Tuesday, April 22, 2008

Earth Day 2008


ကမ္ဘာမြေ(စိမ်းလန်းစိုပြေရေး)နေ့


ကမ္ဘာမြေ ငြိမ်းချမ်းပါစေလို့ပဲ အရင်ဆုတောင်းတာ ကောင်းမယ်ထင်တယ်။ ငြိမ်းချမ်းနေမှလဲ တခြားအလုပ်တွေလုပ်ဖို့ အချိန်ယူနိုင်မယ်လေ။ ချစ်ချင်းအားဖြင့် ဆုတောင်းချင်တာက ကမ္ဘာမြေစိမ်းလမ်းပါစေပေါ့။ ဒီနေ့ ကမ္ဘာမှာ ရှေ့တန်းကိုအရောက်ဆုံး၊ ကျွန်တော်တို့ကို ဆိုးရိမ်လောက်အောင် ခြိမ်းခြောက်နေတဲ့ ပြဿနာက ကမ္ဘာမြေစိမ်းလန်းရေးပေါ့။ သဘောတူလား၊ မတူဘူးလားဆိုတာကို မပြောခင် ဒီနေ့တွေ့ဆုံနေရတဲ့ နေရာဒေသအလိုက် အပူချိန်တွေက သက်သေလိုက်မှာပါ။ စိမ်းလန်းတဲ့ ကမ္ဘာမြေဖြစ်အောင် ပြန်ပြုပြင်ရအောင်လို့ ကြွေးကြော်သံတွေဟစ်၊ စည်းရုံးရေးတွေလုပ်နေယုံနဲ့တော့ အဆင်ပြေမဲ့ အချိန်မဟုတ်တော့ပါဘူး။ ကဲ.. ဒီတော့ ကျွန်တော်တို့ ဘာတွေလုပ်ကြမလဲ။


ဧပြီလ ၂၂ ရက်ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကမ္ဘာမြေစိမ်းလန်းရေး လုပ်ကြပါစို့လို့၊ သတ်မှတ်ကြွေးကြော်ကြတယ်။ တစ်ကယ်တော့ ကမ္ဘာမြေအတွက် စိမ်းလန်းရေးကို နေ့စဉ်နေ့တိုင်း လုပ်နေရမှာပါ။ လုပ်ကြရမယ်ဆိုတာထက် ကျွန်တော်တို့တတွေက ပြန်ပေးဆပ်ရမှာပါ။ ကျွန်တော်တို့လူသားတွေက စားဝတ်နေရေးအတွက်ဆိုပြီး၊ ကျွန်တော်တို့တတွေရဲ့ လိုအပ်ချက်တွေအတွက်ဆိုပြီး သဘာဝတရားရဲ့ ချမ်းသာကြွယ်ဝမှုကို သုံးဖြုန်းလိုက်ကြတာ။ ဘယ်တော့မှ မကုန်နိုင်မခန်းနိုင်မဲ့ ကမ္ဘာကြီးရဲ့ လက်ဆောင်ဆိုပြီးပေါ့။ သဘာဝတရားကြီးကတော့ ယဉ်ကျေးစွာနဲ့ ညီမျှစွာ အချက်ကျကျ တုံ့ပြန်တယ်။ ကျွန်တော်တို့ အသုံးတွေအတွက် ပြန်ပေးဆပ်ရပါမယ်။ ဟုတ်ကဲ့ စာနာမှုရှိစွာပဲ အားလုံးပြန်ပေးစရာ မလိုပါဘူး။ ဂရုစိုက်မှုလေးနဲ့ ပြုစုပေးနေရုံပါပဲ။

