Sunday, July 13, 2008

E-Journal, Me and Contributors.


ကျွန်တော်၊ E-Journal နှင့် ဝိုင်းတော်သားများ။

ဒီရက်ပိုင်း ဘလော့ဂ်မှာ ပိုစ့်အသစ်တင်ချင်တာ၊ ခေါင်းထဲမှာကလည်း ဘာမှရှိမနေတော့ ဘယ်နားက အစဆွဲထုတ်ရမယ်ကို စဉ်းစားမရဖြစ်နေတယ်။ ဒါနဲ့ နောက်ဆုံးတော့ ကိုယ့်အကြောင်းကိုယ် ပြောတာ ကောင်းမယ်စဉ်းစားလိုက်တယ်။ တစ်ခါမှလည်း ကိုယ့်အကြောင်းကို မပြောဖူးသေးဘူးကိုး။ ကဲ.. ဘာမှမဟုတ်လည်း အပျင်းပြေတော့ ဖတ်သွားဗျာ။ အလည်လာသူတွေကို တတ်နိုင်တဲ့ ဘက်ကနေ စိတ်အဆာပြေစေချင်တာပါပဲ။



ကျွန်တော့်အကြောင်း ပြောမယ်ဆိုတော့ ဘာမှ ထူးခြားမှုကမရှိ။ ပတ်ဝန်းကျင်ကလူတွေ၊ နောင်လာနောက်သားတွေ မှတ်သားလောက်စရာလည်း ရှိမှမရှိပဲကိုး။ ပြောမယ်ပြောထားပြီး မပြောပြန်လည်း မကောင်းဘူး။ ဒီလိုဗျ။ မြန်မာပြည် အလည်ပိုင်းက ဖားပေါတဲ့မြို့ပေါ့။ တစ်ကယ်ပေါလားတော့ ဖားရိုက်မထွက်ဖူးလို့ မသိပါဘူး။ ဒါပေမဲ့ မြန်မာကလေးငယ် အတော်များများကတော့ “မိတ္ထီလာကန်တော် အောက်က ဖားကောက်ခဲ့ပါ”ဆိုတဲ့ သားချော့တေးကို ရင်းနှီးနေကြမှာ အမှန်ပဲ။ ဒီဒေသမှာမွေး ဒီဒေသမှာပဲ ကြီးပြင်းခဲ့တဲ့ကောင်ပေါ့။ နောက်တော့လည်း ရန်ကုန်မြို့မှာ ဘဝတက်လမ်းအတွက် သွားပြီးရင်းနှီးမြုပ်နှံတယ်။ အခုတော့လည်း အဲဒီအရင်းအနှီးတွေနဲ့ အသက်ဆက်နေတာ မချောင်မလည်ပါပဲဗျာ။

ငယ်စဉ်ကတည်းက စာဖတ်တာ ဝါသနာပါတယ်။ ကလေးကတည်းက ကာတွန်းတွေ ဖတ်တယ်။ နောက်နည်းနည်းကြီးလာတော့ သိုင်းလောကမှာ ကျင်လည်တယ်။ နောက်ပိုင်းနားကျတော့ ဘာသာပြန်တွေနဲ့ မင်းသိင်္ခကို စွဲလမ်းလာပါရော။ အဲဒီအချိန်မှာပဲ အိမ်ကလူတွေက မျက်စိရှုပ်လာတယ်ထင်ပါတယ်။ အိမ်က အကိုတွေရဲ့ စာအုပ်စင်ကို မွှေခွင့်ပေးလိုက်တော့တယ်။ အရင်ကဆို သူတို့ငှားဖတ်တဲ့ မဂ္ဂဇင်းလောက်ပဲ ယူဖတ်ခွင့်ရတာကိုး။ အဲဒီလောက်ကတည်းက နွေကျောင်းပိတ်ရက်ဆို နေ့လည်ခင်းတွေက အလိုလိုစာဖတ်ချိန်တွေ ဖြစ်လာတော့တာပဲ။ နေပူလို့ နေ့လည်ဆို အပြင်မထွက်ရဘူးလို့ ပြောထားတာကိုး။ ဒါပေမဲ့ ဖတ်ဖူးခဲ့တဲ့စာတွေ တန်ဖိုးရှိမှန်းက နောက် ၁၀-နှစ်လောက်ရှိမှ နားလည်တာပါ။ ဉာဏ်ကလည်းမကောင်းသူဆိုတော့ သိပ်မမှတ်မိတော့ဘူးလေ။ ဒါနဲ့ပဲ ဇော်ကန့်လန့်ဖြစ်လာတာ။ ဟိုဟာဆို သိနေသလိုလို၊ ဒါလေးက ဖတ်ဖူးသလိုလိုပေါ့။ ထားတော့ ဒါကစာဖတ်တာ ဝါသနာပါတယ်လို့ ပြောပြတာ။

