Saturday, April 26, 2008

Sex Liberation


The Toynbee-Ikeda Dialogue
Man Himself Must Choose
Arnold J. Toynbee & Daisaku Ikeda

တွိုင်ဘီ - အီကေဒါ ဆွေးနွေးခန်း (မြသန်းတင့် - မောင်သာမည)။ အဲဒီ စာအုပ်လေးရဲ့ နောက်ကျောဖုံးမှာ စာအုပ်အတွက် ပေးထားတဲ့ မှတ်ချက်လေးက - ဤစာအုပ်တွင် သူတို့နှစ်ဦးသည် ပြဿနာတစ်ရပ်ကို အတွေးအခေါ်၊ ဘာသာရေး၊ နိုင်ငံရေး၊ စိတ်ပညာ၊ သိပ္ပံ စသော ဘာသာရပ်ဆိုင်ရာ ရှုထောင့်အမြင်များနဲ့ စေ့စပ်စွာ ဆွေနွေးထားပါသည်။ ဤစာအုပ်ကို ဖတ်ခြင်းဖြင့် ရှုထောင့်မျိုးစုံ အမြင်ကျယ်တာမည့်အပြင် တွေးဆ ဆင်ခြင်စရာများလည်း အများကြီးရလာပါမည်။ လူ့လောက၏ ပြဿနာများအပေါ် နက်နက်နဲနဲ အာရုံစိုက်သူများ လက်မလွှတ်စတမ်း ဖတ်ရမည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။ - ဒီလိုဆိုထားပါတယ်။ လူ့လောက ပြဿနာတွေကို အာရုံစိုက်တာ မစိုက်တာထက် ဆရာမြသန်းတင့် ဘာသာပြန်တာဆို ကောင်းမှာပဲဆိုပြီး ပုဂ္ဂျိုလ်စွဲနဲ့ ဖတ်မိပါတယ်။ တကယ်ကို စိတ်ဝင်စားစရာကောင်းအောင် ဆွေးနွေးထားတဲ့ စာအုပ်ပါ။ ဆရာမြသန်းတင့်က ဒီစာအုပ်ကို အတွေးအမြင်စာစဉ်မှာ ဆက်တိုက်ဘာသာပြန်ရင်း အပြီးတိုင်ဘာသာမပြန်ဘဲ လူ့လောကကို နှုတ်ဆက်သွားပါတယ်။ ဆရာ မောင်သာမညက ကျန်နေတဲ့ အပိုင်းတွေကို ဆက်လက် ဘာသာပြန်ပြီး စာအုပ်အနေနဲ့ ထုတ်ထားတာ။ ကျွန်တော်ကတော့ ဖတ်ရတာ သဘောကျတယ်။ ကဏ္ဌလေးတွေလဲ စုံတယ်ဗျ။ လူမှုရေးဘဝ၊ သဘာဝပတ်ဝန်းကျင်၊ အသိပညာအကြောင်း၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေး စသဖြင့်ပါပဲ။ စာအုပ်ကတော့ ဖတ်နေဆဲပါ။ တွေးစရာ၊ စဉ်းစားစရာလေးတွေနဲ့ဆိုတော့ ဖြည်းဖြည်းပဲ ဖတ်နေမိတယ်။

စာကောင်းကောင်းလေးတွေ ဖတ်ရရင် ပြန်မျှဝေချင်တတ်တဲ့ အကျင့်ကပါနေတော့ ဒီစာအုပ်မှာ ဖတ်ပြီးထားတဲ့ ခေါင်းစဉ်လေးတစ်ခုကို ဝေမျှလိုက်တယ်။ ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့အပိုင်းထဲကပါ။ ဖတ်ပြီးသားသူတွေအတွက် ပြန်တွေးစရာ၊ မဖတ်ရသေးတဲ့သူတွေအတွက်က စဉ်းစားတွေးမြင်စရာလေးတွေရမယ်ဆိုရင် လက်ညောင်းခံရကျိုးနပ်ပါတယ်။ ဒီခေါင်းစဉ်လေးကို ဝေမျှချင်တာကလည်း ဖို-မကိစ္စဆိုတာ သာမာန်လူသားတွေ အားလုံး ကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုကိုး။ တကယ်က အဲဒီ ကိစ္စမှာ ကျွန်တော်ကိုယ်တိုင်ကလည်း တွေးကြည့် မြင်ကြည့် ဘူးတာတွေရှိနေတယ်။ ကျွန်တော့်လိုပဲ အားလုံးလည်း ဒီကိစ္စအပေါ်မှာ အထင်တွေ အမြင်တွေရှိကြမှာပါ။ ကျွန်တော်တို့ ယဉ်ကျေးမှုအရ ဖို-မ ကိစ္စဟာ အရမ်းကာရော မပွင့်လင်းရပါဘူး။ အဲ သိုသိုသိပ်သိပ် နေတတ်ရမယ်လို့တောင် ပြောရင်ရမယ်ထင်တယ်။ အနောက်ယဉ်ကျေးမှုနဲ့ ယှဉ်ရင် ဒီကိစ္စမှာ တော်တော်လေး ထိန်းချုပ်မှုတွေ များတယ်။ အရင်ကဆို နိုင်ငံ တစ်နိုင်ငံတိုးတက်ဖို့ ဖို-မကိစ္စ ပွင့်လင်းရမယ်လို့ကို ကျွန်တော်ထင်ခဲ့ဘူးတယ်။ အကြောင်းပြချက်ကတော့ ကလေးအတွေးပါ။ ဒီနေ့ ကမ္ဘာမှာ တိုးတက်တဲ့နိုင်ငံတွေမှာ ပွင့်လင်းတဲ့ ဖို-မကိစ္စဆက်ဆံရေးတွေရှိတယ်ဆိုပြီးပေါ့။ နောက်တော့ ဒီကိစ္စဟာ ပွင့်လင်းလွန်းပြန်ရင် မကောင်းဘူးလို့ တွေးမိပြန်ပါတယ်။ အဲဒီလို ဟိုယောင်ယောင် ဒီယောင်ယောင် ကျွန်တော့်အတွေးတွေ မျှချေတစ်ခုနားကို ချဉ်းကပ်သွားပြီလို့ ကျွန်တော်က ထင်လိုက်ပါပြီ။



တွိုင်ဘီ - အီကေဒါ ဆွေးနွေးခန်း စာအုပ်လေးမှာ အခြေခံလူသား ဆိုတဲ့ခေါင်းစဉ်အောက်က “ဖိုမကိစ္စ - လွတ်လပ်ခွင့်ပြဿနာ” ဆိုတဲ့ အခန်းလေးကို ဖတ်ပြီး မျှချေတစ်ခု ရောက်အောင် စဉ်းစားလို့ရတယ်ပြောတာပါ။ ဟုတ်ကဲ့ ဒီကိစ္စမှာ ရေးကြီးနေတာ လူ့ဂုဏ်သိက္ခာ။ အကောင်းဆုံးဖြစ်အောင် ထိန်းပေးနိုင်တာက အချစ်စိတ်လို့ ကျွန်တော်လည်းပဲ တွေးမိလိုက်ကြောင်းပါ။

သုခမိန်


ဖို-မကိစ္စ -- လွတ်လပ်ခွင့်ပြဿနာ

အီကေဒါ - ဒီနေ့ ဖို-မကိစ္စ လွတ်လပ်ခွင့် ပြဿနာ Sex Liberation ဟာ ကမ္ဘာနဲ့ အဝန်း ကြီးကျယ်တဲ့ ပြဿနာကြီးဖြစ်နေပါတယ်။ အထူးသဖြင့် ဥရောပ၊ အမေရိကနဲ့ ဂျပန်တို့မှာတော့ ပိုပြီးကြီးတာပေါ့လေ။ ပြဿနာက ဘယ်လောက်အထိ ကြီးသလဲဆိုရင် ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ အခြေခံတွေကို ကိုင်လှုပ်နေသလိုပဲ။ ခုဆိုရင် တစ်ခါတုန်းက ရှက်စရာကောင်းတယ်လို့ ယူခဲ့ကြတဲ့ အရာတွေကို ပြောင်ပြောင် တင်းတင်းပြောပြီး ပြောင်ပြောင် တင်းတင်း လုပ်နေကြပါပြီ။

ဖို-မကိစ္စကို မှန်မှန်ကန်ကန် နားလည်ဖို့ လိုတယ်ဆိုတာမှန်ပါတယ်။ ဒီကိစ္စကို အတင်းအဓမ္မ ဖုံးကွယ်မထားသင့်ဘူး။ ဒီလိုဖုံးကွယ်ထားရင် ဒီကိစ္စနဲ့ပက်သက်လို့ မှားယွင်းတဲ့သဘောထားတွေ ပေါ်တာနိုင်တယ်။ ဒါပေမဲ့ တချို့လူတွေ ပြောနေသလို ဖို-မကိစ္စမှာ လွတ်လပ်ခွင့်ပေးသင့်တယ်၊ လိုက်လျောတဲ့ သဘောထားရှိသင့်တယ်၊ ဒီလိုလုပ်တာ လူသားလွတ်မြောက်ရေးအတွက် နည်းလမ်းဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်လက်မခံနိုင်ဘူး။ လွတ်လပ်မှု Freedom နဲ့ စည်းဝါးလွတ်မှု License ဟာ မတူပါဘူး။ ခေတ်သစ် ဖို-မကိစ္စ လွတ်လပ်ခွင့် ပြဿနာမှာ ကြီးမားတဲ့ ချို့ယွင်းချက်ကြီးတစ်ခု ရှိတယ်လို့ ကျွန်တော်မြင်တယ်။ ဖို-မကိစ္စကို ချဉ်းကပ်ကိုင်တွယ်ရာမှာ အခြေခံကျတဲ့ အချက်တစ်ခုခု လိုနေတယ်လို့ ကျွန်တော်ထင်ပါတယ်။

တွိုင်ဘီ - လူဟာ တိရစ္ဆာန်လည်း ဖြစ်တယ်။ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကို သိစိတ်ရှိပြီး စိတ်(နာမ်တရား)လည်း ရှိတဲ့ သတ္တဝါလည်းဖြစ်နေတယ်။ ဒီမှာတင် လူရဲ့အနေအထားဟာ တော်တော်ခွတီးခွကျနိုင်ပြီး အနေရခက်တဲ့ အနေအထားကို ရောက်နေတယ်။ သူ့မှာ စိတ်(နာမ်တရား) ရှိတဲ့အတွက် အခြားတိရစ္ဆာန်တွေမှာ မရှိတဲ့ ဂုဏ်သိက္ခာ (Diginity) မျိုးရှိတယ်ဆိုတာ သူ့ဘာသာသူ သတိပြုမိတယ်။ ဒီဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်ဆိုတာလည်း သူသဘောပေါက်တယ်။ တိရစ္ဆာန်တွေမှာ ဖို-မဆက်ဆံရေး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ ဖို-မဆက်ဆံရေး လုပ်ဆောင်မှုတွေ၊ အာသာဆန္ဒတွေရှိသလို သူ့မှာလည်း အလားတူတွေရှိတယ်ဆိုတာကို တွေ့တော့ သူအနေရခက်တယ်။ သူဟာ အရိုင်းအစိုင်း တိရစ္တာန်တွေနဲ့ ဇီဝကမ္မဗေဒ သဘောအရ ဆွေမျိုးနီးစပ် တော်နေပါကလား၊ ဒီလို ဆွေမျိုးတော်နေတာဟာ လူ့ဂုဏ်သိက္ခာကို စိန်ခေါ်နေတာပါကလား ဆိုတာကို သိတော့ သူအနေရခက်တယ်။ အဟိတ် တိရစ္ဆာန်တွေကတော့ ဒီလို ဖို-မကိစ္စတွေကို လုပ်ဆောင်နေရတာကို မရှက်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကိုယ့်ကိုယ်ကို သိစိတ်ရှိတဲ့ သတ္တဝါတွေမှ မဟုတ်ဘဲကိုး။ ဒီလို ဂုဏ်သိက္ခာဆုံးရှုံးသွားမှာကို ကြောက်ပြီး ရှက်နေတာ၊ ဆုံးရှုံးသွားတဲ့အခါမှာ အရှက်တကွဲ အကျိုးနည်းခံစားရတာ ဒါတွေဟာ လူမှာတွေ့နေရတဲ့ ဒုက္ခတွေပဲ။

ကိုယ့်မှာ အဟိတ်တိရစ္ဆာန်တွေနဲ့တူတဲ့ အချက်တွေ ရှိသည့်တိုင် လူဟာ တိရစ္ဆာန်နဲ့ ကွဲပြားခြားနားအောင် ဂုဏ်သိက္ခာကို ထိန်းသိမ်းထားချင်တယ်။ ဒီမှာတင် ဂုဏ်သိက္ခာကို ထိန်သိမ်းဖို့ နည်းလမ်းတွေကို ရှာကြံလာခဲ့ကြတယ်။ အဲဒီနည်းလမ်းတွေကတော့ အစဉ်အလာ လက်ခံကျင့်သုံးခဲ့ကြတဲ့ ဓလေ့ထုံးစံတွေပဲ။ ဇီဝဗေဒဆိုင်ရာ အမွေအနှစ်အဖြစ် ကျွန်တော်တို့ကိုယ်ထဲမှာ မွေးကတည်းကပါလာတဲ့ တိရစ္ဆာန်ကိုယ်အင်္ဂါ အစိတ်အပိုင်းပေါ်မှာ ဘယ်လိုသဘောထားမလဲ ဆိုတဲ့အချက်နဲ့ ပက်သက်လို့ သတ်မှတ်ချက်တွေ ဓလေ့ထုံးတမ်းတွေကို တီထွင်ခဲ့ကြရတယ်။ တိရစ္ဆာန်များကတော့ ဒီလို ဓလေ့ ထုံးတမ်းတွေကို မလုပ်ကြဘူးပေါ့။ လုပ်လဲ မလုပ်နိုင်ဘူးပေါ့။ ယဉ်ကျေးမှုတစ်ခု၊ ပြုစု ပျိုးထောင်မှုတစ်ခု ဘယ်လောက် အဆင့်မြင့်သလဲဆိုတာကို တိုင်းထွာစမ်းသပ်ကြည့်ချင်ရင် အဲဒီယဉ်ကျေးမှုမှာ အဲဒီကိုယ်အဂ်ါ အစိတ်အပိုင်းတွေကို ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုဆက်ဆံသလဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြတယ်။ အဲဒီ ကိစ္စတွေနဲ့ပက်သက်လို့ ဘယ်လိုဓလေ့ ထုံးတမ်းတွေ ရှိသလဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြတယ်။