ဒီနေ့ ကမ္ဘာမှာ အပူချိန်တွေ တိုးလာလိုက်တာ၊ ဘယ်နေရာ ဘယ်ဒေသမှာမှ သက်သာတယ်မရှိပါဘူး။ အအေးဓါတ်လွန်ကဲတဲ့ တိုင်းပြည်တွေမှာနေရတာ အနည်းအကျဉ်း သက်သာသလိုထင်ရပေမဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာမှာတော့ အပူချိန်လွန်ကဲမှုဟာ ဆိုးရိမ်စရာအခြေအနေဖြစ်နေပါပြီ။ တောတောင်ရေမြေကို ထိန်းသိမ်းပေးနိုင်မှ သဘာဝတရားရဲ့ ဂေဟစနစ်တွေ ကောင်းကောင်းအလုပ် လုပ်နိုင်ပြီး ကမ္ဘာကြီးနဲ့ကျွန်တော်တို့တတွေ သဟဖာတဖြစ်မှာပါ။ သဘာဝတရားကြီး ကောင်းကောင်းအလုပ် လုပ်နေပြီး စိမ်းလန်းတဲ့ တောတောင်ရေမြေနဲ့ဆို ဇီဝမျိုးကွဲတွေကြွယ်နေမယ်။ ကျွန်တော်တို့ လူသားတွေအတွက်လဲ သာယာဝပြောတဲ့ ပတ်ဝန်းကျင်နဲ့ ပြည့်စုံချမ်းသာမှုတွေ ရှိလာမှာပါ။ ကံကောင်းတာကတော့ ပထမဆုံးနဲ့ အရေးအကြီးဆုံး ကျွန်တော်တို့ပြန်ပေးဆပ်ရမှာက တောတောင်ရေမြေ ထိန်းသိမ်းရေးအတွက် အခြေခံကျတဲ့ သစ်ပင်လေးတွေစိုက်ပေးရုံပါပဲ။ ဒီနေရာမှာ ကျွန်တော့်အဖေကို ကျွန်တော်ဆရာလုပ်မိပြီးမှ အရှက်ရတဲ့အကြောင်းလေး ပြောအုံးမယ်။

အညာက အဖေတို့အိမ်ကိုပြန်ရောက်တဲ့ တစ်ခါမှာပါ။ အငြိမ်းစားဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ တရားဓမ္မမှာပျော်နေတဲ့ အဖေ့ကို၊ အဖေရယ် နောင်ကိုယ့်အတွက်ပါတာလဲလုပ် ပြီးတော့ နောင်လာနောက်သားတွေအတွက်ကောင်းမဲ့ အမွေတွေလဲ ချန်ခဲ့အုံးပေါ့။ အမွေချန်တဲ့နေရာမှာ မျိုးဆက်သစ်တွေအတွက် အကောင်းဆုံးအမွေ အရိပ်ရ သစ်ပင်တွေသာ များများစိုက်ပေါ့လို့ ဆရာလုပ်လိုက်မိတာ။ အဖေက အေးအေးဆေးဆေး နားထောင်နေပြီးမှ ဆရာလုပ်မိတဲ့ ကျွန်တော့်ကို သူစိုက်ထားတဲ့ အပင်တွေအကြောင်းပြောပါတယ်။ နောက်ထပ်စိုက်မဲ့ အစီအစဉ်တွေလဲ ပြောပြပါတယ်။ အားကြိုးမာန်တက် မဟုတ်သော်လည်း တစ်ဦးချင်းအနေနဲ့ဆိုရင် အတော်ဟုတ်နေပါပြီ။ ဆရာလုပ်မိတဲ့ ကျွန်တော်သာ ဒီနေ့ဒီအချိန်ထိ စိမ်းလန်းရေးအတွက် ကိုယ့်အခန်းမှာအလှစိုက်ဖူးတာကလွဲရင် ဘာမှမလုပ်ရသေးပါဘူး။ အများနဲ့မယှဉ်ပဲ ကိုယ်တိုင်ပဲယှဉ်ချင်ပါတယ်။ တစ်ဦးစီ ကိုယ်စီကိုယ်ငှ အပင်လေးတွေစိုက်သွားကြမယ်ဆိုရင် စိမ်းလန်းရေးအတွက် ကောင်းမွန်တဲ့ ရလာဒ်တွေရှိလာမှာ အသေအချာပါ။ ဘယ်နေ့မှာတော့ အပင်စိုက်ကြစို့လို့ မပြောလိုဘူးဗျာ၊ ခင်များတို့ ကျွန်တော်တို့ စိတ်မှာဒီအလုပ်လေးကို စွဲထားပြီး အချိန်ရတိုင်း စိတ်ပါတိုင်းမှာ အပင်စိုက်ကြစို့ဗျာ။ မကောင်းဘူးလား။ ။

သုခမိန်

9 comments:

ဇနိ said...

ဖတ်လို့ကောင်းသဗျ၊ ကျနော်လည်း ဆုတောင်းပါတယ်။ ကမ္ဘာမြေ စိမ်းလန်းပါစေ။ ကမ္ဘာမြေ(စိမ်းလန်းစိုပြေရေး)နေ့ကို အမှတ်တရရေးထားတဲ့ ဆောင်းပါးလေးကိုဖတ်ရရင်း ဘယ်သူ့ ဟာသမှန်းမသိဘူးဗျ ကြားဖူုးတာလေး ပြန်ပြောပြဦးမယ်။ သစ်ပင်တွေ စိုက်ရမယ်ဆိုတော့လည်း စိုက်စိုက်နဲ့ လုပ်ကြသတဲ့၊ နောက်နေ့ကျ သစ်ပင်လာခုတ်ကြပြန်ရောတဲ့၊ လမ်းချဲ့မှာ ဆိုလား၊ ဘာဆိုလား၊ ဘယ်လိုတုန်းဗျဆိုပြီးမေးတော့ ကျနော်တို့က ခုတ်တဲ့နောက်တစ်ဖွဲ့ခင်ဗျ လို့ ပြောသတဲ့။
ဆုတောင်းရုံတင်မဟုတ်ဘဲ ကမ္ဘာမြေစိမ်းလန်းရေးအတွက် လူတိုင်းက ကိုယ်နိုင်သလောက်ပါဝင်လုပ်ဆောင် စိုက်ပျိုးကြရင် မလုပ်တာနဲ့စာရင်တော့ ပိုပြီးကောင်းမှာ အသေအချာပါပဲ။

99 said...

သိပ်ဟုတ်တာပေါ့ ဘရိုရာ။ တဦးချင်း တယောက်ချင်းစီ တာဝန်သိတတ်ရင် တာဝန်ယူမယ်ဆိုရင် ကမ္ဘာကြီး ပြန်စိမ်းလန်းလာမှာပေါ့ ..
ကျနော်လည်း ခုကစပြီး စိုက်တော့မယ်ဗျို့ ..။
ပတ်ဝန်းကျင်ကိုလည်း အသိပေးမယ် ကိုယ်ကိုယ်တိုင်လည်း ကြိုးစားမယ် ..။
ကျနော်တို့ ကမ္ဘာကြီး အမြန်ဆုံး ဘေးကင်းရာမှာ စိမ်းလန်း ငြိမ်းချမ်းပါစေဗျာ။ (ကျနော့်ပျိုးခင်း အတွက် အချိန်ပေးသွားလို့ ကျေးဇူးပါပဲ ဘရို)

တားမြစ် ထားသော... said...

ဟုတ်ကဲ့.. အဲဒီ ခုတ်တဲ့နောက်တစ်ဖွဲ့ကို ခုတ်ပြစ်လိုက်ချင်တယ်။ လည်ပင်းကနေခုတ်ရမယ်။ ဒီလူတွေမှာ လွှင့်ပြစ်စရာအကောင်းဆုံးက ခေါင်းတစ်လုံးကိုဗျ။ အပင်ကတော့ စိတ်ပါသလောက် စိုက်သင့်သဗျာ။ တစ်ကယ်လိုအပ်နေတယ်၊ အညာမှာက သိသာလွန်းလို့ ပြောတာပါ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကျနော်လည်း ကျနော့် ရွာလေးကို Google Map ကကြည့်တိုင်း မြင်ရတာက စိတ်မချမ်းသာစရာဗျို့ ။ အပင်တွေ တော်တော် နည်းသွားပြီပဲဗျ။ ကျနော်တို့ သွားနေကျ ဘုန်းတော်ကြီးကျောင်းတောင် ဆရာတော် တားမြစ်ထားလို့ အပင်တွေနဲ့ စိမ်းစိမ်းစိုစို မြင်ရတာ။ လူတွေက ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ အသိဥာဏ် နဲတာ၊ ဆင်းရဲကြပ်တည်းကြတာ က အပင်တွေကို လက်လွတ်စပယ်ခုတ်ကြတဲ့ အကြောင်းအရင်း ဖြစ်မယ်ထင်တယ်။ သစ် ပင်တစ်ပင်ခုတ်ပြီး နောက်တစ်ပင် အစားထိုးစိုက်ဖို့ နဲနဲလေး ဂရုပြုရကောင်းမှန်း သိကြရင် ကျနော်တို့ ကမ္ဘာကြီး စိမ်းလန်းသာယာ လျက် ဆက်လက် ရှိနေမယ်လို့ ယုံကြည်ရင်း ပညာပေးဖို့ပါ အကြံပြုပါတယ်ဗျို့ ။

