Tuesday, June 24, 2008

Television



“ရုပ်မြင်သံကြားဆိုတာ…….”

ဘာရယ်မဟုတ်ပါဘူး….။TV ကြည့်နေရင်း….ကျနော် ငယ်ငယ်တုန်းက ရုပ်မြင်သံကြား စပြီးကြည့်ဘူးတဲ့ အကြောင်းလေး အမှတ်ရလို့ ရေးမိတာပါ။ အဲ့ဒီ အချိန်တုန်းကဆို ကျနော့် အသက်က ရှိလှမှ ၅နှစ်လောက်ပဲရှိအုံးမယ်။ ကျနော့်အထက် တစ်ယောက်ခြား အစ်ကို ကတော့ ၉တန်းလောက်ရောက်နေပြီထင်တယ်။ နောက်ပြီး အထက်က အစ်ကိုက ၆တန်းလောက်ဖြစ်မယ်။ အဲ့ဒီတုန်းက ကျနော်တို့မြို့ တစ်မြို့လုံးမှာ ရှားရှားပါးပါး ရုပ်မြင်သံကြားဆိုလို့ စစ်မှုထမ်းဟောင်းရုံးထဲက ၁၂လက်မ (အဖြူ/အမဲ) တီဗွီလေးတစ်လုံးပဲ ရှိတာလေ။ စစ်မှုထမ်းဟောင်းရုံးဆိုတာကလဲ ကျနော်တို့ ရွာနဲ့ ၂မိုင်နီးနီးလောက် ဝေးတယ်ဗျ။ နောက်ပြီး ကျနော်မှတ်မိသလောက် ဆိုရင် TVဆိုတဲ့ အသုံးအနှုန်းတောင် မသုံးသေးဘူး။ ရုပ်မြင်သံကြားစက်လို့ပဲ ခေါ်ကြတာလေ။ အဲ့ဒါတောင်( လူကြီး )တမတ် (ကလေး) ဆယ်ပြားပေးရတာဗျ။