အရေးအသားလား။ မမေးနဲ့။ စာရေး အရမ်းပျင်းပဲ။ မှတ်မိနေသေးတယ် တက္ကသိုလ်ဝင်တန်း နောက်ဆုံးစာမေးပွဲကျမှ စာစီစာကုံးကို စာမေးပွဲမှာ ဖြေဖူးတာ။ ဒါတောင် အမှတ်ရသလောက်ယူမှဆိုပြီး ကျမှာကြောက်လို့ ဇွတ်ရေးရေးလိုက်တာ။ အမှတ်လည်း ရမဲ့ပုံပေါ်ပါဘူး။ အရင်ကဆို စာစီစာကုံး လုံးဝမဖြေဘူး။ အဲဒီလိုကောင်ဗျ။ တစ်ခုတော့ရှိတယ် အဲဒီနောက်ပိုင်း ကောင်မလေးတွေကို နည်းနည်း ပိုးချင်ချင်ဖြစ်လာတော့ ဟိုချရေး၊ ဒီချရေးလေးတွေ လုပ်တတ်လာတယ်။ မပေးရဲတာနဲ့ မပေးဖြစ်တာတွေက များပါတယ်။ သူတို့လေးတွေ အရေးအသားကောင်းတွေကိုတော့ မဖတ်လိုက်ရတော့ဘူးပေါ့။ ဒါပေမဲ့ ပိုးကတော့ ထချင်ချင်ဖြစ်လာပြီ။ နောက်တော့ ပေးရလည်းရေး၊ မပေးရလည်းရေးနဲ့ အဲဒီဖက်မှာ အတော်ရေးတတ်လာတယ်။ ဒါပေမဲ့ အနုအရွတွေ၊ မိန်းကလေးကြိုက်တွေ မပါဘူးထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်တိုင်လည်း အခုထိ တစ်ယောက်မှ အဆင်မပြေဖူးသေးဘူး။ ရှဲထိုးရေးပေးရတဲ့ သူငယ်ချင်းတွေလည်း ကိုယ့်ကြောင့် အဆင်ပြေသွားတယ် ကြားမှ မကြားဖူးပဲကိုး။ (ခင်ဗျားတို့ ကိုတာတူးကိုလည်း ရှဲထိုးရေးပေးဖူးတာပေါ့ဗျာ။ အနေအထားတော့ သူ့သာမေးကြည့်ပေတော့။ ဟီး… ဖွလိုက်ပြီ ငတာတူးရေ။ ချိတ်ချိုးနဲ့။) ဒါပေမဲ့ အဲဒီအချိန်ကတည်းက အခွင့်ရရင်တော့လားကွာဆိုပြီး လက်ပြင်နေတာ။ ဟော… ဘလော့ဂ်ဂါ ဒေါ့ကွမ်းနဲ့တွေ့မှပဲ လုပ်ချင်တာ လုပ်ခွင့်ရှိတော့တယ်။ သူတို့သိသိ၊ မသိသိ ကျေးဇူးတော့ တင်လိုက်အုံးမယ်။ “ကျေးဇူး ဘလော့ဂ်ဂါရေ့။”

ဘလော့ဂ်ကို စသိတာက ၂၀၀၇ နှစ်စလောက်မှာထင်တယ်။ သူငယ်ချင်းတစ်ယောက်က သူရေးထားတာတွေဆိုပြီး လာလာပြတယ်။ ဟ.. ဒီကောင်ဘယ်ဆိုးလဲဟ။ အင်တာနက်ကြီးပေါ်မှာတောင် စာရေးနေပြီပေါ့။ သူကလည်း ကိုယ်လိုပဲ စာဖတ်၊ စာရေးဝါသနာပါသူကိုး။ ဒါနဲ့ အားကျကြောင်းပြောတော့ ဟား..ဟား.. ကိုယ်တိုင်လုပ်လို့ ရတယ်တဲ့။ ရော့ဒီမှာလုပ်ဆိုပြီး ဘလော့ဂ်ဂါ ဒေါ့ကွမ်းနဲ့ မိတ်ဆက်ပေးပါရောလား။ ဟိုလုပ်ဒီလုပ်နဲ့ မြန်မာလိုပေါ်အောင်ကို မလုပ်တတ်တော့ ဒီသူငယ်ချင်းပဲ ပြန်အပူကပ်ရတာပေါ့။ သူလည်း လုပ်ပေးရှာပါတယ်။ နောက်တော့ စိတ်ရှုပ်လို့ထင်ပ သူ့ဘလော့ဂ်ကို ခေါ်လိုက်တယ်။ ဘယ်လောက်တုန်းလဲဆို အဲဒီလင့်ခ်နောက်ကို လိုက်ရမှန်းကိုမသိတာ။ ထားတော့ ဒီလိုနဲ့ပဲ ကိုယ်ပိုင်ဘလော့ဂ်တစ်ခု စဖြစ်ခဲ့တယ်။ တစ်ကယ်ရေးဟ ဆိုတော့လည်း ဘာရေးရမှန်းမသိတော့ဘူး။ ကိုယ့်အနေအထားကို ကိုယ်လည်းနားလည် လာတာပေါ့။ စိတ်ဓါတ်မကျပဲ ဆက်လုပ်နေလိုက်တာ မဆိုးဘူးဖြစ်လာတယ်။ ဘလော့ဂ်လောကမှာ လည်းနည်းနည်း ကျင်လည်လာတယ်ပေါ့ဗျာ။ ဒါပေမဲ့ ဖြစ်ချင်တော့လည်း ဒီလိုပဲ။ အဲဒီဘလော့ဂ်ကို ဖျက်လိုက်ရတယ်။ (တစ်ကယ်က ပျက်သွားတာဗျ။ သိပ်လည်းမရှင်းပါဘူး။) နောက်ပြီး မဒီကလည်း (ကိုယ်က ကြိုက်နေရသူပါ။) ဘလော့ဂ်လုပ်တာ မကြိုက်ဘူးတဲ့လေ။

