Sunday, June 13, 2010

ကဗျာဆရာ လူငယ်တစ်ယောက်သို့ ပေးစာ အမှတ်တစ်



ခင်များက “အပြင်ဘက်”ကို ကြည့်နေသည်။ ဒါမျိုးက အရှောင်သင့်ဆုံး အလုပ်ဖြစ်၏။ ဘယ်သူဘယ်ဝါမှ အကြံသော်လည်းကောင်း၊ အကူအညီသော်လည်းကောင်း ခင်များကို မပေးနိုင်။ ဘယ်သူမှ မပေးနိုင်။ ခင်များလုပ်သင့်သည်မှာ တစ်ခုတည်း။ ခင်များရဲ့အတွင်းထဲကိုသွား။

ခင်များရဲ့ အတိတ်ဆိတ်ဆုံးကာလတွင် အတွင်းအနက်အရှိုင်းမှသာ ဖြေနိုင်ကောင်းဖြေနိုင်မည့် မေးခွန်းများကို ပြင်ပမှ အဖြေများကိုစောင့်ခြင်း ပြင်ပသို့ မျှော်ခြင်းအားဖြင့် ရင့်သန်ခြင်း အစဉ်အား မနှောင့်ယှက်လေနှင့်။



ပါရီ
၁၇ ဖေဖော်ဝါရီ ၁၉၀၃


ဆရာလေး

ရက်မကြာခင်ကပဲ ခင်ဗျားစာ ရောက်လာသည်။ ကျွန်တော်အပေါ် ယုံကြည်၍ ကျေးဇူးတင်ချင်၏။ တကယ်တော့ ဒါပဲ ကျွန်တော်တတ်နိုင်သည်။ ခင်ဗျားကဗျာတွေကို ကျွန်တော် မဆွေးနွေးနိုင်ပါ။ ဝေဖန်ရေးနှင့် ကျွန်တော့် မှာ ပြဒါးတစ်လမ်း သံတစ်လမ်း စိမ်းလှ၍ဖြစ်သည်။ အနုပညာအလုပ်တစ်ခုအပေါ် ဝေဖန်ရေးတွေက ဘယ်လောက်မှ မထိရောက်။ အမြဲတမ်းလိုလို နားမလည်တတ်ကြ။ “အကြောင်းခြင်းတ” ဟူသည်က လူတွေထင်နေသလောက် ပြောလို့ မလွယ်၊ လက်ဆုပ်လက်ကိုင် ဖြစ်တာတွေချည်း မဟုတ်။ အတွေ့ အကြုံအများစုမှာ ပြောလို့ မလွယ်၊ စကားလုံးများမဝင်နိုင်သော နေရာ အာကာသထဲ၌ ဖြစ်နေကြသည်။ အရာအားလုံးထက်ပိုကဲပြီး ထိုကဲ့သို့ ပြောလို့မရတာတွေကိုပဲ “အနုပညာတွေ”ဟု ခေါ်သည်။ သို့သော် ထိုထိုလျှို့ဝှက်ချက်များစွာ ဖြစ်တည်လာခြင်းများမှာ သက်တမ်းကျပြန်တော့ ကျွန်တော်တို့ရဲ့ ခဏပန်းယာယီ အသက်တွေထက် ရှည်သည်။

သည်လိုနိဒါန်းနဲ့ စကားဦးသန်းပြီးသည့်နောက် ခင်ဗျားကဗျာတွေမှာ ကိုယ်ပိုင်ဟန်မရှိဘူးလို့ ကျွန်တော် ပြောလိုသည်။ သို့သော် ပုဂ္ဂလိက တစ်ကိုယ်တော်ကိစ္စများအား တိတ်တိတ်နှင့် ပုန်းလျှိုးကွယ်လျှိုး အစပျိုးထားခြင်းများတော့ သူတို့၌ ပါပါသည်။ နောက်ဆုံးကဗျာ “ကျုပ်ဝိညာဉ်” ၌ ဒီသဘောကို ကျွန်တော် ရှင်းရှင်းလင်းလင်း ခံစားရပါ၏။ ထိုကဗျာ၌ ခင်ဗျားရဲ့ ကိုယ်ပိုင်သာဖြစ်သော တစ်စုံတစ်ရာသည် စကားလုံးနဲ့ တေးသွားဖြစ်လာအောင် ကြိုးစားနေသည်။ “လီယိုပါဒီသို့”မှာ ကဗျာလှလှလေးဖြစ်၏။ ယင်းကဗျာ၏ “ခမ်းနားသော ဧကစာ ကိုယ်ထီး”ပေါ်လာသည်ဟု ဆိုချင်သည်။ သို့ပင်ဖြစ်ငြား ကဗျာများမှာ သူတို့ပင်ကိုယ် တစ်စုံတစ်ရာမဟုတ်သေး။ လွတ်လပ်သော တစ်စုံတစ်ရာမဟုတ်သေး။ ကဗျာများနှင့် တွဲပါလာသော ခင်ဗျားရဲ့စာကြောင့် ကဗျာများကိုဖတ်ရင်း ကျွန်တော်ခံစားမိသော အနာအဆာများမှာ ပို၍ရှင်းလင်းလာသည်။ ထိုအနာအဆာများမှာ ဘယ်ဟာတွေဟူ၍တော့ တိတိပပ ကျွန်တော်အမည်မတပ်နိုင်။

