Friday, June 13, 2008

In this Evening!


တစ်ညနေ

(၁)
ဒီညနေ ရာသီဥတုကိုက သူ့ကိုအပြင်ထွက်ချင်အောင် ဆွဲဆောင်နေတယ်။ မိသားစုတွေထဲမှာလည်း အခုဆိုရင် သူကအရွယ်ရောက်နေပြီ။ တစ်ကယ့်ကို သန်မာတဲ့ ကိုယ်ခန္တာနဲ့ အကြော့ရှင်းဆုံးကို ဖြစ်လို့။ တစ်ချို့တွေဆို မနာလိုတွေများ ဖြစ်နေကြလားမသိပါဘူး။ ဘာပဲပြောပြောပါ ဒီလိုအပြင်ထွက်ရဖို့ အခွင့်အရေးကို စောင့်နေရတာကြာပေါ့။ ဒီနေ့ကတော့ သှူှ့ဆန္ဒတွေ ပြည့်ဖို့ဖြစ်လာပြီလေ။ တညနေလုံး ရွာသွားတဲ့မိုးရဲ့နောက်မှာ သူကိုယ်တိုင်လည်းသိတယ် (မှန်လိမ့်မယ်လို့လဲ ယုံကြည်တယ်)၊ တခြားသူတွေကလည်း ခန့်မှန်းကြတယ်။ နောက်ရက်ကတော့ နေသာအုံးမယ်လို့။ ဒီလိုသာမှန်လို့ကတော့ အသာယာဆုံးညနေ ဖြစ်နေမှာပဲ။ တစ်ကယ်ပါ ကိုယ်တိုင်မကြုံဘူးသေးပေမဲ့ အကြားနဲ့တင် လှပတဲ့ညနေကို မြင်ချင်လှပြီ။



အပြင်ကို စထွက်လာကတည်းက လန်းဆန်းတဲ့ လေကိုရှုရိုက်၊ စိတ်ကူးတည့်ရာ လျှောက်သွားပြစ်လိုက်တယ်။ ကြည့်စမ်းပါအုံး လန်းဆန်းပြီး လှပ စိမ်းစိုနေတဲ့ မြင်ကွင်းတွေ။ ဟော့ဒီ မြက်ခင်းစိမ်းစိမ်းတွေ၊ မိုးရေထိထားလို့ ကြွရွပြီး လှပနေတဲ့ သစ်ပင်တွေ။ ဒါတွေအားလုံးကို ကောင်းကင်ပြာရဲ့ နောက်ခံလေးမှာ မြင်နေရတာ မမေ့နိုင်စရာ မြင်ကွင်းတွေပေါ့။ လျှောက်သွားရင်းနဲ့ တခြားသူငယ်ချင်းတွေလည်း တွေ့ရတယ်။ ဟိုပြော ဒီပြောနဲ့ ခင်စရာကောင်းတဲ့သူတွေလည်း တွေ့ရတယ်။ မာနကြီးကြီးနဲ့သူတွေလည်း တွေ့ရပ။ ဘာပဲပြောပြော တစ်ယောက်တည်းနေရတာ ခုံမင်လို့ ဘယ်သူနဲ့မှ အကြာကြီး မိတ်ဖွဲ့မနေတော့ဘူးလေ။ နေရာအနှံ့ လျှောက်သွားနေလိုက်တယ်။ မောတော့လဲ ခဏနားပေါ့။

ဒါပေမဲ့ သူကိုယ်တိုင် မသိလိုက်ခင်မှာပဲ ကောင်းကင်ပြာကြီးက အရောင်ပြောင်းလိုက်တယ်။ အော်မြန်ဆန်လိုက်တဲ့ အပြောင်းအလဲ။ ဒီအပြောင်းအလဲမှာလည်း လှနေဆဲပါပဲ လောကကြီးရယ်။ အင်း.. သူ့စိတ်ကို အရမ်းအလိုလိုက်နေလို့လည်း မဖြစ်သေးဘူး။ ဒီအချိန်မှာ အိမ်မပြန်နိုင်သေးလဲ အလင်းရောင်ရမဲ့ နေရာတစ်နေရာတော့ ရှာထားမှလေ။ စိတ်ကူးတွေနဲ့ လျှောက်သွားရင်း ဘယ်ကိုသွားရမလဲ နေရာရှာနေမိတယ်။ တဖြည်းဖြည်းနဲ့ ကြီးစိုးလာတဲ့ အမှောင်ထုမှာ အလင်းရောင်လေးတွေကတော့ များမှ များပဲ။ ဟော… ကြည့်စမ်း။ တောက်ပလိုက်တဲ့ အလင်းရောင်လေး။ အဖြူရောင်အလင်းလေးက စိမ်းလဲ့လဲ့ အရောင်လေးလိုကိုဖြစ်လို့။ သွားကြည့်အုံးမယ်။ ဟုတ်ပါပြီ ဒီအလင်းလာနေတဲ့ နေရာမှာ အလင်းတွေထုတ်ပေးနေတဲ့ အရာလေးဟာ အရမ်းစိတ်ဝင်စားဖို့ ကောင်းမှာပဲ။ ဟုတ်ပြီ အဲဒီကိုပဲ သွားတော့မယ်။ အမြန်ဆုံး သွားမယ်။