ဒါပေမဲ့ မရတော့ဘူး။ ပိုးကဝင်နေပြီ။ ရပ်မရတော့ဘူး။ ဒါနဲ့ပဲ Google Account တစ်ခုထပ်လုပ်။ ဘလော့ဂ်တစ်ခု ထပ်ပြီး ဖန်တီးတော့တာ။ လူသိမခံချင်ဘူးဆိုတော့ ပေးထားတဲ့အမည်ကိုက Verboten ဆိုတာ တားမြစ်ထားတဲ့အရာ၊ အခွင့်မရှိတဲ့အရာ။ အဲဒီလိုမျိုး အမည်ကို ရွေးမိတယ်။ တစ်ခါတည်း ကြေငြာလိုက်အုံးမယ် (ဆက်သွယ်လို့ရအောင်) အခုဘလော့ဂ်လုပ်ထားတဲ့ မေးလ်ဆိုရင်လည်း taboo4me@gmail.com လို့ ရွေးခဲ့တာ။ စောစောကလို အဓိပ္ပါယ်မျိုးပဲပေါ့ဗျာ။ ဒီတစ်ခါလည်း လုပ်သာလုပ်ရတာပါ နည်းပညာပိုင်းကတော့ စောစောတုန်းက သူငယ်ချင်းကပဲ တာဝန်ယူပြီး အကုန်လုပ်ပေးထားတာ။ ကိုယ်တိုင်က ဘာမှသိဘူး။ အော်.. အဲဒီသူငယ်ချင်းက E-Journal ကို ဝင်ရောက်အားပေးနေတဲ့ ကိုကေဇက်ပဲပေါ့။ ဒီတစ်ခါ ဘလော့ဂ်လုပ်တော့ နည်းနည်းတော့ လိုချင်တာတွေက များလာတယ်။ ဒါနဲ့ပဲ ကိုယ်ပိုင်ပုံစံ မလုပ်ဘဲ ဂျာနယ်လေးတစ်ခုလို လုပ်လိုက်တာ။ ဖတ်စရာ၊ မှတ်စရာလေးတွေ ပေးမဲ့ ဂျာနယ်ပေါ့ဗျာ။ (ဟဲ..ဟဲ ရည်ရွယ်ရင်းကတော့ အဲဒီလို။ ဒါပေမဲ့ ခပ်ပါးပါးပဲ လုပ်နိုင်သေးတယ်။)

စလုပ်လိုက်ကတည်းက ကိုယ်တစ်ယောက်တည်းဆို မနိုင်လောက်ဘူး တွက်ထားပြီးသားလေ။ အင်တာနက် ဆင်းရဲတာလည်းပါတယ်။ စာရေးနည်းတာလည်း ကိုယ့်အခြေအနေကို ကိုယ်သိနေတော့ အဝန်းအဝိုင်းလေးတစ်ခုဖွဲ့ပြီး လုပ်မယ်လို့ စဉ်းစားထားတာ။ ဒါတောင် ကိုယ့်အပေါင်းအသင်းတွေက မအားတာတွေ၊ ဒီဘက်ကို မလှည့်နိုင်တာတွေနဲ့ E-journal လေးက ပိုစ့်အသစ်ကို မနည်းမျှော်မျှော်နေရတယ်။ ပြောအုံးမယ်။ အခု ပါဝင်အားဖြည့် ရေးသားနေသူတွေ အကြောင်းကို။

