Wednesday, June 10, 2009

The man who wanna talk HRD!



ဦးနှောက်များကို စိတ်ဝင်စားသူ

တစ်လောလေးကပဲ “ဦးနှောက်မြူးသူတစ်ယောက်”ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးပါတယ်။ ဖတ်ချင်လွန်းတယ်ပြောလို့ ရန်ကုန်ကသူငယ်ချင်းက လူကြုံနဲ့ထည့်ပေးလိုက်ပါတယ်။ ချင်းတွင်းမှာ အခန်းဆက် ဖတ်နေတုန်း လုံးချင်းထွက်တော့လည်း ဖတ်ချင်တာပါပဲ။ ချင်းတွင်းက လတိုင်းမဝယ်ဖြစ်ဘူးကိုး။ ဒါနဲ့ပဲ တစ်ခြားစာမဖတ်တော့ပဲ သူ့ကိုပဲဖတ်လိုက်ပါတယ်။ ကောင်းတဲ့စာအုပ်လေးပါ။ မဖတ်ရသေးရင် ညွှန်းချင်ပါတယ်။



စာအုပ်အစပိုင်းမှာ ဘာသာပြန်သူ (စာရေးသူ)ပြောသလို သူတို့ဆီက အတုယူစရာတွေ (ဒါမှမဟုတ်လည်း) သိထားသင့်တာတွေ ပါဝင်ပါတယ်။ အားကျစရာ၊ ဘက်ပေါင်းစုံမှ အတုယူစရာတွေပါ။ ပညာကိုချစ်မှ နိုင်ငံတိုးတက်ရေးအကြောင်းပြောရင် အရှိန်အဟုန်ဆိုတာ ပါလာမယ်ဆိုတာ ထင်ရှားစေပါတယ်။ ပညာဆိုတာကို အားပေးပုံ၊ ပညာတတ်ကို နိုင်ငံတော်အဆင့် တန်ဖိုးထားပုံတွေနဲ့ ကောင်းတဲ့စာအုပ်ပါပဲ။

ကျွန်တော့်စိတ်မှာ နည်းနည်းလေး စွဲသွားတာက အသက်၂၁နှစ်မှာ ဒေါက်တာဘွဲ့ရနေပါပြီ။ တောက်လျှောက်လည်း စိတ်ရောဂါရနေတဲ့ ပညာတတ်ကို မပစ်ပယ်ပဲ ထူးတဲ့ဦးနှောက်တစ်လုံးကို တန်ဖိုးထားတတ်တဲ့ သူတို့ရဲ့အလေ့အထပါ။ လူမှုရေးအရ အားနည်းတယ်ပြောလို့ရတဲ့ သူ့အမူအကျင့်တွေကို အမြင်တစ်မျိုးနဲ့ ကြည့်ပေးကြတယ်ထင်ပါတယ်။ ရုပ်ရှင်လည်းရှိသဗျ။ ကြည့်ဖူးတယ်။ အတော်တောင်ကြာပါပြီ။ A Beautiful Mind ဆိုတဲ့ ခေါင်းစဉ်နဲ့ပါပဲ။

ထားတော့။ ပြောချင်တာက စာရေးသူရဲ့စေတနာ။ တစ်ခါကလည်း “ဦးနှောက်များကို မီးညှိခြင်း”ဆိုတဲ့ စာအုပ်ကို ဘာသာပြန်ခဲ့ဖူးတယ်။ အိန္ဒိယနိုင်ငံက သမ္မတကြီးရဲ့ လူငယ်တွေ(ကျောင်းသားတွေ)အပေါ်မှာ ထားတဲ့ စိတ်ထားနဲ့ စေတနာတွေကို ဖတ်ရပါတယ်။ ကောင်းတဲ့စာအုပ်ပါပဲ။ ဖတ်ပြီးကြသူတွေလည်းများမှာပါ။ မဖတ်ရသေးရင် ဒါလည်းဖတ်သင့်တဲ့ စာတစ်အုပ်ပဲ။

