Monday, June 30, 2008

... Love Story from Future !


အနာဂတ်ရဲ့ ချစ်ပုံပြင်

အလုပ်ခန်းမှာ ကုမ္ပဏီနဲ့ အစည်းဝေးရှိနေတုန်း လက်ကောက်ဝတ်က ဖန်သားပြင်လေးကို ငုံ့ကြည့်လိုက်မိတယ်။ ဟုတ်တယ်။ ဒီအစည်းဝေးပြီးတာနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ရအုံးမယ်။ နေ့လည်ပိုင်းလောက်ကတည်းက သတိပေးစနစ်က လာပြောနေတာ။ ဒီနေ့ညနေ ကောင်မလေးကို သွားတွေ့ဖို့ရှိတာကို မမေ့ဖို့နဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့လေ။ အဲဒီအတွက် လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက တကိုယ်ရည်ညွှန်ကြားမှုဌာနကို အချက်အလက်တွေပို့ထားလိုက်တာ။ သူတို့ရဲ့ အကြံပြုချက်ကလည်း ကောင်းမွန်ကြောင်းနဲ့၊ သင့်တော်ကြောင်းပဲဆိုတော့ စိတ်အေးသွားရတယ်။ ဒီလိုမှမဟုတ်ရင် အကြံပြုချက်တွေ တပုံတပင်နဲ့ စိတ်ရှုပ်စရာတွေ ပါလာတတ်လို့လေ။ တခါကလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သဘာဝဥယျဉ်မှာ နေဝင်ချိန်သွားကြည့်မိတာ၊ အပြန်မှာ လေအေးတွေမိပြီးဖျားလာတာ။ အတော်ရှင်းယူလိုက်ရတယ်။ သူတို့ညွှန်ကြားချက်မပါဘဲ သွားလို့ဆိုပြီး အာမခံကြေးတောင် ပြန်လျော်ရတော့မလို့။ အဲဒီအချိန်တုန်းက စိတ်မှာ တစ်ခုခုကို လွမ်းသလိုလိုဖြစ်လို့ သွားကြည့်မိတာပါဆိုတာကို လက်ခံသွားလို့ တော်သေးတယ်။



ဒီပြဿနာဖြစ်ပြီးကတည်းက အိမ်ထောင်ပြုဖို့ကို မကြာခဏ အကြံပြုနေတော့တာ။ အခုတော့ သူတို့လည်း အဆင်ပြေသွားပါတယ်။ လွန်ခဲ့တဲ့ တလလောက်မှာ သူငယ်ချင်းတစ်ယောက်ရှိနေတဲ့ ကွန်ယက်ပေါ်က စကားဝိုင်းကို အလည်ရောက်တုန်း ဒီကောင်မလေးနဲ့ ခင်လာတာလေ။ အဲဒီနေ့က စကားဝိုင်းမှာ သိပ်ပြီးစကားမပြောဖြစ်တော့ဘူး။ ဖန်သားပြင်ပေါ်က သူ့မျက်နှာလေးက အရမ်းဆွဲဆောင်နေတော့တာ။ အချိန်ကုန်မှန်းမသိ ကုန်သွားတော့တာပဲ။ စကားဝိုင်းကနေ ပြန်မယ်လုပ်တော့ သူငယ်ချင်းက နောက်နာရီဝက်မှာ အချိန်ပေးနိုင်ရင် သူ့ကိုယ်ပိုင် ကွန်ယက်ပေါ်လာခဲ့ပါအုံးတဲ့။ သဘောပေါက်လိုက်တယ်။ ပုံရိပ်တုနည်းပညာနဲ့ ဆုံပြီး အေးအေးဆေးဆေး စကားပြောဖို့ဆိုတာကို။ သူငယ်ချင်းကလည်း ချစ်ဖို့ကောင်းတဲ့ကောင်၊ သူ့ကွန်ယက်ပေါ်ရောက်သွားမှ ကောင်မလေးကိုပါ သူကဖိတ်ထားတာကိုး။ စိတ်မှာတော်တော် ပျော်သွားတာ။ တနာရီခွဲလောက်ကြာအောင် သုံးရောက်သား အချိန်ဖြုန်းလိုက်ကြတယ်။ ပုံရိပ်တုနည်းပညာနဲ့ ဆုံလိုက်ကတည်းက ကောင်မလေးရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေါ်၊ ရှင်းသန့်မွှေးပျံ့တဲ့ ကိုယ်ရည်ကိုယ်သွေးကို သတိထားမိပြီး စကားတွေ အများကြီးပဲ ပြောဖြစ်ကြတယ်။ စိတ်မှာလည်း စွဲလမ်းသွားမိတယ်။

