကိုသီဟဆွေထံမှ ခွင့်ပြုချက်တောင်းခံပြီး ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ မြန်မာကလေးများအားလုံး(သို့) မြန်မာ့အနာဂတ်တစ်ခုလုံးသို့ ရည်ရွယ်ပါသည်။ သူတို့လေးတွေဆီ တကယ်ရောက်ဖို့ ထောက်ပံ့ကူညီ လက်ဆင့်ကမ်းမျှဝေပေးကြမည်ဟု ယုံကြည်ပါသည်။
စိတ်စေတနာ အမြော်အမြင်ကြီးမားစွာ စပ်ဆိုပေးသော ဆရာကြီးကို အမှူးထားလျက်၊ မြန်မာကလေးများအားလုံးကို သူတို့ရင်သွေးလေးတွေပမာ ထပ်တူထားကာ ဝေမျှခွင့်ပေးလာသော ဆရာကြီး၏မိသားစုနှင့်တကွ လိုရာရောက်အောင် ဝိုင်းဝန်းကူညီ ထပ်ဆင့်ဝေမျှ ပို့ဆောင်ပေးကြသူများကို မြန်မာကလေးများအားလုံးရဲ့ကိုယ်စား (မြန်မာ့ကလေးစာပေရဲ့ကိုယ်စား) ကျေးဇူးစကား ဆိုပါသည်။
မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 9:54 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကလေးကဗျာများ, မာရေးသျှင်, သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ 
Wednesday, March 31, 2010
တောသံ
ကျီးညိုကလေးက စကားများ
အ အား အ အား
ကိုရွှေဖားက တေးသံရှင်
အုန်းအင် အုန်းအင်
ဆင်ပြောင်ကြီးက ခေါ်ရင်ထူး
ဝူး ဝူး ဝူး ဝူး
တဗူးဗူး တဗယ်ဗယ်
နွားပျိုကလေး သနားဖွယ်
စာသူငယ် စွိ စွိ စွိ
မျောက်ညို တခွိခွိ ။.......။
ဆွေသန်း
မြေးကလေးများဖြစ်ကြသော “မငြိမ်းသီရိဟန်”၊ “မချိုဆုသီ” တို့နှင့်တကွ ကလေးတိုင်းအတွက် အမှတ်တရ ...အဖြစ် ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ရွတ်ကြ၊ ဆိုကြဖို့ ရည်ရွယ်စပ်ဆိုထားတဲ့ ဆရာဆွေသန်း (ဆရာကြီးဦသန်းဆွေ - မြို့နယ်ပညာရေးမှူးငြိမ်း - ပခုက္ကူမြို့) ရဲ့ “သမီးလေးရဲ့မနက်ခင်း” ကလေးကဗျာများ မှ ကဗျာတစ်ပုဒ်ပါ။ ဆရာကြီး၏သားဖြစ်သူ၊ မချိုဆုသီရဲ့ဖေဖေ ကိုသီဟဆွေထံမှ ခွင့်ပြုချက်တောင်းခံပြီး ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ မြန်မာကလေးများအားလုံး(သို့) မြန်မာ့အနာဂတ်တစ်ခုလုံးသို့ ရည်ရွယ်ကာ အလျဉ်းသင့်သလို ဆက်လက်မျှဝေသွားပါမည်။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 2:43 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကလေးကဗျာများ, မာရေးသျှင်, သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ 