စာရေးသူက ဒေါက်တာဘွဲ့ရ ရူပဗေဒပညာရှင်လို့ ပြောပါတယ်။ အကြောင်းအရာလေးတွေ ရွေးတတ်တာကို သဘောကျနေတာပါ။ လူငယ်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ (ပြောသာပြောနေရတာ ကျွန်တော်တို့အရွယ်ကလည်း လူငယ်တန်းပါပဲ။ ဒါပေမဲ့ အသုံးမကျတာကတော့ ပြောမဆုံးပေါင်၊ တောသုံးတောင်ပေါ့ဗျာ။ ထားတော့။) လူငယ်တွေကို ပညာဆိုတာ ဘာလည်းသိအောင်။ လေ့လာတတ်အောင်။ တန်ဖိုးထားတတ်အောင်။ ပြောနေတဲ့ စာတွေလို့ တွေးမိသဗျ။

ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာဖို့ဆိုတာ တစ်ယောက်အားဖြင့် မစွမ်းသာဆိုတာကို ပြောနေသလိုပါပဲ။ သိုင်းဖို့၊ ဝိုင်းဖို့လိုတယ်ပေါ့။ ပညာရေးမှာဆိုရင်လည်း ကျောင်သား၊ ဆရာ၊ မိဘတွေတင်မက သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထိရောက်အောင် စွမ်းဆောင်မှုတွေ လိုအပ်ကြောင်းလည်း မြင်သာစေပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဆိုတာ တစ်ကယ်တော့ ဦးနှောက်တွေအကြောင်းပါပဲ။ ရေရှည်ကိုကြိုတွေးပြီး နူးညံ့စွာပြုပြင်ရတာတွေပေါ့။ ပါရမီရှင်တစ်ဦးဆိုတာ အလကားတော့ မဖြစ်တန်ရာဘူးလို့လည်း တွေးလေရဲ့။

နောက်တစ်အုပ်ပြောချင်သေးတာက “ပိုးချည်မျှင်မိုးနဂါး”ဆိုတဲ့ စာအုပ်ပါ။ အဲဒီ့စာအုပ်မှာဆိုရင် ပေါက်ဖော်တို့ရဲ့ ပညာတတ်ကိုမြှောက်စားရင်း တိုးတက်ရေးကို ကြိုးစားသွားတာ မြင်သာနေသလိုပါပဲ။ နောက်ဆုံးတော့ ကြေငြာခ မရဘဲ စာရေးသူဘိုးလှိုင်ရဲ့ စာသုံးအုပ်ကို ကြော်ငြာဝင်လိုက်တာပါ။ တစ်ကယ်တော့ စာဖတ်အားကောင်းပုံရတဲ့၊ စေတနာပါတဲ့စာရေးသူရဲ့ ဦးနှောက်တွေကို စိတ်ဝင်စားပုံ။ နောက်ပြီး ဦးနှောက်တွေအရေးကြီးပုံနဲ့ ပညာတတ်ကို တန်ဖိုးထားဖို့လိုကြောင်းလေးတွေကို စိတ်မှာတွေးမိနေလို့ အကြောင်းရှာပြီး ညွှန်းလိုက်ကြောင်းပါ။


သုခမိန်
HRD – Human Resource Development

3 comments:

ကဗျာဦး said...

A Beautiful Mind
ကျမလည်းကြည့်ဘူးတယ်
ကောင်းမှကောင်း
နောက်ဆုံး ပါမောက္ခတွေက ပညာရှိကို
ဘောပင်လေးတွေ လာပေးတာလေ


ဒီပိုစ့်လေးကလည်းအတော်ကောင်းတယ်
ဦးနှောက်များကို စိတ်ဝင်စားသူ
ခေါင်းစဉ်က ကိုစိတ်ဝင်စားစရာပဲ

Anonymous said...

“လူငယ်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ (ပြောသာပြောနေရတာ ကျွန်တော်တို့အရွယ်ကလည်း လူငယ်တန်းပါပဲ။)”
ဟဲ ဟဲ ကျနော်လည်း မှန်မကြည့်ဖြစ်တာကြာတော့ ကိုယ့်ကိုယ်ကို မမြင်ရဘူးဗျ။
ဒီနေ့ ကျနော့်တို့ နိုင်ငံမှာ တာဝန်အရှိဆုံးသူတွေဟာ ဘယ်သူတွေလဲလို့ မေးရင် ဒီကနေ့ကျနော်တို့လူငယ်တွေပါပဲ။ ကျနော်တို့နိုင်ငံကောင်းတယ်ဆိုရင် ဒါ ကျနော်တို့တော်လို့ပါပဲ။ ကျနော်တို့နိုင်ငံမကောင်းဘူးဆိုရင် ကျနော်တို့ညံ့လို့ပါပဲ။ တစ်ခြား ဘယ်သူတွေကြောင့်မှမဟုတ်ပါဘူး။