E-Journal စလုပ်တော့ နည်းပညာပိုင်းဆရာ ကိုကေဇက်ကို တစ်ခါတည်း ခေါ်လိုက်တော့တာ။ လာပါ။ ဒီမှာလည်းရေးပါပေါ့။ သူကလည်းရေးရှာပါတယ်။ ဟိုဟိုဒီဒီလေးတွေ။ စကတည်းကတော့ အားပေးသွားတယ်။ နာမည်ကလည်း “အီး ဂျာနယ်”တဲ့ဆိုပြီး။ ထားတော့။ သူကလည်း တခြားဘက်မှာ ပျော်နေတဲ့ (ပျော်လည်း ပျော်ချင်စရာ ကောင်းတဲ့) ဘလော့ဂ်က ရှိနေတော့ ဒီဘက်ကို အားမထည့်အားပါဘူး။ တစ်ခါတလေများ မေ့နေလားလို့ သွားပြောယူရတယ်။ သူကလည်းပြောရှာသား “ဧည့်လဲ မရှိဘူး။ ပျင်းစရာ”တဲ့။ သူကတော့ တစ်ကယ့်ကို စာပေတွေ ကဗျာတွေကို စိတ်ဝင်စားသူပါ။ စာရေးလည်းကောင်းပါတယ်။ စိတ်ဝင်စားအောင် ရေးတတ်တယ်။ အဲ.. တစ်ခုပဲ။ ဟိုမှာပျော်၍ ဒီမှာမပျော်သူ၊ လုပ်နေတော့ ဒီဂျာနယ်လေးက အားငယ်နေရတာပေါ့။ (နည်းနည်းတော့ ဖွလိုက်ပြီနော်။ :P)

ကိုကေဇက်နဲ့ ကျွန်တော် ဒီလိုပဲ မင်းရေးအုံး၊ ငါရေးအုံး လုနေချိန်မှာ။ သကောင့်သားတစ်ယောက်ကို သတိရတယ်။ ကိုရင်တာတူးပေါ့။ တကယ်က ဒီဘလော့ဂ်လေး စလုပ်နေကတည်းက သူလည်းပါတယ်။ သူ့ကိုလည်း ဒီလိုပဲ အကူအညီတောင်းရတာပေါ့။ လာပါ။ ရေးပါ။ တို့တွေ စာတွေရေးကြတာပေါ့။ ပြောသာပြောရတာ သိပ်မခေါ်လိုက်ရဘူး။ သူကလည်း စာရေးချင်နေတာကိုး။ ဒါနဲ့ပဲ မြန်မြန်သဘောတူပြီး ဒီမှာရေးတော့တာ။ ညွှန်းလိုက်အုံးမယ် သူက အနုအရွ သိပ်ရတဲ့ကောင်ဗျ။ အမြင်လည်းစူးရှတယ်။ စာရေးချင်နေတာ လက်ကိုယားလို့ ဆိုသူမျိုးလေ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူအသည်းကွဲနေသရောင်ရောင် အချိန်ကလည်းဖြစ် (ချစ်ရတဲ့သူနဲ့ ဝေးနေလို့)၊ အလုပ်တွေကလည်းများဆိုတော့ လာတော့ ဖတ်ရှာသား။ ရေးဖို့ပြောလိုက်တိုင်းတော့ “အေး။ ငါအကြမ်းတော့ လုပ်ထားတယ်” ပြောပြောနေတာပဲ။ သူ့အကြမ်းက BE လား၊ တောလားတော့ ပြောတတ်ပါဘူး။ အလုပ်ရှုပ်နေတယ် ပြောတော့လည်း ဇွတ်မပြောရက်ဘူး။ တော်ကြာ မင်းကထမင်းကျွေးထားမလားဆိုပြီး အိမ်ပေါ်တက်လာမှာ ကြောက်လို့။

ဒီလိုပဲ သူ့ကိုမကြာခဏ အပူကပ်လို့ ထင်ပါတယ်။ သူကလည်းနောက်တစ်ယောက် ခေါ်လာပေးတယ်။ ကိုနယုန်မိုးပေါ့။ ကိုနယုန်မိုးကို ကျွန်တော်က သိပ်မသိပါဘူး။ ကိုတာတူးနဲ့မှ သူငယ်ချင်းတွေပါ။ ကျွန်တော်နဲ့ကျတော့ ဂျာနယ်လေးရဲ့ စာမျက်နှာပေါ်ကနေပဲ ခင်ရတာပါ။ သူကလည်း စာရေးကောင်းသူ၊ စိတ်ဓါတ်ပြင်းထန်သူပါပဲ။ ဒါပေမဲ့ နောက်ပိုင်းတွေမှာတော့ ငြိမ်နေတာများပါတယ်။ သူ့ကိုတော့ သိပ်အပူမကပ်မိပါဘူး။ ကိုယ်ကလည်း သူ့အနေအထားကို သေချာမှ မသိတာကိုး။ ဒါပေမဲ့ မကြာခဏတော့ မျှော်မိတာပေါ့။ ဖတ်ကောင်းမဲ့ စာလေးတွေများ ထွက်လာမလားလို့လေ။