တစ်နေ့မှာ ကျနော် အိမ်က ရေတွင်းနားမှာ ကစားနေတုန်း ကျနော့်အထက်က အစ်ကိုနှစ်ယောက် နွားရေ(နွားသောက်ရေး) ခပ်ကြရင်း တိုးတိုး တိုးတိုးနဲ့ ဒီကနေ့ည ရုပ်မြင်သံကြားသွားကြည့်ဖို့ အမေ့ကို ပြောရအောင်ဆိုပြီး တိုင်ပင်နေကြတာလေ။ ကျနော် လည်း တော်တော်လေး စိတ်ဝင်စားသွားတာပေါ့ .။ အဲ့ဒါနဲ့ ကျနော်က “ငါရော လိုက်ခဲ့မယ်လည်း ဆိုလိုက်ရော” နှစ်ယောက်သား သူတို့ အစီအစဉ် ကျနော်သိရကောင်းလားဆိုပြီး ဒေါသထွက်နေလိုက်ကြတာဗျာ..။“မင်းက နေရာတကာ ဘာဖြစ်လို့လိုက်ချင်ရတာတုန်း…“ လို့တောင် ငေါက်လိုက်သေးတယ်။ သူတို့က ကျနော်နဲ့ ရုပ်ရှင်ကြည့် ၊ပွဲကြည့်၊ ညပိုင်း အပြင်သွားရမှာ သေမလောက်ကြောက်ကြတာလေ။ ကျနော်ကလဲ ကျနော်ပဲဗျ..။ အစ်မတွေ ရုပ်ရုင်ကြည့် ၊ပွဲကြည့် သွားတိုင်း မလိုက်ရရင်ဂျီကျတယ်။ လိုက်ရပြန်တော့ လဲ ဟိုလဲရောက်ရော ခဏနေရင် အိပ်တော့တာပဲ..။ အပြန်ရောက်ရင် ခေါ်လာတဲ့သူ ကတော့ ကုန်းပိုးပေတော့ဗျို့ ။ အဲ့ဒါကြောင့် အစ်ကိုတွေဆို ကျနော့် ကို တစ်ခါမှ အပြင်သွားရင် မခေါ်ဘူး။ ညနေပိုင်း အပြင်ထွက်တော့မယ်ဆိုရင် ကျနော့် ကို ပုန်းရှောင်ပြီးထွက်ကြတာ များတယ်..။ အစ်မတွေ ကတော့ အမြဲလိုလို ခေါ်ကြပါတယ်။ သူတို့ ကတော့ ဝမ်းကွဲ အစ်မတွေရော၊ အဒေါ်တွေရောဆိုတော့ အဖွဲ့တောင့်တာလဲ ပါမှာပေါ့။ အပြန်ရောက်ရင် ကျနော်ကို တလှည့်စီ ကုန်းပိုးခေါ်ကြတော့ သက်သာတာလဲ ပါမှာပေါ့လေ။
အဲ့ဒီနေ့ကတော့ ကျနော်လည်း ကြံရာမရတာနဲ့ အမေ ထမင်းချက်တဲ့အနားသွားပြီး သူတို့မပြောခင် ကြိုပြီးတော့ လိုက်ချင်ကြောင်း နားပူနားဆာ လုပ်တာပေါ့။ အစကတော့ အမေကလဲ “နင်က ဘာဖြစ်လို့လိုက်ချင်ရတာလဲ ဘာလည်းမဟုတ် ညာလည်းမဟုတ်နဲ့ ..လို့” ပြောပါသေးတယ်။ ဒါပေမဲ့ ကျနော်က မလိုက်ရရင်လဲ တအီအီနဲ့ ဂျီကျနေမှာဆိုးတာနဲ့…လိုက်သွား…. လိုက်သွား လို့ လဲ ပြောလိုက်ရော…ကျနော်မှာ ပျော်လိုက်တဲ့ ဖြစ်ခြင်းဗျာ။ ဟိုနှစ်ယောက် ကတော့ ဘာမှန်းမသိရသေးဘူး ကျနော်က တော့ တညနေလုံး မြူးနေတာပဲ။ မျက်နှာကလဲ စပ်ဖြီးဖြီး ဆိုတော့ ဒီကောင်တွေက ကျနော်ကိုသိပ်ပြီးတော့ မသင်္ကာကြဘူး။ သိပ်မကြာပါဘူး ညနေစာထမင်းလဲ စာပြီးရော ကျနော်က သူတို့ကိုစောင့်ရင်း အမေ့နား ပွတ်သီးပွတ်သတ်လုပ်နေတာပေါ့.။ နှစ်ယောက်သား အမေ့ဆီကို ရုပ်မြင်သံကြား သွားကြည့်ချင်ကြောင်းလည်း ပြောရော အမေက “ဒီကောင်လေးပါ ခေါ်သွားကြ..”လို့ လည်း ဆိုလိုက်ရော နှစ်ယောက်သား မျက်နှာကြီးတွေ စူပုတ်ပြီး ကျနော့် ကိုဘုကြည့် တောင်ကြည့် လိုက်သေးတယ်။ နောက်ပြီး “ဟာ…အမေ့သားက သူများတွေ နဲ့တူတာမဟုတ်ဘူး ဟိုရောက်ရင် ချက်ခြင်းတန်းအိပ်မှာ ၊ ပြန်ရင်လည်း နိုးရတာခက်သေး တယ်။ ခြေလျင်လည်း မလျှောက်ချင်ဘူး။ ကုန်းပိုးရမှာ…ဘာညာပေါ့”။ ကျနော်ကို ခေါ်ရမှာစိုး လို့ လေ။ ဒါပေမဲ့ သူတို့တတွေ ဘယ်လောက်ပဲ ထုချေလွှာတွေ တင်းသွင်းတင်သွင်း အမေ့ရဲ့ “ဒီကလေးကိုတောင် ခေါ်မသွားချင်ရင် နင်တို့လဲ မသွားကြနဲ့” ဆိုတဲ့ စကားနဲ့ပဲ ခဲလေသမျ သဲရေကျပေါ့ဗျာ။