ရွက်ဝါ said...

ကိုသုခမိန်ရေ...
ကောင်းတယ်ဗျာ။ ဒီပို့လေးကိုတော့ တော်တော်လေးကိုပဲ ကြိုက်သွားပြီ။ ကျွန်တော်လည်း စဉ်းစားကြည့်မိတယ်။ ကိုသုခမိန်လိုပဲ။ ဘာတစ်ပင်မှကို မစိုက်ဖူးသေးတာ။ ဒါပေမယ့် မခုတ်မသတ်ဖူးသေးတာလေးကိုပဲ ပြန်ကျေးဇူးတင်ရမလိုဖြစ်နေပြီ။ ဒါပေမယ့် မိဘကိုတော့ ဆရာမလုပ်ဖူးသေးဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ပြောတာပါ။

အကျယ်ကြီး လျှောက်စဉ်းစားရင် မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အလုပ်ကို ဒီအခြေအနေနဲ့ လုပ်နေလို့ကတော့ ထိရောက်နိုင်မယ်မထင်ဘူး။ ပြင်စရာတွေ အများကြီးရှိသေးတယ်ဗျာ့။ နိုင်ငံသားတိုင်းအတွက် ပါဝါလိုအပ်ချက်က လျှပ်စစ်ဘက်က ပြည့်ဝအောင်မှ မပေးနိုင်တာ။ ထမင်းချက်လဲ ထင်းနဲ့ မီးသွေး။ ဟင်းချက်လည်း ထင်းနဲ့ မီးသွေး။ ဘယ်လိုလုပ်ကြမလဲ။ ပြီးတော့ အကြော်ဖိုလို စီးပွားရေးလုပ်ငန်းတွေကလည်း ရှိသေးတယ်။ အစားထိုးစရာလောင်စာမှ မရှိရင် ဒီအပင်တွေပဲ အားကိုးနေရတာ။ ဆေးပေါင်းရုံလုပ်ငန်းတွေကိုတော့ အဆိုးဆုံးစီးပွားရေး လို့ထင်တာပဲ။ အဲဒီတွေမှာ တစ်နှစ်တစ်နှစ် သုံးတဲ့ထင်းတွေ ပြချင်တယ်ဗျာ။ ပတ်ဝန်းကျင်ထိမ်းသိန်းရေး သမားမျက်စေ့နဲ့ ကြည့်ရင် မျက်ရည်တောင်ကျလောက်တယ်။ ကျွန်တော်တောင် တွေးတွေးပြီး အရမ်းဝမ်းနည်းမိတယ်။

နောက်တစ်ခုက ကျွန်တော်နဲ့တော့ မနီးစပ်ပါဘူး အမွှေးတိုင်လုပ်ငန်းတွေကလည်း သစ်ကြီးဝါးကြီးတွေ တော်တော် သုံးရတယ်တဲ့။ ကြားဖူးတာပဲ။ ကဲဘယ်လိုလုပ်ကြမလဲ။ အဲဒီစီးပွားရေးလုပ်ငန်းတွေက အထက်က တားမြစ်ထားသောပြောတဲ့ အညာဒေသမှာအရမ်းထွန်းကားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေပါ။