နောက်တစ်ယောက် ရှိသေးတယ်။ သူကလည်း ကိုတာတူးပဲ ဆွဲခေါ်လာတာ။ သွားချင်ရာသွားနေပြီး အခုမှ အိမ်လွမ်းတယ်လေး ဘာလေးလုပ်နေတဲ့ အိမ်လွမ်းသူ(မှန်နီကုန်း)ပေါ့။ သူ့ကိုကတော့ ကောင်းကောင်းသိတယ်လေ။ စာအရေးအသားကို အခုမှ တွေ့ဘူးပေမဲ့ ခေသူမဟုတ်လောက်ဘူးလို့ တွေးထားပြီးသား။ ဘာလို့လည်းဆိုတော့ စကားပြော အရမ်းကောင်းတဲ့ သူကိုး။ စကားပြော ကောင်းချက်တွေကတော့ ပြောမဆုံးပေါင်တွေပေါ့။ ဒါပေမဲ့ သူကလည်း ကိုတာတူးလိုပဲ၊ အလုပ်ရှုပ်သူဆိုတော့ သိပ်မပြောရဲဘူး။ ဖတ်စရာလေးတွေ ဘယ်တော့လာမလဲဆိုတာလောက်ပဲ မျှော်ရဲတာ။ တော်ကြာ ဖေဖေနဲ့မေမေဆီခေါ်ဖို့ ဖုန်းဖိုးမရှိရင် မင်းကပေးမှာလားမေးနေရင် အခက်လေ။ ပြောသာပြောတာပါ။ ဖုန်းကလည်း ကောင်မလေးဆီပဲ ခေါ်နေတာထင်ပ။ ( :P )

ဒီလိုနဲ့ ဝိုင်းတော်သားတွေ စုမိနေတုန်းမှာပဲ။ နောက်တစ်ယောက် ထပ်ရောက်လာတယ်လေ။ သူကတော့ ကိုအိမ်လွမ်းသူကြီး ခေါ်လာတာတဲ့။ လူချင်းကတော့ မသိပါဘူး။ အရေးအသားတွေက ဖတ်ချင်စရာကောင်းအောင် အမြဲဆွဲဆောင်နေတတ်တဲ့ ကိုမာရေးသျှင်ပေါ့။ သူကတော့ ရောက်လာကတည်းက ဝိုင်းတော်သားတွေထဲမှာ လက်အသွက်ဆုံးပေါ့။ အမြဲတန်းနီးပါး အသစ်သစ်လေးတွေ လုပ်ပေးနေတတ်တယ်။ တာဝန်အကျေဆုံးလို့ပဲ ပြောရမယ် လုပ်နေမှ စာမေးပွဲရှိလို့တဲ့ နားသွားတယ်။ တစ်လလောက် ပျောက်နေအုံးမတဲ့။ အင်း စာမေးပွဲရက်တွေမှာလည်း အလည်လာရင်း နည်းနည်းလုပ်ပေါ့လို့ပြောရင် မင်းဝင်ဖြေပေးမှာလားဆိုမှလည်း အခက်ဗျ။

ဒီလိုတွေ လူစည်ကားနေတုန်းမှာ ကျွန်တော်က တို့ဆီမှာ အမျိုးသမီး ကလောင်ရှင်လေးပါရင် ဆွဲဆောင်မှု ပိုလာမယ်ထင်တယ်ဟ။ ရှာပါအုံးဆိုတော့ ကိုရင်တာတူးကပဲ တစ်ယောက်သော အမျိုးသမီး ကလောင်ရှင်ကို ခေါ်လာပေးတယ်။ ဟေ့၊ ဟေ့… လှလားလို့ မေးဖို့ မကြံနဲ့အုံး။ ကျွန်တော်ကို မမြင်ဘူးသေးဘူး။ သူလေးကတော့ ဘဝမှာ အမှတ်အသားလေးတွေ အမြဲထားတတ်သူလား မသိ။ နာမည်လေးကိုက Asterisk တဲ့။ သူ့ကိုလည်း သေချာမသိ။ တစ်ခါက ဂျီတော့မှာ ဆုံတုန်း စပ်စုလိုက်တာ သူ့အကြောင်းပြောရမယ်ဆို မရေးတော့ဘူးပြောလို့ နှုတ်ပိတ်နေလိုက်ရတယ်။ သူလေးလည်း အရေးကောင်းသူပါ။ အဲ.. နည်းနည်းတော့ သူလည်း အလုပ်ရှုပ်သူထင်ပ။ ပျောက်ပျောက်နေတတ်တယ်။ ကိုယ်တွေကတော့ မျှော်ရတာပေါ့နော်။ ထူးထူးခြားခြားလည်း သူတစ်ယောက်ရှိတာကိုး။ ဒါမှလည်း အလည်လာတဲ့ ကိုကိုတွေကို ပြုံးပျော်စေမှာလေ။