Friday, March 26, 2010
“လောက်” အောက်က “သဘောက်”
မျောက်ကလည်း မျောက်အလျောက်
လောက်ကလည်း လောက်အလျောက်
အောက်ကျလှတယ် မဆိုသာပါဘူး။
သဘောက်ကလည်း သဘောက်ဘဝ
နောက်ကလည်း နောက်ကျ
ကြောက်ကလည်း ကြောက်ရ
တယ် အောက်ကျသကိုး။..........။
မာရေးသျှင်
၂၀၁၀၊ မတ်လ၊ ၂၆ (မွန်းလွဲ ၁း၂၀ နာရီ)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 11:49 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Sunday, March 21, 2010
သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့  - “ချစ်ခြင်းမေတ္တာ”
ကဲ … ကိုယ့်ချစ်သူဆီက စာတစ်စောင် အခုပဲ လက်ခံရရှိတယ်လို့ စိတ်ကူးပုံဖော်ကြည့်လိုက်ပါ။ အဲဒီစာထဲမှာ အသိပေးထားတာက ကိုယ့်ချစ်သူနဲ့ ကိုယ့်အချစ်ဆုံးသူငယ်ချင်းတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြိုက်သွားကြပြီး အတူထွက်ပြေးသွားကြတယ် ဆိုပါတော့။ ကိုယ် ဘယ်လိုခံစားရမလဲ။
တကယ်လို့ ကိုယ့်ရဲ့အချစ်သာ ဒေါင်ဒေါင်မြည် အချစ်စစ်စစ်ဆိုရင် ကိုယ့်ချစ်သူ ကိုယ့်ထက်သာတဲ့လူကို ရှာတွေ့သွားပြီး၊ ကိုယ်နဲ့အတူရှိစဉ်ကထက် ပိုမိုပျော်နေတယ်ဆိုတဲ့အသိနဲ့ ပီတိ ဖြစ်နေမိမှာ အမှန်ပဲ။ ကိုယ့်ချစ်သူနဲ့ ကိုယ့်အချစ်ဆုံးသူငယ်ချင်းတို့ သာယာပျော်ရွှင်စွာ အတူတကွရှိနေကြတယ်ဆိုတာ အားရဝမ်းသာ ကြည်နူးစရာပါ။ သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာတရားကို ကြားသိရတာ မဟာ့မဟာ မင်္ဂလာပါ။
အချစ်စစ်စစ်တွေမှာ အရေးအကြီးဆုံးအရာဟာ ကိုယ့်ချစ်သူရဲ့ပျော်ရွှင်မှုသာ မဟုတ်ပါလား ခင်မျာ။
တစ်နေ့သောအခါ ဗုဒ္ဓမြတ်စွာ မြို့ထဲမှာ ဆွမ်းခံကြွလာတာကို နန်းတော်လေသာပြတင်းကနေ မိဖုရားကြီး ဖူးမြော်နေသတဲ့။ အဲဒါကို ဘုရင်ကြီးက မြင်သွားပြီး ဗုဒ္ဓမြတ်စွာ အပေါ်ထားတဲ့ မိဖုရားရဲ့ ကြည်ညိုမှုသဒ္ဓါတရားကို အဘိဇ္ဇာပွားတော့တာပါပဲ။ အဲဒါနဲ့ သူ့မိဖုရားကို ရှေ့တော်မှောက် အရောက်ခေါ်ပြီး “ဗုဒ္ဓဘုရားနဲ့ လင်ယောက်ျား ဘယ်သူ့အားပိုချစ်သလဲ”ဆိုတာ မရမက အဖြေရှာတော့တာပေါ့။
အဲဒီအချိန်မှာ မိဖုရားကြီးဟာ ဗုဒ္ဓရဲ့ သာဝကတစ်ဦး ဖြစ်နေပါပြီ။ ဒါပေမယ့် အဲဒီခေတ် အဲဒီအခါ သက်ဦးဆံပိုင်ဘုရင်စနစ်မှာ ကိုယ့်လင်ချစ်က မင်းဧကရာဇ်ဆိုရင် သတိကြီးကြီးထားနိုင်မှသာ သက်သာရာရပါတယ်။ သူ့ရဲ့အချစ်၊ သူ့ရဲ့အမုန်းမှာ ခေါင်းအုံးရှာစရာမလိုတော့တာတွေ ဖြစ်သွားတတ်တာ အကြိမ်ကြိမ်အခါခါ။