ဒီတစ်ခါတော့ ကိုယ့်ဘာသာကိုယ် ရင်ခုန်ကြည့်အုံးမယ်ဆိုပြီး တကိုယ်ရည်ညွှန်ကြားမှုဌာနကို အချက်အလက်တွေ ချက်ချင်းမပေးခဲ့ဘူး။ ဒါတောင်မှ မနက်အိပ်ရာထဆိုရင် ဇီဝအချက်အလက်တွေ ပေးပို့ရင်း ဒီရက်ပိုင်းမှာ အချစ်အငွေ့အသက်တွေ တွေ့နေတယ် လာပြောတာ နှစ်ခါလောက်ကြုံသေးတယ်။ သူငယ်ချင်းမိတ်ဆက်ပေးလို့ ခင်မင်သွားကတည်းက နှစ်ယောက်သား ကိုယ်ပိုင်ကွန်ယက်တွေမှာ ဆုံဖြစ်ကြတယ်။ တလလောက်အတွင်းမှာ ပုံရိပ်တုနည်းပညာနဲ့လည်း သုံးခါလောက် ဆုံပြီးသွားပြီ။ နှစ်ခါလောက်ကတော့ သှူ့ဆီမှာပဲ ဆုံဖြစ်တာပါ။ ဒုတိယ တစ်ခေါက်မှာပဲ ခံစားမှုချင်းဖလှယ်၊ ရင်ထဲကစကားတွေကို ဖွင့်ပြောပြီး ချစ်ခွင့်ပန်ခဲ့တာပေါ့။ ကောင်မလေးကလည်း ပွင့်လင်းစွာပဲ တုန့်ပြန်ရင်း ချစ်သူတွေဖြစ်ခဲ့ကြတာလေ။ မှတ်မိသေးတယ်။ အဲဒီနေ့က ကောင်မလေးကို အနမ်းလေးတွေတောင် ခြွေခဲ့မိသေး။ နောက်ပိုင်း မကြာခဏဆုံဖြစ်ကြရင်း လက်ထပ်ဖို့ပြောလိုက်တော့မှ လူချင်းတွေ့ဖို့ဖြစ်လာတာလေ။ ကောင်မလေးနေတဲ့မြို့က ကီလိုမီတာ ၆၀၀ လောက်ဝေးတယ်ဆိုတော့ နှစ်ယောက်စလုံးအဆင်ပြေအောင် လမ်းခုလတ်က မြို့လေးတစ်ခုမှာပဲ ချိန်းလိုက်တာ။

ဟော …အတွေးလွန်သွားတာကို ကုမ္ပဏီအကြီးအကဲ သတိထားမိသွားတယ်ထင်ပ၊ မေးခွန်းတချို့ လှမ်းမေးတယ်။ ဒါပေမဲ့ ဒီနေ့အစည်းဝေးက အေးဆေးပါ။ လက်ရှိတာဝန်ယူထားတဲ့ အာဖရိက အလယ်ပိုင်းအကြောင်းမဟုတ်ပေမဲ့ ကျောင်းသားဘဝက အထူးပြုလေ့လာခဲ့တဲ့ စာတန်းမှာ ဒီအကြောင်းတွေကို အကျယ်တဝင့်လေ့လာထားတယ်။ အရှေ့အလည်ပိုင်းက ဘဝပျက်နေသူတွေအကြောင်းလေ။ ဟိုး.. လွန်ခဲ့တဲ့တချိန်တုန်းကတော့ ကမ္ဘာ့အချမ်းသာဆုံး ရေနံနိုင်ငံတွေ ဒီနေ့အချိန်မှာ ဆင်းရဲမွဲတေနေရတာတွေအတွက် ဖြေရှင်းဖို့ နည်းလမ်းတွေ အကြောင်းပေါ့။ ကုမ္ပဏီရဲ့ အဓိကအလုပ်က လေထုသန့်ရှင်းရေးလေ။ ကိုယ်တိုင်လည်း ဒီသန့်ရှင်းရေး ကုမ္ပဏီမှာအလုပ်ရဖို့ကို အများကြီးကြိုးစားခဲ့ရတာ။ အခုတော့လည်း ကြိုးစားမှုနဲ့ထိုက်တန်တဲ့ နေရာကိုရနေပါပြီ။ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေရှိတဲ့ အာဖရိကအလည်ပိုင်းရဲ့ လေထုသန့်ရှင်းရေးပိုင်း တာဝန်ခံပေါ့။ တော်ရုံလူမရနိုင်တဲ့ နေရာဖြစ်သလို၊ အတော်လည်းဂရုစိုက်ရတဲ့ နေရာတွေလေ။ သူတို့ရဲ့ အဓိကချမ်းသာမှု သဘာဝတရားကို ထိန်းသိမ်းမှုမှာ ပါဝင်ပက်သက်နေရတာကိုး။