ကဗျာတွေ ကောင်းကောကောင်းရဲ့လားဟု ခင်ဗျားမေးသည်။ ကျွန်တော့်ကို မေးသည်။ ကျွန်တော့်အရင် သူများကိုလည်းမေးသည်။ မဂ္ဂဇင်းများသို့လည်း ထိုကဗျာတွေပို့သည်။ ကဗျာတွေကို တခြားကဗျာတွေနဲ့ ခင်ဗျားယှဉ်ကြည့်သည်။ အယ်ဒီတာတချို့က ပယ်သော် ခင်ဗျား စိတ်အနှောက်အယှက်ဖြစ်သည်။ ယခုသော် ဒီလိုအလုပ်မျိုးကို ရပ်တန်းက ရပ်ပါဟု ကျွန်တော်ပြောချင်သည်။(ကျွန်တော့်အကြံဥာဏ်ကို ခင်ဗျား လိုချင်ပါသည်ဟုပြောသဖြင့်  ဒီစကားကို ဆိုခြင်းဖြစ်၏)။ ခင်ဗျားက “အပြင်ဘက်”ကို ကြည့်နေသည်။ ဒါမျိုးက အရှောင်သင့်ဆုံးအလုပ်ဖြစ်၏။ ဘယ်သူဘယ်ဝါမှ အကြံသော်လည်းကောင်း၊ အကူအညီသော်လည်းကောင်း ခင်ဗျားကို မပေးနိုင်။ ဘယ်သူမှမပေးနိုင်။ ခင်ဗျားလုပ်သင့်သည်မှာ တစ်ခုတည်း။ ခင်ဗျားရဲ့အတွင်းထဲကိုသွား။ စာရေးဖို့ ခင်ဗျားကိုတွန်းနေသော အကြောင်းပစ္စယကိုရှာ။ ထိုအကြောင်းအရာက အသည်းနှလုံးအထိ အမြစ်တွယ်နေပြီလား မတွယ်သေးဘူးလား မြင်အောင်ကြည့်။ စာမရေးရဟုတားမြစ်သော် ခင်ဗျား သေများသေသွားမလား ကိုယ့်ကိုယ်ကိုယ် ဖြောင့်ချက်ပေး။ ဒါတွေအားလုံးကို ခင်ဗျားရဲ့ တစ်ခုသောညတစ်ည အတိတ်ဆိတ်ဆုံးအချိန်၌ ကိုယ့်ကိုယ်ကိုယ် မေးပါလေ။ “ကျွန်တော်စာမရေးလို့ မဖြစ်ဘူးလား၊ရေးကို ရေးမှလား။ ကိုယ့်ကိုယ်ကိုယ် တူးဆွလျက် နက်နဲသောအဖြေ ထုတ်ပါလေ။ အေး ဟုတ်သဟဟုအဖြေထွက်သော်၊ ခမ်းနားသော ဤမေးခွန်းကို “ကျွန်တော်ရေးကိုရေးမယ်”ဟူ၍ အင်နှင့်အားနှင့် ရှင်းရှင်းဖြေသော်၊ ထိုအဖြေနှင့်လျော်စွာ ဘဝကိုတည်ဆောက်ပါလေ။ ထူး၍မခြားနားသော အချိန်များ၌သော်မှ ဘဝတစ်ခုလုံးအား ထိုသွေးခုန်ခြင်းကို သက်သေပြုလျက် ထိုသွေးခုန်ခြင်း၏ သရုပ်သာလျင် ဖြစ်ပါစေ။ ထို့နောက်သော်ကား သဘာဝနှင့်နီးနီးနေပါလေ။ ထိုနောက်၌မူ ကိုယ့်အရင်က ဘယ်သူဘယ်ဝါမှ မလုပ်ဖူးသည့်အလား မြင်သမျှ၊ ခံစားသမျှ၊ ချစ်သမျှ၊ ဆုံးရှုံးသမျှတို့အား ပြောကြားရန် ကြိုးစားပါလေ။ အချစ်ကဗျာများကိုတော့ မရေးလေနှင့်။ လွယ်လင့်တကူ ဘာမှမထူးခြားသော ပုံသဏ္ဌာန်များကို ရှောင်ပါ။ ဒါမျိုးတွေက ရေးရတာ အခက်ဆုံးဖြစ်သည်။ ကိုယ်ပိုင်တစ်စုံတစ်ရာကို ဖန်တီးဖို့မှာ ပြည့်ပြည့်ဝဝမှည့်ရွှမ်းသော စွမ်းအားလိုလိမ့်မည်။ အချစ်အကြောင်း ကောင်းသောကဗျာများ၊ ခမ်းနားတင့်တယ်သည်ဟုပင် ပြောနိုင်သောအရေးအသားများမှာ အစဉ်အဆက် များလှပြီ။ ထိုသို့သော ယေဘုယျအကြောင်းအရာများမှ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါ။ နေ့စဉ်ဘဝက မိမိအား ပေးအပ်သမျှကိုသာရေး။ ဝမ်းနည်းစရာများနှင့် ဆန္ဒများကိုဖော်ပြ။ မိမိစိတ်ထဲကို ဖြတ်သွားသော အတွေးများ၊ အလှတစ်စုံတစ်ရာ အမျိုးအစားတစ်ခု၌ မိမိ၏သက်ဝင်မှု၊ ထိုထိုအရာများကို နှလုံးသား၌ ခံစားလျက် တိတ်တိတ်ဆိတ်ဆိတ် ရိုရိုကျိုးကျိုး ရိုးသားခြင်းနှင့် တင်ဆက်ပါလေ။ မိမိကိုယ်မိမိ ဖော်ထုတ်ရာ၌ မိမိကိုယ်ကို ဝန်းရံလျက်ရှိသော အရာများ၊ မိမိအိပ်မက်များမှ ပုံရိပ်များ၊ မိမိမှတ်မိနေသော အရာများကိုသုံး။ မိမိနေ့စဉ်ဘဝ အတွေ့အကြုံများမှာ နုံနဲ့လှသည်ထင်သော် ယင်းတို့ကို အပြစ်မတင်လိုက်နှင့်။ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်။ ကြွယ်ဝလျက်နှင့် မယူတတ် ကဗျာဆရာတစ်ယောက်ဖြစ်အောင် မတတ်သေးဟုဝန်ခံ။ အဘယ်ကြောင့်ဆိုသော် တီထွင်ဖန်ဆင်းသူ၌ ဆင်းရဲခြင်းဟူသည် မရှိ၊ နုံနဲ့၍ မထူးခြားသော နေရာဟူသည် မရှိ၍ ဖြစ်လေသည်။ အကယ်၍ ခင်ဗျားကိုယ်ခင်ဗျား အကျဉ်းထောင်တစ်ခုထဲ ရောက်နေသည်။ ထိုအကျဉ်းထောင်၏ နံရံများက ကမ္ဘာ၏ မည်သည့်အသံမဗလံကိုမှ ဝင်ခွင့်မပြုဟုခံစားရသော်မှ ခင်ဗျားမှာ ခင်ဗျားရဲ့ကလေးဘဝ တန်ဖိုးဖြတ်မရသော ရတနာ အောက်မေ့တမ်းတစရာများတည်ရာ ဘဏ်တိုက်ရှိလေသေးသည် မဟုတ်လော။ စိတ်အားထိုနေရာသို့လှည့်၊ အပြောကျယ်သော ထိုအတိတ်မှ နစ်မြုပ်နေသော ခံစားမှုများကိုမြှင့်လိုက်ပါ။ စိတ်အားကိုယ်အားသည် မာလာလိမ့်မည်။ ခင်ဗျား၏ ဧကစာ ထီးထီးကျန်ခြင်းသည် ကျယ်ပြန့်လာလျက် ရေးရေးရိပ်ရိပ် ရိုးရိုးရီရီမျှလင်းသော နေရာတစ်နေရာဖြစ်လာလိမ့်မည်။ တခြားသောသူတို့ ဖြတ်သွားသောအသံကား အဝေးဆီမှသာသဲ့သဲ့၊ ထိုနေရာ၌ ခင်ဗျားနေနိုင်လိမ့်မည်။ ထို့အပြင်မူ ထိုသို့သောအတွင်းသို့လှည့်ခြင်း(ဝါ) မိမိကိုယ်ပိုင်ကမ္ဘာလောကထဲသို့ စုပ်စုပ်မြုပ်နစ်နေခြင်းမှ ကဗျာများ ထွက်ပေါ်လာလိမ့်မည်။ ထိုအခါ ကဗျာများ ကောင်း၏ ညံ့၏ မည်သူမည်ဝါကိုတော့မေးလိုက်ဦးမှဟု ခင်ဗျားတွေးတော့မည်မဟုတ်။ မဂ္ဂဇင်းများအား ဤကဗျာများ၌ စိတ်ဝင်စားရန် ကြိုးစားတော့မည်မဟုတ်။ ဒါတွေကား သဘာဝအလျေက်ဖြစ်လာသော ခင်ဗျားချစ်သော ပိုင်ဆိုင်မှု၊ ခင်ဗျားဘဝ၏ အစိတ်အပိုင်းတစ်ခု၊ ဘဝမှလာသော အသံတစ်သံ၊ ထိုကဲ့သို့ ခင်ဗျားမြင်လာ၍ ဖြစ်လေသည်။ လိုအပ်ခြင်းမှ ထွက်ပေါ်လာသောအနုပညာပစ္စည်းကား ကောင်း၏။ အနုပညာပစ္စည်းကို အကဲဖြတ်ရန် ဤနည်းသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။ ချစ်သောဆရာလေးခင်ဗျား … ကျွန်တော့်မှာ ခင်ဗျားအား အောက်ဖော်ပြပါ အကြံမှလွဲ၍ တခြား ဘာမှမပေးနိုင်။ “ကိုယ့်အတွင်းထဲသို့ လမ်းသလား။ အသက်ဇီဝစီးရာ ထိုနေရာ ဘယ်ကလောက်နက်ရှိုင်းသည် မြင်အောင်ရှု၊ အရင်းမူလ ထိုစမ်းဝ၌ ခင်ဗျား ဖန်ဆင်းမည် မမည် မေးခွန်း၏အဖြေကို တွေ့လိမ့်မည်။ ထိုအဖြေကို လက်ခံပါလေ။ အနက်ဖတ်ရန် မကြိုးစားနှင့်။ သတ်မှတ်ပြဋ္ဌာန်းပြီးလေပြီ”။ အနုပညာရှင်တစ်ဦးဖြစ်ဖို့ အကြောင်းပါလာသည်ဟု အကယ်၍ တွေးသည်ဆိုပါစို့။ ထိုရောအခါ၌ ထိုပန်းတိုင်သို့ ချီလေတော့၊ ရုန်းပေရော့၊ ထိုဝန်နှင့် ခမ်းနားကြီးကျယ်ခြင်းကို ထမ်းပေရော့။ အပြင်အပ ဗဟိဒ္ဓမှလာမည့် ဆုလာဘ်ကို မမေးစမ်း မမျှော်မှန်းဘဲလျက်။ တီထွင်ဖန်ဆင်းသူကား သူကမ္ဘာလောကနှင့်သူသာ ဖြစ်ကိုဖြစ်ရပေမည်။ သူ့ကိုယ်တိုင်နှင့် သဘာဝထံ ဘဝတစ်ခုလုံး ပုံအပ်ရာ၌ “အလုံးစုံ အားလုံးအား” တွေ့ကို တွေ့ရပေလိမ့်မည်။

