Saturday, June 14, 2008

Does KNOWLEDGE represent Everything?


ပညာသည် အရာရာလော

ရီဗျူး
ဗြိတိလျှဝန်ကြီးချုပ် “တိုနီဘလဲ”၏ ပေါ်လစီမိန့်ခွန်းတစ်ခုတွင် ဤသို့ ပြောခဲ့ဘူးသည်။ “ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခု ရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ” ..ဟူ၏။ သူ့မိန့်ခွန်းမှာ ဗြိတိလျှလူထု၏ ဟဒယနှင့် သွားတွေ့သလို၊ ပညာရှင် အသိုင်းအဝိုင်း၏ ကောင်းချီးပေးမှုလည်း ရခဲ့ပါသည်။ “ပညာခေတ်”၏ စံပြဝန်ကြီးချုပ်ဆိုသော အပြောအဆိုမျိုးနှင့်ပင် ချီးကျူးဂုဏ်ပြုကြသည်များ ရှိသည်။

သို့နှင့်တိုင် “တိုနီဘလဲ”ကိုသာမက၊ “ပညာခေတ်”တစ်ခုလုံးကိုပင် စိန်ခေါ်လိုက်ဟန်ရှိသည့် စာအုပ်တစ်အုပ်၊ မကြာခင်က ထွက်ပေါ်လာရာ ပေါ်လစီမိတ်ကာများကြားတွင် အတော်ကလေး လှုပ်သွားသည်ဟု သိရသည်။စာရေးသူမှာ လန်ဒန်တက္ကသိုလ်မှ သြဇာတိက္ကမကြီးသော ပညာရေးပါမောက္ခ “အယ်လစ်ဆန်ဝု(ဖ)” ALISON WOLF ဖြစ်နေပြန်ရာ ပညာလောကအတွက်လည်း အလေးထား စဉ်းစားစရာ ဖြစ်နေသည်။ ပါမောက္ခ အယ်လစ်ဆန်က ပညာနှင့် စီးပွားရေးကို ချိတ်ဆက်စဉ်းစားကြည့်ရာမှ ထွက်ပေါ်လာသော ပြဿနာအချို့ကို သုတေသနမှန်ပြားပေါ် တင်လိုက်ခြင်းဖြစ်သည်။ သူ၏ စာအုပ်အမည်ကပင် မေးခွန်းတစ်ခု ဖြစ်နေသည်။ DOES EDUCATION MATTER? ဟူ၏။

သို့ဖြင့် “ပညာခေတ်၏ ပညာရေး” EDUCATION IN THE AGE OF KNOWLEDGE တစ်ခုလုံးကိုပင် ပြန်လည် ရီဗျူးလုပ်ကြဖို့ အကြောင်းဖန်တာတော့သည်။



ပညာဘိဇနက် (Knowledge Business)
ပြောရလျှင် “၂၁ရာစုမှာ ပညာခေတ် ဖြစ်လိမ့်မည်”ဆိုသော လားရာအမြင်မှာ ၂၀ ရာစု ဒုတိယနှစ်ဝက်လောက်ကပင် တွင်ကျယ်ခဲ့ပြီး ဖြစ်ပါသည်။ စက်မှုအရင်းရှင်စနစ် အကျပ်အတည်း၊ စီမံကိန်းစီးပွားရေးအပြိုနှင့် သတင်းနည်းပညာ တော်လှန်ရေးအရှိန် ရလာခြင်းတို့နှင့်အတူ ပညာခေတ်၏ အခြင်းအရာများလည်း တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။ စီးပွားရေးဘဝတွင် “အသိပညာလုပ်ငန်းများ” KNOWLEDGE INDUSTRIES ရှေ့တန်းရောက်လာသည်နှင့်အမျှ စီးပွားရေးတစ်ခုလုံးသည်ပင် “ပညာစီးပွားရေး” KNOWLEDGE ECONOMY သို့ အသွင်ပြောင်းလာပြီဟု ကောင်ချက်ချလာကြသည်။ နောက်ဆုံး ဘောဂဗေဒ ပညာရှင်များကိုယ်တိုင်က “ပညာ” KNOWLEDGE ကို အဓိကအကျဆုံး “ထုတ်လုပ်ရေးအရင်းအမြစ်” PRODUCTIVE RESOURCES အဖြစ်၊ သတ်မှတ်လာကြရာ “ပညာရေး”သည်ပင် စီးပွားရေး၊ နိုင်ငံရေးပေါ်လစီ အရပ်ရပ်အတွက် အဓိက နိုင်ဖဲတစ်ခုလို ဖြစ်လာခဲ့ပါသည်။

သို့နှင့်အမျှ “ပညာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ” မှာလည်း မျှော်လင့်ချက်အကောင်းဆုံး၊ စီးပွားရေးလုပ်ငန်းများ ဖြစ်လာတော့သည်။ အမေရိကန်နိုင်ငံမှ “အပိုလိုအုပ်စု” APOLO GROUP ဆိုလျှင် “ဖစ်နစ်တက္ကသိုလ်” UNIVERSITY OF PHOENIXလို အကြီးဆုံး ပုဂ္ဂလိကတက္ကသိုလ်မျိုး ထူထောင်နိုင်သည်အထိ ခြေလှမ်းသွက်လာခဲ့သည်။ ဤလုပ်ငန်းမှ နှစ်စဉ်ဒေါ်လာ ၁၀၈ သန်းမျှပင် အမြတ်ရသည်ဟုလည်း သိရသည်။ သို့ဖြင့် “ပညာဘိဇနက်” KNOWLEDGE BUSINESS မှာ စီးပွားရေးသမားတို့ မျက်စိကျစရာ ဖြစ်လာတော့သည်။

ပညာ၏“စန်း”မှာ ဤမျှနှင့် ရပ်တန့်နေသည် မဟုတ်ပါ။ “ပညာရေးတွင် များများရင်းနှီးမြှုပ်နှံနိုင်လေ၊ စီးပွားရေး၊ နိုင်ငံရေးတွင် ပို၍အောင်မြင်မှုရလေ” ဆိုသော လောဂျစ်မှာ ပေါ်လစီမိတ်ကာများကြားတွင် အထူးရေပန်းစားလာသည်။ လူ့အဖွဲ့အစည်း၏ အရပ်ရပ်ပြဿနာအားလုံးကို ပညာဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည် ဟူသော မျှော်လင့်စိတ်ကူးများဖြင့် “ပညာ”ကို မဟာဗျူဟာ အသုံးခံကစ္စည်းလို သဘောထားလာကြသည်။ သို့ဖြင့် “ပညာသည်ပါဝါ” KNOWLEDGE IS POWER ဆိုသော အဆိုအမိန့်မှာ ပြန်လည်တစ်ခေတ်ဆန်းလာပြီး “ပညာပိုလိုတစ်” KNOWLEDGE POLITIC ဆိုသော ဝေါဟာရပင် ဖြစ်တည်လာခဲ့ပါသည်။

သို့သော် ပညာရေးကို ဈေးကွက်ဘောင်သွင်းခြင်းနှင့် နိုင်ငံရေးဇာတ် သွင်းခြင်းအပေါ် သံသယဖြင့် စောင့်ကြည့်နေကြသည့် ပညာရှင်များလည်း ရှိနေပါသည်။ အထူးသဖြင့် ၂၁ ရာစုနှစ်ဦး၊ “ဒေါ့ကွမ်ဈေးကွက်” DOT-COM MARKET အပြိုနှင့် စက်တင်ဘာ (၁၁)အရေးအခင်းနောက်ပိုင်းတွင် ဤအသံများမှာ ပိုစိတ်လာသည်နှင့်အမျှ ပိုစူးလာခဲ့ပါသည်။

ငယ်ရုပ်လူကြီး
ပညာရေးသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရေးကြီးသော အရင်းအမြစ်တစ်ခု ဖြစ်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ ဘဝအာမခံချက်အတွက်လည်း မရှိမဖြစ် အခြေခံဖြစ်လာသည်။ ကျောင်းကောင်းကောင်းမှာ၊ ဘာသာရပ်ကောင်းကောင်းတွင် အမှတ်ကောင်းကောင်းဖြင့် စာမေးပွဲအောင်ရေးသည်သာ ကျောင်းသားများအတွက် တစ်ခုတည်းသော ရည်မှန်းချက်လို ဖြစ်လာရသည်။ ဤနေရာတွင် ကျောင်းကောင်းဆိုသည်မှာ ငွေကုန်ကြေးကျ အများဆုံး၊ နာမည်အကြီးဆုံး ကျောင်းမျိုးကို ဆိုလိုပြီး၊ ဘာသာရပ်ကောင်းကောင်း ဆိုသည်မှာလည်း လတ်တလော ဈေးကွက်တွင် ငွေအဖြစ် အလွယ်ဆုံးဘာသာရပ်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြင့် ပညာရေးသည်ပင် အနာဂတ်အဆင့်နေရာတွင် အာမခံချက်တစ်ခုလို ဖြစ်လာရသည်။ POSITIONAL GOOD ဟု ဆိုပါသည်။ ဤအတွက် နောင်ရေးကို ပူပင်တတ်သော မိဘတိုင်းက မိမိသားသမီးကို မူကြိုမှစ၍ တက္ကသိုလ်ထိတိုင် တရစပ် မောင်းရတော့သည်။

ဖြစ်လာသော အကျိုးဆက်များမှာ အကောင်းချည်းဟုဆိုရန် ခက်ပါလိမ့်မည်။ ပထမဆုံး သတိပြုမိလိုက်သည့် ရလဒ်မှာ ကလေးများအတွက် ငယ်ဘဝများ ပျောက်ဆုံးသွားခြင်းဟု ဆိုပါသည်။ “ဆယ်ကျော်သက်မတိုင်မီ အရွယ်များ” PRETEEN ဆိုလျှင် အပေါင်းအသင်းမဲ့၊ မိခင်ရင်ခွင်ပျောက် ဖြစ်လာပြီး ကွန်ပျူတာနှင့်သာ နှစ်ပါးသွားနေရတော့သည်။ ကွန်ပျူတာ၏ ဘေးထွက် အကျိုးများကို စောင့်ကြည့်လေ့လာနေကြသူ ပညာရှင်များ၏ အဆိုအရ ဆိုခဲ့ပါ ကလေးငယ်များတွင် အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ အဝလွန်ခြင်း စသော ရုပ်ပိုင်းဆိုးကျိုးများ ရှိနိုင်သလို၊ အထီးကျန်ဆန်ခြင်း၊ သာမန် ကလေးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးများ ချို့တဲ့ခြင်း စသော စိတ်ပိုင်းဆိုင်ရာ မလိုလားဖွယ်ရာများ ရှိနိုင်သည်ဟု ဆိုပါသည်။ သို့ဖြင့် ပညာခေတ်၏ အနာဂတ်ဖန်တီးရှင်များမှာ “တစ်ကိုယ်တော်၊ မှန်ကြောင်၊ ဖက်တီးလေးများ” ဖြစ်နေတော့သည်။