ဟဲ..ဟဲ နောက်ဆုံးရောက်လာတဲ့ ဝိုင်းတော်သားကျန်နေတယ်။ အစကတည်းက ကျွန်တော်သတိထားမိတယ်။ ပုံမှန်လေး လုပ်နိုင်မဲ့ ဝိုင်းတော်သားတော့ ရှာအုံးမယ်ဆိုပြီး သူ့ကိုခေါ်လာတာ။ ကိုယ်တိုင် လူကဲခတ် ဒီလောက်ညံ့မှန်း သူလုပ်မှပေါ်တော့မယ်။ မရ ရအောင်ခေါ်လာပြီး ဇွတ်ရေးခိုင်းနေတာ။ ကြာပေါ့။ လှုပ်ကို မလှုပ်ဘူး။ တစ်ကယ်ပဲ။ ကိုယ်ကတော့ သူ့အားကိုးမလားပေါ့။ သူဆိုတာက ကိုအခြားပေါ့။ သူကလည်း စာဖတ်အားတော့ ကောင်းသူတစ်ယောက်ဗျ။ စကားလုံးတိုင်းကို အေးအေးလေးနဲ့ တွေးတွေးဆဆ ပြောတတ်သူပေါ့။ အခုထိတော့ ကျွန်တော်ပြောလွန်းလို့ ဂျာနယ်လေးကို နှုတ်ဆက်စကားပြောသွားလေရဲ့။ ချက်ချင်းကြီးတော့လည်း သူ့ကို အပူကပ်နေရတာ အားနာတယ်ဗျ။ သူက တစ်ကယ်ကို ဘလော့ဂ်လောကနဲ့ စိမ်းတဲ့သူ၊ ဇော်ဂျီလက်ကွက်တောင် အခုမှ စတွေ့တာလေ။ ဒါပေမဲ့ သူကလည်း စာတစ်ပုဒ်ရေးဖို့ဆိုရင် ဂိမ်းတစ်ပွဲနိုင်အောင် တိုက်ဖို့လောက်ကို စိတ်မပါဘူး လုပ်နေတယ်။ ကျုပ်တော့ မျက်နှာမလှ ဖြစ်ရချည်သေးရဲ့ဗျာ။ အခြားက အသစ်လေးဗျ။ (ဟီး..ဟီး) တကယ့် အသစ်လေးဆိုတော့ စာဖတ်သူတွေ ဝိုင်းဝန်းလို့ အားပေးလိုက်ကြပါအုံးနော်။

တလက်စတည်း ပြောအုံးမယ်။ အားပေးကြပါအုံးဆိုလို့ပါ။ ဟိုတလောက ဘလော့ဂ်တစ်ခုမှာ ဖတ်လိုက်ရတယ်။ ဘာတဲ့… ကွန်မန့်ဆိုတာ ဘလော့ဂ်ဂါတွေအတွက်တော့ စာမူခပါပဲတဲ့။ လင့်ခ်လေးကို မမှတ်မိလို့ဗျာ။ မှတ်မိရင် ပေးလိုက်ချင်သေးတာ။ သူပြောတာလည်း ဟုတ်တာကိုး။ အရင်က ကျွန်တော်ဆို စီဗောက်စ်မှာပဲ စာရေးတယ်။ သူများတွေဆီကို အလည်ရောက်ရင်လေ။ ကွန်မန့်ပေးရမှာကို လန့်နေတတ်တာ။ ဇာတ်ရှုပ်တတ်တဲ့ (ပြဿနာ ရှာတတ်တဲ့) စာသားတွေ ပါသွားမှာကို လန့်ပြီးတော့ပေါ့။ အခုတော့ ကျွန်တော်လည်း ကိုယ်ချင်းစာတတ်နေပါပြီ။ တတ်နိုင်သလောက် ကွန်မန့်တွေပေးတယ်။ ဟုတ်တယ်လေ။ သူငယ်ချင်းတစ်ယောက် ပြောသလိုပဲ။ ဘလော့ဂ်ရေးရတာ ပင်ပန်းတယ်ဗျာတဲ့။ ဒါပေမဲ့ ကိုယ်ကပျော်နေတာကိုးတဲ့။ ကျွန်တော်ထင်တယ် အဲဒီလို ပျော်နေဖို့ဆိုတာ ကိုယ့်စာလေးအတွက် မှတ်ချက်လေးတွေကို မြင်နေရမှ။ ဒီလိုမှ မဟုတ်လည်း အနည်းဆုံးတော့ စီဗောက်စ်မှာ အားပေးစကား၊ နှုတ်ဆက်စကားလေးတွေ မြင်နေရမှကိုး။ ဟုတ်ဘူးလား။

ဒီတော့ ကျွန်တော်တို့ E-Journal ဝိုင်းတော်သားလေးတွေ ပျော်နေအောင်၊ ဆက်လက် ဘလော့ဂ်ဂင်းနှိုင်အောင် အားပေးကြပါအုံးဗျာ။ စာစကားနဲ့ပြောရရင်တော့ စာမူခလေးတွေ ဝေမျှပါအုံးပေါ့။ ပြောသာပြောရတာ။ ကိုယ်ကလည်း တခြားစာမျက်နှာတွေကို အလည်သွား၊ နှုတ်ဆက်၊ မှတ်ချက်လေးတွေပေး။ ဒီလိုလုပ်နေမှကိုး။ သူတို့ဆီမှာ ဂျာနယ်လေးရဲ့ ခြေရာချန်ပြီး ဖိတ်ခေါ်ရမှာလေ။ ကျွန်တော်တို့ ဝိုင်းတော်သားတွေကလည်း ခပ်အေးအေးတွေများတော့ အိမ်လည်မထွက်ကြဘူးထင်ပ။ ဝိုင်းတော်သားတွေကလည်း အပြင်ထွက်လည်ကြအုံးနော်။ ဒီနေရာမှာတော့ ကိုတာတူးက တာဝန်ကျေသဗျ။ စီဘောက်စ်မှာ တွေ့လိုက်ရင် သူ့မိတ်ဆွေတွေပဲ လာလာနှုတ်ဆက်တာ။ ပြောရရင် အိမ်ပြင်မထွက်တဲ့ အထဲမှာ ကျွန်တော်လည်းပါနေတယ်။ ကဲဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ ဆက်လက်ချီတက်ဖို့ စိတ်ပြင်းထန်နေတုန်းပဲဗျာ။
မပျင်းမရိ အပြီးထိဖတ်ပေးသွားလို့ ကျေးဇူးဗျာ။ ခြေရာချန်ခဲ့၊ လိုက်လည်မယ်။
မှတ်ချက်။...။
  • ကိုကေဇက်က ရှာပေးသွားလို့ ကွန်မန့်ဆိုတာ ဘလော့ဂ်ဂါတွေအတွက်တော့ စာမူခဆိုတဲ့ ပိုစ့်လေးကို လင့်ခ်ပေးလိုက်တယ်။
  • သူငယ်ချင်းတစ်ယောက်ကလည်း တစ်ဦးတည်းသော အမျိုးသမီး ကလောင်ရှင်ကို စိတ်မဆိုးဖို့ တောင်းပန်ပါတဲ့။ စိတ်မဆိုးပါနဲ့ မယ်ရေ။ အပျော်အဖြစ် နောက်ပြောင် လိုက်တာပါပဲ။

သုခမိန်။…..။

11 comments:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

နားလည်ပေးပါ ပရိတ်သတ်ကြီးရယ် ကျနော် အဲလောက်ချစ်တာကို . . . အဲ မှားလို့ . . . ကျနော် အဲလောက် အလုပ်များတာကို မရမက ခေါ်နှိပ်စက်ထားတယ်ဂျ . . . စာမူခတွေ ပေးပါ ပေးပါ . . . :D

ကေဇက် said...

http://taungoo.blogspot.com/2008/07/comment.html

ကိုသု...
ဟဲဟဲ
ဒီလည်း ချစ်တာပါပဲဗျ လူနောက်ကြီး။
စောစောက စာမူခလင့်ပေးတာ။
အော်ဂနိုက်ဇာကြီးတစ်ယောက် ပျော်ရွှင်နိုင်ပါစေဗျာ။
း)

ဇနိ said...

တဖွဲ့သားလုံးအတွက် စာမူခတွေ အများကြီးထားခဲ့တယ်။
တယောက်တမျိုးနဲ့ စာအရေးအသားတွေက တကယ်ဖတ်လို့ကောင်းတယ်ဗျ။ ကွန်းမန့်က မရေးရဲလို့ လာချောင်းပြီး ပြန်ပြန်သွားတာ။ ကိုတားမြစ်ထားသောရေ ခင်ဗျားပို့စ်တွေက ဗဟုသုတတွေ တမျိုးမဟုတ်တမျိုး အမြဲရတယ်။ တားမြစ်ထားတဲ့မဒီလေးလည်း ခွင့်လွှတ်နိုင်မှာပါ။ ဒါကတော့ ခွင့်လွှတ်လာအောင် ခင်ဗျားအပေါ်မူတည်တယ်လေဗျာ။ ဘလော့ဂ်မှာ အရေးကောင်းသလို မဒီကိုလဲ ကောင်းကောင်းချော့ပေါ့။
စာမူခတွေ အများကြီးကို လုယူမနေနဲ့အုံးနော်။ နောင်လည်း ဆက်လက်အားပေးနေပါတယ်။
မဇနိ

ဖိုးသောကြာ said...