အော်.. အခုမှပဲ သဘောပေါက်တယ်။ အစည်းဝေးပြီးခါနီးလို့ ကိုယ့်ဆီကနေ အကြံဉာဏ်နဲ့ အမြင်တွေမေးတာကိုး။ ပြောစရာတွေများပေမဲ့ သူတို့တွေရဲ့ ရေနံကိုပဲ စီးပွားရေးတိုးတက်မှုအတွက် ဖက်တွယ်ထားမှုကို စွန့်လွှတ်တာနောက်ကျပုံ။ ဆက်သွယ်ရေးကွန်ယက်ရဲ့ လျှင်မြန်မှုနဲ့ ပွင့်လင်းမှုကို ယဉ်ကျေးမှုမျက်နှာစာကနေ ဇွတ်အတင်းပိတ်ပင်ထားမိတာ မှားသွားပုံ။ သူတို့ဒေသရဲ့ သဘာဝအရင်းအမြစ်၊ အလှအပ ရှားပါးမှုကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပုံတွေကိုပဲ အဓိက ဆွေးနွေးပေးလိုက်တယ်။ အဆုံးသတ်အနေနဲ့ လူသားချင်းစာနာမှုအရ အနိမ့်ဆုံးဈေးနဲ့ လေထုသန့်ရှင်းရေးကို လုပ်ပေးသင့်ကြောင်း၊ အာဖရိကနိုင်ငံတွေလို ချမ်းသာတဲ့နိုင်ငံတွေက နယ်ခြားမဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လျှင် လေထုသန့်ရှင်းမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်း အကြံပြုလိုက်တယ်။

ဒီလိုနဲ့ပဲ အစည်းဝေးကိုရပ်၊ ဆုံးဖြတ်ချက်ကို နောက်နာရီ ၂၀ အတွင်း အဖွဲ့ဝင်တွေဆီကို အကြောင်းပြန်လိုက်မယ်လို့ ဌာနချုပ်က အကြောင်းပြန်ပြီးသွားတော့ ရှေ့သုံးဖက်မြင်ဖန်သားပြင်ကနေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကုန်ကြပြီ။ ကိုယ်ကတော့ ဌာနချုပ်မှာ ဆက်သွယ်ရေး ကွန်ယက်ပိုင်းဆိုင်ရာ သူငယ်ချင်းကို နှုတ်ဆက်ဖို့ ဆောင့်နေလိုက်သေးတယ်။ သူငယ်ချင်းနှစ်ယောက် ဟိုဟို ဒီဒီ ပြောကြပြီး နှုတ်ဆက်လိုက်တယ်။ သူ့နေလည်စာအတွက် ကိုယ်ကပဲ ဒကာခံလိုက်တယ်။ အစားအသောက်ကွန်ယက်ကနေ သူငယ်ချင်းအတွက် အကောင်ဆုံးနေ့လည်စာကို သူ့တကိုယ်ရည်ညွှန်ကြားမှုအရ ပို့ပေးခိုင်းလိုက်တယ်လေ။ အင်း.. ကိုယ်တိုင်လည်း နေ့လည်စာကို စားရအုံးမယ်။ အလုပ်ခန်းကထွက်၊ ထမင်းစားခန်းဝင်ပြီး နေ့လည်စာအတွက် အကြံပြုစာရင်းကို ကြည့်လိုက်တယ်။ ဟုတ်ပြီ၊ မှိုကစွန်းကြော်စားတာပဲကောင်းမယ် ဆိုပြီး နံပါတ် ၄ ကိုရွေးပေးခဲ့လိုက်တယ်။