အဇ္ဈတ္တအတွင်းနှင့် တစ်ကိုယ်ထီးထီး ဧကစာနေခြင်းသို့ သက်ဆင်းပြီးနောက်သော် ကဗျာဆရာတစ်ဦး မဟုတ်တကားဟု ခင်ဗျားငြင်းဆိုကောင်း ငြင်းဆိုနိုင်ပါသည်။ ပသို့ဆိုစေ ကိုယ့်ကိုယ်ကိုယ်ရှာဖွေခြင်းကား အကျိုးနတ္ထိ ဘာမှမရရှိ မဖြစ်နိုင်။ ကိုယ့်ကိုယ်ကိုယ်ရှာဖွေခြင်းမှသည် ဘဝလမ်းကြောင်းများ တွေ့နိုင်သေးလို့ ဖြစ်သည်။ ထိုလမ်းကြောင်းများ ကောင်းသော် ကောင်းမည်။ ကြွယ်ကြွယ်ဝဝ ဖြစ်သော်ဖြစ်မည်။ (ခင်ဗျားအတွက် ကျွန်တော် ဆုတောင်းပေးသလို) ကျွန်တော်ပြောနိုင်သည်ထက် ကျယ်ပြန့်သော် ကျယ်ပြန့်ပေလိမ့်မည်။