အိုး… ကြည့်စမ်းပါအုံး။ ဒါဘယ်လိုနေရာမျိုးပါလိမ့်။ ဒီနေရာလေးကိုရောက်အောင် အပြေးလာခဲ့ရလို့ မောပန်းနေတဲ့စိတ်တွေတောင် ဘယ်နားရောက်သွားလည်းမသိဘူး။ အပြင်ဘက်က အေးမြမြရာသီဥတုနဲ့လည်းမတူ။ ပူနွေးနေတာလည်းမဟုတ်။ လင်းလင်း ရှင်းရှင်းနဲ့ တောက်ပနေတဲ့ နေရာလေး။ မြင်နေရတာတွေကလည်း သူ့အတွက်တော့ အထူးအဆန်းတွေကြည့်ပဲ။ ဟိုဟိုဒီဒီ လျှောက်သွားနေလိုက်ရင်းမှ ဟော… တွေ့ပါပြီ။ ကြည့်စမ်း အလင်းတွေဆိုတာ ဒီကထွက်လာနေတာကိုး။ သူ့ အနားကိုကပ်ကြည့်ရင်ရော ဘယ်လိုနေမလဲ။ ဖြည်းဖြည်းချင်းပဲ အနားကိုကပ်ကြည့်မိတယ်။ အော် အပူဓါတ်ကိုလည်း သူခံစားလာရသလိုပဲ။ အိမ်မပြန်ရပေမဲ့ အိမ်မှာတုန်းကလို အနွေးဓါတ်ရှိနေတယ်။ အလင်းရောင်နားမှာ နေရမှာကို သူကိုယ်တိုင်ကလဲ နှစ်သက်မိတယ်။ သွားမယ်၊ အနားကိုရောက်တဲ့အထိ သွားမယ်။

ဟာ… ဘာလဲ။ ဘယ်လိုဖြစ်ရတာလဲ။ သူ့ကိုယ်သူ လှုပ်ရှားလို့မရသလို ခံစားမိလိုက်တယ်။ ကဲ လှုပ်ကြည့်စမ်းပါအုံး။ သူ့ကိုယ်ကို တစ်ခုခုက ဆွဲချထားလိုက်သလိုပဲ။ ကြိုးစား လိုက်စမ်း၊ ရုန်းထွက်ကြည့်လိုက်စမ်းပါ။ ဟာ.. သူ။ သူကရောဘယ်သူလည်း။ ဒီလိုမျိုးကို တစ်ခါမှမတွေ့ဖူးဘူး။ အာ…. သူ့အနားကိုကပ်လာတယ်။ ပြေးထွက်လိုက်စမ်း။ ပြေးထွက်၊ ပြေးထွက်.. အားကုန်ပြေးထွက်လေ။ သူ့ကိုယ်သူ အားပေးရင်း ရုန်းထွက်နေတုန်းမှာပဲ အနားကိုရောက်လာတယ်။ ရပ်ကြည့်နေတယ်။ ဟင့်အင်း သူ့အမူအရာကိုမကြိုက်ဘူး။ ဒါ.. ဒါအန္တရာယ်ရဲ့ အငွေ့ပဲ။ ပြေး၊ ပြေးထွက်လိုက်တော့။ ဟော၊ လွတ်မြောက်သွားပြီလေ။ ဟား ဟား… ဒါပဲပေါ့။ အို.. ဘာလို့လဲ။ ဘာလို့သူ့ကိုယ်သူ အရမ်းပေါ့ပါးနေသလို ခံစားရတာလည်း။ သူဘာဖြစ်တာလည်း၊ သူဘာဖြစ်၊ သူ၊ သူ….. ..။