ဒီစီးပွားရေးလုပ်ငန်းတွေကို ပိတ်ပစ်ရမှာလား။ သူ့မှာလည်း သူ့ဝန်ထမ်းနဲ့ သူ့အလုပ်ရှင် ဒါကိုအားကိုးနေရတဲ့လူတွေက အများကြီးပဲ။ တစ်ခြားလောင်စာတစ်မျိုး အစားထိုးပေးကြမှာလား။ ကျွန်တော်ကတော့ မစဉ်းစားတတ်အောင်ပဲ။ ကျွန်တော်တို့ရွာဘက်တွေမှာဆိုရင် ထင်းနဲ့ မီးသွေးကိုပဲ လောင်စာအဖြစ်သုံးနေကြတုန်းရှိသေးတယ်။ ထမင်းနဲ့ ဟင်းချက်စားကြတာ။ မချက်လို့မှမရတာ။ ကျွန်တော်တို့ရွာလေးဆို ခုထိမီးမရသေးဘူး။ သူတို့ကို ကျွန်တော်တို့ ဘယ်လိုပစ်တင်ကြမလဲ။ ပတ်ဝန်းကျင်ကို မချစ်တတ်တဲ့လူတွေတော့ မဟုတ်ကြပါဘူး။ ကွန်ပြူတာ အင်တာနက်သုံးတတ်တဲ့လူတွေလောက် အမြင်မကျယ်တာကတော့ သေချာတာပေါ့ဗျာ။ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေး ဗဟုသုတတွေလည်း မကြွယ်ကြဘူပေါ့။ ဒါပေမယ့် သူတို့ထင်းခုတ်နေတာက ပတ်ဝန်းကျင်ပျက်စီးပါစေဆိုတဲ့ စေတနာဆိုးကြီးနဲ့တော့ မဟုတ်ကြပါဘူး။ သူတို့ရဲ့နေ့စဉ်စားဝတ်နေရေးးပါ။

ကိုတာတူးပြောသွားတဲ့ ဆရာတော်တားထားလို့ စိမ်းစိမ်းစိုစိုမြင်ရတယ်ဆိုတာလည်း ဟုတ်မှာပါ။ ဒါပေမယ့် စားဝတ်နေရေး အတွက် လက်တွေ့အခက်အခဲနဲ့ ရင်ဆိုင်လာရရင်တော့ ဆရာတော်လည်း ဆက်ပြီး ပိတ်ပင်တားမြစ်တော့မှာ မဟုတ်လောက်ပါဘူး။ သူ့ဘက်ကဖြည့်ဆည်းမှုတစ်ခုခုပေးနိုင်မယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။

အအေးဒဏ်ကို ကာကွယ်နေရတဲ့ ကချင်တို့လို ချင်းတို့လို ဒေသတွေ ဆိုရင်ရော၊ ရောက်တော့ မရောက်ဖူးပါဘူး။ ဒါပေမယ့် သူတို့လည်း လျှပ်စစ်က မပြည့်ဝလောက်ဖူးထင်တာပဲ။ ပိုဆိုးဖို့ပဲရှိတယ်။ ဒီသစ်ပင်တွေမှအားမကိုရင် ဘာနဲ့ အအေးဒဏ်ကို ကာကွယ်ကြတော့မလဲ။ သူတို့လည်းဗျာ မိုးလုံနှင်းလုံ တိုက်ခန်းသန့်သန့်လေးထဲမှာ မီးခိုးမမွှန်၊ ပြာမထွက်တဲ့ လျှပ်စစ်အပူပေးစက်လေးတွေနဲ့ နေချင်ကြမှာပေါ့။ ဒါပေမယ့် လျှပ်စစ်ကမှမရှိတာ။ ကျွန်တော်တို့နိုင်ငံမှာ အဲဒီပါဝါ မလုံလောက်တဲ့ ပြဿနာက တော်တော်ကြီးတယ်ဗျာ့။ အဲဒီပြဿနာကြီး မပြေလည်သေးသမျှ ထမင်းဟင်းချက်ဖို့၊ အပူဒဏ်ကာကွယ်ဖို့၊ စီးပွားရေးလုပ်ငန်းသုံးဖို့ သစ်တွေကခုတ်နေရဦးမှာပါပဲ။ နိုင်ငံတွင်းက သဘာဝ သစ်တောကြီးတွေ ပြုန်းတီးသွားတဲ့ကိစ္စမှာ ဒီထက်ပိုဆိုးတဲ့ ပြဿနာတွေလည်း ရှိနေဦးမယ်ဗျာ့။ ဆက်မပြောချင်တော့ဘူး။ ပြောရရင် စကားက အဲဒီမှာပဲလမ်းဆုံးဆုံး သွားမယ်။