ဆယ်ကျော်သက်ရွယ် ရောက်ပြန်တော့လည်း လူငယ်ဘဝ၏ ကြည်နူးရင်ခုန်စရာများတွင် မွေ့လျော်ပျော်ပါးချိန် ဟူ၍ မရှိတော့ပါ။ ကြီးမားသော ယှဉ်ပြိုင်စိန်ခေါ်မှုများ အောက်တွင် အရွယ်ကို စတေးပြစ်လိုက်ရပါသည်။ မိမိ ပတ်ဝန်းကျင်ကိုပင် မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းအဖြစ် မကြည့်မြင်နိုင်ဘဲ ပြိုင်ဘက်အဖြစ်သာ သဘောထားလာကြသည်။ အကျိုးဆက်မှာ “အတ္တ ဗဟိုပြုလူငယ်များ” SELFCENTERED YOUTH မွေးထုတ်သလို ဖြစ်နေသည်ဟု ဆိုပါသည်။ ဤသို့သော လူငယ်များဖြင့် လူ့အဖွဲ့အစည်းအတွက် လိုအပ်သော “စုပေါင်းစွမ်းအင်” SYNERGY ကို ဖန်တီးနိုင်ပါမည်လော။ မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါသည်။

စက်ယန္တရားတက္ကသိုလ်
ပညာရေးကို စီးပွားရေးမျှော်ကိုးချက်များဖြင့် ချိတ်ဆက် ဖန်တီးကြခြင်းသည် ပညာရေး၏ မူလရည်မှန်းချက်များကို ကျဉ်းကျုံ့သွားစေသည်ဆိုသော အကောက်အယူများလည်း ရှိပါသည်။ ပညာရှင်အချို့ဆိုလျှင် ကျဉ်းကျုံ့ရုံမျှမက ပုံပျက်၍ပင်သွားနိုင်သည် ဟုပင် စိုးရိမ်မကင်း ဖြစ်နေကြသည်။ သိကြပြီးသည့်အတိုင်း စီးပွားရေးတွင် ကိန်းဂဏန်း ညွှန်းကိန်းများကို အားပြုလေ့ရှိရာ ပညာရေးလောကတွင်ပါ ဤအစဉ်အလာက အရိပ်ထိုးလာသည်။ တိုင်းပြည်စီးပွားရေးအတွက် “ပညာအလုပ်သမား” KNOWLEDGE WORKER မည်၍မည်မျှ လိုမည်ဆိုသော လျာထားချက်ကို ချိန်ရွယ်ပြီး တက္ကသိုလ်တစ်ခုက တစ်နှစ်လျှင် မည်မျှ မွေးထုတ်နိုင်ရမည်ဆိုသော စီမံကိန်းမျိုးတွေ ရှိလာသည်။ စင်စစ် အရေအတွက်ကို တိုးချဲ့လိုက်သည်နှင့် အရည်အသွေးပိုင်းတွင် ကျဆင်းလာနိုင်သည့် တူရှုချက်များ ရှိနိုင်ပါသည်။ လန်ဒန်တက္ကသိုလ်မှ ကမကထလုပ်သော ဆာဗေးတစ်ခုအရ ဗြိတိလျှတက္ကသိုလ်များမှ မွေးထုတ်လိုက်သော ဘွဲ့ရများ၏ ပညာရည်မှာ လွန်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း သိသိသာသာ ကျဆင်းသွားသည်ဟု ဆိုပါသည်။

အရေအတွက်များများ မွေးထုတ်နိုင်ရေးနှင့်အတူ ကျွဲကူးရေပါဖြစ်လာသည့် အခြားပြဿနာများလည်း ရှိသေးသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ ပို၍ တင်းကျပ်လာခြင်း၊ ပညာသင်စရိတ်များ ကြီးမြင့်လာခြင်း၊ တက္ကသိုလ်များကိုယ်တိုင် ဘတ်ဂျက် အခက်အခဲနှင့် ရင်ဆိုင်လာရာခြင်း စသည်တို့ ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ တက္ကသိုလ်များ၏ မူလကိုယ်ရည်ကိုယ်သွေးများ မှုန်ဝါးလာသည့် ကိစ္စဟု ဆိုကြသည်။ ပြောရလျှင် တက္ကသိုလ်ပညာရေးမှာ အသေမဟုတ်ပါ။ အရှင်ဖြစ်သည်။ အတိတ်မှ သင်ခန်းစာထုတ်ယူရေး သက်သက်မျှမဟုတ်ပါ။ အနာဂတ်အတွက် ပြင်ဆင်တည်ဆောက်ရေး ဖြစ်ပါသည်။ ငါးပွက်ရာ ငါးစာချသလို ပေါ်ပြူလာပညာရပ်များနှင့် ကျေနပ်နေ၍ မဖြစ်ပါ။ တီထွင်ဖန်တီးမှုကို စေ့ဆော်သော သုတေသနပညာရေး ဖြစ်ပါသည်။ ဤအနေအထားများနှင့် တစ်စစ ဝေးလာခြင်းမှာ တက္ကသိုလ်တစ်ခုအတွက် “အရင်းအမြစ်များ ခန်းခြောက်လာခြင်း” DRAINING OF RESOURCES ဟု ဝေဖန်ကြပါသည်။

ဤနေရာတွင် အထက်က ညွှန်းဆိုခဲ့သော ပါမောက္ခ “အယ်လစ်ဆန်”၏ စကားတစ်ခွန်းကို ပြန်လည်ရည်ညွှန်းလိုသည်။ “ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဟာ ကျွန်တော်တို့လောက် မချောင်လည်တဲ့ အခြေအနေမှာတောင် ပညာရေးကို ယဉ်ကျေးမှုဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ ဆိုတဲ့ မျက်နှာစာပေါင်းစုံက စနစ်တကျ ဖန်တီးခဲ့ကြပါတယ်။ ဒီနေ့ ကျွန်တော်တို့ဟာ ဒီအစဉ်အလာကို လစ်လျူရှုပြီး ပညာရေးမှ ပညာရေးသက်သက် လုပ်နေရင် တာဝန်ကျေနိုင်ပါ့မလား” သူ စိန်ခေါ်လိုက်သော မေးခွန်းကို အဖြေပေးနိုင်ဖို့ ကြိုးစားကြရာမှ “ပညာ”ဆိုသည်နှင့် ပက်သပ်၍ပင် ပြန်လည်ဆန်းစစ်ကြဖို့ ဖြစ်လာရတော့သည်။

ပညာအစစ်သို့
“ပညာခေတ်”၊ “ပညာစီးပွားရေး”၊ “ပညာအလုပ်သမား” …။ မျက်မှောက်ခေတ်တွင် “ပညာ”ဆိုသော ရှေ့ဆက်စကားမှာ အကျယ်လောင်ဆုံး မြည်ဟည်းလျက် ရှိနေပါသည်။ ယခုတော့ ဤပညာသည်ပင် ပညာစစ် ဟုတ်မဟုတ် ပြန်လည်စိစစ်လာကြရသည်။

ယနေ့ အပြောများနေသော “ပညာ” KNOWLEDGE ဆိုသည်မှာ ရလာသော အင်ဖော်မေးရှင်းများကို အသုံးတည့်ရေးရှုထောင့်မှ အသွင်ပြောင်း ပုံဖော်ယူလိုက်သည့် အသိပညာ သို့မဟုတ် အတတ်ပညာမျှသာ ဖြစ်ပါသည်။ လက်တွေ့အသုံးပြုရေး မျက်နှာစာတစ်ခုတည်းမှ ချဉ်းကပ်ထားခြင်းဖြစ်ရာ လူ့အဖွဲ့စည်းရှိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် ၉၆ပါးဆေးအဖြစ် မမျှော်လင့်အပ်ဟု ဆိုသည်။ လတ်တလော အသုံးတည့်နိုင်သော်လည်း ရေရှည် အားကိုးအားထားပြုခြင်းမှ ပြုနိုင်ပါလိမ့်မည်။ သူ့တွင် “အဆုံးစွန်တန်ဖိုး” ABSOLUTE VALUE မရှိ။ “နှိုင်းရတန်ဖိုး” RELATIVE VALUE တန်ဖိုးသာရှိသည်။ ထို့ကြောင့် ပညာဆိုသည်ထက် “သညာ”ဟုသာ ဆိုသင့်သည်ဟု ထောက်ပြကြပါသည်။

ဤသို့ဆိုလျှင် “တကယ့်ပညာအစစ်” WISDOM မှာ ဘာဖြစ်မည်နည်း။ ဤပညာအစစ်သည် တစ်ပွဲထိုးကုထုံး မဖြစ်စေရ။ လောကလုံးသဘော ဆောင်နိုင်ရမည် (UNIVERSAL CONCEPT)။ ရေရှည်ခံသည့် တန်ဖိုးရှိရမည် (SUSTAINABLE VALUE)။ ကျင့်ဝတ်ပိုင်းအရ အစစ်ဆေးခံနိုင်စွမ်း ရှိရမည် (MORALLY JUSTIFIED)။ ဘက်ပေါင်းစုံမှ ချဉ်းကပ်နိုင်ရမည် (ALL ROUND DIMENSIONS) စသဖြင့် ညွှန်းဆိုလာကြပါသည်။

ဤဖွင့်ဆိုချက်များနှင့်အတူ လက်ရှိ “ပညာရေး” EDUCATION ကိုလည်း ဝေဖန်သုံးသပ်လာကြသည်။ လက်ရှိပညာရေးမှာ ပညာအစစ်ကို မဖန်တီးနိုင်၊ သညာအဆင့်မျှနှင့် တန့်နေသည်ဟု ဆိုပါသည်။ တကယ့်ပညာခေတ်စစ်စစ်ကို ဦးတည်နိုင်ဖို့ဆိုလျှင် ယနေ့ပညာရေးကိုပင် ပြန်လည်အဓိပ္ပါယ် ဖွင့်ရတော့မည်ဟု ဆိုပါကြောင်း။
စာညွှန်း - THE EDUCATION SHIBBOLETH