(၂)
မနေ့ညနေ ညနေစာ စားပြီးကတည်းက အိမ်ရဲ့ထောင့်တစ်ခုမှာ အေးအေးဆေးဆေးပဲ နားနေခဲ့တာ။ နေ့လည်ကတော့ ခဏအလုပ်ရှုပ်သွားသေးတယ်။ ဟုတ်တယ်လေ။ သူ့အိမ်ကို ဘာမပြော ညာမပြောနဲ့ ဟိုဘက်အိမ်ကတစ်ယောက် ဝင်လာတယ်။ အနားယူနေတဲ့ သူ့စည်းစိမ်လေးကို ဖျက်လိုဖျက်ဆီးလုပ်လိုက်တယ်လို့ တွေးမိသွားရုံတင်ဘယ်ဟုတ်မလည်း၊ အိမ်ထဲကို သူစိမ်းဝင်လာတယ်ဆိုတာက သူ့ရဲ့ နေ့လည်စာ ရောက်လာတာလည်း ဖြစ်နိုင်တာကိုး။ ဒါနဲ့ပဲ စိတ်ဆိုးဆိုးနဲ့ ရန်ဖြစ်ပလိုက်တယ်။ ပြောသာပြောရတာပါ။ အဲဒီကောင်ဝင်လာလိုက်လို့လည်း နေ့လည်တုန်းက အသည်းအသန်ရွာနေတဲ့မိုးကို သူသတိထားမိတာ။ ဒီလိုရာသီဥတုဆိုလို့ကတော့ အိမ်မှာ အေးအေးဆေးဆေး အိပ်နေရပြီပေါ့။ ဟုတ်တယ်လေ။ ဗိုက်ဆာလာမှာအတွက်လည်း ဘာမှပူစရာမလိုတော့ဘူး။ ညရောက်လို့ကတော့ ပေါလိုက်မဲ့ စားစရာတွေ။ သူ့အတွေ့အကြုံအရ ဒီခန့်မှန်းချက်က ဘယ်လိုမှ မှားမှာမဟုတ်ဘူးလေ။

သူတွေးထားသလိုပါပဲ။ ညနေ အမှောင်လေးရှိလာကတည်းက တချို့စားစရာလေးတွေ တွေ့နေရပြီလေ။ ဒါပေမဲ့ သူ့အနားကိုတော့ ရောက်မလာသေးဘူး။ ဒါကလည်း အရေးမကြီးပါဘူး။ ဘာဟုတ်သေးလို့လည်း။ သူ့အိမ်ဘေးက မီးဖွင့်ပြီးသွားပြီဆိုရင် စားစရာတွေက အလိုလိုကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြတော့မှာ။ ဟိုဘက်အိမ်ကကောင်လဲ နိုးနိုးကြားကြားတွေ လုပ်နေပြီ။ မီးဖွင့်ပြီးသွားရင်တော့ အလင်းရှိတဲ့နားတင် နေလို့မဖြစ်သေးဘူး။ နှစ်အိမ်ကြားမှာ သွားနေမှဖြစ်မယ်။ စားကောင်းမယ့်ဟာလေးတွေ ဟိုကောင့်အိမ်ကိုရောက်လာရင် သွားလုစားလိုက်မယ်လို့ စဉ်းစားတယ်လေ။ ဒီကောင်က သူ့ထက်အရွယ်ငယ်သလို အတွေ့အကြုံကလည်း နည်းသေးတယ်။ ဟုတ်တယ်။ ဒါအခွင့်အရေးပဲ။ အဲဒီနေရာမှာပဲ သွားနေလိုက်တော့မယ်။ ဟား ဟား… ဒီကောင်လည်း သဘောပေါက်တယ်ထင်တယ်။ သူနေရာပြောင်းနေလိုက်တာကို မကြိုက်သလို ကြည့်နေလေရဲ့။

