Wednesday, December 31, 2008

ပြောင်းလဲခြင်းနှစ်သစ်အတွေး


ပြောင်းလဲခြင်း

ဓနိအစား
သွပ်မိုးမလားလို့
ဖျက်ထားတုန်း မိုးသည်း
ရွှဲ…..
ဘာပဲဖြစ်ဖြစ်
သွပ်မိုးဖြစ်အောင် မိုးမှာပါ။………။

ယခု ကုန်တော့မယ့် ၂၀၀၈ ခုနှစ် ရဲ့ ပထမဆုံးနေ့တုန်းက ကျနော့်မိတ်ဆွေများထံပို့ခဲ့တဲ့ ကဗျာလေးပါ။ ဆရာ အိမ်လွမ်းသူ (မှန်နီကုန်း) ကို အကြောင်းပြုပြီး E-journal မှာ တစ်တပ်တစ်အား ပါဝင်ဖြစ်ခဲ့ရာမှာ ဒုတိယတစ်ပုဒ် အနေနဲ့ ဒီကဗျာလေးကို တင်ခဲ့ပါတယ်။ ဒီကဗျာလေးကို ပထမဆုံးဖော်ပြခဲ့တာက ရွှေပြည်ကြီးက ကျနော့်မိခင်ကုမ္ပဏီရဲ့ (၃)လ တစ်ကြိမ်ထုတ်ဝေတဲ့ Inhouse Newsletter မှာပါ။



အခြေအနေအကြောင်းကြောင်းကြောင့် အပြောင်းအလဲကို လက်ခံလိုက်ကြရတဲ့၊ရွေးချယ်ခဲ့ကြတဲ့ မိတ်ဆွေအချို့  ကို အကြောင်းပြုပြီး ၁၉၉၉ ခုနှစ်မှာ ရေးဖြစ်ခဲ့တာပါ။

“ငါ့သား တည်ငြိမ်ဖို့ သင့်ပြီနော်” လို့ အမေက ပြောခဲ့ရတဲ့ ကျနော့်ရဲ့ (၁၀)စုနှစ်တစ်ခုစာ အပြောင်းအလဲများစွာမှာ အဓိကတွန်းအားပေးခဲ့တာ ဒီကဗျာလေးပါ။ အခု ၂၀၀၈ အကုန် ၂၀၀၉ အကူးမှာလည်း ပြောင်းလဲလို့မဆုံးသေးတဲ့ကျနော် ပထမဆုံး သတိရမိတာ အဲဒီကဗျာလေးပါပဲ။

အဲဒီအခါ တစ်ဆက်တည်းမှာပါပဲ ကဗျာလေးတစ်ပုဒ်ကို သတိရမိပါတယ်။


နှစ်သစ်အတွေး


ဟောင်းနွမ်းသမျှ
ပြင်နေရ၍
ဒုက္ခသစ်များ ပွင့်ဖူးဝေ ။……….။

ကျနော့်ဦးကြီးရေးခဲ့တဲ့ ကဗျာလေးပါ။ ဦးကြီးဟာ နေ့တိုင်းနီးပါး ကျောက်သင်ပုန်းပေါ်မှာ မြေဖြူနဲ့ ကဗျာတွေရေးပါတယ်။ အခုကဗျာလေးဟာ ဦးကြီးတို့အိမ်အလည်သွားရင်း ထုံးစံအတိုင်း ကျောက်သင်ပုန်းပေါ်မှာ ဖတ်ခဲ့ရာက ကျနော့်ရင်ထဲမှာ စွဲနေတဲ့ ကဗျာလေးပါ။ ဒီကဗျာလေးဟာလည်း (၁၀)စုနှစ်တစ်ခုစာ မကတော့တာ သေချာပါတယ်။ ခေါင်းစဉ်က “နှစ်သစ်အတွေး” လို့ပဲ ဖြစ်မယ်ထင်ပါတယ်။ စာသားတွေကလည်း ကျနော်မှတ်မိသလိုပါပဲ။ မဂ္ဂဇင်း(သို့)ဂျာနယ်တစ်ခုခုမှာ ပုံနှိပ်ဖော်ပြပြီးလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

ဒုတိယမ္ပိတစ်ဆက်တည်းမှာပဲ E-journal မောင်နှမများအတွက် အမေရေးတဲ့ကဗျာလို့ ကျနော်ထင်တဲ့ (အဖေ့ရဲ့ကဗျာ လည်းဖြစ်ကောင်းဖြစ်နိုင်တဲ့) ကဗျာလေးတစ်ပုဒ်ကို နှစ်သစ်လက်ဆောင်အဖြစ် ရွတ်ချင်လာပါတယ်။ အဖေ(သို့)အမေက ကဗျာခေါင်းစဉ်ပေးမထားတဲ့အတွက် ကျနော့်အာဘော် မစွတ်ဖက်လိုတာကြောင့် ဒီအတိုင်းလေးပဲ ရွတ်ခွင့်ပြုပါ။

အဲဒီတော့ ထုံးစံအတိုင်း ကဗျာလေးကို နားမဆင်ခင် ကိုယ့်ကိုယ်ကို အရင်ပြင်ဆင်ကြရအောင်…….
.
ကျေးဇူးပြုပြီး……….
သင့်ခန္ဓာကိုယ် အနေအထားကို မတ်မတ်ကလေးထားလိုက်ပါ။
တစ်ကိုယ်လုံးက အကြောတွေလျော့နေပါစေ။
မျက်လွှာကလေးတွေကိုသိမ်းလိုက်ပါ။
အသက်ဝဝရှုသွင်းပါ။
(၁) ကနေ (၁၀) ထိ ရေတွက်ပါ။
ပြီးမှ ပြန်ရှုထုတ်ပါ။
……………………………………………
အဲသလို (၅) ကြိမ် (၅) ခါ လုပ်ပါ။
.
ကျနော်ကဗျာ ရွတ်ပါတော့မယ်။




နေ့ကို လစား ၊ လကို နှစ်မျို
သက်တွေအိုမင်း ၊ မယွင်းမပြောင်း
မဟောင်းမအို ၊ နုပျိုနေသော မေတ္တာတွေ

မြင့်ရာမှနိမ့် ၊ တသိမ့်သိမ့်စီး
ခရီးရှည်နွမ်း ၊ လမ်းတွေကြမ်းလည်း
မခန်းမခြောက် ၊ လမ်းမပျောက်သော မေတ္တာပေ

တိုးတက်တဲ့ကမ္ဘာ ၊ အဆန်းတကာ့ လက်နက်
အထက်မြက်ဆုံး ၊ ထွင်မဆုံးကြ

ဘာတွေထွင်ထွင် ၊ ဘာတွေကောင်းကောင်း
မနှောင်းသေးဘူး ၊ ငြိမ်းချမ်းရေးလက်နက်
အထက်မြက်ဆုံး ၊ မေတ္တာဗုံးကို
သုံးဖူးသူတိုင်းသိပါသည် ။

7 comments:

MGLUAYE said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ် မင်္ဂလာပါဗျာ...

:)

တားမြစ် ထားသော... said...

ကဗျာလေးတွေကို သဘောကျတယ်။ ဝေမျှတာအတွက် ကျေးဇူးပါ။
၂၀၀၉မှာ ပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

သုခမိန်(E-Journal)

Anonymous said...

ကို မာရေးရှင်ရေ.. အနုပညာ လက်ရာကောင်းတစ်ပုဒ်ပါဗျာ.. ဒီဆိုက်လေးက ကျနော်နှစ်သက်တဲ့ ကဗျာအမျိုးစား ဖတ်ခွင့်ရလို့.. ကျေးဇူးပါ

အလင်းစေတမန် said...

အိုက်ရှား တယ်ဟုတ်တဲ့ ကဗျာလေးပါ့လား။

မသက်ဇင် said...

E-journal--အဖွဲ့သားတို့ရေ---
နေမကောင်းတာကြာပြီ---
အခုမှ လာလည်နိုင်တယ်---
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ---

Anonymous said...

လောလောဆယ်မှာတော့အဲဒီမေတ္တာဗုံးလဲ သေနတ်နဲ့တွေ့တော့ မခံနိုင်ပါဘူးဗျာ ဟီး

Unknown said...

Thanks for all of your presents. Really wish you long life, healthy & get what you want.