နှင်းဆီရနံ့ကို
လိုလားတောင့်တနေဆဲ . . . . .
နှင်းဆီဟာ
တစ်နေ့ထက်တစ်နေ့
အရောင် ရင့် ရင့်လာတယ် . . . .
နယုန်မိုး
(အကိုကြီးတစ်ယောက်ရဲ့ ရင်တဲက စကားစုတွေပေါ့ဗျာ ။
Blog မှာဝေမျှပေးတာပါ ။)
Sunday, November 18, 2007
ပုပ်သိုးနှစ်
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 10:07 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, တာတူး (ဝါ) အမေ့ခံလူတစ်ယောက်
ကျေးဇူးပြု၍ . . . . . .
ချစ်သူကို သတိမရတဲ့သူ ဘယ်သူရှိပါသတဲ့လဲ
ပျော်ရွှင်နေစေချင်ကြသူချည်း
နီးခြင်း ဝေးခြင်း ဆိုတာ ပညတ်ချက်တွေပါပဲလို့ ဆိုခဲ့သူရေ
ကောင်းကင်နဲ့မြေလွှာလို ထာဝရ ဝေးကြရင်ရောကွယ် . . . .
ကျနော်လား . . . . . အချစ် တောက် နေတယ်
နေလို့လည်းမကောင်းပါခင်ဗျား . . . .
ရာသီကလည်း အလွမ်းကိုဆာလောင်နေလိုကို အငြိုးတကြီး
လမင်းကြီးတောင် မျက်နှာတစ်ဖက်ဝှက်လို့
စုံတွဲတွေကလည်း လှောင်ပြောင်ဖို့ မနက်ဆို အချိန်မှန်
ဟယ် . . . . ငါ့ကံပါပဲ လို့ ပုံပုံ ချလွန်းလို့
အခွန်တောင် နှစ်ဆ ဆောင်နေရတာလည်း ကြာပြီ ။
ကံ့ကူလက်လှည့်ဆရာရေ
ကျနော့်နှလုံးသားကို နေသားတစ်ကျဖြစ်အောင် ကူပါဦး
အသစ်မဖြစ်တာ သေချာနေပေမယ့်
အချစ်နဲ့ အရာရာ နေသားတကျ ဖြစ်ပါရစေ ။ ။
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 9:13 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, တာတူး (ဝါ) အမေ့ခံလူတစ်ယောက်
Thursday, November 8, 2007
ကျနော်တို့နိုင်ငံ၏ပညာရေး( အင်ဂျင်နီယာပိုင်း)
ကျနော်ခုရက်ပိုင်း ရုံးပိတ်ရက်ကလည်းဆက်တာနဲ့ အပြင်မှာ အချိန်ကုန်တာများပါတယ် ။ အပေါင်းအသင်းသစ်တွေလည်းရပါရဲ့ဗျာ ။
ကျနော်တစ်ခု သတိထားမိတာက အားလုံးက ကိုယ့်တိုင်းပြည်ကိုကောင်းစားစေချင်ကြသူချည်းဗျ ။ ကျနော်သူတို့အသံတွေကို နားထောင်ကြည့်တယ် တစ်ချို့ကတော့ အားမလိုအားမရ ၊ တစ်ချို့လည်း တက်တက်ကြွကြွ ။
ဒါနဲ့ ကျနော့်အသံကို ဘလော့မောင်နှမတွေကြားဝေမျှချင်ပါတယ်။ နိုင်ငံ့အရေးလိုပဲ ခေါင်းစဉ်မြင်စေချင်ပါတယ်။
ကျနော်သတိထားမိတာတစ်ခုရှိတယ်။ ကျနော်တို့ငယ်ငယ်က ဂျီတီအိုင်ကျောင်းဆင်းတို့ အာအိုင်တီကျောင်းဆင်းတို့ဆိုတာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေဗျ။ အနာဂတ်သေချာပြီးသားဆိုပါတော့ဗျာ။
ဆေးကျောင်းသားဆိုလည်းထို့အတူပေါ့။ နိုင်ငံခြားထွက်လည်း အားလုံးက နွေးထွေးစွာ ကြိုဆိုပါ၏ပဲ ။ ကိုယ့်ဘာသာကိုလည်း ယုံကြည်စိတ်အပြည့်ရှိကြတာ ဗျ။ ကျနော်ထင်တာမမှားဘူးဆိုရင် ခုနောက်ပိုင်း ကျနော်တို့မျိုးဆက်မှာ ကိုယ့်ကိုယ်ကိုရော သူများကကိုယ့်ကို မြင်ကြပုံပါ ယုံကြည်မှူ့က သုညနားကပ်ကပ်လာသလိုပဲ။