ဒါပေမယ့် မိဖုရားကြီးကတော့ ကေသာကျော့ထုံး မပျောက်ဆုံးစေရဘဲ အပြောင်မြောက်ဆုံး လျှောက်ထုံးကို ဟောဒီလို သုံးနိုင်ခဲ့ပါတယ်။
“အရှင်မင်းတရားကြီး နဲ့ ဗုဒ္ဓမြတ်စွာဘုရား ထိုနှစ်ဦးသားထက်ပိုကာ နှမတော်ကိုယ် နှမတော်သာ ချစ်ခင်တွယ်တာမြတ်နိုးပါတယ် ရေမြေ့သခင် ရွှေနန်းရှင် မောင်မောင်ဘုရား”
မာရေးသျှင်
(Ajahn Brahm ၏ "Opening the Door of Your Heart" မှ ထုတ်နုတ်ပြီး “Notes for Saddha San to Read” အဖြစ် အခြားတစ်နေရာတွင် အင်္ဂလိပ်လို မျှဝေခဲ့သည်ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆိုမျှဝေခြင်းဖြစ်ပါသည်။)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 4:13 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ 
Saturday, March 20, 2010
မေမေသို့
မေမေ
အမိုးအကာနဲ့ နံရံတွေကို ငြင်းဆန်ခဲ့တဲ့သား
ကျောင်းသွားနေပါပြီ မေမေ။
ဒါဟာ
မေမေ့ကိုချစ်တဲ့ ချစ်ခြင်းမေတ္တာမှတစ်ပါး
အခြားသောအရာများအတွက် မဟုတ်ပါ။
တကယ်တော့ မေမေရယ် ...
သားကျောင်းသွားနေတာရယ်တော့ မဟုတ်ပြန်ပါဘူး။
မေမေ့သားလေးကို ကျောင်းထားပေးနေတာပါ။
ထို့ထက်ပို၍
မေမေ့နိုင်ငံသားလေးကို ကျောင်းထားပေးနေတာပါ။
ဟောဒီမှာ
မေမေ့နိုင်ငံသားတွေ ကိုယ်စားပြု
သားရဲ့အားထုတ်မှုပါ မေမေ
E-Commerce - AD
Enterprise Resource Planning - AD
Supply Chain Management - AD
မေမေ့ကို သားသိပ်ချစ်တယ်။..........။
မာရေးသျှင်
၂၀၁၀၊ မတ်လ၊ ၂၀ (နံနက် ၈ နာရီ)
အခြားသော တစ်နေရာမှာ ကိုယ်ရေးကိုယ်တာဆန်ဆန်ရေးထားတာလေးပါ။ မိတ်ဆွေက ကဗျာအဖြစ် သိမ်းထားဖို့ တိုက်တွန်းတာကြောင့် အကောင်အထည်ဖော်လိုက်တာပါ။ သူ့ဒိုင်ယာရီထဲကစာလေးတွေကို ကိုစောဝေက ကဗျာ ဆိုလို့ ကဗျာလိုက်တာပါ- လို့ ကိုနေမျိုးဆေးပြောဖူးတယ်ထင်ပါရဲ့။ အဲဒီလိုပဲပေါ့ဗျာ။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 8:14 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Thursday, March 18, 2010
မကြွေပန်း
ဘယ်လောက်ရင့်ရင့်
မလွင့်မကြွေတဲ့“ပန်း”
“အလွမ်း”ဟုခေါ်သည်။..........။
မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 2:33 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Wednesday, March 10, 2010
မလွမ်းတတ်တော့ခက်တယ် - နေမျိုး
ကျွန်မက မလွမ်းတတ်ဘူး။ ရှင်စိတ်မဆိုးပါနဲ့။ ကျွန်မရှင့်ကို အလေးအနက်ထားပါတယ်။ ဒါကိုရှင်လည်းသိမှာပါ။ ရှင်ကတော့ ကျွန်မကိုလွမ်းပြီး သိပ်ခံစားနေမှာပဲလို့လည်း ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မက မလွမ်းတတ်တော့ခက်တယ်။ ကျွန်မလေ အကြောင်းတိုက်ဆိုင်မှုရှိတိုင်း ရှင့်ကို သတိရမြဲရနေမယ်။
ရှင်ကျွန်မကို လက်ထပ်ချင်တယ်ဆိုတာဟာ ကျွန်မအတွက် အရေးကြီးတဲ့ခေါင်းစဉ်တစ်ခုအဖြစ် မှတ်သားထားပါမယ်။ ကျွန်မဆီက ရှင်လိုချင်တာတွေ ပေးနိုင်သမျှ ခပ်များများ ကျွန်မပေးခဲ့တယ်။ ဒါဟာ ရှင်နဲ့ကျွန်မနဲ့ ထူးခြားတဲ့ ဆက်ဆံရေးတစ်ခုပါ။ ခုလည်း ရှင်လိုချင်တာတွေရှိရှင် ကျွန်မဆီလှမ်းမှာပါ။ ကျွန်မပို့လိုက်မှာပေါ့။ သက်တမ်းရင့်ဝိုင်ကောင်းကောင်းရရင် ကျွန်မရှင့်ဆီ ပို့လိုက်ဦးမယ်။ ကျွန်မက ရှင့်ဆီဖုန်းမဆက်လို့လည်း စိတ်ထဲမှာ ဘာမှမဖြစ်စေချင်ဘူး။ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လွမ်းဆွတ်ပြီးနေရုံနဲ့ ဘဝဟာ ပိုကောင်းလာနိုင်ပါ့မလား။ ရှင်နဲ့တော့ ပြိုင်ပြီး ကျွန်မ မငြင်းချင်ဘူး။ ဒီနေ့ ကျွန်မတုံ့ပြန်ပုံထူးခြားတဲ့ဆဲလ်တစ်ခုကို တွေ့ရတယ်။ ရှင်သိရင် ဝမ်းသာနိုင်အောင် ပြောပြတာပါ။ ကျွန်မရဲ့ တွေ့ရှိချက်ဟာ ကင်ဆာရောဂါကိုကုသဖို့၊ ဒါမှမဟုတ် ဟန့်တားထားဖို့ ဆောင်ရွက်ချက်တွေမှာ အသုံးဝင်ကောင်း ဝင်နိုင်လိမ့်မယ်။ ကိုရုပ်ဆိုး ရှင်ကျွန်မနဲ့ဝေးကွာနေချိန်မှာ အစားထိုးဖို့ နောက်ထပ်တစ်စုံတစ်ယောက်လောက် တွေ့နိုင်အောင် မကြိုးစားနိုင်ဘူးလား။ အဲဒီဘက်မှာ ရှင်ညံ့တာ ကျွန်မသိတယ်။ လွမ်းတဲ့အကြောင်းတွေ ဖုန်းခဏခဏဆက်ပြီးမပြောနဲ့။ အထူးသဖြင့် ဒီနှစ်ဧပြီလထဲမှာ ကျွန်မလေ့လာတွေ့ရှိချက်တွေအတွက် ပိုပြီးအားစိုက်ရမှာဖြစ်တယ်။ ကျွန်မမွေးထားတဲ့ တစ်ရှူးတွေ ရှင်သန်နေကြတော့ ကျွန်မဝမ်းသာနေမိတယ်။ တွေ့ရှိချက်တိုင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်စေရဘူးသိလား။ ရှင်ကျွန်မကိုလွမ်းရင် ကျွန်မဝယ်ပေးထားခဲ့တဲ့ ဗြောက်အိုးတွေဖောက်ပါလို့ အကြံပေးချင်တယ်။ ဒါဆိုရှင်လည်း သက်တောင့်သက်သာရှိမယ်။ ကျွန်မလည်း ဝမ်းသာရမယ်လေ။
နေမျိုး၊ မြည်နေတဲ့ထရမ်းပတ် (ဝတ္ထုတိုငယ်စု)၊ ပထမအကြိမ်၊ ဇန်နဝါရီလ၊ ၂၀၀၆ မှ
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 6:00 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, မာရေးသျှင် ဝေမျှခြင်း အနုပညာ
Sunday, March 7, 2010
သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့  - “တုံ့မယူလို”
“အကုသိုလ်သမားတွေဟာ ပင်ကိုသဘာဝအရ ကောက်ကျစ်စဉ်းလဲနေကြတာမဟုတ်ပါဘူး။ သူတို့ရဲ့ မသိနားမလည်မှု အဝိဇ္ဇာကြောင့်သာ သူတို့ခမျာ မကောင်းမှုတွေ လုပ်နေကြတာပါ။” လို့ ဗုဒ္ဓမြတ်စွာက မိန့်မှာခဲ့ပါတယ်။
ဒါကြောင့် သူတို့ခမျာ သွန်သင်လမ်းပြသြဝါဒ လိုအပ်လှပါတယ်။
သူတစ်ပါးကို မုန်းတီးတယ်ဆိုတာ ကိုယ့်ကိုလွှမ်းမိုးဖို့ အခွင့်အာဏာ သူ့တို့ကို အပ်နှင်းလိုက်တာပါပဲ။ ကိုယ့်ကို ဒုက္ခရောက်စေတဲ့သူတွေကို မမုန်းတီးတာ၊ မဖိနှိပ်တာဟာ လူကြီးလူကောင်းပါ။ သူတို့ခမျာ အမျက်ဒေါသ အာဃာဒတွေ၊ မနာလို မုန်းထားမှုတွေ၊ မသိနားမလည်မှုတွေရဲ့ လမ်းမှားဆီခေါ်ဆောင်ခြင်းဒဏ် ခံနေကြရရှာပါလားလို့ နားလည်သဘောက်ပေါက်ဖို့ရာ အရေးပါပါတယ်။ ဒါကြောင့် (တစ်ချိန်မဟုတ် တစ်ချိန်ချိန်မှာ အဲဒီလို စိတ်ပျော့စိတ်ညံ့ စိတ်ယုတ်စိတ်ပုပ်တွေရဲ့ ဦးဆောင်ရာနောက် တကောက်ကောက် လိုက်ခဲ့ဖူးတဲ့) တစ်ခြားတစ်ပါးသော ပုထုဇဉ်လူသားတွေနဲ့ အဲဒီလူတွေဟာ တကယ်တော့ ဘာမှ မကွာပါဘူး။
သူတို့ကို ဆဲရေးတိုင်းထွာ ကျိန်စာတိုက်ဖို့ဆိုတာ မသင့်လှပါဘူး။ အဲဒီလိုလူတွေ အမြဲတစေ ဒုက္ခပယ်လယ်ဝေနေကြပါစေလို့ ပြောခြင်းဟာ ကိုယ်ကိုယ်တိုင်ရဲ့ တရားမျှတမှုကင်းမဲ့ခြင်းပါပဲ။ ဘာလို့လဲဆိုတော့ကာ သူတို့ကို ပြုပြင်ဖို့ရာ ဘယ်တော့မှ၊ ဘယ်တော့မှ နောက်မကျသေးလို့ပါ။
ဒီလို သဘောပေါက် နားလည်မှုနှင့်သာ အကုသိုလ်သမားတွေကို ရောဂါဝေဒနာခံစားနေကြရှာတဲ့ ပြုစုကုသမှုလိုအပ်နေကြရှာတဲ့ လူမမာတွေပမာ ပြုမူဆက်ဆံနိုင်မှာပါ။ ရောဂါပျောက်သွားတဲ့အခါ အဲဒီလူနာအဝင်အပါ အများဝေနေယျာ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြရမှာပါ။ မသိနားမလည်မှုအဝိဇ္ဇာကို အသိဉာဏ်ပညာဝိဇ္ဇာနဲ့ ပြုပြင်သွန်သင်ရမှာပါ။ “နေပျော်တဲ့ဘဝဆိုတာ ချစ်ခြင်းမေတ္တာက ခုတ်မောင်းကာ အသိဉာဏ်ပညာက ပဲ့ကိုင်တာပါ။”