သူတို့တတွေ ကတော့ တလမ်းလုံး တဗြစ်တောက်တောက်နဲ့ လိုက်လာရကောင်း မလားဆိုပြီး ပြောနေလိုက်ကြတာ….နောက်ပြီး “မင်းဟိုရောက်ရင်မအိပ်ရဘူးနော်..။ အပြန်ရောက်ရင်လဲ နိုးမရရင် ငါတို့က ပစ်ထားခဲ့မှာနော်..။ မင်းကိုဘယ်သူမှ ကုန်းလဲမပိုးဘူး” အစသဖြင့် သြဝါဒတွေ ချွေနေကြတာ.။ ကျနော်ကတော့ ဝတ်တရားကျေ အင်း လောက်သာ ပြန်ပြောပါတယ်။ သူတို့ပြောတာတွေလဲ နာထဲမရောက်ပါဘူး..။ အပြင်ကို လိုက်ခွင့်ရတာရယ်..၊ မမြင်ဘူးတာမြင်ရမယ်ဆိုတာ တွေးတွေးပြီး ပျော်နေတာပါ။ ပျော်လွန် လွန်းလို့ လမ်းတောင် ဖြောင့်ဖြောင့်မလျှောက်ဘူး တလမ်းလုံး ခုန်လိုက် ပေါက်လိုက်နဲ့ လိုက်လာခဲ့တာလေ.။ ရုပ်မြင်သံကြားစက်ဆိုတာ ရုပ်လည်းမြင်ရတယ်၊ အသံလည်းကြားရတယ် ဆိုတော့ ..ဘယ်လိုဟာကြီးပါလိမ့်ပေါ့….။တလမ်းလုံးတွေးလာခဲ့ တာ။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ လိုက်ခွင့်ရတာကိုပဲ ပျော်နေမိတာပါ။
အဲ ဟိုလဲ ရောက်ရော တွေ့ပါလေရော ..ဗျို့။ ရုပ်မြင်သံကြားစက်ဆိုလို့ အကြီးကြီးလို့ ထင်ထားခဲ့တာလေ..။ ဘယ်ကလာ ၁၂လက္မ ရုပ်မြင်သံကြားစက် ကလေး… စာပွဲလေး ပေါ်မှာ တင်ထားတယ်။ ဘေးနားမှာက ဘက်ထရီအိုးလေးက နှစ်လုံးနဲ့။ မှတ်မှတ်ရရ ပြောရရင် ကျနော် တို့ ရောက်တော့ သီချင်းအစီအစဉ် လွှင့်နေတာဗျ။ အမျိုးသမီး တေးသံရှင်ပဲ ဘယ်သူ၊ ဘယ်ဝါ၊ ဘာသီချင်းဆိုတယ်ဆိုတာတော့ ကျနော်မသိဘူး။ နောက်ပြီး ရှေ့မှာလူ၂၀လောက်ရှိမယ် ထင်တယ်။ ထိုင်ကြည့်နေကြတာ။ အမှန်တိုင်းပြော ရရင် ကျနော်က တခါမှ မမြင်ဘူးလို့ မြင်ဘူးချင်တာရယ်၊ အပြင်ကို ထွက်ခွင့်ရချင်တာရယ် ကြောင့်သာ လိုက်လာခဲ့တာ ။ ရုပ်မြင်သံကြားစက်ကို မြင်လိုက်ကတည်းက ဆိုင်းဝိုင်းတွေ၊ ဇတ်ပွဲတွေလောက် ကျနော့် စိတ်ကိုမဆွဲဆောင်နိုင်ဘူး။
အဲ..သိပ်မကြာလိုက်ပါဘူး သီချင်းနှစ်ပုဒ်လောက်လည်း ပြီးရော၊ ညပိုင်းသတင်းလွင့်တဲ့ အစီအစဉ်လည်း ရောက်ရော ..ကျနော့်ဇတ်လမ်းက စပြီလေ။ဟိုနှစ်ယောက်လဲ နောက်ကနေ ခါးတို့လိုက် ခေါင်းပုတ်လိုက်နဲ့ မအိပ်အောင် တတွတ်တွတ်ပြောပါသေးတယ်။ ဒါပေမဲ့ ကျနော် ကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ အစီစဉ်တွေလဲ ပြီးရော အစ်ကိုနှစ်ယောက်ခမျာ ပြဿနာ စတော့တာပါပဲ။ ကျနော့် ကိုတော်တော်နဲ့ နိုးလို့ကမရ၊ နိုးလို့ရပြန်တော့ အခြောက်တိုက်ကြီး ထငိုလို့ ငို၊ နောက်ပြီး နှစ်ယောက်သား လက်တစ်ယောက် တစ်ဘက်စီ ဆွဲပြီး ခေါ်လာတော့ လည်း လမ်းလျှောက်ရင်းအိပ်ငိုက်နေတော့ ခဏခဏ ခလုပ်တိုက်လဲတာလေ။ လဲလိုက်ပြန်ရင်း ထငိုလိုက်ရင်းပေါ့။ နောက်ပိုဆိုးတာက လမ်းမလျှောက်ချင်လို့ လမ်းလယ်ခေါင် ပယ်ပယ်ကြီးထိုင်ပြီး ဂျီကျလိုကျ ဆိုတော့ အစ်ကိုတွေမှာတော့ ကျနော့် ကို ဒေါသမီးပုံကျ နေတာလေ။ ချော့လိုက်ခြောက်လိုက် နဲ့ နောက်ပြီး လမ်းသွားလမ်းလာတွေ ကလဲ ဝိုင်းဝိုင်းကြည့် ကြလေ တော့ ရှက်တာလဲ ပါမှာပေါ့။ နောက်ဆုံး ဘယ်လိုမှ မရတဲ့ အဆုံး ညီအစ်ကိုနှစ်ယောက်သား “နောက်တစ်ခါ မင်းပါလို့ ကတော့ ဘယ်တော့မှ မသွားဘူး…….”အစသဖြင့် တဗြစ်တောက်တောက် ပြောရင်း …….တစ်ယောက်တလှည့် ကုန်းပိုးပြီးသကာလ…။ အော်……ကျနော့်ရဲ့ … ရုပ်မြင်သံကြား၊ …..ရုပ်မြင်သံကြား….။ ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
လေးစားလျှက်-
အိမ်လွမ်းသူ(မှန်နီကုန်း)