ကျော်ဝင်း “ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ - KNOWLEDGE, EDUCATION AND CHALLANGERS” စာအုပ်မှ ဆောင်းပါးတစ်ပုဒ်အား ကောက်နှုတ်ချက်။ (စာမျက်နှာ ၁၆၅ မှ ၁၇၀ ထိ)။…။

ဖော်ပြခဲ့တဲ့ ဆရာကျော်ဝင်းရဲ့ စာအုပ်ကိုဖတ်ရင်း ကျွန်တော်တို့ခေတ်ရဲ့ ကြေးမုံပြင်မှာ ကိုယ့်ကိုကိုယ် တင်ကြည့်မိသေးတယ်။ တွေ့လိုက်ရသလိုတော့ ရှိပါတယ်။ အပြောင်းအလဲတွေများတဲ့ခေတ်၊ မြန်နှုန်းတွေနဲ့ စကားပြောရင်း ထိရောက်မှုကို အဓိကထားတဲ့ ခေတ်ပါ။ ၂၀ ရာစုအကုန်ပိုင်းတွေနဲ့ ၂၁ ရာစုအစမှာ တိုးတက်လာတဲ့ သတင်းနည်းပညာရဲ့ ရိုက်ချက်တွေပဲပေါ့။ ဒီနေ့ခေတ် ကြေးမုံပြင်မှာ တင်ကြည့်လိုက်တော့ ကိုယ့်အတွက်နေရာက အများနဲ့ယှဉ်ရင် ဟိုးအဝေးကြီးမှာရောက်နေပါတယ်။ ဆက်ပြီး စဉ်းစားရင်တော့ ကျွန်တော်တို့ဖြတ်သန်းရတဲ့ ခေတ်ကို ပညာခေတ်လို့ အများကခေါ်နေတာကနေ၊ အခုဆို နောက်တခေတ်ကိုတောင် ပြောင်းလဲတော့မယ် ထင်ပါတယ်။

ဒါပေမဲ့ သတင်းနည်းပညာရဲ့ အဓိကကျတဲ့ ကွန်ပျူတာကို အခုအချိန်ထိ ကျွန်တော်တို့ဆီမှာက ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးပါဘူး။ လူတန်းစားတစ်ရပ်ရဲ့ အသုံးပဲရှိသေးတယ်။ နောက်ပြီး သူ့ရဲ့အသုံးဝင်မှုကိုလည်း အပြည့်အဝ အသုံးမချနိုင်သေးဘူးလို့ တွေးမိတယ်။ ဒါဟာ သတင်းနည်းပညာခေတ်အတွက် ကျွန်တော်တို့ရဲ့ နောက်ကျမှုတစ်ခုပါ။ ကမ္ဘာလုံးခြုံတဲ့ အမြင်နဲ့ကြည့်ရင် ခပ်ဝေးဝေးမှာ ကျန်နေခဲ့ပါပြီ။

အဆိုးထဲက အကောင်းကို သဲ့ယူကြစို့ရဲ့။ သူတို့တွေက ရှေ့ကနေဖြတ်သွားပြပြီးသားဆိုတော့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာကို ကြိုတွေးကြည့်လို့ ရမှာပါ။ ပုံတူကူးချလို့ မရမှာကတော့ သေချာပါတယ်။ “တစ်ကျောင်း တဂါထာ၊ တစ်ရွာ တပုဒ်ဆန်း” မြန်မာ စကားပုံလည်း ရှိသားမဟုတ်လား။ ဒီလိုသာဆိုရင် ကျွန်တော်တို့ရဲ့ ပညာရေးကရော ဘယ်လိုပညာရေးမျိုးလဲ။ ဒီပညာရေးကို ဖြတ်သန်းလိုက်ရင်ရော (ကျောင်းသူ၊ ကျောင်းသားတွေ၊ ဒါမှမဟုတ် ပညာရှာသူတွေ အတွက်) ဘာတွေကျန်ခဲ့မလဲ။

ဒီနေ့ခေတ်မှာ ပညာဆိုတာကို အသုံးချနိုင်မှုနဲ့ တိုင်းတာနေပါတယ်လို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ကျွန်တော်တို့ဆီမှာလည်း အလုပ်တစ်ခုရဖို့ ရှိနေရမဲ့ (ရှိနေရင် ပိုကောင်းမယ်လို့လည်း ထင်ရတဲ့) သင်တန်းဆင်းလက်မှတ်တွေ မျိုးစုံပါပဲ။ အဲဒီကြားထဲမှာ လုပ်နိုင်မှုစွမ်းရည်ကို ပြန်လည် ဆန်းစစ်ရတာပါ။ အများစုကတော့ လက်ဝယ်ရှိနေရုံပါပဲ။ သင်တန်းပြီးမှမပြောနဲ့ တက်နေစဉ်ကတည်းက နားမလည်၊ ဘာမှမသိတာတွေများပါတယ်။ ဒါတွေဟာ အခြေခံမှာ ဖြတ်သန်းခဲ့ရတဲ့ ပညာရေးနဲ့ ဆိုင်မယ်ထင်ပါတယ်။

နိုင်ငံအများစုမှာ အခြေခံပညာရေးကို (ဒီနေရာမှာ အခြေခံပညာရေးဆိုသည်မှာ တက္ကသိုလ်ဝင်တန်းအထိလို့ ဆိုလိုချင်ပါတယ်။) နိုင်ငံတော်ကနေ တာဝန်ယူပါတယ်။ ဗဟိုအုပ်ချုပ်မှုစနစ်ရှိပြီး အဓိကရည်ရွယ်ချက်က အပြန့်ကျယ်မှု (လူအများ စာတတ်မြောက်ရေး) ကိုရည်ရွယ်တယ်။ အကယ်၍ ပုဂ္ဂလိကကျောင်းများ ရှိနေမယ်ဆိုရင် သူတို့တွေက အပြန့်ကျယ်မှုထက် ထိရောက်မှုကို အားပေးတယ်လို့ ဆိုကြပါတယ်။ အခုအချိန်ထိ ကျွန်တော်တို့ဆီမှာ အခြေခံပညာရေးအတွက် ပုဂ္ဂလိကကျောင်းတွေ မရှိသလောက်ပါပဲ။ အဲဒီအတွက် အပြန့်ကျယ်မှု စည်းမျဉ်းအောက်က ပေါက်ဖွားလာသူတွေဖြစ်တော့ စဉ်းစားတွေးခေါ်မှု၊ အကျိုးအကြောင်း ဆက်စပ်မှု၊ စူးစမ်းရှာဖွေမှု လိုမျိုး အခြေခံကောင်းတွေ လွတ်နေရတယ်လို့ထင်တယ်။

အရေအတွက်မှသည် အရည်အချင်းဆီသို့ ဆိုသော ကျွန်တော်တို့ဆီက လှုပ်ရှားမှုဟာလည်း သူတို့တွေပြောသလိုပါပဲ တက္ကသိုလ်ကျောင်းထွက်တွေ များလာရုံမှလွဲလို့ ကောင်းကျိုးပေးမှုနည်းပါတယ်။ ဟုတ်မရောင် တတ်ယောင်ကားတွေ ပိုများလာလို့ အန္တရာယ်တောင်ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ပညာရေးဟာ အပြန့်ကျယ်မှု ခွင်ထဲမှာပဲ ရှိနေတယ်ထင်ပါတယ်။ လက်တွေ့နဲ့ စူးစမ်းရှာဖွေမှု အပိုင်းတွေမှာ အားနည်းနေတယ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့မှာက သူတို့အနေနဲ့ ပညာလို့တောင် မသတ်မှတ်ချင်တော့ပဲ သညာအဆင့်မှာပဲ ရှိပါသေးတယ်ဆိုတဲ့ နေရာကိုရောက်ဖို့ ကြိုးစားရပါအုံးမယ်။ ဒီလိုမှမဟုတ်ရင်လည်း စောစောကပြောခဲ့သလို သူတို့တွေရဲ့ အတွေ့အကြုံတွေကို လေ့လာပြီး အကောင်းဆုံးနည်းကိုရွေး ပြီးတော့အင်နဲ့အားနဲ့ နောက်ကလိုက်ရမှာပါ။

ဟုတ်ကဲ့ တောင်ရောက်မြောက်ရောက်နဲ့ သမုဒ္ဒရာရေပြင်ပေါ် ဆီးစေ့ကျသလောက် ကျွန်တော့် အတွေးလှိုင်းတွေမှာ အမှားပါရင်လည်း ခွင့်လွှတ်ပါ။ ကျွန်တော့်ရဲ့ အားနည်းမှု၊ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပဲ ဖြစ်လို့ပါ။ အဓိက ဒီစာလေးရဲ့ရည်ရွယ်ရင်းကတော့ ကျွန်တော်တို့မြန်မာတွေ စဉ်းစားဖို့ အကြောင်းများထဲက တစ်ခုလေများလားဆိုပြီး အားလုံးကို မျှဝေလိုက်တာပါ။ အော် ဒီနေ့ခေတ်ကြေးမုံပေါ်က ကျွန်တော့်ပုံရိပ်ကတော့ ဝိုးတဝါးသာသာပါဆိုတာ ပြောဖို့မေ့နေတယ်။

သုခမိန်။…..။

9 comments:

ဇနိ said...

ကျွန်မလည်း စဉ်းစားမိတာ ကြာပြီ။ အဖြေတော့ မထွက်ဘူး။
မဇနိ

MgThaJan said...

ဆောင်းပါးလေး ကောင်းတယ်ဗျို့ :)

ရွက်ဝါ said...