တကယ်လို့ တစ်စုံတစ်ယောက်က နားလည်မှုလွဲမှားလို့ပဲဖြစ်စေ၊ လုံးလုံး မသိနားမလည်လို့ပဲဖြစ်စေ အမှားအယွင်းတစ်စုံတစ်ရာ ကိုယ့်အပေါ်ပြုမူလာပြီဆိုရင် ဒါဟာ အဲဒီအကုသိုလ်သမားကို မေတ္တာပွားဖို့ရာ အချိန်အခါပါ။ တစ်နေ့နေ့မှာ အဲဒီမကောင်းမှုကို မကောင်းမှုမှန်း သဘောပေါက်နားလည်ပြီး အကုသိုလ်အပြစ်ကွယ်ကာ ကုသိုလ်အမြစ်တွယ်လာမှာပါ။ သူ့ကို ကောင်းမွန်လာဖို့ အခွင့်အရေးပေးလိုက်တာဟာ မြတ်သောမင်္ဂလာပါ။
“နားလည်သဘောပေါက်မှုခေါင်းပါးတဲ့ အကုသိုလ်သမားတွေအတွက် စာနာထောက်ထား ကိုယ်ချင်းစာတရား ပေါများရပါမယ်။”
(Dr. K Sri Dhammananda ၏ “Forgive and Forget” ဆောင်းပါးမှ ထုတ်နုတ်ပြီး “Notes for Saddha San to Read” အဖြစ် အခြားတစ်နေရာတွင် အင်္ဂလိပ်လို မျှဝေခဲ့သည်ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆိုမျှဝေခြင်းဖြစ်ပါသည်။)
မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 2:04 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ 
Tuesday, March 2, 2010
သတင်းနှင့် အတွေးအမြင် ... .. .
၁၉၄၆ ခုနှစ်၊ ဖဆပလမှ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပြီးခါစလောက်ကဖြစ်သည်။
ပြည်သူ့ရဲဘော်အဖွဲ့မှ ကွန်မြူနစ်လိုလားသောတပ်နီများ ခွဲထွက်သွားရာ၊ အောက်ခြေရဲဘော်ချင်း ပဋိပက္ခတွေရှိလာသည်။ အချို့နေရာများတွင် လက်နက်ကိုင် အချင်းများရသည်များပင် ရှိသည်။
ဤတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ညီညွတ်ရေးတရားဟောခဲ့ရသည်။
တစ်နေ့ ပြည်သူ့ရဲဘော်ခေါင်းဆောင် ဗိုလ်ထွန်းလင်း ဗိုလ်ချုပ်အိမ်လာပြီး၊ အောက်ခြေတပ်နီများ အကြောင်းလာတိုင်ရာ၊ ဗိုလ်ချုပ်က “မီးလောင်ရာလေမပင့်နဲ့” ဟု ငေါက်သည်။
ဤအခိုက်မှာပင် သခင်သန်းထွန်းရောက်လာတော့၊ ဗိုလ်ချုပ်က ချက်ချင်းခါးတောင်းကျိုက်ကာ ၊ ယခုလို ရယ်ရယ်မောမောပြောလေသည်ဟူ၏။ “ကိုင်း ကိုသန်းထွန်းရေ ခင်များနဲ့ကျုပ်နဲ့ နပန်းလုံးဖို့ပဲ ကျန်တော့တယ် ...”။
(အကယ်၍ ဗိုလ်ချုပ်သာ မကျဆုံးခဲ့လျှင် ...)
**ဒီမိုကရေစီ၏အလှတစ်ပါး ၊ EDITOR'S SKETCH. THE WAVES MAGAZINE. 1/10. FEBRUARY. 2010 မှ ထုတ်နုတ်ကူးယူပါသည်။