အင်း.. နေ့လည်ပြန်အိပ်ကတည်းက စိတ်မကြည်တာကြောင့်ပဲလား။ ကောင်းကောင်း မအိပ်လိုက်ရတာကြောင့်လား။ ဒါမှမဟုတ် မနေ့ညတုန်းက ညစာနည်းနည်းပဲ စားလိုက်ရလို့လား။ အခု အရမ်းကို ဗိုက်ဆာနေတယ်လေ။ ကောင်းကောင်းစားပြီးရင် လေးငါးရက် အေးအေးဆေးဆေး နေနိုင်တယ်ဆိုပေမဲ့၊ ဟိုဘက်ရက်တွေတုန်းက အစားကို ကောင်းကောင်းမစားခဲ့ရဘူး။ ရာသီဥတုကြောင့်ပဲလား မပြောတတ်ပါဘူး။ စားစရာလည်းရှားတယ်လေ။ ဒီနေ့ကတော့ မိုးကောင်းကောင်းရွာထားတယ်ဆိုတော့ အစားအသောက်ကောင်းကောင်းနဲ့ ဗိုက်ကားရချည်သေးရဲ့။ တစ်ခုတော့ မျှော်လင့်နေရသေးတယ်။ မီးဖွင့်လိုက်ပြီးမှ ပြတင်းပေါက်တွေ ပိတ်မသွားဖို့ကိုပေါ့။ နောက်ပြီး အနေအထိုင်လေးလဲ ဆင်ခြင်ထားမှ။ မဟုတ်ရင် ကြည့်မရတဲ့အထဲ ပါသွားလို့ အိမ်ဖျက်ခံနေရမယ်လေ။

ဒီလိုတွေးလိုက်မှ အရင် သူ့အိမ်လေးကို သတိရလာတယ်။ သူ့မိဘတွေဆီကနေ ရခဲ့တဲ့အမွေဆိုလည်း မမှားဘူးလေ။ သူကြီးကောင်ပေါက်ဝင်လာကတည်းက အမေ့ကိုမတွေ့ရတော့သလို အဖေဆိုတာ သူမမြင်ဖူးလိုက်ဘူး။ အမေကလည်းတစ်ညနေမှာ ခဏဆိုပြီးထွက်သွားလိုက်တာ ပြန်ကိုမလာတော့ဘူး။ အစပိုင်းမှာတုန်းကတော့ အမေမရှိတော့လို့ စိတ်ညစ်တာပေါ့။ နောက်တော့လည်း သူ့ဘဝက အသားကျလာပါတယ်။ ဒီလိုပဲ စားလိုက်၊ သောက်လိုက်နဲ့ ဖြတ်သန်းနေတာလေ။ အဲဒီတုန်းက သူ့နေရာလေးမှာ စားစရာတွေလည်း ပေါမှပေါ။ သူကလည်း တက်သစ်စဆိုတော့ အချိန်ရှိတိုင်း အိမ်လေးကို ခြယ်သနေမိတာပါပဲ။ အရမ်းကို ခမ်းနားပြီး ကြံ့ခိုင်တဲ့အိမ်လေးလေ။ ဒါပေမဲ့ ကံမကောင်းခဲ့ပါဘူး။ တရက်သောနေ့လည်မှာ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ သူတို့အိမ်လေးတွေ အဖျက်ဆီးခံခဲ့ရတယ်။ ဟုတ်တယ် အိမ်နီးချင်းတွေရော အားလုံးပဲ လွတ်ရာကိုပြေးကြရတာ။ သူကိုယ်တိုင်လည်း အသက်ပါမသွားအောင် ပြေးလိုက်ရတာဆိုရင် သေပြေး ရှင်ပြေးပေါ့။