ကိုသုခမိန်ရေ ဒီပို့လေးကိုတော့ စိတ်ဝင်စားတယ်။ ကွန်မန့်တွေပေးပြီး လာဆွေးနွေးမယ်ဗျာ။ အခန်းလိုက်လေးတွေ ဆွေးနွေးသွားမယ်။ ပြောချင်တဲ့ စကားတွေက အရမ်းများနေလို့ နောက်မှ တစ်ခန်းချင်းစီ နေ့စဉ်ကွန်မန့်လာတင်မယ်။ ဖတ်ရတာ ပျင်းနေမှာလည်း စိုးလို့လည်းပါတယ်။ ဒီနေ့တော့ ပထမဆုံး အပိုင်းပေါ့။

မူရင်း ပရော်ဖက်ဆာကြီးရဲ့စာအုပ်တော့ မပြောတတ်ဘူး။ ဒီဆောင်းပါးထဲက အနေအထားကတော့ ပြဿနာတွေနဲ့ စိတ်ပူစရာတွေကိုပဲ ပြသွားတယ်။ အဖြေတွေ၊ ဖြေရှင်းလို့ ဖြစ်နိုင်တဲ့ နည်းတွေ မတွေ့ရဘူး။ ကျွန်တော်စဉ်းစားမိသလောက် အဖြေတွေကိုလည်း အခန်းလိုက် ဆွေးနွေးပေးသွားပါမယ်။ အိမ်ရှင်တွေရော ဧည့်သည်တွေရော သီးခံပြီးသာ ဖတ်ကြပေတော့လို့ ကြိုပြီးတောင်းပန်ပါတယ်။

၁။ ရီဗျူး အခန်း
ပညာရေး လောကမှာ သြဇာတိက္ကမကြီးတဲ့ ပါမောက္ခ “အယ်လစ်ဆန်ဝု(ဖ)” ဆိုသူက ပညာနဲ့စီးပွားကို ချိန်ဆက်စဉ်းစားပြီးထွက်ပေါ်လာတဲ့ ပြဿနာအချို့ကို သုတေသန မှန်ပြားပေါ်တင်လိုက်တာတဲ့။ ပညာနဲ့စီးပွား လူ့ဘ၀မှာ ဘယ်ဟာက ပိုအရေးပါသလဲပေါ့။ ချိန်စက်တယ်လို့ဆိုထားတော့ ကျွန်တော်ကတော့ အဲလိုပဲသဘောပေါက်လိုက်တယ်။

တကယ်တော့ ပညာနဲ့စီးပွားဆိုတာက ဘယ်ဟာကကြီးသလဲ ဘယ်ဟာက ငယ်သလဲ နှိုင်းလို့ရနိုင်တဲ့တန်ဖိုးတွေ၊ တနည်းပြောရရင် ၀န်ရိုးတစ်ချောင်းတည်းပေါ်က တန်ဖိုးတွေမဟုတ်ကြပါဘူး။ ကိုယ်ပိုင်ဖြစ်တဲ့ သီးခြားဝန်ရိုးတွေပေါ်မှာ ရပ်တည်နေကြတယ်။ x တန်ဖိုးနဲ့ y တန်ဖိုး ဘယ်သူက ကြီးလဲ/ သေးလဲ စဉ်းစားနေတွေးနေရင် အလုပ်မဟုတ်တာ လုပ်နေတဲ့သူဖြစ်သွားမှာပေါ့။ အမှတ် ၂ ခုရှိတယ်ဆိုပါစို့ သူတို့ချင်းနှိုင်းရင်း ဘယ်သူကရှေ့နားရောက်တယ် နောက်နားရောက်တယ်။ x တန်ဖိုးကိုနှိုင်းလိုက်တာ။ ဘယ်သူက အထက်နားရောက်တယ် အောက်နားရောက်တယ်။ အဲလိုဆိုတော့ y တန်ဖိုးကို နှိုင်းလိုက်တာပါ။ ရှေ့ကိုများများရောက်ဖို့ဆိုရင် x တန်ဖိုးကိုတိုးပေးဖို့လိုမယ်။ အပေါ်ကို တတ်ချင်ရင် y တန်ဖိုးကိုတိုးပေးဖို့လိုမယ်။ အဲလိုပဲ ပညာနဲ့ စီးပွားကလည်း သူ့နေရာနဲ့သူ အသုံးဝင်နေတဲ့ သီးခြားစီ ရပ်တည်နေတဲ့ နှိုင်းယှဉ်လို့ မဖြစ်တဲ့ တန်ဖိုး ၂ ခုလို့ ကျွန်တော်ကတော့ထင်တာပဲ။

လူ့ဘ၀ဆိုတာကိုကျတော့ အဲဒီဝန်ရိုး ၂ ချောင်းလုံးပေါ်မှာရှိတဲ့ တန်ဖိုးတွေပေါ်မှီခိုပြီး တည်ရှိနေတဲ့ xy ပြင်ညီပေါ်က အမှတ်တစ်ခုလို့ဆိုပါစို့။ ပညာဆိုတာလည်း ကောင်းမှ။ စီးပွားဆိုတာလည်းရှိမှ များသောအားဖြင့် ဘ၀ဆိုတာက လှနိုင်တာကိုး။ သူတို့ချင်းကလည်း အပြန်အလှန်မှီခိုနေသေးတယ်။ ပညာမတတ်ရင် စီးပွားရှာရပင်ပန်း။ စီးပွားမရှိပြန်ရင်လည်း ပညာတတ်ဖို့မလွယ်။

မဟော်သဓ ဇာတ်တော်ထဲမှာတော့ ဘုရင်က ပညာရှိအမတ်တွေကို ပညာနဲ့ ဥစ္စာဘယ်ဟာက ပိုအရေးပါသလဲဆိုတဲ့ အမေးကိုမေးဖူးတယ်။ ကျန်တဲ့အမတ်တွေကတော့ ဘုရင့်အလိုလိုက်ပြီး ဥစ္စာက သာတယ်ဖြေကြတယ်။ ဘုရားလောင် မဟော်သဓကတော့ ပညာက သာတယ်လို့ဖြေတဲ့အတွက် ရာထူးချခံရဖူးတယ်။ နောက်တော့လည်း အခက်ခဲနဲ့ကြုံတော့ ပညာရှိမဟော်သဓကို ပြန်ခေါ်ပြီး အနားမှာထားစေခဲ့ ဖူးတယ်ဆိုတော့။ ပညာကသာတယ်လို့ ဘုရင်လည်း လက်ခံလိုက်ရတာပေါ့။ ဒါပေမယ့် ပညာနဲ့ အရာရာ မပြီးမြောက်နိုင်သလို။ ဥစ္စာနဲ့လည်း ထို့အတူပါပဲ။ အဲဒီဇာတ်တော်ထဲမှာကိုပဲ ပညာကသာပါတယ်လို့ နောက်ဆုံးအားလုံးလက်ခံပေမယ့် ဥစ္စာတစ်စုံတစ်ရာရဖို့ ပညာရှိမဟော်သဓကိုယ်တိုင် အာဏာရှင်ဥစ္စာရှင်ဖြစ်တဲ့ ဘုရင်ကြီးကို ခစားနေခဲ့ရတာပဲဆိုတော့ အဲဒီ ၂ ခုဟာမနှိုင်းယှဉ်အပ်တဲ့ ဟာတွေပဲလို့ ကျွန်တော်ကတော့ မြင်တယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာအဆုံး အမတွေအရက ပညာရယ်၊ ဥစ္စာရယ်၊ ကုသိုလ်ရယ်ဆိုပြီး သုံးမျိုးရှာစရာရှိတာကိုး။ ဥစ္စာလို့ဆိုတဲ့နေရာမှာတော့ ကောင်းသောကျော်ဇောသတင်းကို ဖြစ်အောင်လုပ်တာ။ ငွေကြေးရအောင်လုပ်တာ၊ အာဏာရအောင်လုပ်တာ အားလုံးပါတာပေါ့ဗျာ။ ဒါအားလုံးလုပ်သင့်တဲ့ အလုပ်တွေပါပဲ။ ပြောခဲ့တဲ့ သုံးမျိုးလုံးက မက်မောစရာတွေပါပဲ။ သံသရာရယ်။ ဘ၀ရယ်ဆိုတဲ့ အမြင်ကြီးတွေနဲ့ကြည့်ရင်တော့ ကုသိုလ်ကံဆိုတာက ယခုဘ၀မှာတင်မက သံသရာ မဆုံးသေးသမျှကာလပတ်လုံး အရိပ်သဖွယ်နောက်ကလိုက်ပြီး ကောင်းကျိုးတွေပေးတတ်လို့ အခိုင်မာဆုံး ဥစ္စာပေါ့။ ပညာဆိုတာကတော့ ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်လို့ ဘ၀တစ်သက်တာအတွက်လို့ ပြောနိုင်တဲ့ခိုင်မာမှုမျိုးရှိတယ် ဆိုနိုင်တာပေါ့။ ဥစ္စာဆိုတာကတော့ ဒီနေ့မြင် မနက်ဖြန်ပျောက်ဆိုသလို ရန်သူမျိုးငါးပါးနဲ့ အချိန်မရွေးထပြီး အဆက်အဆံလုပ်တတ်လွန်းလို့ ခိုင်မာမှုအနည်းဆုံး ဆိုရတော့မှာပေါ့။ အဲဒီခိုင်မာမှုရှုဒေါင့်ကကြည့်ရင်တော့ ပညာက ဥစ္စာထက်သာတယ်လို့ ဆိုနိုင်ပါတယ်။

သတ္တ၀ါအားလုံးတို့တွင် ကံသာလျှင်အမိ ကံသာလျှင်အဖရှိသည်။
ပညာဟူသည် မြတ်ရွှေအိုး။
ဥစ္စဟူသည်မျက်လှည့်မျိုး။

တားမြစ် ထားသော... said...

