Friday, November 27, 2009

ခန်းဆောင်နီအိပ်မက် မပျက်မပြယ် (Me or We, Wall or Web)



အောက်တိုဘာတော်လှန်ရေး၏ အမြောက်သံကို အနှစ် ၂၀ နီးပါးကြာမှ ပီပီသသကြားခွင့်ရခဲ့သည်။ ကြားပြန်တော့လည်း ဤတစ်သံတည်းမှာပင် နားအူကာ အခြားဘာအသံမှ အဝင်မခံတော့၊ မကြားနိုင်တော့။



သမိုင်းဆရာများက “အမှောင်ခေတ်”ဟု ဆိုကြသော ပဒေသရာဇ်ခေတ်တစ်လျှောက်လုံး အဆက်ပြတ်အထီးကျန်ဖြစ်ခဲ့ရသည်ကိုမူ တစ်စုံတစ်ရာ နားလည်နိုင်ပါသည်။ အခြားနိုင်ငံများလည်း ဤနည်းနှင့်သာဖြစ်သည် မဟုတ်ပါလော။ သို့နှင့်တိုင် ခေတ်သစ်နိုင်ငံတကာစာပေနှင့် ခေတ်သစ်အတွေးအမြင်များနှင့် အထိအတွေ့တွင် “သိပ်များနောက်ကျလွန်းလေသလား”ဟု မကြာခဏ တွေးမိသည်။ ဥပမာ- မြန်မာ့နိုင်ငံရေးကို တစ်ဆစ်ချိုး လှည့်ပြောင်းစေခဲ့သော “နဂါးနီစာပေလှုပ်ရှားမှု”ကိုပဲကြည့်။ အောက်တိုဘာတော်လှန်ရေး၏ အမြောက်သံကို အနှစ်(၂၀) နီးပါးကြာမှ ပီပီသသကြားခွင့်ရခဲ့သည်။ ကြားပြန်တော့လည်း ဤတစ်သံတည်းမှာပင် နားအူကာ အခြားဘာအသံမှ အဝင်မခံတော့၊ မကြားနိုင်တော့။ ဒီလိုနှင့် အိုင်ဒီအိုလိုဂျီ ဧကမူစိတ်ဖြင့်ပင်၊ စစ်အေးခေတ်ကိုဖြတ်ခဲ့သည်။ နောက်ဆုံး စစ်အေးနိဂုံးအထိရောက်လာသည်။ ကျွန်တော်တို့ကား ခန်းဆောင်နီထဲတွင် အိပ်မက် မက်လို့ကောင်းဆဲ။ လောကီရေးတွင် ထာဝရ မဖောက်မပြန် အမြဲမှန်သည်ဆိုသော ပကတိအမှန်တရားမျိုး ရှိနိုင်ပါသလော။

........ ၁၉၈၉ ခုနှစ်တွင် စစ်အေးသင်္ကေတ ဘာလင်တံတိုင်းကြီး ပြိုကျသွားသည်။ ဤဖြစ်ရပ်ကြီးက ၁၁/၉ (နိုဝင်ဘာလ ၉ ရက်)ဆိုသော ခေတ်ပြိုင်သမိုင်း၏ အရေးကြီးဆုံးမှတ်တိုင်တစ်ခုကို စိုက်လိုက်သလို ရှိသည်။ ကမ္ဘာအနှံ့တုန်ဟည်းသွားသော အဆိုပါပြိုလဲမှုကြီးကိုလည်း မြန်မာစာပေလေထန်ကုန်းထက်မှ ခပ်သဲ့သဲ့သာ ကြားလိုက်ဟန်တူပါသည်။ ကြားသည်ဆိုလျှင်သော်မှ ဖြစ်ရပ်နောက်ကွယ်မှ တူရှုချက်ထိ ဆဝါးမိဟန်မတူ။ “သြော် - တံတိုင်းကြီးပြိုကျသွားပြီကိုး” ဆိုသော သာမန်သတင်းမှတ်ချက်လောက်သာ ရှိမည်ထင်ပါသည်။