အဲဒီအချိန်ကတည်းက ဒီနေရာလေးကို သူရွေးချယ်ခဲ့တာ။ သူစဉ်းစားထားတဲ့ အတိုင်းပဲပေါ့။ အစားအသောက်လည်း မရှားဘူး။ အိမ်လေးကိုလည်း အများကြီးဇာချဲ့ပြီး ပြင်နေစရာမလိုဘူးလေ။ အများကြီးဇာချဲ့နေရင်လည်း သတိထားမိပြီး ထပ်အဖျက်ခံနေရမယ်။ အသပ်လုပြီးပြေးနေရအုံးမယ်လေ။ ဟော.. အိမ်ဘေးကမီးလင်းလာပြီ။ သူ့အိမ်လေးရဲ့ အားသာချက်ကိုက မီးလင်းနေရင် သူ့ကိုသိပ်ပြီး မမြင်ရတော့ဘူး။ ဒါ သူ့လုံခြုံမှုအတွက် အရေးအကြီးဆုံးပေါ့။ ကံကောင်းတာကတော့ သူမျှော်လင့်ထားသလိုပဲ ပြတင်းကိုလည်း ပိတ်မထားဘူး။ ဒါဆိုရင်တော့ ဒီညနေစာမှာ အကောင်းဆုံးတွေ စားရအုံးတော့မှာပေါ့။ လာပါပြီ။ အဆင်သင့်တာကတော့ သူ့အိမ်ဘက်ကို ချဉ်းကပ်လာတာလေ။ အတွေ့အကြုံအရတော့ ဖွင့်ထားတဲ့မီးဆီကို မကြာခင်ရောင်လာတော့မယ်။ သူ အသင့်အနေအထားနဲ့ စောင့်နေလိုက်တယ်။ အရေးထဲမှာမှ ဟိုဟိုဒီဒီ လျှောက်သွားမလိုလုပ်နေတယ်။ ဟော.. အချက်ပြပြီ။ သူ့ရဲ့အသိတွေလည်း နိုးကြားလာပြီ။ ဟုတ်တာပေါ့၊ စားစရာလေးက သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီကိုး။ သူ အပြေးသွားလိုက်တယ်။ ဒါပေမဲ့ အနားအရောက်မှာ စားစရာအတွက် သေချာအောင်ကြည့်လိုက်တယ်။ သူကံကောင်းပြီ။ ဒီစားစရာကို သူကောင်းကောင်းသိတာပေါ့။ ချိုဆိမ့်ဆိမ့် အရသာကိုပေးမယ်။ ဒီဟာတစ်ခုနဲ့တင် သူဒီရက်ပိုင်း အေးဆေးနေလို့ရမယ်လေ။ အော်၊ ကြောက်နေသလိုပါလား။ အင်းကြောက်သင့်ပါတယ်။ ဒါ မင်းဘဝရဲ့နောက်ဆုံးအချိန်ကိုး။ ကဲ… လာခဲ့။ မင်းရဲ့ဗိုက်ကစစားမယ်။

(၃)
ဒီနေ့တနေကုန် အလုပ်မှာလည်း ပင်ပန်းလိုက်တာ။ အလုပ်ကိစ္စတွေနဲ့ ဟိုပြေးဒီပြေးလုပ်ရ၊ အချိန်မှီ်ဆိုတာတွေကိုလည်း ပြီးစီးအောင်လုပ်ရနဲ့ ထမင်းစားချိန်ကို မရခဲ့ဘူး။ ဒီအလုပ်ကို သူမကြိုက်တာကလည်း အဲဒါတွေပါတယ်။ ဒါပေမဲ့ အလုပ်က အလုပ်ပဲလေဆိုပြီး လုပ်နေရတာပါပဲ။ ထူးခြားတာကတော့ သူ့အခန်းလေးကို သူပြန်မအိပ်ဖြစ်တာ ကြာလှပြီလေ။ အရင်တစ်ခေါက် နယ်ကအမေ လာလည်မယ်ဆိုတုန်းက အခန်းရှင်းဖြစ်တယ်။ အမေရှိနေတုန်း ဘယ်မှသဝေထိုးမနေပဲ အခန်းကိုပဲပြန်ဖြစ်နေတာ။ အမေနဲ့အတူနေဖြစ်ခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်ကတော့ သူ့အခန်းလေးဟာ တစ်ကယ်ကို အခန်းလေးတစ်ခန်းနဲ့ တူနေတာလေ။ အမေက သန့်သန့်ရှင်းရှင်း ကြိုက်တတ်မှန်းသိလို့ ကြိုရှင်းထားမိလို့သာပေါ့။ မဟုတ်ရင် အဆူခံနေရတာနဲ့ကို အမေအလည်လာတုန်း စကားကောင်းကောင်းပြောရမယ် မထင်ဘူး။