ကိုသုခမိန်ရေးထားတာတွေကတော့ ပြောစရာမရှိပါဘူး။ အားလုံးကောင်းပါတယ်။ ကျွန်တော်လည်း ကိုယ်စဉ်းစားမိတာတွေ ချရေးလိုက်တာပါ။ အရှည်ကြီးဖြစ်သွားတယ်။ မဖြစ်မနေလိုအပ်ချက်အရ ခုတ်နေရတာတွေရှိနေပေမယ့် အတတ်နိုင်ဆုံး ချွေချွေတာတာနဲ့ သုံးတတ်ကြမယ်ဆိုရင်၊ ပြီးတော့ လူအားလုံးက ကိုသုခမိန်တို့ပြောသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဗဟုသုတလေးတွေ ရှိမယ်ဆိုရင် ပြန်လည်နလံမထူနိုင်ရင်တောင် အတိုင်းအတာတစ်ခု အထောက်အကူတော့ ပြုမှာပါ။ သမုဒ္ဓရာထဲက ရေတစ်စက်ပမာဏပေါ့။

ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်ဆက်သွယ်ရေး၊ စာတိုက်/ကြေးနန်း/တယ်လီဖုန်း/ကွန်ပြူတာ အင်တာနက် ဆက်သွယ်ရေး အစစ အရာရာပဲဆိုပါတော့ အောက်တန်းကျနေတာ၊ ခေတ်မမီတာ တွေးလိုက်ရင် မလွတ်လပ်မှုဆိုတဲ့ ဆီမှာပဲ လမ်းဆုံးဆုံးသွားတယ်။ ပြီးတော့ ငါဘာမှကိုယ်မတတ်နိုင်ပါလားဆိုပြီး စိတ်ဓါတ်တွေလည်း ကျကျသွားတယ်။ တတ်နိုင်သလောက်တော့ အများကောင်းအောင် လုပ်ဥိးမယ်ဆိုပြီး စိတ်ဓါတ်လေးကို ပြန်တင်တင်ထားရတယ်ဗျာ။ လက်ရှိအနေအထားကတော့ ကိုကျော်သူတို့၊ မသန်းမြင့်အောင်တို့လို ဖြူစင်တဲ့ လူမှုရေး ကူညီမှုလေး ဆောင်ရွက်တာကိုတောင် လွတ်လပ်မှု မရှိတဲ့အခြေအနေ။ ကမ္ဘာမြေစိမ်းလမ်းပါစေ။ ဆိုတာအပြင် မြန်မာပြည် လွတ်လပ်ပါစေ လို့ဆုတောင်းနေရသေးတယ်။

သီးခံပြီးသာဖတ်မေတော့ ကိုသုခမိန်။ အားလုံးအတွက်ကျေးဇူးပါ။

တားမြစ် ထားသော... said...

ကိုရွက်ဝါရေ အရှည်သဖြင့် ဆွေနွေးသွားတာ ကျေးဇူးပါ။ ကျွန်တော်တို့ နိုင်ငံမှာ စွမ်းအင်လိုအပ်ချက် အတွက်ဆိုပြီး ကုန်သွားလိုက်တဲ့ အပင်တွေကိုက နည်းမှမနည်းပဲ။ တခြား လိုအပ်ချက်တွေအတွက်ကရှိသေး။ အကောင်းဆုံးတွေတော့ ချက်ချင်းမရနိုင်သေးဘူးတွေးတယ်။ အဲဒါကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ၊ ဖြစ်နိုင်တဲ့ဘက်ကနေ အရိပ်ရပင်တွေ စိုက်တာကောင်းမယ် တွေးတာ။ တစ်ကယ် စိမ်းလန်းရေးအတွက် လုပ်မယ်ဆိုရင်တော့ ထည့်သွင်းတွက်ချက်ရမဲ့ ကဏ္ဏလေးတွေ များလာမယ် ထင်တယ်။ အင်တိုက်အားတိုက်နဲ့ အချိန်မဆိုင်းတော့ပဲ လုပ်သင့်တာတွေထဲမှာ ဒီကိစ္စလဲပါမယ်ထင်ပါတယ်။ မပါသေးရင်လည်း ပါသင့်နေပါပြီ။ အခြေခံအကျဆုံးကတော့ လူထုကို ဒီကိစ္စမှာ အသိဝင်လာအောင် လုပ်ရမှာပါ။ လှုပ်ရှားမှုတွေရှိလား၊ မရှိလားထက် တွေးမိတဲ့ (ဒီကိစ္စကို စိတ်ဝင်စားမိတဲ့) ကျွန်တော်တို့က တတ်အားသလောက် ကိုယ့်ပတ်ဝန်းကျင်ကို အသိပေးကြတာပေါ့ဗျာ။