ကိုရွက်ဝါရေ ကောင်းတဲ့ အတွေးတွေ၊ စကားတွေပါပဲ။ ဘုရားဟောလေးလည်း သိရတော့ ပိုသဘောကျမိသဗျ။
ပြောအုံးမယ်။ သေချာအောင် မူရင်းစာအုပ်ကိုလည်း ပြန်ကြည့်လိုက်သေးတယ်။ သူပြောချင်တာက (သူဆိုတာ မူရင်းစာရေးသူကို ရည်ရွယ်ပါတယ်။) ပညာနဲ့ စီးပွားကို ချိတ်ဆက်စဉ်းစားတာဗျ။ ချိန်စက်တယ်လို့ ဟုတ်ဘူးလေ။ ဘယ်ဟာက ပိုအရေးကြီးလည်း အဖြေရှာဖို့ ကြိုးစားတာ ဟုတ်ဟန်မတူပါဘူး။ ကိုရွက်ဝါပြောသလို ပညာနဲ့ စီးပွားကို သူလည်း ဂရပ်ဖ်ဆွဲကြည့်ချင်ပုံ ရပါတယ်။ သုတေသန လုပ်ကြည့်တယ်ပေါ့ဗျာ။ နှိုင်းယှဉ်ဖို့ ကြိုးစားတာ ဟုတ်ပုံမပေါ်ပါဘူး။ တစ်ခုနဲ့ တစ်ခု ဘယ်လိုမှီခိုလည်း ဘယ်လိုလိုက်ပြီး ပြောင်းလည်းနေလဲ ဒီလိုမျိုး လုပ်ကြည့်တာထင်တယ်။
သူတို့ပြောချင်နေတာက ဒီနေ့ခေတ်ရဲ့ ပညာရေးပါ။ ဒီနေ့ခေတ် ပညာရေးဟာ စီးပွားရေးကို ဘယ်လိုပြောင်းလဲစေသလဲ။ ဒီနေ့ခေတ် စီးပွားရေးကရော ဒီနေ့ပညာရေးအပေါ် ဘယ်လိုသက်ရောက်နေသလဲ။ ဒါမျိုးပါ။ အဓိက သူတို့ပြောချင်တာကတော့ အခုခေတ်မှာ ပညာဟာ အဓိကျလာပြီ။ ပညာမတတ်ရင်တော့ လူ့နောက်ကျမယ်။ ခပ်နာနာလေးပြောရင် လူ့အောက်ကျမယ်။ ဒါပေမဲ့ ဒီပညာဟာ အသုံးချပညာအဆင့်ပဲ ရှိနေပါတယ်တဲ့။ တကယ့် ပညာအစစ်ဟုတ်ဟန်မတူဘူးလို့ သူတို့ ဆွေးနွေးနေကြတယ် ထင်ပါတယ်။
ကိုရွက်ဝါပြောတဲ့ ပညာဟာ (မဟော်သဓ အမတ်ကြီးလို) ပိုင်းခြားသိမြင်နိုင်ခြင်း၊ အမှောင်ခွင်းလို့ အလင်းဆောင်နိုင်ခြင်း အဲဒီလို မြင့်မြတ်တဲ့ ပညာပါ။ အဲဒါကြောင့် သူတို့တွေက သူတို့အတွက် အခုအရမ်းအရေးပါနေပါတယ် ဆိုတဲ့ ပညာဟာ သညာအဆင့်ပဲဖြစ်မယ်။ တကယ့် အစစ်အမှန် ပညာမဟုတ်လောက်ဘူးလို့၊ တွေးနေကြတယ်ထင်ပါတယ်။ အဲဒီ သညာမှာအဆင့်မှာ ကျွန်တော်တို့တွေ နောက်ကျနေတယ် ထင်တာပဲ။ အဲ.. ဒါမှမဟုတ် ပိုသိနေတယ်ပဲ ပြောရမလား။ (ကျွန်တော်ကတော့ ပိုမသိတာ သေချာပါတယ်။) ဘာလို့လည်းဆိုတော့ ဘာသာတရားနဲ့ သူ့ရဲ့ အဆုံးအမတွေ ရှိနေလို့ပါ။
ကျွန်တော်တို့အတွက် ကံကောင်းတာက ရှင်တော်ဂေါတမရဲ့ အယူမှာ သက်ဝင်သူတွေ ဖြစ်နေကြရတာပါပဲ။ အချက်အလက်ပြည့် စုံတယ်၊ သက်သေပြနိုင်တယ် ဆိုတဲ့ သိပ္ပံပညာမှာတောင် အခုအချိန်ကျမှ အသစ်တွေတွေ့ နိုဘယ်ဆုတွေယူနေသူတွေရဲ့ အတွေးမျိုးကို အရှင်ဂေါတမက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀လောက်တည်းက တွေးခဲ့၊ မြင်ခဲ့၊ ဟောခဲ့ပြီးသွားပြီလို့ ပြောကြတာပဲလေ။ သူတို့တွေရဲ့ အတွေးတွေလည်း တကယ့်ပညာဆီကို ချဉ်းကပ်ချင်နေတာ ထင်ပါရဲ့။
ကိုရွက်ဝါရဲ့ အမြင်တွေကိုတော့ သဘောကျ နှစ်ခြိုက်မိတယ်။ ကျွန်တော်ဆို ကိုယ်ပိုင်အမြင်မှ မရှိပဲကိုး။ နောက်ထပ် ရေးအုံးမယ့် ကွန်မန့်တွေကိုလည်း မျှော်လင့်နေပါတယ်။ ပြန်ဆွေးနွေးတာ နောက်ကျရင်သာ စိတ်မပျက်ပါနဲ့။ ကျွန်တော့်မှာက ပီစီသုံးဖို့နဲ့၊ အင်တာနက်သုံးဖို့က အကန့်အသတ်လေးတွေ ရှိနေလို့ရယ်၊ နောက်ပြီး နည်းလွန်းတဲ့ အသိတွေကြောင့်ရယ်ပါ။

တစ်ခုလည်းမျှဝေပါအုံးမယ်။ (ကူရေးပေးတာပါပဲ။ .... :D)
“မိလိန္ဒပဥှာမှ ပညာ၏အဓိပ္ပါယ်”
“အရှင်ဘုရား၊ ပညာသည် အဘယ်လက္ခဏာ ရှိပါသနည်း။”
“မင်းမြတ်၊ ပညာသည် ပိုင်းဖြတ်ခြင်းလက္ခဏာ ရှိ၏။ ထွန်းလင်းတောက်ပခြင်း လက္ခဏာလည်းရှိ၏။”
“အရှင်ဘုရား၊ အဘယ်သို့ ပိုင်းဖြတ်ခြင်းလက္ခဏာ ရှိပါသနည်း။”
“မင်းမြတ်၊ အဝိဇ္ဖာအမှောင်ကို မှုတ်လွင့်ဖျက်ဆီးနိုင်၍ ပိုင်းဖြတ်ခြင်း လက္ခဏာဟု ဆိုပါသည်။”
“အရှင်ဘုရား၊ အဘယ်သို့ ထွန်းလင်း တောက်ပခြင်း လက္ခဏာရှိပါသနည်း။”
“မင်းမြတ်၊ ဝိဇ္ဖာအလင်းကို ဖြစ်ပေါ်စေ၍ ထွန်းလင်းတောက်ပခြင်း လက္ခဏာဟု ဆိုပါသည်။”
“အရှင်ဘုရား၊ လျော်ကန်သင့်မြတ်လှပါပေ၏။”
(မိလိန္ဒပဥှာကျမ်း၊ မဟာဝဂ်မှ ကောက်နုတ်ချက်)

ဆရာကျော်ဝင်းရဲ့ “ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ” စာအုပ် စာမျက်နှာ ၁၃၄မှ ကူးယူဖော်ပြလိုက်တာပါ။

ကိုရွက်ဝါရဲ့ ကွန်မန့် အရှည်ကြီးကို သေချာပြန်ဖြေပေးလိုက် ကြောင်းနှင့် နေ့လည်စာ အစားနောက်ကျ သွားကြောင်းပါခင်ဗျာ။.....။

ရွက်ဝါ said...

၂။ ပညာဘိဇနက်အခန်း
ဒီအခန်းမှာတော့ ပညာကို အဓိကအကျဆုံးသော ထုတ်လုပ်ရေး အရင်းမြစ်အဖြစ်နဲ့ သတ်မှတ်လာတဲ့အကြောင်း၊ ပညာဘိဇနက် မှာ စီးပွားရေးသမားတွေ မျက်စေ့ကျလာကြောင်းတွေ ပြောထားတယ်။ နောက်ဆုံးကျတော့ ပညာရေးကိုဈေးကွက်ဘောင်သွင်းခြင်းနဲ့ နိုင်ငံရေးဇတ်သွင်းခြင်းကို ပညာရှုင်တွေစိတ်ပူလာတယ်တဲ့။

တကယ်တော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး စတာတွေဟာ ဘာမှခွဲခြားလို့မရပါဘူး။ ဆက်ပြောရရင် လူ့အခွင့်ရေးတွေပါ ပါလာတော့မယ်။ အခုပြောခဲ့တဲ့ အားလုံးသော အရေးတွေက လူသားတွေအတွက် လိုအပ်ချက်တွေဖြစ်လို့ အရေးကြီးပါတယ်။ သူတို့ချင်းလည်း ဆက်နွယ်နေကြလို့ ခွဲခြားလို့ မရနိုင်ပါဘူး။

အခုဆောင်းပါးထဲမှာ ပြောထားတဲ့အတိုင်းပါပဲ။ ထိပ်တန်းရောက်နေပါတယ်ဆိုတဲ့ တက္ကသိုလ်၊ တိပ်တန်းရောက်နေတဲ့ ဘာသာရပ်ဆိုတာ အလုပ်ကောင်းကောင်းရနိုင်တဲ့ အခွင့်အလမ်းတွေကြောင့် ထိပ်တန်းရောက်ကြတာများပါတယ်။ အလုပ်ကောင်းကောင်းဆိုတာလည်း လစာဝင်ငွေမြင့်တာကိုပဲ ပြောကြတာများပါတယ်။ စီးပွားနဲ့ အာဏာဆိုတာ လူတိုင်းမက်တဲ့ အရာတွေပါ။ အဲဒီသဘာဝက ပျောက်သွားအောင်လုပ်လို့ မရနိုင်ပါဘူး။ သေခြာစဉ်းစားကြည့်တော့ ဆရာဆိုတဲ့သူတွေကိုယ်တိုင်က ငွေလိုချင်လို့ သင်တန်းပေးနေတာပါ။ လူများများလာမတတ်တဲ့ သင်တန်း၊ ငွေများများ မရနိုင်တဲ့ သင်တန်းကို ဘယ်လို အာဏာပါဝါ အကူအညီနဲ့၊ ဘယ်လိုငွေကြေးအကူညီနဲ့ ဖင်ထိုင်ဖွင့်လစ်ပေးနိုင်ကြမှာလဲ။

