Sunday, May 11, 2008

အကြွင်းမဲ့ မေတ္တာတော်ရှင် အမေသို့



(သား )။ Hello!
(အမေ)။ ဟဲ့ လူလေး မနက်အစောကြီးပါလား ဘာဖြစ်လို့လဲ ။ နေမကောင်းလို့လား ။ ပိုက်ဆံလိုလို့လား . . . . ဟဲ့ ပြောစမ်းပါဟဲ့ မြန်မြန် ။ ဒီကလေးနှယ် ဘာဖြစ်နေတာလဲ ။
(သား)။ အာ ဟုတ်ပါဘူးအမေရ ဒီနေ့ အမေနေ့လေ အမေရဲ့ ။ အဲဒါ ကြောင့် အမေ့ကို အစောကြီးဖုန်းဆက်တာ။




(အမေ) ။ ဟဲ့ ပြာသိုလပြည့်နေ့မှ မဟုတ်လား ။
(သား) ။ အင်း ဟုတ်ပါတယ်။ ခုဟာက လည်း အမေနေ့လေ။ ဒီမှာလည်း ပွဲလုပ်ကြတယ် ။ အဲဒါနဲ့ အမေ့ကို လွမ်းနေတာနဲ့ ပေါင်းပြီး ခုလိုဖုန်းဆက်တာ။ နောက်နဲနဲကျရင် ကျနော်တို့ရွာက ဖုန်းခေါ်ရတာခက်တယ်လေ အမေရ ။
(အမေ) ။ အင်းပါ အင်းပါ ။ငါ က မိန်းမတောင်းခိုင်းပြီလားလို့ ။ (ရယ်လျက်) . . .
အခြောက် အခြမ်းတွေ၊လက်ဘက်တွေရောကုန်ပြီလား ။ ကုန်ရင် နင့်အဖေကို ရန်ကုန်လွှတ်ပြီး ပို့ခိုင်းလိုက်မယ်။
(သား) ။ ကျန်ပါသေးတယ်အမေရ ။ အရင်တပတ်ကတောင် မှိုတယ်ချင်နေလို့ ဆီစိမ်ထားရသေးတယ်။
(အမေ) ။ အေး သေချာထားဦး ။ မှိုတက်ရင်လည်း နှမြောမနေနဲ့ ။ ပစ် ပစ်လိုက် ကျန်းမာရေးက အရေးကြီးတယ် ။
(သား) ။ အမေတို့ ကျန်းမာရေးရော ကောင်းကြရဲ့လား ။
(အမေ) ။ ကောင်းပတော်။ နင်သာ ဂရုစိုက် လူက အစကတည်းက ကချူကချာ။
(သား) ။ အဖေရော အမေ။
(အမေ) ။ လယ်ထဲကို ဖရုံခင်းသွားကြည့်သဟဲ့ ။ အငှားတွေနဲ့ရေလောင်းရတာ စိတ်မချလို့လေ။ သူတို့ကလည်း ပိုင်ရှင်လစ်ရင် လစ်သလိုဟဲ့။ အရင်ထဲက ခိုင်းလာတာပါဟယ်။ ခုမှ ဘာတွေဖြစ်ကုန်တယ် မသိပါဘူး။ စီးပွားရေးက ကျပ်ကြတာကိုးဟယ် ။
နင်ဘာပြောဦးမလဲ ။
(သား) ။ အာပြောစရာတွေက အများကြီးပေါ့အမေရ ။ အနှစ် ၃၀ လောက်ပြောလာတာတောင် ကုန်တာမှ မဟုတ်တာ ။ အ ဟီး ။
(အမေ) ။ အေး အေး။ နောက်မှပြော ။ ဖုန်းဆက်ရတာ ငွေကုန်သဟဲ့ ။ အဲဒီငွေကို လေဘေး ဒုက်ခသည်တွေကို လှူလိုက်။ အ၀တ်အစားတို့ စောင်တို့ခြင်ထောင်တို့လည်း လှူပါဟယ်။ ကလေးတွေ တုပ်ကွေးဖြစ်ကုန်မှာ စိုးရိမ်ရတယ် ။ နင်တို့ဆီမှာ ဆေးဝါးကောင်းတွေရတယ် မဟုတ်လား ။ အဲဒါဝယ်ပြီးလှူ။ သုံးဖြုန်းမနေနဲ့ ။ရေချိုးတာ သတိထား ။ အအေးပတ်နေမယ်။ ခေါင်းပေါ်ကလည်း လောင်းမချိုးနဲ့။တော်ကြာ ဆေးရုံပြန်တက်နေရမယ် ။လျပ်စစ်ပစ်စည်းတွေ သုံးတာလည်း ဂရုစိုက်၊ ဓါတ်လိုက်နေမယ်။ ကား တို့ ရထားတို့ အတတ်အဆင်း ကို သတိထား။ လမ်းကူးရင်လည်း ဂရုစိုက်ပြီး ကူး။ ငေးမောပြီး မကူးနဲ့။
(သား) ။ ဟုတ်ကဲ့။
(အမေ) ။ အေးဒါပဲ ။ ငါမှာတာလည်း မမေ့နဲ့။