မိဘမေတ္တာဆိုတာ စုန်ရေတဲ့။ မမှားတဲ့ အဆိုအမိန့်တွေလိုပါပဲ။ ဟုတ်မှာပါ။ မိသားစုနဲ့ဟိုးအဝေးမှာ အလုပ်တွေလုပ်ရင်း ရလာတဲ့ငွေတွေကို အများတကာလို မိဘပြန်ပို့ဖို့မပြောနဲ့ တနှစ်ပြည့်လို့ အိမ်ကို ဖုန်းတစ်ခါတောင်မဆက်ဖြစ်ဘူး။ အမေကတော့ ဘာမှမပြောရှာပါဘူး။ သူ့ဆီမှာ အလုပ်တွေပါးလို့ အားမယ်မကြံလိုက်နဲ့ အပြေးရောက်လာတာပဲ။ တစ်ကယ်တော့ သူကိုယ်တိုင်လည်း အမေ့ကိုမျှော်တယ်။ အမေလာလိုက်တာနဲ့ သူ့အခန်းလေးဟာ အသက်ဝင်လာတယ်။ မနက်လင်းလာတာနဲ့ ဘယ်တော့မှ သူဂရုမစိုက်မိတဲ့ ဘုရားစင်လေးရှေ့မှာ အမေ့ရဲ့ မေတ္တာပို့သံတွေ မြိုင်ဆိုင်နေမြဲ။ အဲဒီလိုရက်တွေဆိုရင် သူ့အတွက် မနက်အစောစာက အမေနဲ့လက်ဆုံစား၊ ညနေဆို အေးအေးဆေးဆေး ရေမိုးချိုး။ ပြီးရင် အမေနဲ့အတူ ညစာကို လက်ဆုံစားပေါ့။ ဒါတောင် သူက အလုပ်ကိုချိုင့်ဆွဲသွားဖို့ကို အသည်းအသန်ငြင်းလို့သာ။ မဟုတ်ရင် အမေက အချိန်မှီ လုပ်ပေးလိုက်အုံးမှာလေ။

သတိရတယ် အမေရယ်။ တစ်ကယ်တော့ အမေ့ကို သတိရသွားစေတာက တနေ့ခင်းလုံး မိုးပြိုကျသလားထင်ရအောင် ရွာနေတဲ့မိုးကြောင့်ပေါ့။ အလုပ်ကိစ္စတွေနဲ့ အပြင်ထွက်ရတော့ စိုစိုစွတ်စွတ် ရာသီဥတုမှာ သွားလာနေရတာလေ။ မိုးကိုမကြိုက်တတ်တဲ့ မိုးနည်းနည်းလောက်မိတာနဲ့ ဖျားချင်လာတတ်တဲ့သူ့ကို မိုးရွာတဲ့နေ့တိုင်း အမေက အိမ်ဝကနေ မသိမသာ စောင့်မျှော်နေတတ်တာလေ။ အဲဒါပဲ။ ဒီနေ့မှ သူငယ်ချင်းတွေဆီ လိုက်မသွားဖြစ်ပဲ အခန်းကိုပြန်ချင်လာတဲ့ သူ့ရဲ့စိတ်က။ အခန်းလေးမှာလည်း အမေပြန်သွားကတည်းက မလှည်းမကျင်းနဲ့ ရှုပ်နေတာပဲ။ ဒါတွေကို အမေမြင်ရင်လည်း မဆုံးနိုင်အောင် ဆူခံထိနေအုံးမှာ။ ဒီအရွယ်ကြီးရောက်နေပြီ အမေကို လွမ်းတုန်းပဲလားလို့ သူငယ်ချင်းတွေသိရင် လှောင်နေကြအုံးမလားပဲ။ ဘာပဲပြောပြော ဒီညနေတော့ အမေ့ကို အပြည့်အဝ လွမ်းလိုက်အုံးမယ်ဆိုပြီး နေ့လည်စာမစားရသေးတာတောင် လမ်းမှာဝင်စားမလာခဲ့ဘူး။ အခန်းမှာ အေးအေးဆေးဆေး ရေမိုးချိုး၊ ပြီးမှ ဆိုင်မှာသွားဝယ်ပြီး အခန်းကိုယူလာမယ်။ အမေ့ကိုလွမ်းတဲ့စိတ်နဲ့ အခန်းမှာပဲစားအုံးမယ်။