ကျေးဇူးပါ ကိုရွက်ဝါ။

ရွှေဂျမ်း said...

ပို့စ်လေးကိုရော ဆွေးနွေးထားတာလေးတွေကိုရော စိတ်ဝင်စားစွာ ဖတ်သွားပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ renewable resources ဆိုင်ရာပြဿနာတွေဟာ ကိုရွက်ဝါ ဆွေးနွေးသွားသလို နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်တယ် ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလို အခြေအနေတွေ အတွင်းမှာ တတ်နိုင်တဲ့ လူတွေကလည်း မိမိတို့ တတ်နိုင်တဲ့ ဘက်က လုပ်နိုင်တာတွေ အများကြီးလည်း ရှိပါတယ်။ မိမိတို့ နေ့စဉ် နေထိုင်မှု ဘ၀တွေထဲမှာ ပတ်ဝန်းကျင်အတွက် အသိစိတ်လေး ထည့်ထားရင်း နေထိုင်ကြမယ် ဆိုရင် ကောင်းကျိုးတွေ ရလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိတရား ပြန့်ပွားရေးအတွက် စိမ်းလန်းစိုပြေ တို့မြန်ပြည်ဆိုပြီး ဘလော့တစ်ခု စထားတာ ရှိပါတယ်။ စိတ်ဝင်စားသူများကို ၀င်ရောက်ရေးသားဖို့ ဖိတ်ခေါ်လိုပါတယ်။ ရေးသားဖို့ စိတ်ဝင်စားရင် စီပုံးမှာ ရေးပြီးဖြစ်စေ၊ အီးမေးလ်ပို့ပြီး ဖြစ်စေ ပြောလိုက်ရင် ဖိတ်ခေါ်လိုက်ပါ့မယ်။ ဘလော့လိပ်စာက greenmyanmar.blogspot.com ပါ။

Apprenticeship said...

A very productive post. Yes, we must take care of it.

U Aung said...

အသိပညာပေး ဆောင်းပါးတွေ ဖတ်ရတာ ကောင်းပါတယ်ခင်ဗျာ။ ကျွန်တော်မြင်သလောက် အကြံဥာဏ်တစ်ခုပေးချင်တာက ကမ္ဘာမြေ စိမ်းလန်းစိုပြေရေးအတွက် လူတစ်ဦးချင်းစီက သို့မဟုတ် အဖွဲ့အစည်း တစ်ခုချင်းစီက ဘယ်နေ့က ဘယ်နေရာမှာ ပါဝင်သူဘယ်လောက်နဲ့ မည့်သည့်သစ်ပင်အမျိုးအစား အပင်အရေအတွက် ဘယ်လောက်ကို စိုက်ပျိုးလိုက်ကြောင်း စုပေါင်းသတင်းပေးတဲ့ ကဏ္ဍလေးတစ်ခု ဖန်တီးပေးမယ်ဆိုရင် ဖတ်ရှုသူအပေါင်း အားတက်စရာ ဖြစ်လာပြီး ကိုယ်တိုင်လည်း တစ်ခုခုတော့ စလုပ်ဖြစ်လာမယ်လို့ ထင်မြင်မိပါကြောင်း လေးစားစွာဖြင့် အကြံပြုပါတယ်ခင်ဗျာ။