Sunday, June 15, 2008

အခြားတဖက်မှ ဆင်ခြင်ကြည့်ပါရန် ....



မယ်နဲ့ ခင်တဲ့ အစ်ကိုကြီးက သူရဲ့  Gtalk Status မှာ အခြားတဖက်မှ ဆင်ခြင်ကြည့်ပါရန် ဆိုတဲ့ စာသားလေး တင်ထားတာကို မြင်ပြီး အစ်ကိုကြီးကတော့ ဘယ်လိုအဓိပယ်နဲ့ရေးထားတယ် ဆိုတာမသိပေမဲ့ မယ်စဉ်းစားမိ တယ်...အရာရာတိုင်းကို ကိုယ့်ဘက်ကသာမဟုတ်ပဲ တခြားတဖက်ကပါ ကြည်ပေးနိုင်ကြရင် ကောင်းမှာပဲ လို့  လေ ... အရာဝတ္တုတစ်ခုခုပေါ်မှာပဲဖြစ်ဖြစ် လူတစ်ယောက်ပေါ်မှာပဲဖြစ်ဖြစ် ကိုယ်ဖက် သူဖက် ကြည့်ပေး နိုင်ကြရင် အကောင်းဆုံးပါပဲ...




ကိုယ့်ဖက်ကနေကြည့်ရင် လက်ဖ၀ါးဖြစ်ပြီး အခြားတဖက်ကနေကြည့်ရင် လက်ဖမိုး ဖြစ်နေသေးတာပဲလေ နော်...အဲဒီလိုပါပဲ ကိစ္စတစ်ခုခုကြောင့် လူတစ်ယောက်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရတော့မယ်ဆိုရင် ကိုယ့်ဖက် ကပဲ မကြည့်ပဲ သူဖက်ကပါကြည့် ပေးဖို့ လိုအပ်ပါတယ်...ကိစ္စတစ်ခုကြုံလာတဲ့အခါတိုင်း ကိုယ်ဖက်ပဲ ကိုယ်ကြည့်ပြီး တဖက်သက်ဆုံးဖြတ်ချက်ချမိမယ်ဆိုရင် စိတ်မကောင်းစရာတွေနဲ့ ကြုံလာရလိမ့် မယ်...အခြားတဖက်ကနေဆင်ခြင်ကြည့်ပေးတတ်တဲ့ အလေ့အကျင့်လေး ကိုယ်မှာရှိလာခဲ့မယ်ဆိုရင် အရင်ဆုံး စိတ်ချမ်းသာရမှာက ကိုယ်ပဲလေ နော်...မယ်ကိုယ်တိုင်လည်းကြုံခဲ့ဖူးပါတယ်... မယ်ရဲ့ ချစ်သူလေးက မယ့်ကို အဆက်အသွယ်မလုပ်ပဲ အကြာကြီးပစ်ထားခဲ့တဲ့ အချိန်ကပေါ့...အဲဒီအချိန်တုန်းက မယ်က မယ့်ကိုဆက်သွယ်ဖို့ (ဖုန်းဆက်ဖို့) မလွယ်တဲ့နေရာမှာ ရောက်နေခဲ့တယ်လေ...သူဆီမှာကော မယ်ဆီမှာကော ကိုယ်ပိုင်ဖုန်းက မရှိဘူးလေ.... အဲဒီအချိန်တုန်းက မယ်သူ့ကို အရမ်းလွမ်းပြီး အရမ်းကိုဆက်သွယ်ချင်နေတာ အမှန်ပဲ... ဆက်သွယ် ဖို့ကို လည်းကြိုးစားခဲ့ပါတယ်... ဒါပေမဲ့ အဆက်အသွယ်လုံးဝမရခဲ့ပါဘူး... မယ်က သူဖက်ကနေ စဉ်းစားပေး ခဲ့ပါတယ်...သူလည်း မယ့်ကိုဆက်သွယ်ခဲ့မှာပဲလို့လေ... အဲဒီအချိန်မှာသူဖက်က မယ့်ကိုဆက်သွယ်ဖို့ ကြိုးစား ခဲ့တယ်... မကြိုးစားခဲ့ဘူးဆိုတာ ခုချိန်ထိမယ်မသိရသေးပါဘူး... ဒါပေမဲ့ အဲဒီအချိန်တုန်းက မယ်သူဆီက အဆက်အသွယ်မရခဲ့ပေမဲ့ စိတ်မညစ်ခဲ့ရတော့ သေချာပါတယ်...ဒါကြောင့် ဘယ်ကိစ္စကိုမဆို...ဘယ်သူ့ကို မဆို... အခြားတဖက်ကနေ ဆင်ခြင်ကြည့်ပေးကြပါလို့.... တကယ်တမ်းကျတော့ စိတ်ညစ်အောင်... ပျော် အောင် ... ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးနိုင်တာမို့ အရာရာတိုင်းကို အခြားတဖက်ကနေ ဆင်ခြင်ကြည့်ပေးကြပါလို့ ...............