အခန်းပြန်ရောက်ကတည်းက ရေချိုးရအောင်ဆိုပြီး ရေချိုးခန်းမှာ ရေရှိရဲ့လားသွားကြည့်။ အခန်းမီးတွေအားလုံးဖွင့်ပြီး ခဏတော့နားနေလိုက်သေးတယ်။ ဟိုတွေးဒီတွေးနဲ့ ရေချိုးခန်းပြတင်းလေး ပိတ်မထားမိတာကို သတိထားမိပြီး ရေချိုးခန်းကိုဝင်လာလိုက်တယ်။ အော်.. မိုးရွာထားလို့ထင်ပ ပိုးကောင်လေးတွေတောင် အလင်းရှိတဲ့ဆီဝင်လာနေကြတယ်။ ဘာရယ်မဟုတ်ဘဲ ရေချိုးခန်းမီးဆီကို ဝင်တိုးနေတဲ့ ပိုးဖလံတစ်ကောင်ကို သူကြည့်နေမိတယ်။ ဟိုနားဒီနားပျံနေရင်းကနေ မီးရောင်ဆီကိုပဲ တိုးဝင်နေလိုက်တာ။ ဟော.. ဟောဗျာ။ မီးဘေးမှာ ပင့်ကူအိမ်ရှိနေတာပဲ။ သွားပြီ ပိုးဖလံတော့ မီးမတိုးပဲ ပင့်ကူအိမ်တိုးနေပြီ။ သူတွေးနေမိတုန်းမှာပဲ ကိုပင့်ကူကတော့ ရေးကြီးသုတ်ပျာနဲ့ သူ့သားကောင်ဆီ ပြေးလာလေရဲ့။ ဟင်.. ဒါဆို ပိုးဖလံလေးကို စားတော့မှာပေါ့။ အော် အသက်တစ်ချောင်း ကယ်ကောင်းပါတယ်။ ဟာ… မဟုတ်သေးဘူး၊ ဒါသူ့အတွက် ညနေစာနေမှာပေါ့။ သူလည်းစာနေမှာ။ ဒါပေမဲ့ ပိုးဖလံကရော။ ဒီအကောင်လေးက ဘာလို့သေသင့်ရတာလည်း။ ငါကရော ဘယ်သူ့ဘက်က ရပ်တည်ရမှာလည်း။ မဟုတ်သေးဘူး၊ ဒီအဖြစ်အပျက်ကဘာလည်း။ အဖြေကရော ဘယ်မှာလည်း။

မဟုတ်ဘူး …။ ဟုတ်တယ် …။ ဒါသူ့အတွေးတွေပဲ။ နောက်တော့ သူစိတ်ရှုပ်သွားပုံပါပဲ။ ဘယ်သူ့ဘက်ကမှ မရပ်တည်ပဲ ခေါင်းကနေ ရေအမြန်လောင်းချိုး။ တနေ့လုံးဝတ်ထားတဲ့ နံစော်စော်အဝတ်တွေနဲ့ပဲ သူ့ညနေစာအတွက် ခပ်မြန်မြန်အပြင်ထွက်သွားလေရဲ့။…..။

သုခမိန်။…..။

4 comments:

အိမ်လွမ်းသူ(မှန်နီကုန်း) said...

အင်း.............!
တဒင်္ဂ အဖြစ်အပျက်လေးတစ်ခုကို.......ပုံဖေါ်သွားတာ...များ....
ကောင်းလိုက်တာဗျာ။........

ဇနိ said...

VBTရေ
ဒီလိုပဲဗျ..ကြားကျကျအခြေအနေတွေက ကြုံရတတ်တယ်...

ဒီစာကို တခေါက်ဖတ်တယ် ပြောရရင် အစပိုင်းနားလေးဖတ်ရင်း ဘာပါလိမ့်ဆိုပြီး ရပ်သွား...စဉ်းစားနေတာကိုး ဘယ်ဟုတ်မလဲ နောက်မှာ အဖြေတွေက ပါပြီးသား.... အဖွက်ကောင်းတယ်...
ဘရာဗို...

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုဗာဘိုကြီး အတွေးတွေက ကောင်းလှသဗျ။ ဆရာတာကတော့ အခြားတစ်ဘက်မှ ဆင်ခြင်ကြည့်ပါရန် တဲ့ ။ ကျနော်တော့ ဘယ်လိုစဉ်းစားရမယ် သိတော့ဘူးဗျ။
ပင့်ကူကလည်း သူ့အလုပ်သူလုပ်တယ်။ ပိုးဖလံကလည်း သူ့ဖြစ်စဉ်နဲ့သူ။ ကျနော်တို့ကလည်း ကယ်ချင်၊ ကူချင်တယ်။ ကဲ . . . ပြောကြပါဦး အဖြေ . . .

တားမြစ် ထားသော... said...

အိမ်လွမ်းသူ၊ ဇနိနှင့် ကိုတာတူး တမျိုးစီ အားပေးထားကြတယ် ကျေးဇူးဗျို့။