စီးပွားရှာမပေးနိုင်တဲ့ နိုင်ငံကို ဦးမဆောင်နိုင်လောက်တဲ့ ကျောင်းထွက်တွေကိုသာ ကျောင်းတိုင်းက မွေးထုတ်ပေးနေမယ်ဆိုရင်လည်း အဲဒီနိုင်ငံရဲ့ရှေ့ရေးကမတွေးရဲလောက်အောင်ပါပဲ။ ဈေးကွက်ဘောင်ဝင်အောင်လုပ်တာဟာ စီးပွားအလွယ်တကူရှာနိုင်ဖို့ ရည်ရွယ်တာဖြစ်လို့ လုပ်ရမှာပါပဲ။ နိုင်ငံရေးဇတ်သွင်းတယ်ဆိုတာကလည်း အာဏာရှာနိုင်အောင် ရည်ရွယ်တာဖြစ်လို့ သွင်းရမှာပါတယ်။

အဲလိုဆိုတော့ ပညာရှင်တွေက မပူသင့်တာကို ပူသလိုဖြစ်နေတာပေါ့။ ကျွန်တော့အမြင်ပြောရရင် သူတို့က ဘာသာရေး အတွေးမပါလို့ ပြဿနာကို မှန်မှန်ကန်ကန် မရှုမြင်တတ်ရာကနေ အဖြေမတွေ့ဖြစ်နေတယ်လို့ထင်တယ်။ ကျွန်တော်ပထမ ကွန်မန့်မှာပြောခဲ့သလိုပေါ့ ကျွန်တော်တို့တစ်တွေရှာသင့်တာက ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးပါ။ ပညာနောက်ပဲ တကောက်ကောက်လိုက်နေနေ၊ ဥစ္စာတွေ အာဏာတွေနောက်ပဲ တကောက်ကောက်လိုက်နေနေ ဒါဟာအပြစ်မရှိပါဘူး။ ကုသိုလ်ရှာဖို့မေ့နေရင်သာ အပြစ်ပါ။ စီးပွားနဲ့ အာဏာအတွက် လုပ်နေရင်း သူတပါးကို ထိခိုက်လာတယ်၊ မိမိကိုယ်တိုင်တွက်လည်း အကုသိုလ်တွေ အဆစ်ရလိုက်တယ်ဆိုရင် တော့အပြစ်ပြောရမှာပါ။

ဒီတော့ အထက်ကအပြစ်တွေမဖြစ်အောင် ဘယ်လိုပညာရေး စနစ်မျိုးဖြစ်သင့်လဲပေါ့။ ကျွန်တော်မြင်တဲ့ အဖြေလေးကို ပြောပါရစေ။
၁) ကုသိုလ်/ အကုသိုလ်ဆိုတာတွေကို ကောင်းကောင်းနားလည်အောင်သင်ပေးရမှာပါ။
၂) ကုသိုလ်ကံတွေရဲ့အကျိုး (အကုသိုလ်ကံတွေရဲ့ အပြစ်) ကိုသေခြာနားလည်အောင် သင်ပေးရမှာပါ။
၃) လောကကိုစောင့်ရှောက်တတ်တဲ့ တရား ၂ ပါးဖြစ်တဲ့ အကုသိုလ်ကံ မကောင်းမှုပြုရမှာကို ရှက်တတ်အောင်/ ကြောက်တတ်အောင် လေ့ကျင့်သင်ကြားပေးရမှာပါ။

အခုကျွန်တော်ပြောခဲ့တဲ့ ၃ ခုကိုကောင်းကောင်းပေးပြီးသွားရင်။ အထက်ကပြောခဲ့တဲ့စိုးရိမ်စရာတွေမရှိနိုင်တော့ပါဘူး။ ကုသိုလ်အကုသိုလ်ကံတွေကို ထပ်ခါထပ်ခါပြောလို့ တရားဟောနေတယ်၊ သာသနာပြုနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော်တွေးမိသမျှကို ကျွန်တော့်မှာရှိတဲ့ ဗဟုသုတအကူအညီနဲ့ ပညာရေးပြဿနာ အဖြေရှာကြည့်တာပါ။ ဘုရားဟောဖြစ်လို့ လက်မခံချင်ဘူးဆိုရင်( ဘာသာခြားတွေအတွက် ပြောတာပါ။ ) အိန္ဒိယနိုင်ငံက ရှေးပညာရှိတစ်ယောက် စကားလို့ သဘေားထားပြီးတွေးကြည့်ပါ။ အကျိုးရှိတယ်ဆိုရင် ကောင်းတာပေါ့။

ပညာရေးးကို ဈေးကွက်ဘောင်သွင်းတာ၊ နိုင်ငံရေးဇာတ်သွင်းတာ စိုးရိမ်သူတွေအတွက် ကျွန်တော်စဉ်းစားမိတဲ့ ခပ်ဆင်ဆင်ပြဿနာတစ်ခုကို ပြောပါရစေ။ "အနုပညာသည် ပြည်သူအတွက်/ အနုပညာသည် အနုပညာအတွက်" တဲ့။ အဲဒီထဲမှာလည်း တချို့အနုပညာသမားတွေက အနုပညာကို အသုံးချပြီးပရိတ်သတ် အလိုကိုပဲလိုက်တော့ အနုပညာပြက်စီးသွားနိုင်တယ်ပေါ့။ အဲဒါကိုစိုးရိမ်ကြတယ်ပေါ့။ တကယ်တမ်းကတော့ ပြည်သူအတွက်ပဲဖြစ်သင့်ပါတယ်။ ပြည်သူအလိုမှ မလိုက်နိုင်ရင် ပြည်သူကမှ အားမပေးရင် ဘယ်ခွန်အားနဲ့ အဲဒီပညာရပ်က ရပ်တည်ရမှာလဲ။ အဲဒီပညာရပ်သား ပြောက်သွားရင် အနုပညာအတွက်လို့ ရည်ရွယ်စရာ အနုပညာပါ မရှိဖြစ်သွားပါဦးမယ်။

ပြည်သူ့အလို လိုက်တယ်ဆိုရာမှာတော့ ပြည်သူက ချစ်စေချင်တိုင်း ချစ်ပြ၊ ကြမ်းစေချင်တိုင်း ကြမ်းပြ၊ လွမ်းစေချင်တိုင်း လွမ်းပြ။ လုပ်နေရင်တော့ ရောင်းအားတွေကောင်းပြီး ငွေတွေရချင်ရကြမှာပေါ့။ ပြည်သူအတွက် တာဝန်မကျေဘူး သူ့ဖန်တီးမှုတွေလည်း တာရှည်မခံနိုင်ဘူး အဲလိုပဲပြောချင်တယ်။ ပြည်သူအတွက်လို့ဆိုပေမယ့် အလိုလိုက်မှုလေးထဲကနေ ပညာပေးမှုပါရမယ်/ သိပြီးသားအကြောင်းအရာတွေဆိုရင် သတိပေးမှုပါရမယ်။ ပြည်သူလူထုရဲ့အလိုကို လိုက်ရင်းကနေ ကိုယ်ပေးချင်တဲ့ ပညာ၊ ကိုယ်ပေးချင်တဲ့ ဗဟုသုတ၊ ကိုယ်သတိထားစေချင်တဲ့ အကြောင်းအရာလေးတွေ ညှပ်ထည့်ပေးရမယ်။

အခုပညာရေးပြဿနာမှာလည်း လူထုကလိုချင်နေတဲ့ စီးပွားရှာနည်း၊ အာဏာရှာနည်းတွေပေးနေရင်းက အဲဒီကနေ တစ်ဆင့်ဘေးထွက် ဆိုးကြိုးတွေဖြစ်မလာအောင် ကျွန်တော်အထက်က ပြောခဲ့တဲ့ အချက်လေးသုံးချက်ကို ညှပ်ထည့်ပေးရမယ်။ အဲဒါကျွန်တော်စဉ်းစားမိတဲ့ ဒီအခန်းအတွက်အဖြေပါပဲ။

// ပထမကွန်မန့်မှာတုန်းက ချိတ်ဆက်နဲ့ ချိန်စက်ကို မှားဖတ်မိသွားတယ်။ ကော်မန့်က ပို့စ်နဲ့ အံမ၀င်သလိုဖြစ်သွားတယ်။ ဒါပေမယ့် ကြိုးစားပမ်စား ရိုက်ထားတာဖြစ်လို့ မဖျက်လိုက်ပါနဲ့လို့ မေတ္တာရပ်ပါတယ်။ အမှားအတွက်လည်းတောင်းပန်ပါတယ်။//

ဘလူးဖီးနစ် said...

စာရေးသူနှင့် ကွန်မန့်မှ ဆွေးနွေးထားကြသူများကို ကျေးဇူးတင်ပါတယ်။ စဉ်းစားစရာတွေ ရသွားပါတယ်ဗျာ။

တားမြစ် ထားသော... said...

ကိုရွက်ဝါ။
ဟိုတရက်တုန်းက အခန်း(၂)ကို ပေးထားတဲ့ ကွန်မန့်ကို သေချာပြန်ရေးထားတာ။ ပျက်ကုန်တယ်ဗျာ။ တောင်းပန်ပါတယ်။ အခုကျတော့ ထပ်ရိုက်ရအောင်လည်း စိတ်က မပါဖြစ်နေတယ်။ ထားတော့၊ နည်းနည်းတော့ ပြောရအုံးမှာပဲ။
ပညာရေးကို ဈေးကွက်ဘောင်သွင်းခြင်းနှင့် နိုင်ငံရေးဇာတ် သွင်းခြင်း ဆိုတဲ့ ကိစ္စဟာ ဖြစ်သင့်တယ်။ အကောင်းဆုံးတွေရချင်ရင်တော့ ကိုရွက်ဝါပြောတဲ့ အချက်လေးတွေကို ထပ်ထည့်ရမှာပါ။ ဟုတ်ပါတယ်။ ကိုရွက်ဝါက ဗုဒ္ဓအဆုံးအမမှာ တည်တဲ့လူဆိုတော့ တရားဟောသလိုဖြစ်သွားတာပါ။ သူတို့ (အနောက်နိုင်ငံသား၊ ဒါမှမဟုတ်လည်း ဘာသာခြားတွေအတွက်)ဆိုရင် Ethics လို့ပြောရမှာပေါ့။ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာတွေပါ။ သူတို့ဆီမှာလည်း အခုနောက်ပိုင်း အဲဒီကိစ္စကို အရေးတကြီး ထည့်စဉ်းစားလာနေကြပါပြီ။ ကိုရွက်ဝါပေးလိုက်တာ ကောင်းတဲ့အမြင်ပါပဲဗျာ။
တစ်ခုရှိတာက သံသယနဲ့ စောင့်ကြည်သူတွေ အကြောင်းပါ။
သူတို့ပြောချင်တာက နည်းပညာပေါက်ကွဲမှုနဲ့အတူ ပညာရေးကို ဈေးကွက်အသွင်ပြောင်းခြင်းတွေဟာ အောင်မြင်မလား၊ မအောင်မြင်ဘူးလားကိုပါ။ ပေးသွားတဲ့ ဥပမာနှစ်ခုအနက် DOT-COM MARKET ဆိုတဲ့ I-T BASE MARKET တွေဟာ နည်းပညာအားကိုးနဲ့ စီးပွားရေးကို ၂၀ရာစုကုန်နဲ့ ၂၁ရာစုဦးပိုင်း နှစ်တွေမှာ ဦးဆောင်ခဲ့တာပါ။ ဒါပေမဲ့ အစပိုင်းမှာ သူတို့တွေးခဲ့သလို စီးပွားရေးတစ်ခုလုံးကို ဦးဆောင်မှု မပေးနိုင်တော့ပါဘူး။ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ပဲ ရပ်တည်နေပါတော့တယ်။ သူရဲ့ ဈေးကွက်ကျဆင်းမှုကလည်း နည်းပညာကြောင့်ပါပဲတဲ့။
နောက်တခုဖြစ်တဲ့ ပညာရေးကို နိုင်ငံရေးဇာတ်သွင်းခြင်း မှာလည်း ပေးထားတဲ့ ဥပမာက ကမ္ဘာကျော် အဖြစ်မပျက်တစ်ခုဖြစ်တဲ့ ၉ - ၁၁ အရေးအခင်းပါ။ အနောက်နိုင်ငံတွေက ကျော်ကြားတဲ့ တက္ကသိုလ်အများစုမှာ ကျောင်းလာတက်နေသူ နိုင်ငံခြားကျောင်းသားတွေမှာ အများစုက အာရှနဲ့ အရှေ့အလည်ပိုင်းက ကျောင်းသားတွေဖြစ်တယ်တဲ့။ ဒါပေမဲ့ နိုင်ငံရေးအရဆိုရင် အနောက်နဲ့ အလွမ်းသင့်သူ နည်းပါတယ်။ အဲဒီအချက်က ပိုရှုပ်ထွေးပါမယ်။ အကြမ်းဖက်လှုပ်ရှားသူတွေ ဘာသာရေးအစွန်းရောက်တွေ လက်ထဲ အဆင့်မြင့်ပညာတွေ ရောက်ကုန်တာရယ်၊ ပညာရေးကို သူတို့အမြင်နဲ့ ပြုပြင်တာတွေပါ။
အထက်က ဥပမာတွေကို သေချာတော့ မဆွေးနွေးနိုင်ပါဘူး။ စိတ်မှာထင်တာကတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတယ်။ သတိထားကြပါဆိုတဲ့ အတွေးနဲ့ (သံသယနဲ့) စောင့်ကြည့်နေကြတာပါ။ ပညာရေးကို ပိုမိုပြည့်စုံအောင် ဖြည့်တင်းဖို့ လမ်းရှာနေကြတာ ကြိုးစားနေကြတာ ဖြစ်မှာပါ။
ကိုရွက်ဝါ ပြောထားတဲ့ အချက်တွေဟာလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်းနဲ့ ဖြစ်နိုင်ရင် အဲဒီခေါင်းစဉ်အောက်ကနေပဲ (ကိုယ်ကျင့်သိက္ခာပိုင်းဆိုတဲ့ ခေါင်းစဉ်) ပညာရေးကို တိုးတက်စေသင့်ကြောင်းပါ။

အတွေးတွေမျှဝေတာ ကျေးဇူးပါ။…..။

ရွက်ဝါ said...

၃။ ငယ်ရုပ်လူကြီးအခန်း
ဒီအခန်းမှာတော့ ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ စာတွေအရမ်းလုပ်ရတယ်။ စာအုပ်တွေ ကွန်ပြူတာတွေကို အဖေါ်လုပ်ပြီး နေ, နေရတယ်။ ပညာရှာတာနဲ့ မအားနိုင်အောင်ဖြစ်ပြီး ကလေးတွေဟာ ကလေးငယ်ဘ၀တွေ၊ မိခင်ရဲနွေးထွေးတဲ့ရင်ခွင်တွေ ပြောက်ကုန်တယ်။ နောက်ဆုံးတော့ ဥပဓိရုပ်မမှန်၊ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးတွေကိုပါထိခိုက်လာစေတယ်ပေါ့။ လူငယ်ဘ၀မှာ ကြည်နူးချိန်မရှိဖြစ်လာတယ်။ အဆိုးဆုံးကတော့ ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေကို မိတ်ဆွေလိုမမြင်ပဲ ပြိုင်ဘက်လိုမြင်လာတယ်။ အတ္တဗဟိုပြု လူငယ်လေးတွေ ဖြစ်လားကြတယ်။ ဒီတော့လည်း စိတ်ပူစရာဖြစ်လာတာပေါ့။ ကျွန်တော့်သဘောကတော့ ဒီပြဿနာမှာလည်း ဘာသာရေး အတွေးအခေါ်လေးတွေ မပါရင်တော့ မပြေလည်နိုင်ပါဘူး။

အစောပိုင်းပြဿနာတွေက အသက်ရွယ်အပိုင်းအခြားအလိုက် သင့်တင့်တဲ့ စာကြည့်ချိန်၊ ကစားချိန်၊ နားချိန်၊ မိဘအစရှိတဲ့ လူကြီးတစ်ယောက်ရဲ့ နွေးထွေးမှုကို ပေးစွမ်းနိုင်သူတစ်ဦးဦးနဲ့ အတူနေချိန် စသဖြင့် သင့်တော်သလို သတ်မှတ်ပေးနိုင်မယ်ဆိုရင် ပြေလည်နိုင်ပါတယ်။ တချို့မိဘတွေလည်းရှိတယ် ကလေး စိတ်ဝင်စားတာမ၀င်စားတာ၊ ခရီးရောက်တာမရောက်တာ နားမလည်ဘဲ စာတွေပဲ ဇွတ်အတင်းကျက်ခိုင်း။ အတန်းထဲမှာ အမှတ် မကောင်းရင် အိမ်မှာဖိအားပေး။ ကလေးရဲ့ခံစားမှုကို နားလည်မပေးဘဲ အဲလိုတွေလုပ်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြုံတွေ့ရတာပေါ့။ တချို့မိသားစုတွေကျတော့လည်း ကလေးကိုယ်တိုင်က ပြိုင်ဖက်ကို အနိုင်ကျဲချင်တာနဲ့ နေ့ရောညပါ စာတွေလုပ်။ စိတ်တွေက နိုင်ချင်ဇောတွေဖိစီး။ လူကလည်း အိပ်ရေးမ၀တော့ ကျန်းမာရေးမကောင်း။ အဲလိုတွေဖြစ်တတ်တယ်။ တကယ်တော့ ဒါတွေလောက်က ကလေးမိဘတွေကို ပညာပေးတာလေးတွေ လုပ်ပေးနိုင်ရင် ကာကွယ်လို့ရပါတယ်။ မိဘက ကလေးကို လိုအပ်သလို နှစ်သိမ့်တတ်ရမယ်။ ကလေးဘာတွေကို အရမ်းစိတ်ဝင်စားနေလဲ ဘယ်လိုလေးပြောပြီး ဘယ်ဘက်ကိုပါအောင် စည်းရုံးသင့်သလဲ၊ စသဖြင့်လေးတွေကို သိထားရင် စိတ်ပူစရာမရှိပါဘူး။ တကယ်တော့လည်း စာသင်ခန်းထဲမှာ အမြဲပထမရနေသူသာ ဘ၀မှာ ထိပ်တန်းရောက်သူတွေဆိုတဲ့ နိယာမမျိုးကလည်း မရှိပါဘူး။

ဒီအခန်းမှာ အဆိုးဆုံးပြဿနာက လူငယ်တွေဟာ ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေကို မိတ်ဆွေလို မမြင်နိုင်ပဲ ပြိုင်ဖက်တွေလိုကြည့်မြင်လာတဲ့၊ အတ္တဗဟိုပြု လူငယ်လေးတွေ ဖြစ်လာကြတဲ့ကိစ္စပါ။ တစ်လမ်းတည်း လျှောက်နေသူတွေ အချင်းချင်း အပြိုင်အဆိုင်ဖြစ်လာမယ်၊ ကိုယ်ကသာရှေ့ အသာစီးရချင်ကြမယ် ဆိုတာကတော့ လူ့သဘာဝပါ။ အဲဒီသဘာဝလေးကလည်း လူ့အတ္တ အခြေခံကနေ လာတာဖြစ်ပါတယ်။ ဖြောက်ဖျက်ပစ်လို့ မရနိုင်ပါဘူး။ အဲဒီစိတ်လေးတွေကတော့ လူတိုင်းမှာ ရှိနေမှာပါပဲ။ ဒါပေမယ့် အဲဒါကို ဗဟိုပြုလာရင်တော့ ပတ်ဝန်းကျင်အတွက်ရော မိမိကိုယ်တိုင်တွက်ပါ အန္ဒရာယ်များလာနိုင်တာပေါ့။ အနိုင်ရလိုမှုအတွက် မတရားနည်းတွေ သုံးလာနိုင်တာပေါ့။

ဒါပေမယ့် အဲဒီအခြေအနေထဲကမှ ရိုးသားတဲ့ယှဉ်ပြိုင်မှုမျိုးနဲ့ အနိုင်အတွက်ကြိုးစားအောင်၊ တရား၏/ မတရား၏ နားလည်အောင်၊ အနိုင်နဲ့ရင်ဆိုင်ရတဲ့အခါ တစ်ဖက်က အရှုံးသမားကို ကိုယ်ချင်းစာပြီး ရိုးသားတဲ့ အားပေးစကားပြောတတ်အောင်၊ အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါလည်း နိုင်သူနေရာမှာ ကိုယ်တိုင်ဝင်ကြည့်ပြီး ကိုယ်ချင်းစာစိတ်နဲ့ ၀မ်းသာတတ်အောင် မုဒိတာပွားတတ်အောင် သင်ပေးလိုက်ရပါမယ်။ ဒီနေ့ခေတ်ပြောနေကြတဲ့ ရိုးသားတဲ့ ယှဉ်ပြိုင်မှုတို့၊ အနိုင်အရှုံးအရေးမကြီး ယှဉ်ပြိုင်ခြင်းသာ အဓိကတို့၊ စစ်မှန်တဲ့ အားကစား စိတ်ဓာတ်တို့ ဆိုတာတွေလည်း အဲဒီပြဿနာကို ပြေလည်နိုစေမယ်လို့ထင်ပါတယ်။

ဘာသာခြားတွေမှာလည်း ဒီကိစ္စနဲပတ်သက်ပြီး သင့်တော်တဲ့ အဖြေတွေရှိနိုင်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အဆုံးအမတွေမှာတော့ ကိုယ့်ကို ကိုယ်ထိလက်ရောက်နာကျင်အောင် စော်ကားနေသူကိုတောင် ငါ့အတွက်သည်း ခံခြင်းပါရမီ ဖြည့်ဆည်းခွင့်ရအောင်ကူညီသူ ပါရမီဖြည့်ဖက်အဖြစ် သဘောထားတတ်ဖို့ သင်ပေးထားပါတယ်။ ရန်သူကိုတောင် မေတ္တာထားတတ်အောင် သင်ပေးထားတယ်လို့ ပြောရမှာပေါ့။ အဲလိုဗဟုသုတနဲ့ လက်တွေ့ကျင့်ကြံနည်းလေးတွေကို ပညာရေးစနစ်က ပေးနိုင်လိုက်မယ်ဆိုရင် အခုအထက်ကပြောခဲ့တဲ့ ပြဿနာတွေလည်း ပြေလည်သွားမှာပါ။ အစိုးရပညာရေး စနစ်က အဲဒီအသိပညာတွေ မပေးနိုင်ဘူး ဆိုပေမယ့် မိဘတွေက ဘာသာရေးဗဟုသုတတွေ လိုက်စားမယ်ဆိုရင်လည်း လိုအပ်တဲ့ အသိပညာတွေကို ကိုယ့်ကလေးကိုယ်တော့ ပေးနိုင်ကြပါတယ်။ အဲလိုဂရုတစိုက်နဲပ ပညာပေး ခံရတဲ့ကလေးက အတန်းထဲမှာ အမှတ်ကောင်းဆုံး တော့ဖြစ်ချင်မှဖြစ်မှာပေါ့။ ဒါပေမယ့် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး ချို့တဲ့ပြီး ပတ်ဝန်းကျင်ကို ရန်သူလို့ကြည့်တတ်တဲ့၊ အတ္တဗဟိုပြုသူ ဖြစ်မလာဘူး ဆိုတဲ့ ရလဒ်ကလည်းတန်ဖိုး မဖြတ်နိုင်အောင်ပါပဲ။

// ကိုသုခမိန်ရေ ကျွန်တော့်ကို ဗုဒ္ဓအဆုံးမမှာ တည်သူလို့ပြောလိုက်တော့ တော်တော်လေး ခေါင်းကြီးသွားတယ်။ လေ့လာသူလို့ဆိုရင် ပိုမှန်မှာပါ။ လေ့လာပြီးသမျှ (တကယ်တော့ နည်းနည်းလေးပါ) ကိုလည်း ကိုသုခမိန်တို့ စာထဲကလို သညာဖြစ်နဲ့ မှတ်သားထားတာတွေသာ များပါတယ်။ သိသလောက် မလိုက်နာနိုင်သေးသူဆိုတာလည်း ၀န်ခံပါရစေ။ ကိုသုခမိန်ပြောတဲ့ ပြဿနာတွေနဲ့ ဥပမာတွေမှာ ဈေးကွက်နဲ့ ပတ်သက်ပြီးကျွန်တော် နားမလည်တော့ဘူး။ ဘာကိုဆိုချင်လဲ ဖမ်းလို့မမိဘူး။ နိုင်ငံရေး ဇတ်သွင်းတဲ့ အခန်းကတော့ရှင်းပါတယ်။ ပေးထားတဲ့ ဥပမာလည်း သဘောပေါက်ပါတယ်။ အကြမ်းဖက်သမားတွေနဲ့ ပတ်သက်ပြီး စိတ်ပူစရာ ပြဿနာအဖြစ် ပညာရေးစနစ်ကို စောင့်ကြည့်ခံရတဲ့ သဘောပေါ့။ အဲဒိပြဿနာက ပညာရေးစနစ်ကို ပြောင်းလဲပစ်လောက်အောင် မကြီးပါဘူး။ ပညာရေးစနစ်ကနေ အကြမ်းဖက်လိုသူတွေကို မွေးမိသွားတဲ့ ပြဿနာမှ မဟုတ်တာ။ အကြမ်းဖက်လိုသူတွေကို ပညာပေးမိသွားရာက ဖြစ်လာတာဆိုတော့ တက္ကသိုလ်တို့ ကျောင်းတို့ ၀င်ခွင့်မှာ အဲလိုလူတွေပါမလာအောင် စီစစ်တဲ့နည်းလေး သုံးသင့်တာပေါ့။ အဲဒီကိစ္စကို ဖိဖိစီးစီးလုပ်နိုင်ရင် ဒီပြဿနာလည်း အတိုင်းတာတစ်ခု အေးသွားမယ်လို့ ထင်ပါတယ်။ လာအားပေးတဲ့ ဘလူးဖီးနစ် ကိုလည်း ကျေးဇူးတင်ပါတယ်။//

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုဗာဘိုရေ စာကြွေးလာဆပ်တာပါ။
ပညာရေး အကြောင်းပြောတော့ မှန်တာပြောရရင် နဲနဲတော့ လက်တွန့်တယ်။
ကျနော်သိတာလေးက တကယ့်ကို နဲနဲလေးဆိုတော့ ပြောရတာ အားမရတာလည်း ပါတာပေါ့ဗျာ။
ပြီးတော့ တင်ပြသူ ဆွေးနွေးသူတွေရေးတာကိုဖတ်ပြီး အားငယ်မိတယ်လို့လည်း ၀န်ခံပါတယ်။
ကျနော်စတွေးတာကတော့ ကျနော်တို့ ဘာကြောင့် ပညာတွေ သင်သလဲဆိုတာကိုပါ။
မြန်မာပြည်ရဲ့ လက်ရှိပညာရေးက အားလုံးသိတော်မူတဲ့အတိုင်းစံမ၀င်၊ သုံးမရ အချိန်အလဟသဖြုန်းတီး
မြီးကောင်ပေါက်တွေကို လက်ဘက်ရည်ဆိုင်တွန်းပို့တဲ့ သံသရာက လည်နေ ရှည်လျားပေါ့ဗျာ ။
ကျနော့်သူငယ်ချင်း ငါးတန်းသင်ရတဲ့ ဆရာ က မူလတန်းက တက်လာတဲ့ ကလေးတွေကို စိတ်ညစ်လို့ညည်းတယ်။
အင်ဂျင်နီယာ တက္ကသိုလ်က ပထမနှစ်သင်တဲ့ ကျနော့် သူငယ်ချင်းက ငါတို့ပညာရေးက အချိတ်အဆက် မမိဘူးလို့ညည်းတယ်။
အခြေခံ ပညာရေးက သင်လိုက်တာရယ်၊ အဆင့်မြင့်က သင်ရိုးညွှန်းတမ်းရယ်က စင်ကတစ်ခြား အရုံကတစ်ခြား
လွဲနေတဲ့ ဘူးပင်တွေလိုပါပဲ။ ဆက်စပ်ဖို့ တော်တော်လေး အားထုတ်နေရတာတွေ့ရတယ် ။
ကလေးတွေကလည်း ဆယ်တန်းသာအောင်လာတယ် ကိုယ်ဘာဖြစ်ချင်တယ်၊ ကိုယ်ဘာလုပ်ချင်တယ်
ဆိုတာကို တိတိကျကျ သိသူကလည်း နည်းတယ်ထင်ပါတယ်။ ဈေးကွက်ဝင် ဘာသာရပ်တွေမှာပဲ စုပြုံတိုးနေကြတာကိုတွေ့ရတယ်။
အဲဒီတော့ ထွန်းပေါက် သင့်သလောက် မထွန်းပေါက်ဘူးပေါ့ ။ ပြီးတော့ သင်ရိုးညွှန်တမ်း၊
သင်ထောက်ကူပစ္စည်း စတာတွေကလည်း အားနည်းလွန်းတယ်။ ပြီးတော့ စာမေးပွဲတွေကလည်း
ကိုဗာဘို တင်ပြခဲ့သလို အရေအတွက်ကို အဓိကထား ချည်းကပ်တော့ အရည်အသွေးက ကျလာလိုက်တာ
ခုဆို စာတတ်ပေတတ်လေးတွေ မြန်မာပြည် တနံတလျားနှံ့လို့။ ခက်တာက ပညာတတ်ရှားလာတယ်။
ရှိတာတွေကလည်း တောအထပ်ထပ်၊ ချောင်အသွယ်သွယ်မှာ။
ပေါင်းတတ်သင်းတတ်တဲ့ ပညာက တကယ်အသုံးဝင်နေတဲ့ခေတ်မှာ ပညာတကယ်တတ်သူကလည်း
မွဲမနေချင်ကြတော့ ပညာနဲ့ ထမင်းစားဖို့ မွေးရပ်ကိုစွန့်တယ်။
အဲ ဦးနှောက်ယိုစီးတယ်ပြောပြောနေလိုက်ကြတာ ခုဆို ကျနော်တို့ မြန်မာတွေက ဦးနှောက်ကနေ လုပ်အားကိုတောင်
အဆင့်ကျလာပြီ ။ ခုထိတော့ ပညာရေးက တကယ်တတ်လာအောင် သင်ဖို့ပြင်မယ့်ပုံ မပေါ်သေးပါဘူးဗျာ။
ရင်တော့ တကယ်လေးတယ် ။ နဲနဲ အဆိုးမြင်လွန်းတယ်ဆိုရင်တော့ ခွင့်လွှတ်ပါဗျာ။
ရန်ကုန်က မဟုတ်သော ကလေးများကိုမြင်ပြီးရေးသားထားမှု့ပါ။