ဂွက်

ကျနော်အတွက်တော့ အမေက အနှိုင်းမဲ့ပါ အမေ။ အမေ့ကို ကျနော် အရမ်းချစ်တယ်အမေ။ ယုံကြည်မှူ့တစ်ခုအတွက် ၊ ကျနော်ရဲ့ ရည်မှန်းချက် အတွက် အမေနဲ့ရွာကို စွန့်လာခဲ့ပေမယ့် အမေ့ကို ကျနော်အရမ်းလွမ်းတယ် အမေ။ အမေကျန်းမာပြီး စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ လို့ သားဆုတောင်းလျက်ပါအမေ။


5 comments:

Welcome said...

အမေချစ်သားလေးပေါ့၊
သာယာချမ်းမြေ့တဲ့ မိသားစုလေးဖြစ်ပါစေလို့
ဆုတောင်းလိုက်ပါတယ်။
ရပ်ဝေးမှာ အဆင်ပြေပါစေဗျာ...

တန်ခူး said...

ကိုတာတူးရေ…ကိုတာတူးအမေအပါအ၀င် အမေများအားလုံး ကျန်းမာကြပါစေ၊ သောကကင်းဝေး ပါစေ၊ ကပ်ကြီး၃ပါးကျော်လွှားနိုင် ပါစေ။

Anonymous said...

အမေနဲ့ ဖုန်းပြောတာလေးကို ဖတ်ရတော့ ကျွန်တော့် စိတ်ထဲမှာ အဝေးရောက်သားတွေရဲ့ အမေ့အပေါ်ထား တဲ့ အချစ်နဲ့ မေတ္တာကို ကိုယ်ချင်းစာ၊ ပိုမိုနားလည်မိပါတယ်ဗျာ ... အမေအားကိုရတဲ့ သားတစ်ယောက်ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးနေပါတယ်. လေးစားစွာဖြင့်

Unknown said...

ကောင်းလိုက်တဲ့ အတွေး.........
၁။ အမေနေ့ အကြောင်းရေးတယ်။
၂။ အမေနဲ့သားရဲ့ သံယောဇဉ် ပေါ်လွင်အောင် တိုတိုတုတ်တုတ် ထိထိမိမိ ရေးနိုင်တယ်။
၃။ အလှူလုပ်ဖို့တိုက်တွန်းတယ်။
တော်တယ်ဗျာ........

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အမေ့ကို လွမ်းတာနဲ့ အမေနဲ့ ဖုန်းပြောတာလေးကို ချရေးလိုက်တာပါ။ မိဘနဲ့ သားသမီး ဆက်ဆံရေးဆိုပြီး အမေနေ့မှာ ရေးပြီးတင်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မပြီးတာနဲ့ ခုလို ဖုန်းပြောတာလေးကို ရေးပြီး တင်လိုက်တာပါ။ ကျနော် ခုနောက်ပိုင်းမှာ အိမ်နဲ့အဝေးမှာချည့် နေနေရတာ ဆယ်စုနှစ် တစ်ခုကျော်လာပါပြီ။ အမေ့ကို ခဏပဲတွေ့နိုင်တဲ့ အချိန်တွေက များများလာတယ်။ ဟိုအရေး ဒီအရေးတွေနဲ့ အမေ့ အနားမှာကို မနေနိုင်ဘူး။ တစ်ခါတစ်လေကျတော့လည်း အရာအားလုံးကို စွန့်ပြီး အမေးအနားမှာ အေးအေးဆေးဆေးလေး နေချင်လိုက်တာ။ ကိုရွေးတဲ့ လမ်းပဲကွာဆိုပြီး အားတင်းရတာကလည်း ခဏခဏ။ ကျနော်ထင်ပါတယ်လေ . . . ကျနော်တို့အားလုံး အမေကို လွမ်းနေကြမယ် ၊ အမေ့ အနားမှာ နေချင်ကြမယ်လို့ ။ အားလုံး အမေတွေရဲ့အနားမှာ နေနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ။