Saturday, October 25, 2008

From . . . . To . . . .

. . . . . . မှ
သို့ . နတ်ဆိုးလေး

လကွယ် လမိုက်
ဂရုစိုက်ဖို့မေ့ရင်း
ရင်တွင်းက စကားတွေ
ဂစ်တာပွေ့ပြီး အံထုတ်
မိုးဘယ်လောက် ချုပ်ချုပ်
လိုက်ကာ လှုပ်မှ ပြန်တဲ့ သူရယ် . . . . .




မေ့ အခန်းဆီ ငေး
ဖြေးလေးစွာ တီးခတ်
ဖြာထွက်လာတဲ့ သံစဉ် အစ
မေ့ရင်ကို ထိရှတာ
သူလည်း သိမှာပါလေ ။

ဟော . . . ခုညဆိုကြည့်ကွယ်
ခြင်ကလည်းကိုက်
နှင်းလည်း ရိုက်သေး
ဒီလောက်အေးတဲ့ လမ်းပေါ်
မော်ကြည့်လျက် သံစဉ်ထုတ်
မေ ဘယ်လို လုပ်ရပါ့ . . . . .
ကုတင်ပေါ် စောင်ခြုံကွေး
စာအုပ်လေး ဖတ်ပြီး
သံစဉ်လေး နားဆင်
ဒီလိုနေချင် ပေမယ့်
မသနားတတ်တဲ့ နှင်းကြား
သူ့ကို မထားရက်တာကြောင့်
ကဲပါလေ . . . . . ခန်းဆီးလေး လှပ်ပြီး
ဝရံတာထွက် မတ်တပ်ရပ်လိုက်မယ် . . . ။ ။


ဖြတ်သန်းခဲ့ဘူးသော ကျောင်းသားဘ၀ရဲ့
သပြေ၊ တောင်ဇလပ် ( အင်း စိန် GTI)
သဇင် ၊စဥ့်ကူ (RC2)
ကျနော်တို့အားလုံးရဲ့ အသဲကျော် G-Hall ( RIT)
မန်းချယ်ရီ ၊မန်းသီရိ၊ မန်းသဇင် (ယ္ခင် ပြင်စည်) (MIT)
ခေတ်ပြိုင် အဆောင်သူများ အတွက် အမှတ်တရ ပြုံးရယ် စရာ ၊ အဆောင်သားများအတွက် လွမ်းစရာ ညများ ၊ အထူးသဖြင့် ကျနော့်ရဲ့ ဒုက္ခကို ခါးစည်းခံခဲ့ကြရသော ကိုကြီးဟန်၊ ဦးမံ ၊ ဦးစိုး၊ ရင်ခွင်ငြိမ်း (ဧရာ အနောက်) တို့အတွက် အမှတ်တရ ပါခင်ဗျာ ။
ကိုမျိုးကျော့မြိုင် ရဲ့ သီချင်းလေး “ . . . ကိုယ်တကယ်ချစ်သောမိန်းကလေးနဲ့ အတူရှိတဲ့ ဘ၀ ဘယ်လောက်ကောင်းလိုက်မလဲ” လို့ စိတ်ကူးယဉ် သလိုပေါ့ခင်ဗျာ ကျနော်လည်း အဲလိုသာဆို ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်ခြင်း သတ်သတ်မျှ နဲ့ ဖွဲ့ထားတဲ့ ကဗျာလေးပါ။

ခင်မင်လေးစားလျက်
တာတူး

10 comments:

ကိုရင်နော်ခင်လေးငယ် said...

ကိုတာတူးကြီး ကျောင်းကို သတိရနေပြီပေါ့...
ကဗျာလေးဖတ်ရင်း ပျော်ရွှင်စရာ အချိန်လေးတွေကို လွမ်းမိတယ်..

ကိုရင်နော်

Anonymous said...

ဒီလိုကဗျာမျိုးလေးတွေကို ဖတ်မိတိုင်း၊ ခံစားမိတိုင်းမှာ အရင့်အရင် အဖေ၊ အမေ၊ ဦးလေးတွေ အကိုကြီးတွေ ခေတ်ကာလက လရောင်ဆမ်းတဲ့ ကျောင်းသားဘ၀လေးတွေကို အမြဲအားကျမိခဲ့ပါတယ်။ အခုလည်း ဒီကဗျာလေး ရင်ထဲမှာ ခံစားမိပြန်တော့ အားကျမှုတွေက ပြန်ပြီး ထကြွအသက်ဝင်လာပြန်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀ကိုရောက်ရင် ကျွန်တော်တို့လည်း အဲလို ရင်ခုန်ရမယ်လို့ မျှော်လင့်ခဲ့ဖူးပေမယ့် တကယ်တမ်းကျတော့ ဘကြီးအောင်ညာတယ်ဆိုတဲ့ ပုံပြင်လေးထဲကလို ပဲ အရုပ်ကလေးမရခဲ့တဲ့ဘ၀တွေနဲ့ပဲ အဲကာလတွေကို ကျော်ဖြတ်ခံခဲ့ရပါကြောင်း ကွန်မန့်ပွတ်လျှက် ...။

ခင်မင်လေးစားစွာဖြင့်

ဆောင်း said...

သွားပြောပေးရမလား အားမနာနဲ့ နော်..

မသက်ဇင် said...

ကိုတာတူးရေ----
ကဗျာလေးကို သုံးလေးခေါက် ပြန်ဖတ် နေမိတယ်--- အတိတ် ကို သတိရ သွား လို့ပါ---- အဆောင်ရှေ့ ကို လာနေကြ ဂီတာ
ရှင်အဖွဲ့ ကိုလေ---သူတို့လာတိုင်း ကျမ ဓါတ်ဗူးလေးနဲ့ ကော်ဖီက သူတို့ဆီ ရောက် နေကြပေါ့--ကျန်တဲ့သူ တွေရဲ့ စားစရာတွေ လည်းအသီးသီး ရောက်သွားပါတယ်---
ဒါပေမဲ့ ---ဂီတာရှင် အဖွဲ့ ကို တယောက်မှ
မသိလိုက်ဘူးလေ---
ခင်မင်လျက်
မသက်ဇင်

အလွမ်းပြေ said...

အစ်ကိုတို့ရဲ့ ပျော်စရာ ကျောင်းသားဘဝကို မြင်ယောင်ခံစားမိပါတယ်.. ကျွန်မတို့ကတော့ ဒါမျိုးတွေနဲ့ ဝေးရတဲ့ ခေတ်လေ...

မယ် said...

ကိုတာတူးရေ...
အဲလောက်တောင်ဇာတ်လမ်းများလား
မယ်သိတာက ....
စဥ့်ကူ နဲ့ ဂျီဟော ပဲနော်...အဟဲ...
.......................
ပြန်တိုင်ရမလား....
ကိုတာတူးရဲ့ ကဗျာကိုဖတ်ပြီး
သတိရမိသလိုပဲ....
(မယ်)

နိုင်းနဒီ said...

မယ်. သူက အဆောင်တွေကိုပဲ လွမ်းတာလေ. ညည်းကလဲ. လူကတော့ တစ်ယောက်ထဲပါအေ့. :P

နိုင်းနဒီ

Chaos said...

ကိုတာတူးရဲ့ စိတ်ကူးယဉ်ကဗျာလေးက တယ်လက်စွမ်းထက်ပါလား။
ဘာပဲပြောပြော ကဗျာလေးဖတ်ပြီး ကျောင်းတုန်းက ဘ၀လေးတွေကို ပြန်သတိရမိသွားပြီ........

တားမြစ် ထားသော... said...

“.....ကိုယ်တစ်ကယ်ချစ်သော မိန်းကလေးနဲ့ အတူရှိတဲ့ဘဝ ဘယ်လောက် ကောင်းလိုက်မလဲ...”
အေးဗျာ၊ ဒီမှာလည်း အဲဒီလို စိတ်ကူးယဉ်မိတယ်။
အဆောင်နေဘဝတွေကတော့ ပျော်စရာပါ။
ကဗျာလေးကလည်း ချစ်စရာပါ။

နောက်ထပ်လေးတွေလည်း ခံစားမိရင် ဝေမျှပါခင်ဗျာ။

သုခမိန်(E-Journal)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုရင်နော်ရေ အသေအချာပဲ ။ လွမ်းတယ်ပြောရမယ် ထင်တယ်။ အဲဒီရက်ပိုင်းမှာ သတိရစရာတွေ များနေလို့ ပါ။ လာအားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

အိမ်မက်ရှင်ရေ ကျနော်လည်း အဲဒီလိုပါပဲဗျာ။ ဆရာ ဘုန်းနိုင်တို့၊ ဆရာ မောင်စိန်ဝင်းတို့၊ ဆရာ နွမ်ဂျာတို့ဖတ်ပြီး စိတ်ကူးနဲ့ ရူးခဲ့ရတာပါ။ ကိုယ် တကယ် ရခဲ့တာကတော့ ဖားတပိုင်း ငါးတပိုင်း တက္ကသိုလ် ကျောင်းသား ဘ၀ပါ။ အင်းဗျ အဆောင်နေ ကျောင်းသား ဘ၀ကိုတော့ ပြန်လွမ်းမိတယ်။ လွမ်းစရာလေးတွေ များသားလား ။
ခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ဆောင်းရေ တကယ်လား . အားတော့ နာဘူးရယ် အချင်းချင်းတွေပဲ နော့ ။
လမ်းမှာ တွေ့ရင် ပြောပြေပေးပါ . . . . . . :D

အမ မသက်ဇင်ရေ အဲဒီ ဘ၀တွေက တွေးလေလေ ဆွေးမပြေစရာ ချစ်စရာ ညချမ်းတွေပါ ။ ကျနော့် အတွက်တော့ တသက်မှာ တခါ အမှတ်တရ နေ့ရက်တွေပါ။ မယ်တို့ကတော့ အချင်းချင်းတွေကိုတောင် အဲလို မသဒါ ဘူး အမရဲ့။ :P ဘာပဲပြောပြောကျနော်တို့သီချင်းလာဆိုလို့ သူတို့အဆောင် သူခိုး မကပ်နိုင်တာကို ကျေးဇူးတင်ရကောင်းမှန်း မသိဘူး ။ :D
ခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ် အမရေ ။

အလွမ်းပြေရေ ခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျနော်တို့လည်း နောင်တော်ကြီးတွေလောက်တော့ မပျော်ခဲ့ ရ ပါဘူးဗျာ။ ခံစားဘူးခဲ့တယ် ပြောလို့ရယုံလေး ပါပဲ ဗျာ။

မယ်ရေ အဲလို လူစုံတုံး ရှင်းမပြကြေးလေ။ :D တော်ကြာ မရှိတဲ့ အမှတ် ထပ်လျော့လို့ နောက်ဘ၀တောင် မသေချာ ပဲ ဖြစ်နေဦးမယ်။ :P အတိတ်လို့ နာမည်တပ်ရလောက်အောင် မဝေးသေးပေမယ့် လွမ်းတယ်ဗျာ အရမ်းပဲ ။ ခုချိန်ဆို ကျနော်တို့ အဆောင်ရှေ့မှာ ကံကော်တွေ ဝေနေလောက်ပီ။

မိနိုင်းကတော့ အလွန် ဥဏ်ကောင်းသည်။ အင်းလေ နော် ကျနော်က အဆောင်တွေကိုပဲ လွမ်းတာပါ မယ်ရ ။ လူကတော့ တလောကလုံးက သိတဲ့ သူတယောက်ထည်းကိုပဲ လွမ်းတာပါ။ ဟဲ ဟဲ ။ ကျေးဇူး အထူး မိနိုင်း

CHAOS ရေ ကျောင်းသားဘ၀အလွမ်းကတော့ သောက်လေသောက်လေ ငတ်မပြေတဲ့ ပင်လယ်ရေလိုပါပဲနော် ။ လွမ်းလေလေ လွမ်းလေ ပါပဲဗျာ ။ ခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ကိုသုရေ စိတ်ကူးလေးပဲ ယဉ်မနေနဲ့လေဗျာ။ အကောင်အထည်ဖော်မှဗျ။ ခင်ဗျားတို့လို လူတွေကလည်း ခက်ပါ့ဗျာ။ ကျနော်တို့များ လက်ခုပ်တီးချင်တာ တဘက်ထဲ ဖြစ်နေလို့
နောက်တဘက်ကို မျှော်လင့်နေရတာ။
စိတ်ချပါဗျာ ကျနော့်မှာ ရင်ဖွင့်စရာလေးကလည်း ဟောဒီ မဒီကညာ ဂျာနယ် လေးတွေပဲ ရှိသမို့ တော်ပါတော့လို့ ခဲမိုးမရွာ မချင်း ဖားခုံညှင်းလို အော်နေမယ်။ :D

အားလုံးပဲ ခုလို ကျနော့် ခံစားချက်လေးတွေကို လာအားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

လေးစား ခင်မင်လျက်

တာတူး