သည်ထက်သည် ဘာများ ခင်ဗျားကို ကျွန်တော် ပြောနိုင်ဦးမှာလဲ။ အရာမှန်သမျှ သူ့နေရာနှင့်သူ အရာရောက်သည်၊ အရေးပါကြသည်။ နောက်ဆုံးအနေနှင့် အကြံတစ်ခုသာ ဖြည့်စွက်ချင်၏။ “ရင့်သန်”လာရန် ငြိမ်ငြိမ်သက်သက်နှင့်သာ ဇွဲကောင်းလျက်သာ လုပ်ဆောင်ပါလေ။ ခင်ဗျားရဲ့ အတိတ်ဆုံးကာလတွင် အတွင်းအနက်ရှိုင်းမှသာ ဖြေနိုင်ကောင်း ဖြေနိုင်မည့် မေးခွန်းများကို၊ ပြင်ပမှအဖြေများကိုစောင့်ခြင်း ပြင်ပသို့ မျှော်ခြင်းအားဖြင့် ရင့်သန်ခြင်း အစဉ်အား မနှောင့်ယှက်လေနှင့်။

ပါမောက္ခ ဟိုရာဆက်၏အမည်ကို ခင်ဗျားရဲ့စာမှာ တွေ့ရခြင်း၌ ကျွန်တော့်အတွက် အရသာရှိပါ၏။ ကြင်နာတတ်သော ထိုပညာရှိအား ကျွန်တော် ကြည်ညိုသည်။ သူ့ကျေးဇူးကား ကျွန်တော့်အပေါ် နှစ်ပေါင်းများစွာ ကြာလှပြီ။ သူ့အား ကျွန်တော် မည်သို့ခံစားနေကြောင်း ကျေးဇူးပြု၍ပြောပေးပါ။ သူ ကျွန်တော်အား ယခုထိအောက်မေ့နေသေးသည်။ ဒါကို အလွန်လေးမြတ်နေပါ၏။

ကျွန်တော့်အား ယုံကြည်စွာပေးလိုက်သော ကဗျာများကို ပြန်ပို့လိုက်ပါသည်။ ခင်ဗျားရဲ့မေးခွန်းများနှင့် ကျွန်တော့်အား ထားရှိအပ်သော ရိုးသားသည့် ယုံကြည်မှုအတွက် ကျေှးဇူးထပ်ခါထပ်ခါတင်ပါသည်။ ကျွန်တော် တတ်နိုင်သလောက်ရိုးသားစွာဖြင့်၊ သူစိမ်းတစ်ယောက်အနေနှင့် ကိုယ်ရှိသည်ထက် ပိုကြွယ်ဝအောင် ကြိုးစားလျက် ခင်ဗျားမေးခွန်းများကို ဖြေလိုက်ပါသည်။

သစ္စာရှိစွာဖြင့်

ရိန်နာမာရီယာရီလ်ကီ


ရီလ်ကီ၏ပေးစာများ - ကိုတာ၊ ကိုရင်တာ နှစ်ပါးသွား၊ ချင်းတွင်း မဂ္ဂဇင်း၊ အမှတ် ၅၁၊ ဇွန်လ၊ ၂၀၁၀ မှ ထုတ်နုတ်ကူးယူမျှဝေခြင်းဖြစ်ပါသည်။

1 comment:

Anonymous said...

ဒီပေးစာတစ်ပုဒ်လုံးကို စာရိုက်ပေးသူဟာ E-Journal ကို တစ်တပ်တစ်အား အားဖြည့်လာတဲ့ မင်းရဲရှင် ပဲဖြစ်ပါတယ်။ ဘယ်လိုမှ မဝေမျှဘဲ မနေနိုင်လို့ ဝေမျှချင်တာရယ် ၊ မင်းရဲရှင် ကိုလည်း ဖတ်ဖြစ်စေချင်တာရယ်နဲ့ သူ့ကို အလုပ်ပေးအကူအညီတောင်းခဲ့တာပါ။ အားလုံးရဲ့ ကိုယ်စား မင်းရဲရှင်အား ကျေးဇူးစကားဆိုပါတယ်။