အီကေဒါ - ယဉ်ကျေးမှုတိုင်းမှာ ဖို-မဆက်ဆံရေးကိစ္စနဲ့ ပက်သက်လို့ သူတို့ကိုယ်ပိုင် ထုံးစံတွေ၊ ဓလေ့ထုံးတမ်းတွေ ရှိကြတယ်။ အဲဒီ ထုံးစံတွေ၊ ဓလေ့ထုံးတမ်းတွေကို မျိုးဆက်တစ်ခုကနေ မျိုးဆက်တစ်ခုကို လက်ကမ်းလာခဲ့ကြတယ်။ ဒီနေ့ အချိန်မှာ ဖို-မကိစ္စပညာရေး Sex Education ကို အထူးစပါယ်ရှယ် ပညာရပ်တစ်ခုအနေနဲ့ သင်ကြားပေးနေကြတယ်။ အမှန်ကတော့ ဖို-မကိစ္စပညာရေးဟာ ပုံသဏ္ဌာန်တစ်မျိုး မဟုတ်ရင် တစ်မျိုးနဲ့ ယဉ်ကျေးမှုတိုင်းမှာ ရှိခဲ့ကြပြီးသားပါ။

တွိုင်ဘီ - ဟုတ်ပါတယ်။ ယဉ်ကျေးမှုအတော်များများမှာ ဒီကိစ္စနဲ့ပက်သက်လို့ ထုံးတမ်းဓလေ့တွေ ရှိခဲ့ကြပါတယ်။ အဲဒီ ထုံးတမ်းဓလေ့တွေဟာ အခါအားလျော်စွာ ကွဲပြားခြားနားကြပါတယ်။ ဒီနေ့ ကျွန်တော်တို့ ယဉ်ကျေးမှုမှာဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ လိင်အင်္ဂါတွေနဲ့ အညစ်အကြေးစွန့် အင်္ဂါတွေကို ဖုံးကွယ်ထားကြတယ်။ ကျွန်တော်တို့ဟာ လူတွေရှေ့မှာ ကိုယ်လက်နှီးနှောခြင်း မပြုကြဘူး။ လူတွေရှေ့မှာ သဘာဝကိစ္စလို့ခေါ်တဲ့ ကိစ္စကို မလုပ်ကြဘူး။ စားတဲ့ သောက်တဲ့နေရာမှာလည်း ထမင်းဝိုင်းယဉ်ကျေးမှု Table Manners တွေကို လိုက်နာကြတယ်။ ထမင်းဝိုင်း ယဉ်ကျေးမှုတွေဟာ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အများကြီး ကွဲပြားကြတယ်။ ထမင်းဝိုင်း အလေ့အထမှာ ကွဲပြားနေတာဟာ ယဉ်ကျေးမှုချင်း ကွဲပြားနေတယ်ဆိုတဲ့ အချက်ကို မသိမသာ ညွှန်ပြနေတဲ့ အချက်တွေပဲ။ ဒါပေမဲ့ ထမင်းဝိုင်းအလေ့အထ ကွဲပြားတာကိုကြည့်ပြီး ယဉ်ကျေးမှုတစ်ခု ကျန်းမာတယ် မကျန်းမာဘူး၊ (နိမ့်တယ်၊ မနိမ့်ဘူး) လို့တော့ အတိအကျ တပ်အပ်ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ စားခြင်းသောက်ခြင်းအမှုဟာ တိရစ္ဆာန်အားလုံးရဲ့ လုပ်ဆောင်ချက် ဖြစ်နေလို့ပဲ။ လူကလည်း စားခြင်း၊ သောက်ခြင်းအမှုမှာ ကြွက်တွေ၊ နွားတွေနှင့် သွားတူနေတဲ့အတွက် ရှက်ကြောက်ခြင်းမရှိဘူး။ (လူက ကြွက်တွေ ကိုက်ဖြတ်သလို၊ နွားတွေ စားမြုံ့ပြန်သလို မလုပ်ဘူးဆိုရင်ပေါ့လေ။) ဒီလိုဆိုရင် သူတို့နဲ့ စားခြင်း၊ သောက်ခြင်း အမှုမှာ တူနေသည့်တိုင် ဘာမှရှက်စရာမလိုဘူး။ ဒါပေမဲ့ ယဉ်ကျေးမှုချင်း ဘယ်လောက်ပဲကွဲကွဲ အညစ်အကြေးစွန့်တာနဲ့ ဖို-မဆက်ဆံရေး ကိစ္စကတော့ လူတွေအဖို့ ပင်ကိုအားဖြင့်ကို ရှက်စရာကောင်းနေတယ်။ ဒါကြောင့်မို့ အဲဒီသဘာဝ ကိစ္စတွေမှာ လူဟာ ဓလေ့ထုံးတမ်းတွေကို လိုက်နာရတယ်။

အထူးသဖြင့် ဖို-မဆက်ဆံရေး ကိစ္စဟာ ရှက်စရာကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖို-မအာသာဆန္ဒဟာ အရွယ်ရောက်မှပေါ်လာတဲ့ နောက်ကိစ္စကိုး။ ဒါ့ကြောင့်မို့ အရွယ်ရောက်တဲ့သူတစ်ယောက်ကို ဘဝရဲ့ ဖို-မခြင်းရာတွေကို သိအောင်လုပ်ပေးရတယ်။ ဒီလိုသင်ပေးရတာဟာ တော်တော်တော့ စိုးရိမ်စရာကောင်းတဲ့ ပညာရေးဖြစ်တယ်။ လူကြီးမိဘက ဖို-မ ဆက်ဆံရေးကိစ္စကို ဖုံးကွယ်ထားပြီး ကလေးမှာ ဖို-မစိတ်တွေ ထကြွနိုးကြားလာသည်အထိ သူ့ကို အသိဉာဏ်မပေးခဲ့ရင် ကလေးရဲ့သိလိုစိတ်၊ စူးစမ်းစိတ်ကို နှိုးဆွပေးရာရောက်တယ်။ သူ့ကို ဘာမှမသိစေရဘူးဆိုပြီး ကလေးရဲ့ မကျေနပ်ချက်ကို နှိုးဆွပေးရာရောက်တယ်။ ဒီလိုဖြစ်လာရင် ကလေးဟာ ဖို-မကိစ္စကိုပဲ စိတ်ရောက်နေပြီး ဖို-မကိစ္စကို စမ်းသပ်ကြည့်ဖို့ စိတ်အားထက်သန်နေကြတယ်။ ဒီလိုမဟုတ်ဘဲ မိဘက ကလေးရဲ့ ရှေ့မှာတင် ဖို-မကိစ္စကို ပြုမူနေကြတယ်ဆိုရင် ကလေးရဲ့အမြင်မှာ မိဘရဲ့ဂုဏ်သိက္ခာ ကျသွားတတ်တယ်။ ကဘေးဟာလည်း ကိုယ်ခန္ဓာမရင့်မှည့်မှီမှာ ဖို-မစိတ်တွေ ဝင်သွားတတ်တယ်။ ဖို-မကိစ္စ ပညာရေးမှာ အစွန်းနှစ်ဖက်ရှိတယ်။ တစ်ခုက အန္တရာယ်များတဲ့ အလွန်အကျွံပွင့်လင်းမှု၊ လိုက်လျောမှုဖြစ်ပြီး တစ်ခုကတော့ အန္တရာယ်များတဲ့ အလွန်အကျွံ လျှို့ဝှက်မှုနဲ့ ကန့်သတ်ချုပ်ချယ်မှုတို့ ဖြစ်တယ်။ အဲဒီနှစ်ခုကြားမှာ ကျေနပ်လောက်တဲ့ အလယ်အလတ်လမ်းကို ရှာရတာဟာ တော်တော်ခက်တယ်။