ရော့ စာမူခ။

ဆက်သာရေးကြ
စာမူခတွေက လာဦးမှာ။
ဒီဘလော့လေးကိုက ရောက်ဖြစ်ပါတယ်။

khin oo may said...

hi. nice presentation.

အိမ်လွမ်းသူ(မှန်နီကုန်း) said...

(နောက်တော့လည်း ရန်ကုန်မြို့မှာ ဘဝတက်လမ်းအတွက် သွားပြီးရင်းနှီးမြုပ်နှံတယ်။
အခုတော့လည်း အဲဒီအရင်းအနှီးတွေနဲ့ အသက်ဆက်နေတာ မချောင်မလည်ပါပဲဗျာ။....)
လုပ်ချလိုက်ပြန်ပြီ...။ "ကိုတားမြစ်" ကတော့ "တန်းပစ်" လိုက်တာပဲ နော်....။
ဒဲ့ ကိုမှန်တာပဲဗျို့....contributors တွေကို.....ဟားဟား။ ။

အခြား said...

ဟဟ ,,,, ဝက်ရူးပြန်မှာဆိုးလို့ ဒီညတော့ အိပ်ပြီ။ စာမူးခတော့ breakfast ကျမှ လက်တွေ့ကျကျ ယူတော့မယ် ။ ;D

ကိုရင်နော်ခင်လေးငယ် said...

E-Journal က နောင်တော်ကြီးတွေရဲ့ ရင့်ကျက်တဲ့ စာတွေကို ဖတ်ပြီး အမြဲတမ်း အားကျ အတုယူ လျှက်ပါ... post တိုင်း post တိုင်းကို ဖတ်ရတိုင်းလည်း တွေးစရာ တစ်ခုခု
ရတတ်တဲ့အတွက် အစဉ်အမြဲ လေးစားမိရကြောင်းပါ.....။

ခင်မင်တဲ့
(ကိုရင်နော်ခင်လေးငယ်)

ပန်းခရမ်းပြာ said...

အခုမှပဲ E-Journal နှင့် ဝိုင်းတော်သားများ အကြောင်းပြည့်ပြည့်စုံစုံ သိရတော့တယ်။ အမြဲ အားပေးနေပါတယ်။

မောင်မောင် said...

အယ် မှတ်ချက်ရေးပေးရတော့မယ်ဆိုတော့ လဲ
ဘာရေးရမှန်းမသိလို့ ရေးချင်ရာပဲ ရေးပေးခဲ့တော့မယ်။
ကျွန်တော် ကလဲ စာရေးချင်ရက် စက်စက်ယို လို့ ပြောရ
လောက်အောင်ရေးချင်တာပါ။
တကယ်တမ်းချရေးတော့ အမြီးမမောက်မတည့် 
လို့ လဲ ( ဖတ်မကောင်းတဲ့ စာသား) မျိုးတွေ နဲ့ ရေးဖြစ်သွားတာလေ။
ကျွန်တော်င်္ဆီနှာ VBT ရေးထားသလို ပဲ စာလုံးပေါင်းတွေ မှားနေတာ ပြင်ပေးချင်တယ်။ ခေါင်းစည်းဖြစ်နေလို့ လေ။ ခက်တာက ACDsee က ပြင်မရဘူး။ နောက်ပြီး Connection က မကောင်းတော့ အဲဒီ
စာသားတွေ က တော်တော် နဲ့ ကာယကံရှင်က မမြင်ရဘူးရယ်။
နောက်များမှာတော့ VBT ပြောသလိုပဲ ပျင်( ပြင်) ဖြစ်မယ်ထင်ပါတယ်။
ကျွန်တော် လဲ စိတ်ကူးမှာ ပေါ်တာ ရေးနေတာ မို့ လဲ အမှားရှိယင် ခွင့် လွှတ်ပါဗျာ။

တန်ခူး said...

ဒါဆို ကိုတားမြစ်ထားသောလဲ အညာသားပေါ့… ပျော်စရာဝိုင်းတော်သားတွေပေါ့နော်… ရေးအားကလဲကောင်းတော့ တကယ်အားကျမိတယ်… အားလုံးကလောင်စွမ်းကလဲထိပါ့… စိတ်ချ… စာမူခမှန်မှန်ပေးမယ်….