Tuesday, March 24, 2009

just i think



“အတွေး”


အမှတ်မထင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးနှစ်ခုကနေ မြင်ကွင်းလေးတစ်ခုကိုရေးလိုက်တာပါ….




၂၀၀၉ ခုနှစ် …
ဇန်န၀ါရီလ…
မတ်လ….

အထူးကုဆေးခန်းတစ်ခုရဲ့….
အထူးသီးသန့်ခန်းတစ်ခု…..
တတီတီမြည်နေတဲ့ စက်တစ်ခု….
အောက်ဆီဂျင်ဘူးတစ်လုံး…

မကြာခဏ၀င်လာကြည့်တတ်တဲ့ အထူးကုတွေ၊ ဆရာဝန်တွေ…

ဘေးကနေ မျက်ခြေပြတ်မခံစောင့်ကြည့်နေတဲ့ ဆရာမလေး…

ကုတင်ပေါ်က
လက်နှစ်ဖက်၊ ခြေနှစ်ဖက်မှာ…
ဆေးပုလင်းပေါင်းစုံနဲ့…
ဝေဒနာပေါင်းစုံကိုခံစားနေရတဲ့
သက်(၈၀) ကျော်အဖိုးအိုတစ်ယောက်…

ဖခင်ကိုကျန်းမာစေချင်တဲ့ဇော၊ ဝေဒနာတွေသက်သာစေချင်တဲ့ဇောနဲ့
အကောင်းဆုံးဆေးတွေကို ဖခင်ကိုယ်ခန္ဓာထဲကို မရောက်ရောက်တဲ့နည်းနဲ့ ထိုးသွင်းဖိုးကြိုးစားနေခဲ့ကြတဲ့၊ သား၊သမီးဝတ္တရား ကျေချင်ကြတဲ့ သား၊သမီးတွေ…

ခံစားမိတာက သား၊သမီးတို့အနေနဲ့ ငါတို့မှာရှိတဲ့ပိုက်ဆံ၊ လုပ်ပိုင်ခွင့်…
ငါတို့တတ်နိုင်သလောက်၊ တစက္ကန့်… တမိနစ်… တနာရီ… တရက်…
တတ်နိုင်သလောက်ဆွဲဆန့်ထားချင်တဲ့ အဖေရဲ့အသက်…
ငါ့အဖေရဲ့နောက်ဆုံးအချိန်…

ကြည့်ရင်းနဲ့သနားလာမိတာက အဖိုးအိုကိုပါ
သူသွားရတော့မဲ့အချိန်မှာ သွားခွင့်မရသေးပဲ သား၊သမီးအလိုကျ ဝေဒနာဆက်ခံစားနေရတဲ့ ဘ၀…

ခံစားမိရင်းနဲ့ ၀င်ရောက်လာတဲ့ အတွေးပေါင်းစုံက…

ငါသာ သား၊သမီးနေရာမှာဆိုရင် …
… … … …… …… ………… ……………
ငါသာ အဖိုးအိုနေရာမှာဆိုရင် ……
… … … …… …… ………… ……………
ဘယ်သူကိုမှ အပြစ်မတင်ချင်ပါဘူး…

ငါသာ သား၊သမီးနေရာမှာဆိုရင် ငါ့မိဘကို ဒီလောက်အထိ ပံပိုးပေးနိုင်ပါ့မလား။ ခံစားနေရာတဲ့ဝေဒနာကို ဘာကုသမှုမှမပေးဘဲ ကြည့်နေနိုင်မလား။ ဝေဒနာသက်သာစေချင်တဲ့စိတ်နဲ့ ဝေဒနာကို ဆွဲဆန့်ပေးရက်မလား။

ငါသာ အဖိုးအိုနေရာမှာဆိုရင် သား၊သမီးတွေရဲ့ စေတနာနဲ့မေတ္တာကို နားလည်ပေးနိုင်ပေမဲ့ သွားရမဲ့လမ်းကို ငါသိပြီးသားမို့ ဆက်သွားချင်မိမလား။

တရက်ပြီးတရက်…
နောက်ထပ် တရက်ပြီးတရက်…
ကုန်သွားပြီးနောက်တော့…
ပေးလိုက်ရတဲ့ပိုက်ဆံတထပ် ပြန်ရလိုက်တဲ့ ဘောက်ချာတထပ်၊ ပြန်အပ်လိုက်ရတဲ့အခန်းတခု၊ ငိုကျွေးနေတဲ့မိသားစု၊ အေးစက်နေတဲ့ခန္ဓာတခု ဘာများပြန်ပါသွားခဲ့ပါသလဲ…………

တလနီးပါးကြာသွားတော့ အိမ်အပြန်မှာ လိုက်ပါခွင့်မရတော့တဲ့ တစ်ခြားလမ်းတစ်ခုကို ဆက်လျှောက်သွား သူတစ်ယောက်……



*** မယ့်ပတ်ဝန်းကျင်မှာကြုံတွေ့ခဲ့ရတဲ့
စိတ်မကောင်းစရာ တူညီတဲ့အဖြစ်အပျက်လေး (၂) ခုကနေ
စဉ်းစားမိတဲ့အကြောင်းလေးတစ်ခုပါ…
ပြောပြချင်တာကအများကြီးပါ…****
မယ်(10:12 pm, 23.3.09)

4 comments:

မသက်ဇင် said...

အများကြီးတွေးသွားတယ်---

Anonymous said...

*(”အတ္တသမ္မံ ပေမံ နတ္ထိ“
ဘုရားဟောအတိုင်းရှိစေ
တရားသဘောအတိုင်းသိစေ…….)
…………………………………………………..
ထို့ကြောင့် ဤအရာကို မယ် ဟုခေါ်သည်။
စာကောင်းကောင်းတစ်ပုဒ်ဆိုတာ ဒီလိုစာမှတစ်ပါး အခြားမရှိနိုင်တော့ပါ။
အားရလိုက်တာ၊ အားကျလိုက်တာ။
တကယ်ကို ပြောင်မြောက်ပါပေတယ်။
နှမလေး မယ် ရေ…”တော်ပါပေသည်“ဆိုတဲ့စကား နှလုံးသားဖြင့်ဆိုပါသည်။
…………………………………………………………
*(”သေခြင်းတွေရှင်ရှင်နေလို့
ရှင်ခြင်းတွေသေသေနေရ…..“)
*() မာရေးသျှင် ကဗျာမှ စာသားများ

တားမြစ် ထားသော... said...

ငါသာ သား၊သမီးနေရာမှာဆိုရင် -
ငါသာ အဖိုးအိုနေရာမှာဆိုရင် -
- - စဉ်းစားကြည့်ချင်စရာတွေပါ။

ကောင်းတဲ့ အတွေးစတွေကို ချပေးသွားတာပါပဲ။

သုခမိန်

သစ္စာ said...

E - Journal လာဖတ်သွားပါတယ်ရှင့်
ကောင်းပါတယ်