မယ်( 16.11.07)

5 comments:

ဖိုးသောကြာ said...

သူ့ဖက်ကိုယ့်ဖက် မျှကြည့်တတ်မှ
တစ်ခြားသူရဲ့နေရာကနေ ဘာမြင်ရနိုင်လဲ တွေးကြည့်တတ်မှ
ဒီပို့စ်ခေါင်းစဉ်အတိုင်း အခြားတဖက်က ဆင်ခြင်ကြည့်တတ်မှ
အဲဒီလူမှာ ကိုယ်ချင်းစာတတ်တဲ့သူ ဖြစ်နိုင်မယ်။ ကျွန်တော်ထင်တာပြောတာပါ။

ကိုယ်ချင်းစာတတ်တယ်ဆိုတာလည်း လူသတ္တ၀ါတွေသာ တတ်နိုင်တာမို့ လူနဲ့တိရိစ္ဆာန်တို့ကို ခွဲခြားပေးနိုင်တဲ့ လူ့တို့ရဲ့တန်ဖိုးကြီးလှတဲ့ စိတ်ခွန်အားတစ်မျိုးပဲလို့တောင် ကျွန်တော်ကတော့ တွေးမိတယ်။

ဒီပို့စ်ကို သဘောတူတယ်။ ဆက်အားပေးနေပါတယ်။

တားမြစ် ထားသော... said...

မယ်ဆိုသူ Asterisk ရေ။
အခြားတစ်ဖက်မှ ဆင်ခြင်ကြည့်ပါရန်တဲ့။ ကောင်းတဲ့ အတွေးအခေါ်ပေါ့။ ဒီလိုဆင်ခြင်နိုင်အောင် ကိုယ်တိုင်ကလည်း အဖက်ဖက်က ပြည့်စုံအောင်တော့ ကြိုးစားထားရမယ်ထင်တယ်။ ဓါးနဲ့ အထိုးခံရသူရဲ့ နာကျင်မှုမျိုးကို ကိုယ်တိုင် ဓါးထိုးခံဘူးမှ သိရမယ်၊ သူ့နေရာကနေ ခံစားပေးနိုင်မယ် ဆိုရင်တော့လည်း မဟုတ်သေးဘူးဗျ။ အဲဒီအတွက် သူတပါးဆီကရတဲ့ အတွေ့အကြုံတွေကနေ သင်ယူရမှာပဲ။ (ပြန်ပြောပြတာ လိုမျိုးပေါ့၊ ဒါမှမဟုတ်ရင်လည်း စာပေမှ အသိပေါ့)။ ကိုယ်ကိုတိုင်က ဘာမှန်းမသိပဲ ရောင်ဝါးဝါးနဲ့ အခြားတစ်ဖက်ကို ခံစားပေးနေရင်၊ သူ့အမြင်ကို သေချာမြင်နိုင်မယ် မထင်ဘူးလေ။ ကံကောင်းနေပြန်တာကတော့ ဒီလို အတွေ့အကြုံကို ဆွေးနွေးနိုင်တာ၊ မျှဝေနိုင်တာ၊ လက်ဆင့်ကမ်းသယ်ဆောင်နိုင်တာ သတ္တဝါတွေအထဲမှာ လူသားတွေက အလုပ်နိုင်ဆုံးလေ။ (ကျွန်တော်ထင်တာလဲ ဖြစ်ရင်ဖြစ်မှာပါ။) အဲဒီအထဲမှာမှ အကောင်းဆုံးမျှဝေနိုင်တာ၊ ပြန်လည်ခံစားနိုင်တာဟာ စာရေးခြင်းနဲ့ စာဖတ်ခြင်းထင်ပါတယ်။
ကဲ... ဒီတော့ ရေးလိုက်၊ ဖတ်လိုက်ကြရအောင်ဗျာ။ နော။
ဒီဘလော့ဂ်လေး မြိုင်မြိုင်ဆိုင်ဆိုင်ရှိအောင် ပူးပေါင်းပါဝင်တာ ကျေးဇူးပါဗျို့။.....။