ရေချိုးရအုံးမယ်။ ရေချိုးခန်းမှန်ရှေ့မှာ ခဏရပ်ပြီး ကိုယ်အပူချိန်ကို ပေးလိုက်တယ်။ ပြီးရင်အကောင်းဆုံး အပူချိန်အနေအထားနဲ့ ချိုးရေရမယ်။ ဟော.. အခုမှတွေ့တယ်။ ဆံပင်တွေက နည်းနည်း ပုံမကျသလိုပဲ။ ဆံပင်ညှပ်ဖို့ ခလုပ်ကိုနှိပ်လိုက်တယ်။ ဆံပင်ညှပ်အုပ်ဆောင်းပေါ်လာပြီး ပုံစံကောင်းအောင် ပြင်ပေးတယ်။ လေဆာနဲ့ ဆံပင်ကို တိပေးတာဆိုတော့ ခေါင်းလျှော်စရာလည်းမလိုတော့ဘူးပေါ့။ ကဲရေချိုးမှပဲ။ အစားအသောက်တွေ အဆင်သင့်နေကြောင်း အချက်လည်းပြနေပြီကိုး။ ရေမိုးချိုး ထမင်းစားပြီးသွားရင်တော့ ကောင်မလေးဆီမသွားခင် လန်းသွားအောင် ခဏအိပ်ဖို့ ဇီဝဌာနကို အကြောင်းကြားအုံးမယ်။ သူတို့က ခဏအတွင်း အိပ်ပျော်သွားအောင်လုပ်ပေးပြီး အကောင်းဆုံးအခြေအနေရောက်ရင် နှိုးပေးမယ်လေ။

အင်း.. လူအများနဲ့ မတွေ့တာကြာလို့ သံလိုက်ရထားကို ရွေးလိုက်တော့လည်း ထူးမခြားနားပါပဲ။ အားလုံးက သူ့အလုပ်နဲ့သူ စကားပြောလို့လည်းမရ၊ ပြောသာပြောရတာ ကိုယ်တိုင်လည်း ဘေးလူတွေနဲ့ စကားသိပ်မပြောချင်ပါဘူး။ အပြင်မှာ အခုလိုခရီးသွားနေရတာကိုပဲ စိတ်ပင်ပန်းလှပေါ့။ ညွှန်ကြားမှုဌာနက ရွေးပေးတဲ့ လက်မှတ်နေရာ ကောင်းလို့သာတော်သေးတယ်။ သွားရမှာကလည်း ခဏပါပဲ။ သဘာဝ ရှုခင်းတွေကြည့်လို့ကောင်းတဲ့ မြို့လေးပေါ့။ ကောင်မလေးနဲ့ ဆုံဖို့နေရာကိုလည်း ရွေးပေးထားကြတယ်။ ကိုယ်တို့နှစ်ယောက် အကြိုက် နေရာလေးပေါ့။ ရေကန်ကြီးရှိမယ်။ ကြာပန်းတွေရှိမယ်။ ပြီးတော့ အရိပ်ရပင်ကြီးတွေလဲရှိမယ်။ ကိုယ်ကတော့ ကံ့ကော်ပင်ကိုပဲရွေး ထားလိုက်တယ်။ သူတို့ကတော့ စွယ်တော်ပင်ကို ဦးစားပေး ရွေးထားတာ။ စားစရာကတော့ ညနေစာဖြစ်နေလို့ နှစ်ဦးစလုံးအဆင်ပြေမဲ့ နာနတ်သီးဖျော်ရည်ကိုပဲ ရွေးထားတယ်။ ဒါတောင် တစ်ရက်ကြိုမှာလိုက်လို့ မဟုတ်ရင် ရလိုက်မယ် မထင်ဘူး။ နောက် ၅ မိနစ်ဆိုရင်တောင် ရောက်တော့မှာပါလား။ ချစ်သူနဲ့ တွေ့ရမှာဆိုတော့ မလစ်ဟင်းရအောင် အချက်အလက်အားလုံးကို ပြန်စစ်ထားအုံးမှ ဖြစ်မယ်။