အမှန်စစ်စစ် ၁၁/၉ မှာ မြင်သာထင်သာ နံရံတံတိုင်းကြီးပြိုကျရုံ သက်သက်မျှမဟုတ်။ “စစ်အေး” ဆိုသော နိုင်ငံရေးခေတ်ကြီးတစ်ခု နိဂုံးကမ္ပတ်အဆုံးသတ်သွားခြင်း ဖြစ်သည်။ သို့နှင့်အမျှ စစ်အေးခေတ်နိုင်ငံရေး စဉ်းစားပုံတွေ သံပတ်ကုန်သွားခြင်းလည်းဖြစ်သည်။ ဆိုခဲ့ပြီးသည့်အတိုင်း စစ်အေးခေတ်၏ သင်္ကေတမှာ နံရံတံတိုင်းဖြစ်သည်။ တံတိုင်းကြီးရှိနေသည်ကိုက “ငါတို့ကွဲနေကြပါလား”ဆိုသော ဖော်ပြချက်ဖြစ်သည်။ “ငါ”နဲ့“သူ”ဆိုသောအမြင်ဖြင့် တံတိုင်းကာကြည့်သော စဉ်းစားနည်းတို့ လွှမ်းမိုးသောကာလဖြစ်သည်။ အရာရာကို “ရန်သူ မိတ်ဆွေ”၊ “အင်တီ ပရို”ဆိုသောအမြင်ဖြင့် ချဉ်းကပ်သည်၊ မဖြူလျှင် မည်းရမည်ဆိုသောလောဂျစ်ကို အခြေခံသည်။ ဤသဘောများကို အနှစ်ချုပ်ပြီး နယူးယော့တိုင်းမ်ဂျာနယ်လစ် တောမတ်ဖရိုင်းမင်းက “ဝေါလ်ပါတီစဉ်းစားနည်း” (Wall Party Thinking) ဟု ဝိဂြိုလ်ပြုသည်။

တံတိုင်းကြီးအပြီး စစ်အေးလွန်ခေတ်၏ သင်္ကေတမှာ အင်တာနက်ဝက်ဘ်ဆိုက်ကြီးဖြစ်သည်။ ဤဝက်ဘ်ဆိုက်ကြီးရှိနေသည်ကိုက “ငါတို့ ပူးပေါင်းအလုပ် လုပ်လို့ရပါလား”ဆိုသော ဖော်ပြချက်ဖြစ်သည်။ “ငါတို့တစ်တွေ” ဆိုသောအမြင်ဖြင့် မြင့်သထက်မြင့်အောင် မိုးပေါ်တက်ကြည့်ကြဖို့ဖြစ်လာသည်။ “ဘာတွေကွဲသလဲ” ဆိုသည်ထက်၊ “ဘာတွေတူသလဲ”ဆိုသည်ကို အာရုံပြုသည်။ “ဘုံတူညီချက်”တစ်ခုကို မရအရ ရှာဖွေပြီး လက်တွဲဆောင်ရွက်ဖို့ကြိုးစားသည်။ ဖရိုင်းမင်းစကားနှင့်ဆိုရလျှင် “ဝက်ဘ်ပါတီစဉ်းစားနည်း” (Web Party Thinking)ဖြစ်ပါသည်။ စစ်အေးလွန် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် လက်ဝဲ လက်ယာ အိုင်ဒီအိုလိုဂျီအငြင်းပွားမှုတွေ မလိုတော့ပြီ။ ဝေါလ်ပါတီနှင့် ဝက်ဘ်ပါတီသာ ရှိတော့သည်။ ဝေါလ်ထဲတွင် စံပယ်မြဲစံပယ်ကာ စစ်အေးခေတ်အရက်တွင်၊ ခေါင်းစိုက်ရီဝေနေကြမည်လော။ ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိဆိုသော မေတ္တာစိတ်ဖြင့် ဝက်ဘ်ပေါ်တက်၍ ကခုန်ကြမည်လော။

....................................................................................
ပြီးခဲ့သော အနှစ် ၂၀ က တံတိုင်းပြိုသံမှာ လွန်ခဲ့သော နှစ်(၉၀)က အောက်တိုဘာ အမြောက်သံကို မလွှမ်းနိုင်ရှိဆဲ။......။


(အနှစ် နှစ်ဆယ်၊ ကျော်ဝင်း၊ EDITOR'S SKETCH, THE WAVES MAGAZINE, 7/09.NOVEMBER. 2009 မှ ထုတ်နုတ်ပါသည်။)

6 comments:

Welcome said...

စာကောင်းပေမွန်တွေ မပြတ်လာဖတ်ဖြစ်ပါတယ်။

Unknown said...

ကောင်းလိုက်တာရှင်
စာပေကောင်းတွေပါပဲ

ဂျစ်တူး ( မုံရွာ ) said...

ကျေးဇူးအထူးအထူးပါခင်ဗျာ-အားလုံးကျန်းမာပျော်ရွင်
ပြီးအင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျား - - - - -

Anonymous said...

ဖတ်မှတ်သွားပါတယ်ဗျာ
လင့်ထားပါတယ်
ကောင်းလို့ဗျာ

ဝါခေါင်မိုး said...

စာကောင်းပေကောင်းလေးတွေ မျှဝေပေးဖတ်တာ
ကျေးဇူးပါ။ အမြဲ အားပေးနေပါတယ်။

Unknown said...

စာကြွေးတွေထပ်လာဖတ်သွားတယ်