“ပညာတတ်ကို မပစ်ပယ်ပဲ ထူးတဲ့ဦးနှောက်တစ်လုံးကို တန်ဖိုးထားတတ်တဲ့ သူတို့ရဲ့အလေ့အထပါ။”
အလေ့အထဆိုတာ ပြုစုယူလို့ ရတာပါ။ ကဲ လာဗျာ ကျနော့်တို့ စကြရအောင်။ ပညာတတ်တွေ မဟုတ်သော်ငြား၊ သာမန်ညောင်ညတွေမျှသာဖြစ်သော်ငြား … ကျနော်၊ ခင်များ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြရအောင်ဗျာ။
ခင်များကိုယ်တိုင်အဝင်အပါ ခင်များမိသားစုဝင်တွေဟာ ခင်များနိုင်ငံသားတွေပါ။ (ပြည်တွင်းမှာပဲဆိုရင်) ခင်များသူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ၊ အခန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်နီးနားချင်းတွေ သူတို့သူတို့ တစ်တွေဟာ ခင်များနိုင်ငံသားတွေပါ။
သူတို့တစ်တွေကို စောင့်ရှောက်ခြင်းသည်ပင်လျှင်၊ သူတို့ တစ်ဦးတိုင်း တစ်ယောက်တိုင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းကို ရေရှည်ကြိုတွေးပြီး နူးညံ့စွာပြုပြင်ခြင်းသည်ပင်လျှင် ခင်များလူမျိုး၊ ခင်များနိုင်ငံကို စောင့်ရှောက်ခြင်း၊ ပြုပြင်ခြင်းပါပဲ။
နှမ်းတစ်လုံးတည်းနဲ့ဆီမဖြစ်သော်ငြား နှမ်းစေ့လေးတွေများပြားလာတဲ့အခါ ဆီဖြစ်လာမှာပါ။ တစ်စက်ကျများ ပြည့်သော်လားသို့ပေါ့ဗျာ။ အပင်မပေါက်သေးသော်ငြား အစေ့ထဲကအပင်တွေကို ကျနော်တို့မြင်အောင်ကြည့်ကာ မူးပဲအစနဲ့ ထူးကဲဘဝတွေ တည်ဆောက်ကြတာပေါ့ဗျာ။

ဒီတော့ လာဗျာ.. စာဖတ်ကြရအောင်။ ကိုယ့်အိမ်သားတွေ အဝင်အပါ သူများတွေ စာဖတ်တတ်လာအောင် စည်းရုံးသွေးဆောင်ကြရအောင်။ သူတစ်ပါးကို စည်းရုံးသွေးဆောင် ပြုစုပြိုးထောင်တယ်ဆိုတာ သွယ်ဝိုက်ခေါင်းဆောင်မှုက ပိုမိုထိရောက်တာ။ ဥပမာ “ဒီစာအုပ်လေးဖတ်ကွ”လို့ တိုက်ရိုက်ပြောတာမျိုးထက် အဲဒီစာအုပ်လေးကို သူဖတ်ချင်လာအောင် သူမြင်သာတဲ့ နေရာမှာ မသိမသာချထားတာမျိုးပေါ့။ သူပြုပြင်ပြောင်းလဲလာသော်ငြား ခင်များရှိနေတာတောင် သူသိချင်မှသိမှာ။ တစ်ခါတစ်ခါ တိုက်ရိုက်ခေါင်းဆောင်မှုလိုတဲ့အခါတွေမတော့ တိုက်ရိုက်ခေါင်းဆောင်ကြတာပေါ့ခင်ဗျာ။
လက်ဖက်ရည်ဆိုင်ထာကာ သူငယ်ချင်းတွေနဲ့ လေကန်ပါ။ ဒါသည်ပင် နိုင်ငံကို ပြုစုပျိုးထောင်တာ။ လက်ဖက်ရည်ဆိုင်ကလူငယ်တွေဟာ၊ အရက်ဆိုင်က လူငယ်တွေဟာ၊ ဂိမ်းဆိုင်က လူငယ်တွေဟာ၊ လယ်ကွင်းထဲက လူငယ်တွေဟာ စာသင်ခန်းထဲက လူငယ်တွေပမာ နိုင်ငံတော်ရဲ့ အနာဂတ်တွေပါ။

မသက်ဇင် said...

ကိုသုရေ
လေးစားပါတယ်
ခင်မင်လျက်