လက်ကောက်ဝတ်က ဖန်သားပြင်လေးကနေ အားလုံးကို ပြန်စစ်လိုက်တယ်။ ကိုယ်အပူချိန်၊ အသားရည်စိုပြေမှု၊ အဝတ်အစား အဆင်ပြေမှု၊ ဆံပင်ပုံစံ၊ ခံတွင်းနံ့၊ အရေးကြီးဆုံးဖြစ်တဲ့ နှလုံးသားရဲ့ အနေအထား။ အိုကေ။ အားလုံးအဆင်ပြေနေပြီ။ ကဲ.. ကိုယ်လာပြီချစ်သူရေ….။

ဟော.. ဟိုဘက် ခရီးသွားစင်္ကြန်ကနေ ထွက်လာနေတာ ကောင်မလေးပဲ။ အိုကြည့်စမ်းပါအုံး။ မိုးပြာရောင် ချည်သားအင်္ကျီလေးနဲ့ လှနေလိုက်တာ။ အပြေးပဲ ချစ်သူကို သွားကြိုလိုက်မိတယ်။ ပြီးတော့ ဘူတာကနေ ကြိုမှာထားတဲ့ မိုးပျံယဉ်နဲ့ ဥယျဉ်ဘက်ကို ထွက်ခဲ့တော့တယ်။ ဟိုကိုလည်းရောက်ရော ကံ့ကော်ပန်းနံ့လေးတွေနဲ့ ကြည်နူးစရာ ညနေပါပဲ။ ချစ်သူလက်လေးကို ဆွဲကိုင်ပြီး အနာဂတ်အတွက်စကားတွေပြော။ ချစ်သူစကားတွေကိုလည်း နားတောင်၊ နောက်ပြီး ရင်ခွင်ထဲမှာထားပြီး ညနေချိန်နေမင်းကြီးကို ကြည့်လိုက်ရတာ မမေ့နိုင်တဲ့ ဖြစ်ရပ်လေးတွေပေါ့။ ကိုယ်တိုင်လည်း ဘဝမှာ ထွေးပိုက်စရာရင်ငွေ့တစ်ခု အရမ်းလိုအပ်ပါလားလို့ တွေးမိလိုက်တယ်။ ဒီလိုနွေးထွေးမှုမျိုးကို ဝေးနေခဲ့တာ ကြာပါပြီကော။ ဟိုး.. လူငယ်ဘဝကတည်းကပေါ့။ ဒီလိုနဲ့ပဲ နာနတ်ဖျော်ရည် တဝက်မကျိုးပေမဲ့ အချိန်ကိုခိုးလို့မှမရတော့ ချစ်သူကို ဘူတာပြန်လိုက်ပို့လိုက်တယ်။

အပြန်လမ်းက အချိန်လေးတွေ တိုလွန်းသလိုပဲ။ ကြည်နူးခဲ့ရတာတွေကို ပြန်စဉ်းစားလို့ကို မဝဘူး။ ချစ်သူရဲ့ ဆံနွယ်လေးတွေ၊ အယုအယလေးတွေပေါ့။ ဒီအတိုင်းဆိုရင်တော့ ဒီနေ့ည ဘာအလုပ်မှ ကောင်းကောင်းလုပ်နိုင်မယ် မထင်ဘူး။ မထူးပါဘူး။ ဆုံးဖြတ်လိုက်တာ ကောင်းမယ်။ အိမ်ပြန်ရောက်ရင် ဒီတစ်နေ့စာနားဖို့ ရှိနေတဲ့အစီစဉ်တွေ ဖျက်လိုက်တော့မယ်။ လမ်းမှာကတည်းက အချက်အလက်တွေ စစ်ထားပြီး အချိန်ပြောင်းဖို့ တစ်ကိုယ်ရည်ညွှန်ကြားမှု ဌာနကို ပို့တာကောင်းမယ်။

ဟာ… ..အချက်အလက်တွေစစ်။ အချက်အလက်တွေစစ်ဆိုမှ တညနေလုံး သူ့ဘေးကကောင်မလေးကို သူလက်ကိုင်နေတာ။ သူ့လက်ကောက်ဝတ်မှာ အချက်အလက် ဖန်သားပြင်လေးမှ မပါပဲ။ သွားပြီ။ သူကိုယ်တိုင်မလာဘဲ သူ့ကိုယ်ပွားကို လွှတ်လိုက်တယ်ပေါ့လေ။ ဒါကြောင့် တညနေလုံး အကုန်အဆင်ပြေပြီး သူ့မျက်လုံးလေးတွေက တချက်တချက် အသက်မဲ့နေသလိုဖြစ်နေတာကိုး။ စိတ်ဆိုးလိုက်တာကွာ .… “ တောက် ”။


သုခမိန်။…..။
မှတ်ချက်။…။ ဆရာမင်းလူရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို အမှတ်ရပြီး လိုက်တုရေးကြည့်တာပါ။ သူငယ်ချင်းတစ်ယောက်က BigBag ရဲ့အခွေသစ် AD3000 ပေးနားထောင်တော့လည်း အနာဂတ်ရဲ့ အပြောင်းအလည်းတွေကို သရော်ထားတဲ့ သီချင်းလေးတွေ့တာနဲ့ (သီချင်းခေါင်းစဉ်က အေဒီ ၃၀၀၀ တဲ့) လျှောက်ရေးကြည့်တာပါ။ အမြင်မသင့်တာ၊ ဖတ်မကောင်းတာဆိုရင် တောင်းပန်ကြောင်းပါ။

5 comments:

ဇနိ said...

ဟဲဟဲ
တို့ကတော့ တခြားဂြိုလ်သွားပြီး ချိန်းတွေ့မယ်..
ဆရာမင်းလူရဲ့ ဒေ၀တာမြို့တော်တောင် မကြာသေးခင်က ပြန်ဖတ်ဖြစ်တယ်..

အဲဒီမှာ တွိုင်းလက်ကျတော့ ဘယ်ကို အချက်အလက်ပို့ပြီးမှ သွားရတာလဲ ဟင်..

အိမ်လွမ်းသူ(မှန်နီကုန်း) said...

ပုံပြင်....ဆိုလို့သာနော်...
ဖတ်ရင်းနဲ့ ကို့ကိုယ် ...ကို ...ဒီဘဒ္ဒကမ္ဘာမှာ လူဖြစ်နေတာရော.....
ဟုတ်ရဲ့လား..ဆိုပြီး ပြန်ဆိတ်ကြည့်နေရတယ်ဗျာ..။
ပြီးရင် အတိတ်ဟောင်းက .....ချစ်ပုံပြင်လေးရော...မျှော် ...မျှော်နေမယ်နော်...။

Anonymous said...

စာပေမြင့်မှ လူမျိုးတင့်မည်။
စာပေသုဉ်းက လူမျိုးပြုန်းမည်။
မြန်မာစာပေမသုဉ်းသေးကြောင်း
စာရေးကောင်းသူမတုန်းသေးကြောင်း
သက်သေကောင်းပင်ဖြစ်ပါကြောင်း။

ရွှေပြည်သူ (ShwePyiThu) said...

ထူးထူးဆန်းဆန်း အတွေးနဲ့ ရေးဟန်ကို ဖတ်ရတာ သိပ်ကိုကောင်းပါတယ်။ နောင်လည်း စာကောင်းတွေ များများရေးနိုင်ပါစေး)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုဗာဘိုရေ ခုမှ လာပြီး ကွန်မန့်ပေးဖြစ်တာတော့ ခွင့်လွှတ်ပါဗျာ။
ကျနော်လည်း စာကြွေးတွေ တအားများနေပြီဗျ ။ ရေးထားပုံလေးကို သဘောကျတယ်။
နောက်သိပ်မကြာတော့တဲ့ အချိန်ဆိုအဲလိုတွေ ဖြစ်နေလောက်ပီဗျ ။ကျနော်တော့ မှီလိုက်ချင်သေးတယ်။
အချစ်ဆိုတာကို ကွန်ပြူတာက ဘယ်လိုသတ်မှတ်မလဲ သိချင်လို့ဆိုပါတော့ဗျာ ။
အေးဒီ ၃၀၀၀ ဆိုတော့ မမှီ်တော့ဘူဗျ ၀မ်းတော့နဲမိသား ။
အချင်းချင်းမို့မြှောက်ပြောတယ်ဖြစ်မှာလည်း စိုးတယ်။
တကယ်ကောင်းတယ်ဗျာ တင်ဆက်ပုံ၊ဖွဲ့တည်နေရာချပုံ အားလုံးကောင်းတယ်။
ဆက်လက် ရှူစားပါရစေဗျာ ။