Thursday, February 28, 2008

တိမ်ချည်ကြိုး

လက်အုပ်ချီလိုက်တယ်ဆိုရင်ပဲ
ရေနံဆီမီးရောင်နဲ့
မျက်ရည်ကြောင်း ပြောင်ပြောင်ကိုတွေ့တယ်
" သွားလမ်းသာလို့ လာလမ်း ဖြောင့် ပါ စေ . "တဲ့ . . . . .


ထန်းရွက်တဲ ၊ ဖုန်လုံးနဲ့
ရှိုက်သံသဲ့သဲ့ကို ချန်ခဲ့တယ်
လွယ်ထားတဲ့ အိတ်ထဲမှာတော့
ဆန္ဒတွေ အပြည့်အသိပ် . . . . .

အတွေးမှားတယ်
လမ်းမှားတယ်
ဒဏ်ရာ အနာတရ များတယ်
မြို့ပြကြိုးတန်းပေါ် အပြေးအလွှား
မေမေနေကောင်းလား သီချင်း နားထောင်ရင်း
အမေ မကြိုက်တဲ့လမ်းဆီ . . . . .


" ကောင်းကောင်းနေချင်ရင်
ကောင်းကောင်းနေ
ကောင်းကောင်းမနေချင်ရင်
ကောင်းကောင်းမနေနဲ့ "
အမေက ထည့်ပေးလိုက်တယ်
ကျွန်တော်က အရံစာရင်းမှာ ထားတယ်
" တမိပေါက် တယောက်ထွန်းလေး "တဲ့
ကျွန်တော် တကယ်သေသင့်တာပဲ . . . . .

ရထားဥသြသံဟာ
ထူးအိမ်သင်ရဲ့ အပြန်ပဲဖြစ်မယ်
မိုးခေါင်တဲ့ အကြောင်းပဲဖြစ်ဖြစ်
မြေပဲဖော်တဲ့ အကြောင်းပဲဖြစ်ဖြစ်
ခဲတံတုံးတုံးနဲ့ လက်ရေးကသာ
ကျွန်တော် မျှော်နေတဲ့စာပါ . . . . .

မလိမာ တစ်ခါ မိုက်စမြဲတဲ့
မရေတွက်နိုင်တဲ့ မိုက်တွင်းနက်ထဲ
အမေ့မေတာနဲ့ကျင်ယူလို့
အခု နေကောင်းဖို့ ကြိုးစားနေပါတယ်အမေ . . . . .

ရောက်ရာအရပ်က
အလွမ်းကို တီးခေါက်ကြည့်လိုက်တိုင်း
ပထမဆုံး မြည်လာတဲ့အသံက
" လူလေး " လို့ ပဲ့တင်ထပ်တယ် . . . . . ။

. ဝေလင်းသီ

(ကိုဝေလင်းသီရေ ကဗျာလေးကို ခံစားရလွန်းလို့ Web ပေါ်တင်ပေးလိုက်ပါတယ်ဗျာ ။)


3 comments:

ဆိုးသွမ်း said...

လက်အုပ်ချီလိုက်တယ်ဆိုရင်ပဲ
ရေနံဆီမီးရောင်နဲ့
မျက်ရည်ကြောင်း ပြောင်ပြောင်ကိုတွေ့တယ်
" သွားလမ်းသာလို့ လာလမ်း ဖြောင့် ပါ စေ . "တဲ့ . . . . .

စာသားက နုတ်ဆက်နေတဲ့ မြင်ကွင်းကို
ပေါ်လွင်တာပဲ ။ ကောင်းတယ် အစ်ကိုတို့ရေ။
အဆင်ပြေပါစေဗျာ။

မြန်မာပြည်ကိုလွမ်းတယ် said...

ကောင်းတယ်အကို၊လူလေးလို.ပဲ့တင်ထပ်နေ
တယ်ဆိုတဲ့စကားလုံးလေးသိပ်လှတာပဲ။

မင်းရဲရှင် said...

တမ်းတသည့် စိတ်နဲ့ အမေ့နား
ရောက်သွားမိ၏။။။။အတွေးသည်
လှပလွန်းလှသည်....
ကျွန်တော့်အတွက် ရသ အကုန်ပါ၏..