Unknown said...

ဆောင်းပါးကော commentတွေပါ သဘောတူပါသည် ခင်ဗျား။

ကိုရင်နော်ခင်လေးငယ် said...

ခင်လေးလည်း...ကို heartmuseum ပြောတဲ့ အတိုင်းဘဲ...ပြောချင်ပါတယ်ရှင်..
(ခင်လေးငယ်)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

မယ်ရေ ဆရာကျော်ဝင်းရဲ့ "Second Thought" ဘာသာပြန်၊
နောက် ဆရာတာရဲ့ "အခြားတစ်ဘက်မှ ဆင်ခြင်ကြည့်ပါရန်" ကို
ဖတ်ပြီး "အခြားတစ်ဘက်မှ ဆင်ခြင်ကြည့်ပါရန်" ဆိုတာလေးကို သဘောကျသွားတယ် ။
ဒုတိယ အတွေးပေါ့လေ။ သူ့ဘက်က ခံစားကြည့်ပေးတာ ။
ကိုယ်ချင်းစာ တရားလို့ပြောရမယ်ထင်တယ်။ ကိုယ့်ဘက်က တော့ အမှန်ချည်းပဲပေါ့။
သူ့ဘက်ကလည်း မှန်ချင်မှန်နေမှာပေါ့လေဆိုတာကို စတွေးတတ်အောင်
သင်ပေးတယ်ပြောရမလားပဲ အဲလိုတွေးမိလာစေသူ တစ်ယောက်ကြောင့်
ဒီစာသားလေးကို သဘောကျသွားတာ။ အရင်ကတော့ ကျနော်လည်း အရာအားလုံး ငါပဲ အမှန်
ငါ့စကားကို မနာခံရင် နေပေါ့ ဥပေက္ခာပြုမယ် အဲဒီမူကို လက်စွဲသုံးပြီးနေခဲ့တာ။
၂၀၀၂ အထိပြောရမယ်။ အဲဒီ နောက်ပိုင်းကျတော့မှ ပြောင်းလဲလာတာ ။
တခြားဘက်ကလည်း အဲလိုကြည့်ရင်တော့ ကောင်းတာပေါ့လေ။
များသောအားဖြင့်တော့ လူဆိုတာ ကိုယ့်အတ္တကိုယ် ရှေ့တန်းတင်သူချည်းပါ။
အဲဒီတော့ ကိုယ်က အရမ်းမျှော်လင့်ထားလို့လည်းမဖြစ်နိုင်ဘူး။ ဖြစ်နိုင်သမျှတော့
ဆွေးနွေးလို့ ရတဲ့သူ၊ ကိုယ်ချင်းစာ တတ်ကြသူတွေနဲ့ တွေ့တဲ့ အခါ အဲဒါလေးကို
မမေ့အောင် ကြိုးစားသင့်တယ်လို့ အကြံပြုရင်း . . . . .

စာပေပန်းများ ဆက်လက်လန်းဆန်းပါစေလို့