Thursday, October 2, 2008

ကျနော် ကဗျာရွတ်ပါရစေ။

ဒီတစ်ခါလည်း ဗုံသံတွေထဲ ကျွံကျနေတဲ့ ကဗျာအလှကိုပဲ ရွတ်ပါရစေ။

ဒါဟာ ကျနော်တို့E-Journalမှာ ပင်တိုင်ကဗျာရေးတဲ့၊ သူ့ရင်ခုန်သံဟာ “ကဗျာ”၊“ကဗျာ”လို့ထွက်နေရှာတဲ့ ဆရာတောကြောင် နှင့် တောင်းစုတ်၊ပလုံးစုတ်သာ စွန့်ပယ်နိုင်ရှာပြီး၊ E-Journal ကို မစွန့်ခွာနိုင်ရှာတဲ့ ဆရာ သုခမိန် တို့ကို အမှူးထားကာ ကျနော့်ရဲ့ ဝတ္တရားတစ်ရပ်ကို ထမ်းရွက်ခြင်းဖြစ်ပါတယ်။

အဲဒီတော့ ထုံးစံအတိုင်း ကဗျာလေးကို နားမဆင်ခင် ကိုယ့်ကိုယ်ကို အရင်ပြင်ဆင်ကြရအောင်…….


ကျေးဇူးပြုပြီး……….
သင့်ခန္ဓာကိုယ် အနေအထားကို မတ်မတ်ကလေးထားလိုက်ပါ။
တစ်ကိုယ်လုံးက အကြောတွေလျော့နေပါစေ။
မျက်လွှာကလေးတွေကိုသိမ်းလိုက်ပါ။
အသက်ဝဝရှုသွင်းပါ။
(၁) ကနေ (၁၀) ထိ ရေတွက်ပါ။
ပြီးမှ ပြန်ရှုထုတ်ပါ။
……………………………………………
အဲသလို (၅) ကြိမ်လုပ်ပါ။

ကျနော်ကဗျာ ရွတ်ပါတော့မယ်။







ရိုးရိုးလေးနဲ့လှနေတာ
ခေါင်းဖြီးမထားဘူး ၊
ပြောင်ပြောင်လက်လက်တွေ ဝတ်မထားဘူး ၊

လသာပုံကအစ
ယဉ်ယဉ်ကလေးရယ်

အခါတိုင်းလို
ဗုံသံတွေထဲ ကျွံကျနေတဲ့
ညလဲမဟုတ်ဘူး ။
လေတစ်ဖြူးဖြူးနဲ့ ည
လကိုတစ်ကိုယ်လုံးမြင်ရတဲ့ ည
ကြယ်တွေဆိုလဲ
မျက်စိနောက်စရာကောင်းလောက်အောင်
များ များ စား စားကြီး ရှိမနေဘူး ၊
ယောက်ယက်ခတ်မနေဘူး ၊
တစ်ပွင့်ချင်းနဲ့တစ်ပွင့်ချင်း
ကင်းကင်းရှင်းရှင်းလေးထွန်းနေတာ
သိပ်ကို အချိုးအစားကျတဲ့ ည

သဘာဝဖြစ်ရက်နဲ့
တစ်ခါတစ်ရံ
သဘာဝကျစွာလှပခွင့်မရတဲ့
သဘာဝတရားဟာ
ဒီညထဲ
သဘာဝကျစွာလှပလို့ ၊

ဟိုယခင်
ရှောင်ပုန်းနေတဲ့ညတွေကို
အလင်းတစ်ဝက် ၊ အလွမ်းတစ်ဝက်နဲ့
ဂလဲ့စားချေနေသလိုမျိုး ၊

နဂိုကလှပြီးသား ည
စိတ်လွတ်ကိုယ်လွတ်နဲ့
လှချင်တိုင်းလှထွက်သွား
ညငတ်နေတဲ့သူ
ဒီညကို မေတ္တာသက်ဝင်မဆုံးပေါ့ ။


နှလုံးသား ဖမ်းဆီးချုပ်နှောင်မထားတဲ့


လရောင်မှန်သမျှ အလဟဿမဖြစ်စေရတဲ့


သန်းကောင်ယံပင်ဖြစ်လင်းကစား
ပန်းရနံ့တွေကိုဝှက်မထားတဲ့

ကြယ် ပေါင်း ရံ ခ
ကွန်ထဲကလွတ်ထွတ်လာတဲ့ညရယ်
ငါ ချက်မစားရက်ပါဘူး ။……….။

မောင်သိန်းဇော်

5 comments:

pandora said...

ကဗျာလေးက လှလိုက်တာလို့ ဖတ်နေတာ..
မောင်သိန်းဇော် ကဗျာတွေ ကြိုက်တယ်

ဖြိုးငယ် said...

ကဗျာလေးက အရမ်းကောင်းတယ်ဗျာ

မသက်ဇင် said...

မောင်သိန်းဇော် ကဗျာလေးကောင်းတယ်---
ဆိုလိုချင်တာကို ကဗျာဆရာက ရအောင်
ဆွဲယူသွားတယ်----
E-Journal တို့ အစုအဖွဲ့ လေး ရက် ၉၀
ဝင်နေကြပြီလား----
ခင်မင်လျက်
မသက်ဇင်

တားမြစ် ထားသော... said...


တစ်ခါတစ်ရံမှာ
ငါ့ကိုယ်ငါမထမ်းပိုးနိုင်လို့
ဟိုးအဝေးကို ပို့ချင်ပေမဲ့
ငါ့ကိုပြန်မျိုသွားတဲ့


*****************
ကဗျာသံတွေ နားထောင်သွားသဗျ။ ခံစားမိတာလေးလည်း ချရေးသွားတယ်။

သုခမိန်(E-Journal)

တောကြောင် said...

မောင်သိန်းဇော်ကဗျာလေးတင်ပေးတဲ့အတွက် ကျေးဇူးပါ.......... အရမ်းကြိုက်ပါတယ်.......
နောင်လဲ ဇာတ်မင်းသားလေးရဲ့ကဗျာလေးတွေ တင်ပေးပါအုံးနော်........