အီကေဒါ - မှန်ပါတယ် ခင်ဗျာ၊ ဒီပြဿနာဟာ တစ်လျှောက်လုံး ခက်လာတဲ့ ပြဿနာပါ။ အခုထိလည်း ခက်နေတုန်းပါပဲ။

တွိုင်ဘီ - ခက်တာက လူ့ဂုဏ်သိက္ခာဆိုတာလည်း ကျွန်တော်တို့ရဲ့ ဖို-မ ဆက်ဆံရေး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ ဖို-မ ဆက်ဆံရေး လုပ်ဆောင်မှုတွေကို တမင်ဖုံးကွယ်နိုင်မှ ရှိတဲ့အရာမျိုး၊ ထိန်းသိမ်းနိုင်တဲ့ အရာမျိုးဖြစ်နေတယ်။ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်ရင် သည့်ထက်ကောင်းတဲ့ နည်းကို ရှာလို့မတွေ့သေးဘူး ဆိုပါတော့။ လူမဟုတ်တဲ့ အဟိတိရစ္ဆာန်တစ်ကောင်ကို လူ့အသိဉာဏ် တပ်ဆင်ပေးလိုက်ပြီး လူသားတွေရဲ့ အနေအထိုင်၊ အပြုအမူတွေကို လေ့လာခိုင်းလိုက်တယ် ဆိုပါတော့။ လက်စသတ်တော့ လူ့ဂုဏ်သိက္ခာဆိုတာ အတုအယောင်ပါဗျာ။ လူတွေက သူတို့နဲ့ တခြားတိရစ္ဆာန်တွေ အတူတူပဲဆိုတာ မသိအောင် ဖုံးကွယ်ဖို့ လုပ်ထားတဲ့ အစဉ်အလာတီထွင်တထားတဲ့ အရာပါလို့ ပြောမှာ သေချာတယ်။ ဒါပေမဲ့ လူကတော့ သူ့မှာဂုဏ်သိက္ခာရှိတယ်။ အဲဒီ ဂုဏ်သိက္ခာကို ထိန်းသိမ်းမထားနိုင်ရင် လူ့ထက်အောက်ကျတဲ့အဆင့်ကို ရောက်သွားမှာပဲလို့ ရိုးသားစွာ ယုံကြည်နေတယ်။ စောစောက ဥပမာပြတဲ့ လေ့လာသူရဲ့မှတ်ချက်ထက် ဒါကပိုမှန်တယ်။ ဒီတော့ လူ့ဂုဏ်သိက္ခာဆိုတာ ဘာလဲ။ လူဟာ ဇီဝကမ္မဗေဒအားဖြင့် တိရစ္ဆာန်ဖွဲ့စည်းမှု ဖြစ်သည့်တိုင် အဲဒီဖွဲ့စည်းမှုအပြင် တစ်ချိန်တည်းမှာ စိတ်(နာမ်တရား)ရှိတဲ့ သတ္တဝါလည်း ဖြစ်တယ်ဆိုတဲ့ အသိအမှတ်ပြုချက်ကို အခြားနည်းနဲ့ ခေါ်ထားတဲ့ အရာဖြစ်တယ်။ ဒါဟ ဂုဏ်သိက္ခာနဲ့ ပက်သက်လို့ လူ့ရဲ့နားလည်ခံယူမှုပဲ။

အီကေဒါ - ဟုတ်ကဲ့။ လူ့ရဲ့နာမ်ဆိုင်ရာ လှုပ်ရှားမှု (ဂုဏ်သိက္ခာကို ထိန်းသိမ်းမှုစသည်)တို့ဟာ (စောစောက ဥပမာပေးသွားတဲ့ လေ့လာသူထင်သလို) အပေါ်ယံ ဖုံးကွယ်ထားတာတွေ၊ အတုအယောင်တွေ၊ အလိမ်အညာတွေလို့ ပြောခဲ့ရင် သူ့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လူတီထွင်ခဲ့တဲ့ အနေအထိုင်၊ အပြုအမူဆိုင်ရာ ဓလေ့ထုံးတမ်းတွေဟာလည်း အဓိပ္ပါယ်မရှိ ဖြစ်ကုန်တော့မှာပေါ့။ ဒါပေမဲ့ အမှန်ကတော့ လူဟာ စိတ်(နာမ်တရား)ရှိတဲ့ သတ္တဝါဖြစ်တယ်။ သူ့ရဲ့ စိတ်နာမ်ဆိုင်ရာ လှုပ်ရှားမှုတွေဟာလည်း သူ့ဘဝမှာ ကြီးစွာသော အစိတ်အပိုင်းက ပါဝင်နေကြတယ်။ ဒါ့ကြောင့် ဖို-မ ကိစ္စ၊ စားသောက်ခြင်း ကိစ္စနှင့် လူ့ရဲ့ အခြားလုပ်ဆောင်ချက်များနှင့် ပက်သက်တဲ့ ဓလေ့ထုံးတမ်းများဟာလည်း အတော်အတန် အဓိပ္ပါယ်ရှိနေရပါတယ်။

တွိုင်ဘီ - လူဟာ ဖို-မအင်္ဂါ အစိတ်အပိုင်းတွေ၊ လုပ်ဆောင်မှုတွေကို ထိန်းချုပ်ဖို့အတွက် သူလိုက်နာရမဲ့ စည်းကမ်းတွေကို ချမှတ်ထားရတယ်။ ဒီနည်းအားဖြင့် လူဟာ သူ့လူသားမျိုးနွယ်ကို ခိုင်ခံအောင်လုပ်ပြီး ကာကွယ်စောင့်ရှောက်နေတယ်။ ခုအချိန်ထိတော့ လူ့လောကမှာ ကမ္ဘာနှင့်အဝန်း အားလုံးတူညီတဲ့ စည်းကမ်းသတ်မှတ်ချက်တွေတော့ မရှိသေးဘူးပေါ့။ လူ့အဖွဲ့စည်း အမျိုးမျိုးမှာ ရှိနေတဲ့ စည်းကမ်းချက်တွေဟာ အမျိုးမျိုး ကွဲနေခဲ့ကြတာပဲ။ နှိုင်းယှဉ်ကြည့်လျှင် အချို့ကပိုကောင်းတယ်၊ မကောင်းတာတွေကိုလည်း အစဉ်အမြဲ ပြုပြင်နေရတာပဲ။ ဒါပေမဲ့ ခုသိရသလောက်အထိတော့ စည်းကမ်းချက်တွေအားလုံးကို စွန့်ပြစ်လိုက်တဲ့ လူ့အဖွဲ့အစည်းရယ်လို့တော့ တစ်ခုမှ မရှိသေးဘူး။ ဒီလို စွန့်လွှတ်လိုက်တယ် ဆိုရင်လည်း အဲဒီအဖွဲ့အစည်းဟာ လူ့အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေဖို့အတွက် တော်တော်ခက်သွားလိမ့်မယ်။ လူမှာ အခြားသော တိရစ္ဆာန်များထက် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့် အများကြီးရှိတယ်။ ကျွန်တော်တို့ဟာ လူမဟုတ်တဲ့ အဟိတိရစ္ဆာန်တွေထက် ကောင်းအောင် နေမလား၊ ဆိုးအောင် နေမလား၊ ကျွန်တော်တို့ ကြိုက်သလို နေနိုင်တယ်။ တကယ်လို့ ကျွန်တော်တို့ဟာ စည်းကမ်းသတ်မှတ်ချက်တွေ အောက်မှာ မနေခဲ့ရင် ကျွန်တော်တို့ဟာ တိရစ္ဆာန်တွေထက် ဆိုးသွားမှာပဲ။

ဖို-မ ဆက်ဆံရေး ပြဿနာနှင့် ပက်သက်လို့ မှန်ကန်တဲ့ မှတ်ကျောက်ကတော့ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရေးပဲ။ အသွေးအသား ကိစ္စဖြစ်တဲ့ ဖို-မ ဆက်ဆံရေးကိစ္စကို လူဆန်အောင် လုပ်ပေးတဲ့ နာမ်အရည်အသွေးတစ်ခု ရှိတယ်။ အဲဒီ နာမ်အရည်အသွေးကတော့ ချစ်မေတ္တာပဲ ဖြစ်တယ်။ ချစ်မေတ္တာဟာ ဖို-မ ဆက်ဆံရေးကိစ္စကို လူဆန်အောင်လုပ်ပေးရာမှာ ဂုဏ်သိက္ခာထက် အရေးကြီးပါတယ်။ တကယ်ကတော့ ဖို-မ ဆက်ဆံရေးကိစ္စကို ချစ်မေတ္တာအရည်အသွေးနဲ့ လူဆန်အောင် လုပ်ရာမှာ ဂုဏ်သိက္ခာဟာ မရှိမဖြစ်တဲ့ လိုအပ်ချက် တစ်ရပ်သာဖြစ်ပါတယ်။ ချစ်မေတ္တာနှင့် ဂုဏ်သိက္ခာမပါတဲ့လူရဲ့ ဖို-မဆက်ဆံရေးဟာ အဟိတ်တိရစ္ဆာန် အာသာဆန္ဒတစ်ခုကို ဖြေဖျောက်ခြင်း သက်သက်မျှသာ ဖြစ်တယ်။ ဒီလို ဖို-မဆက်ဆံရေး ကိစ္စမျိုးဟာ စိတ်ဓါတ်အရ အောက်တန်းကျပါတယ်။ အဟိတ်တိရစ္ဆာန်တွေမှာတော့ ဖို-မဆန္ဒ တောင့်တမှုကို တုံ့ပြန်ပုံဟာ သိစိတ်ကင်းမဲ့တဲ့အတွက် အပြစ်ကင်းတယ်။ သူတို့မှာတော့ ဖို-မ ဆက်ဆံရေးကိစ္စ ဖို-မ ဘဝကို မွေးကတည်းကပါလာတဲ့ သဘာဝထိန်းချုပ်မှုများက ညှိပေးတယ်။ လူမှာတော့ ချစ်မေတ္တာနှင့် ဂုဏ်သိက္ခာမရှိတဲ့ ဖို-မ ကိစ္စဟာ တိရစ္ဆာန်သဘော ဆောင်တယ်လို့တောင် မပြောချင်ဘူး။ စိတ်ဓါတ်ရေးနဲ့ ကျင့်ဝတ်ရေးအရ တိရစ္ဆာန်တွေထက်တောင် အောက်တန်းကျတဲ့ အဆင့်ကို ရောက်နေသေးတယ်။

အီကေဒါ - ဟုတ်ပါတယ် ခင်ဗျား။ စည်းကမ်းရယ်လို့ မရှိရင် လူ့အဖွဲ့စည်းတစ်ခုဟာ လူဆန်တဲ့ အဖြစ်ကတောင် ရပ်စဲသွားမှာပါ။ လူလို့တောင် မခေါ်ထိုက်တော့ပါဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ လူ့ထက်အဆင့်နိမ့်တဲ့ အချို့သော တိရစ္ဆာန်အဖွဲ့စည်းများမှာပင်လျှင် တိရစ္ဆာန်တွေဟာ စည်းကမ်းကို လိုက်နာနေကြတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိထားကြတာကိုး။ ဥပမာအားဖြင့် အချို့သော လူဝံများဟာ ကလေးငယ်ကို အစာကျွေးခြင်းနဲ့ ဖို-ဆက်ဆံရေး ကိစ္စများနဲ့ပက်သက်လို့ စည်းကမ်းတစ်ချို့ရှိနေကြတယ် မဟုတ်လား။ ဒီစည်းကမ်းတွေကို လူဝံအဖွဲ့စည်းဝင်တွေကလည်း တိတိကျကျ လိုက်နာကြတာပဲ။ စည်းကမ်းမရှိတဲ့လူဟာ အဲဒီလို လူဝံတွေထက် လူမှုပေါင်းသင်းဆက်ဆံရေးအရ အောက်ကျနေတော့မှာပေါ့။

တွိုင်ဘီ - အဲဒီစည်းကမ်းတွေထဲမှာ ဖို-မဆက်ဆံရေး စည်းကမ်းတွေကတော့ အရေးကြီးဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖို-မ ဆက်ဆံရေး ကိစ္စဟာ လူ့သဘာဝရဲ့ တိရစ္ဆာန်သဘောဆန်တဲ့ အပိုင်းမှာ အလေးနက်ဆုံး အစိတ်အပိုင်းဖြစ်နေတာကိုး။ တခြား ကိစ္စတွေမှာ တိရစ္ဆာန်သဘောဆန်နေရင် တစ်ယောက်ချင်း၊ တစ်ဦးချင်းမျှသာ ထိခိုက်မယ်။ ဖို-မဆက်ဆံရေး ကိစ္စကတော့ အနည်းဆုံးလူနှစ်ဦးနဲ့ သက်ဆိုင်နေတယ်။ ကလေးတွေ မွေးလာရင် သူတို့နဲ့ပါ သက်ဆိုင်လာရပြီ။ လူတစ်ဦးချင်းဟာ ဖို-မဆက်ဆံရေးမရှိဘဲနဲ့ နေနိုင်တယ်။ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်တွေကိုကြည့်ပါလား။ သူတို့ဟာ မမြတ်သောအကျင့်ကို စွန့်လွှတ်ခဲ့ကြပြီးပြီ။ ဒါပေမဲ့ လူ့အနွယ်ကြီးကတော့ ဖို-မဆက်ဆံရေးမရှိဘဲ အရှည်မတည်မြဲနိုင်ဘူး။ လူ့အနွယ်ကြီးဟာ သူ့ဘာသာသူမှ မတည်နိုင်ဘဲကိုး။ သဘာဝကြီးကပေးလိုက်တဲ့ ဖို-မဆန္ဒကို ဖြည့်စွမ်းရေးကိစ္စဟာ ချစ်မေတ္တာသဘော သက်ဝင်နေရမယ်။ ဒါမှသာလျှင် အဲဒီကိစ္စဟာ ဂုဏ်သိက္ခာရှိပြီး တင့်တယ်လိမ့်မယ်။ ဒီသဘောကို ဖို-မဆက်ဆံရေး စည်းကမ်းက ပြဌာန်းပေးခဲ့တယ်။ လင်နဲ့ မယားရဲ့အချစ်၊ သားသမီးနဲ့ မိဘရဲ့ အချစ်ဟာ လူ့ရဲ့ပေါင်းသင်းဆက်ဆံမှုနဲ့ ကျင့်ဝတ်မှာ အချက်အချာဖြစ်နေတယ်။ ကွန်ဖြူးရှပ်စ်ပြောသလိုပေါ့။

အီကေဒါ - အခြေခံအားဖြင့်တော့ ကျွန်တော် သဘောတူပါတယ်။ ဒါပေမဲ့ ဖို-မကိစ္စမှာ ဖို-မဆိုင်ရာ ဆက်ဆံရေး ကျင့်ဝတ်ပျက်ပြားသွားခဲ့တာ၊ ဖို-မ ဆက်ဆံရေးမှာ အချစ်မပါတော့တာ၊ ဒီလိုဖြစ်နေရတာဟာ လူ့ဘဝကို ရုပ်ဝတ္ထုဆိုင်ရာ တန်ဖိုးသက်သက်နှင့်သာ ကြည့်လို့ ဒီလိုဖြစ်ရတာလို့ ကျွန်တော်ထင်ပါတယ်။ ဖို-မကိစ္စဟာ စိတ်ဓါတ်ဆိုင်ရာ တန်ဖိုးရယ်လို့ ဘာမှမရှိတော့ဘဲ သွေးသားဆန္ဒဖြေဖျောက်ဖို့ ကိစ္စသက်သက်လို့ ယူဆလာခဲ့ကြတယ်။ အဲဒီ အယူအဆဟာ ဘာလဲ။ ဘာ့ကြောင့် ပေါ်ပေါက်လာရသလဲဆိုတာတွေကို ကျွန်တော်တို့ ဆန်းစစ်ခြင်းမပြုနိုင်သေးသမျှ အဖြေကို ရှာလို့ရမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။

တွိုင်ဘီ - လူ့အဖွဲ့စည်းတစ်ခုရဲ့ စည်းကမ်းတွေ၊ အပြုအမှုတွေ၊ ထုံးစံတွေအားလုံးဟာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်ပေါင်းစုနေတဲ့ ကွန်ခြာကြီးတစ်ခု ဖြစ်ပါတယ်။ လူ့ဘဝရဲ့ ဘက်အသီးသီးကို ချုပ်ကိုင်လွှမ်းမိုးနေတဲ့ စည်းကမ်းတွေ တစ်ခုနဲ့ တစ်ခုအကြားမှာ ယုတ္တိဗေဒကျတဲ့ ဆက်သွယ်မှုတော့ ရှိချင်မှ ရှိမယ်။ ဒါပေမဲ့ စိတ္တဗေဒဆိုင်ရာ ဆက်သွယ်မှုတော့ တကယ်အမှန်ရှိတယ်။ ဆိုလိုတာက ဘက်တစ်ဖက်မှာ လိုက်လျောမှု၊ သို့မဟုတ် တင်းကျပ်မှု တစ်ခုခုလုပ်လိုက်လို့ရှိရင် အဲဒီလိုလုပ်လိုက်မိတဲ့အတွက် အခြားတစ်ဖက်ကိုလည်း ကူးစက်ပျံ့နှံ့သွားတတ်တယ်။ ဒီနေ့အချိန်မှာ ဖို-မဆက်ဆံရေးနှင့် ပက်သက်လို့ လျော့ပေါ့ခွင့်ပြုချက်တွေ ပေါ်ပေါက်တာနေချိန်မှာ မှုးယစ်ဆေးသုံးစွဲမှု ခေတ်စားလာတာ၊ ကိုယ်ရေးကိုယ်တာ အောင်မြင်မှု၊ နိုင်ငံရေးရာ အောင်မြင်မှုတွေအတွက် ဖြတ်လမ်းလိုက်တဲ့အနေနှင့် မရိုးမဖြောင့် လုပ်လာကြတာ၊ အကြမ်းဖက်နည်းလမ်းတွေကို သုံးလာကြတာဟာ မတော်တဆ ဖြစ်လာကြတာ မဟုတ်ဘူး။ ဒါတွေဟာ တစ်ခုနှင့်တစ်ခု စိတ္တဗေဒသဘောအရ ဆက်စပ်နေတယ်။

လူ့ဘဝရဲ့ ဘက်အသီးသီးမှာ မကြာခင်တုန်းက ဥပဒေမဲ့မှု စည်းကမ်းမဲ့မှုတွေ အများကြီးပေါ်တာခဲ့တယ်။ ဒီလိုပေါ်လာတဲ့ အကြောင်းအရင်းတွေအနက် တစ်ကြောင်းကတော့ ပြီးခဲ့တဲ့ ကမ္ဘာစစ်ကြီးနှစ်ခုနှင့် အဲဒီစစ်နှစ်ခုအကြားမှာဖြစ်တဲ့ ဒေသဆိုင်ရာ စစ်ပွဲတွေထဲမှာ သန်းပေါင်းများစွာသော လူများကို စစ်သားအဖြစ်ပြောင်းလဲပစ်ခဲ့လို့ပဲ။ စစ်ဟာ လူတစ်ယောက်ကို သတ်ဖို့ ဝန်လေးတဲ့ သာမာန်စိတ်ထားကို တမင်ပြောင်းပြန်လှန်ပေးလိုက်တယ်။ စစ်သားတစ်ယောက်အဖို့ မိမိလို လူအချင်းချင်းကို သတ်ရတာဟာ တာဝန်တစ်ခုပဲ။ တကယ်လို့ အရပ်ဝတ်အရပ်စား တစ်ယောက်အနေနှင့် သတ်ဖြတ်ခဲ့ရင် အဲဒီအမှုဟာ ရာဇဝတ်မှုကြီးပေါ့။ အဲဒီ အဓိက ကျင့်ဝတ်သီလာကြီးကို ကျိုးကြောင်း ညီညွတ်မှုကင်းစွာ၊ ဆိုးယုတ်စွာ ပြောင်းပြန်လှန်ပစ်လိုက်တာဟာ သဘာဝအားဖြင့် စိတ်ပျက်စရာလည်းကောင်း၊ နားမလည်နိုင်စရာလည်း ကောင်းပါတယ်။ဒါတင်မကဘူး။ လက်ရှိတာဝန်ထမ်းဆောင်နေရတဲ့ စစ်သားတစ်ယောက်ဟာ သူ့ရဲ့ သာမာန်တွေ့နေကျ လူမှုပတ်ဝန်းကျင်ကနေ ဝေးကွာသွားတဲ့အတွက် သူ့ရဲ့ သာမာန်တွေ့နေကျ လူမှုအထိန်းအကွပ်တွေကလည်း လွတ်ကျွတ်သွားတယ်။ ဒါဟာ ဘာမှ အံ့သြစရာမဟုတ်ပါဘူး။ ဗီယက်နမ်မှာ အမေရိကန် စစ်တပ်တွေ အကျင့်စာရိတ္တပျက်ပြားတာဟာ ဘယ်လို ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတာကို ပြလိုက်တဲ့ အထင်ရှားဆုံး နမူနာပဲ။

အီကေဒါ - ဘယ်ခေတ်မှာပဲဖြစ်ဖြစ် စစ်ဟာ ဒီလို အကျင့်စာရိတ္တ ပျက်ပြားမှုမျိုးကို ယူလာတာချည်းပါပဲ။

တွိုင်ဘီ - စစ်ဟာမကောင်းမှုဖြစ်တယ်။ သိပ္ပံစိတ်ဓါတ်ကတော့ အကောင်းမှုမဟုတ်ဘူး။ ဒါပေမဲ့ မရည်ရွယ်ပဲနှင့်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ သိပ္ပံစိတ်ဓါတ်ဟာ လက်ရှိပေါ်ပေါက်နေတဲ့ တရားဥပဒေမဲ့မှုတွေကို အထောက်အကူပေးနေတယ်။ အထူးသဖြင့် ဖို-မဆက်ဆံရေး နယ်ပယ်မှာ ပိုဆိုးတယ်။ သိပ္ပံပညာမှာ ကျင့်ဝတ်ဆိုင်ရာအရ ချီးကျူးရမယ့် အချက်တွေရှိတယ်။ အဲဒါကတော့ အမှန်တရားကို အပတ်တကုတ်ရှာဖွေတယ်၊ ရင်ဆိုင်တယ်။ သိပ္ပံပညာဟာ အစဉ်အလာ ယုံကြည်မှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ အလေ့အထတွေ အားလုံးကို စိန်ခေါ်တယ်။ လူ့အဖွဲ့အစည်းတိုင်းမှာပဲ အစဉ်အလာ ဖို-မဆက်ဆံရေး ဓလေ့ထုံးတမ်းတွေမှာ အနည်းနှင့်အများဆိုသလို ကန့်သတ်ချုပ်ချယ်ထားမှုတွေ ရှိခဲ့တာပဲ။ ကျင့်ဝတ်သဘောအရ ကြည့်ရင် ဒါဟာမှန်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကန့်သတ်ချက်က တင်းကျပ်လေလေ၊ ကန့်သက်ချက်ကို ချိုးဖောက်မှုဟာ ကြိန်ဖန်များပြီး ဆိုးဆိုးရွားရွား ဖြစ်လာလေလေ ဖြစ်မှာပဲ။ အဲဒီ ချိုးဖောက်မှုတွေကို ဖုံးကှယ်ထားမှုဟာလည်း ပိုပြီး ကြောင်သူတော်ဆန်လာလေလေ ဖြစ်မှာပဲ။ ဒီနေ့ ကလေးတွေက အမှန်တရားကို ရှာတတ်တဲ့ သိပ္ပံစိတ်ဓါတ်ရှိလာအောင်၊ အတုအယောင်တွေကို မုန်းတတ်တဲ့ သိပ္ပံစိတ်ဓါတ်ရှိလာအောင် သင်ကြားလာခဲ့ရတယ်။ ဒီလိုသင်ကြားလာတာဟာ ကျောင်းကတင် သာမာန်သင်ကြားပေးလိုက်တာ မဟုတ်ဘူး။ ခေတ်ရေစီး Zeitgeist ကပါ သင်ကြားပေးလိုက်တာ။ ရလာဒ်အဖြစ် ဒီနေ့ခေတ်မှာ မိဘနှင့် အစိုးရရဲ့ ဂုဏ်သိက္ခာ၊ ဒါနဲ့အတူ သူတို့ရဲ့ သြဖာအာဏာဟာ ယုံကြည်မှုကွာဟချက်ကြီးနှင့် လာတွေ့နေရတယ်။ သူတို့မိဘတွေဟာ ဖို-မဆက်ဆံရေး ကိစ္စမှာရော၊ တခြားကိစ္စတွေ အားလုံးမှာရော သူတို့ပြောသလို မလုပ်ကြဘူးလို့ ဒီနေ့ခေတ်ကလေးတွေ ထင်လာကြတယ်။

ဖို-မ ဆက်ဆံရေး အပြုအမူနှင့်ပက်သက်လို့ အစဉ်အလာ ဓလေ့ထုံးတမ်းတွေကို ဒီနေ့ ချိုးဖောက်နေကြတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒီအကြောင်းဟာ တစ်ခုပါတယ်လို့ ကျွန်တော်ထင်တယ်။ ဒီအတိုင်းမှန်ရင် တက်လာတဲ့ မျိုးဆက်သစ်တွေကို သူတို့ရဲ့ ဖို-မ ဆက်ဆံရေး အပြုအမူတွေ မှန်ကန်နည်းလမ်းကျအောင် အာဏာပိုင်တွေအနေနှင့် အာဏာစက်ကိုသုံးပြီး နှိက်ကွပ်တဲ့နည်း၊ ဒါမှမဟုတ် ဖို-မ ဆက်ဆံရေး ကိစ္စကို ခြိုးခြံကြအောင် လှုပ်ရှားမှုတစ်ခု လုပ်ပြီး ဆော်သြတဲ့ နည်းတွေနှင့်ရမယ်လို့ ကျွန်တော်မထင်ဘူး။

အီကေဒါ - ကျွန်တော်ကတော့ ဖို-မကိစ္စ စည်းဝါးလွတ်မှုကို တစ်မျိုးမြင်တယ်။ ဖို-မကိစ္စမှာ စည်းဝါးလွတ်လာကြတာဟာ ဘဝရဲ့ အတွင်းအဇ္ဖျတ္တအင်အား Internal Force of Life ယုတ်လျော့ အားနည်းလို့ ဖြစ်လာတာလို့ ကျွန်တော်မြင်တယ်။ ဒါဟာ တစ်ကယ့် အကြောင်းအရင်းလို့ ထင်ပါတယ်။ ခေတ်သစ်ရဲ့ ရုပ်ဝတ္ထုဆိုင်ရာ ယျဉ်ကျေးမှု သြဇာက သိပ်ကြီးလာတဲ့အခါမှာ အဲဒီအတွင်း အဇ္ဖျတ္တအင်အားဟာ လျော့ပါးလာတယ်။ ဖို-မကိစ္စကို သူ့နေရာမှန် ထားဖို့အတွက် ရှင်သန်တက်ကြွတဲ့ အချစ်ဓါတ်လိုအပ်တယ်။ အဲဒီ ရှင်သန်တက်ကြွတဲ့ အချစ်ဓါတ်ဟာ အားနည်းယုတ်လျော့နေတဲ့ ဘဝအင်အားက မွေးဖွားမလာနိုင်ဘူး။ ဒီနေ့ လက်ရှိအခြေအနေကို ကျော်လွန်နိုင်ဖို့ နည်းလမ်းကို အချစ်ရဲ့ စေ့ဆော်မောင်းနှင်မှုမှ တစ်ဆင့် တွေ့ရှိနိုင်တယ်ဆိုတဲ့ ဆရာကြီးရဲ့ အယူအဆကို ကျွန်တော်သဘောတူပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့တင် မလုံလောက်သေးဘူး။ ရှေ့ကို တစ်ဆင့် လှမ်းရအုံးမယ်ထင်တယ်။ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ အားထုတ်မှုတွေကို လက်တွေ့အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်စေချင်ရင် အချစ်ကို လှုံ့ဆော်ပေးတဲ့ ဘဝအင်အားစုတွေကို ယုံကြည်ရလိမ့်မယ်။ လူ့အနွယ်ကြီးကို မှန်ကန်တဲ့ ဖို-မဆက်ဆံရေး လမ်းပေါ်ကို ရောက်စေချင်ရင် စိတ်ဓါတ်ကို ချိုးနှိမ်ပစ်တဲ့ ပြင်ပအင်အားစုတွေကို ရှင်းလင်း ဖယ်ရှားပစ်ရလိမ့်မယ်။ ဒါမှ မဟုတ်ရင်လည်း ဘဝကိုထောက်ပင့်တဲ့ ဘဝရဲ့ မူလအစကို ပြန့်ပွားစေတဲ့ အတွင်းအဇ္ဖျတ္တအင်အားစုကို ဖွံဖြိုးအောင်၊ ရှင်သန်အောင်၊ ခိုင်မာအောင် လုပ်ရလိမ့်မယ်။ အဲဒါတွေဖြစ်အောင် ဘယ်လိုလုပ်နိုင်မယ် ထင်သလဲ။

တွိုင်ဘီ - ဖို-မကိစ္စ စည်းဝါးလွတ်မှုကို ကုစားဖို့ တစ်ခုတည်းသောဆေးကတော့ အပြုသဘော ဖြစ်ရလိမ့်မယ်။ ဖို-မကိစ္စ စည်းဝါးလွတ်မှုဟာ လူ့လောကကြီးရဲ့ အနာဂတ်ကို ယုံကြည်မှုကင်းမဲ့တာ၊ မျှော်လင့်ချက်ကင်းမဲ့တာကို ဖော်ပြတဲ့ လက္ခဏာချက်ဖြစ်တယ်။ ကုရာဆေးနည်းကတော့ တက်လာတဲ့ မျိုးဆက်သစ်တွေကို ရည်မှန်းချက်ထားပေးဖို့ပဲ။ အဲဒီ ရည်မှန်းချက်ဟာ မျှော်လင့်ချက်ရှိတဲ့ ရည်မှန်းချက် ဖြစ်ရမယ်။ စိတ်ကူးယဉ်မဆန်ရဘူး။ လက်တွေ့ကျရလိမ့်မယ်။ ဖို-မဆက်ဆံရေး အပြုအမူအတွက် ဘယ်စည်းကမ်း၊ ဘယ်သတ်မှတ်ချက်ဟာဖြင့် ကောင်းတယ်၊ မြတ်တယ်ရယ်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ ခက်တာက လူ့ရဲ့ ဖို-မဆက်ဆံရေးဟာ တစ်စုံတစ်ခုသော စည်းကမ်းသတ်မှတ်ချက်များနဲ့ ထိန်းချုပ်မထားခဲ့ရင် လူဟာ တိရစ္ဆာန်အဖြစ် လျောကျသွားမှာပဲ။ ဒါဖြင့်ရင် အဲဒီစည်းလမ်းသတ်မှတ်ချက်တွေဟာ ဘယ်လို စည်းကမ်းသတ်မှတ်ချက်မျိုးတွေ ဖြစ်ရမလဲ။ လူကို အဟိတိရစ္တာန်နဲ့ အတူတူဖြစ်စေတဲ့ ဇီဝကမ္မ ဗေဒဆိုင်ရာ လုပ်ဆောင်ချက်တွေအနက် ခွအကျဆုံးဖြစ်တဲ့ ဖို-မဆက်ဆံရေး ကိစ္စကို လူ့ဂုဏ်သိက္ခမျိုးရှိအောင် လုပ်ပေးတဲ့၊ လုပ်ပေးနိုင်တယ်လို့ အသိအမှတ်ပြုထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေဖြစ်ဖို့လိုတယ်။

တွိုင်ဘီ - အီကေဒါ
ဆွေးနွေးခန်း
(မြသန်းတင့် - မောင်သာမည) စာမျက်နှာ ၁၁ မှ ၂၀ ထိ။ ။

11 comments:

ဇနိ said...

စာအရှည်ကြီးကို စိတ်ရှည်လက်ရှည် အချိန်ကုန်ခံရိုက်ပေးတာ ကျေးဇူးတင်ပါတယ်။
ဖတ်လို့ကောင်းသဗျာ။ အခေါက်ခေါက်ဖတ်ဦးမယ်။ အဆင်ပြေပါစေဗျာ။

တားမြစ် ထားသော... said...

ကျေးဇူးတင်တယ်ဆိုလို့ ကျေးဇူးပါဗျို့။ :)

Han Thit Nyeim said...

အခုလို စာကောင်းပေမွန်တွေကို ရိုက်ပြီးတင်ပေးတဲ့အတွက် ကျေးဇူးပဲဗျာ။ တော်တော်ဗဟုသုတရတယ်ဗျ

Tea said...

ဗဟုသုတ ရစေတဲ့အတွက် ကျေးဇူးပါ။

NatShinNaung said...

အားလုံးရေးမည့်အစီအစဉ်ရှိလို့ ရေးပြီးသွားတဲ့အချိန်ကျရင် PDF လုပ်လိုက်ပါလားဗျ။ လုပ်ပြီးရင် ကျွန်တော့်ကို သံချောင်း ခေါက်လိုက်ဦးနော်။
ကျေးဇူးဗျို့။

Apprenticeship said...

yeah I want a book too. :) Thanks for sharing brother.

တားမြစ် ထားသော... said...

အကြောင်း အရာလေးကို စိတ်ဝင်စားတယ်ဆိုလို့ ဝမ်းသာပါတယ်။ စာတစ်အုပ်လုံးကတော့ မရိုက်နိုင်လောက်ဘူးဗျ။ အွန်လိုင်းနဲ့ ပီစီကိုသုံးရတာ အကန့်အသတ်ရှိနေလို့ပါ။ ပီဒီအပ်(ဖ) နဲ့တွေ့ရင် မျှဝေပါ့မယ်။ :)

စိုးထက် - Soe Htet ! said...

သေချာ ဖတ်သွားပါတယ် ... ဗျဒ္ဓ ဘာသာရဲ့ သီလနဲက ပါတ်သက်တဲ့ အယူအဆ လေးတွေ ပါ ထည့်လိုက် ရင် ပို ပြည့်စုံသွားမှာ :)

အောင်ကြည်မင်း said...

ကျွန်တော် ဒီရက်ပိုင်းအတွင်းမှာ ဒီအကြောင်းအရာတွေ ခေါင်းထဲမှာ တွေးနေရလို့ ကျေးဇူးဗျာ။ ကျွန်တော့် အတွက်တော့ အမှတ်မထင် ပဲ။ ဒီဘလောက်ကိုတွေ့ ခဲ့ပေမယ့်။ အမှတ်တရ နဲ့ လာလာဖတ်နေပါ့မယ်။

တားမြစ် ထားသော... said...

အလည်လာမယ်ဆိုလို့ အမြဲကြိုဆိုနေကြောင်းပါ၊ ကိုအောင်ကြည်မင်းရေ။

လင်းထက် said...

ကောင်းတယ်ဗျာ လို့ဘဲပြောချင်တော့တယ် တကယ်ပါ လူတွေသိသင့်တဲ့ အချက်လေးတွေပါ.။