3 comments:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ငယ်ဘ၀ကို ခုတောင်ပြန်ရောက်သွားတယ်ဗျာ။
ကျနော်ငယ်ငယ်က ရွာမှာ TV စ ကြည့် ဘူးတုံးက မှတ်မှတ်ရရ
အဲဒီနေ့မှပဲ မြန်မာ့ အသံက စက်ကပျက်တယ်ဗျ။ တူ . . တူ လို့မြည်နေပြီး အစက်အစက်တွေပဲ မြင်နေရတာလေ ။ပြီးတော့ ရှဲ. . . ဆိုပြီးအကြာကြီးဗျာ။
TV ပိုင်ရှင်ကလည်း ဘာဖြစ်တာလည်းမသိတော့ နတ်ကန်တော့လိုက်၊သရဲပြုစားတယ်ဆိုပြီး အစာပစ်လိုပစ်ရနဲ့တော်တော်ကြာမှ အသံက စကြားရတယ်။
နောက်မှရုပ်ကပေါ်လာလို့ တော်သေးတယ်။ ကြည့်တဲ့သူတွေကလည်း ပိုက်ဆံပေးထားရတော့ ပြန်ရမလို ၊ ဆက်ပဲစောင့်ရမလိုပေါ့ဗျာ။ ဘ၀မှာ မှတ်မှတ်ရရပါပဲဗျာ ။ ကျနော်တို့ ရွာတွေများ အဲလို ခေတ်နောက်ကျ၊ အမြင်ကျဉ်းပြီး ဗဟုသုတ နဲခဲ့ကြရတာလေ ။

တားမြစ် ထားသော... said...

ဟားဟား။ တူတူပဲ။ သားတို့လည်း အဲလို တီဗွီသေးသေးလေးကို သူများအိမ် သွားကြည့်ရတာ။ အဖြူအမည်းပဲ။ ပိုက်ဆံတော့ ပေးရဘူးဗျ။ သတိထားမိနေတာကတော့ နိုင်ငံတကာသတင်းလာရင် ဆူလို့ဆိုပြီး အိမ်ရှင်က ငေါက်တယ်ဗျ။

Anonymous said...

အဟုတ်ထင်ရှား
ကျွန္နုပ်မြင်ကြား
ဖားပြုပ်ပုံပြင်များ

ရုပ်မြင်သံကြားပြနေသည်။