ကျနော်တို့ အချိန်တွေကုန် ငွေတွေကုန် လူပင်ပမ်းစိတ်ပင်ပမ်းခံပြီးကျောင်းတွေတက်ကြ ပညာတွေရှာကြတာဟာအနာဂတ်တစ်ခုခိုင်မာဖို့ဆိုတဲ့ အတွေးတွေ ၊ မျှော်လင့်ချက်တွေ၊ အိမ်မက်တွေက ၈၀ ရာခိုင်နှုန်းထက်ပိုမယ်ထင်ပါတယ်။ မိသားစုကလည်းထို့အတူ ထပ်တူထပ်မျှနီးနီးပါ။ ခုကျနော်တို့ဘာတွေဖြစ်နေကြပါသလဲ၊ ကျနော်တို့မြင်တာကတော့ တစ်ခုခုတော့ မှားနေတယ်ထင်ပါရဲ့။ မြန်မာတွေမညံ့ကြတာတော့ အစဉ်အလာနဲ့ကို ချီပြီးပြောလို့ရပါတယ်။ ခုထိလည်း သက်သေပြနိုင်ကြဆဲလို့ ကျနော်ရိုးသားစွာ ယုံကြည်ပါတယ်။
ခုအတိုင်းဆက်သွားကြရင်တော့ ကျနော်တို့ဟာ ကျနော်တို့ရဲ့ လူသားအရင်းအမြစ်ကို ကောင်းစွာအသုံးချခွင့် ဆက်လက်ဆုံးရှုံးနေရဦးမည်ဟု ကျနော်ထင်ပါသည်။ ပိုးသာကုန် မောင်ပုံစောင်းမတတ် တော့ မဖြစ်စေ ချင် လှပါ။
လျာရှည်တယ်လို့ပြောလည်းခံရမှာပါပဲ ။ ကျနော့်ကိုမေးခွန်းတစ်ခုမေးခွင့်ပြုပါ။
ကျနော်တို့ ဘယ်လို များပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်နိုင်ပါသေးလဲခင်ဗျာ။ အကြံပြုပေးကြပါလို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ် ။
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 10:43 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် တာတူး (ဝါ) အမေ့ခံလူတစ်ယောက်, ပညာရေး
အချစ်
............ရေ လို့
သူသူငါငါ ဟစ်ကြွေးကြဖူး
တမ်းတဖူးသည်
အချစ်ဆိုတာ . . . . .
အလွမ်းတဲ့ဗျာ
နောက်ဆက်တွဲ အရှည်ကြီးနဲ့ရထား
တစ်ရွေ့ရွေ့နဲ့ အိပဲ့ပဲ့ သွားတာခက်တယ်
ကျန်ခဲ့တဲ့ . . .
မနက်တွေ
ညတွေ
နာမ တွေကို ဖွဖွလေးရွတ်
နှင်းဆွတ်တဲ့ မနက်လည်းလွမ်း
ဥသြသံကြားလည်းအလွမ်းပို
မိုးသည်းထဲဆို နေလို့ကိုမရ
ဒါ . . . .
အချစ်၏ နောက်ဆက်တွဲ က ခ ဂ တွေပေါ့ ။ ။
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 10:11 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, တာတူး (ဝါ) အမေ့ခံလူတစ်ယောက်
"အမေ" ၊ "ထယ်ခဲ ကြားထဲက ကြာပန်းတစ်ပွင့်"
တာတူး အမေရဲ့ အသက် ၆၀နှစ်ပြည့် အမှတ်တရ Post တင်တာပါ။တာတူးမှာ မဟုတ်မခံတတ်သော၊ တရားမျှတမှူ့ကိုမြတ်နိုးသော၊ အားနည်းသည့်ဘက် မှန်သည့်ဘက်တို့မှ ရပ်တည်တတ်သော ဂုဏ်ယူဖွယ်ရာ မိဘများရှိပါတယ်။ သား တို့ရဲ့ ထုံးစံအတိုင်း တာတူးက အမေကို ပိုချစ်ပါတယ်။ လူ့ဘ၀ထက်ဝက်ကျိုးလာချိန်အထိ လူမဖြစ်သေးသော (လုဘ၀က မတတ်သေးသော) တာတူးဆိုတဲ့သားတစ်ယောက်ကို အသက်နှင့်ရင်း၍မွေးဖွားပေးခဲ့သော ကျေးဇူးရှင်အမေရဲ့အကြောင်းပါ ။
"ထယ်ခဲ ကြားထဲက ကြာပန်းတစ်ပွင့်" အကြောင်းကို မပြည့်စုံသေးသော်လည်း တာတူးတတ်နိုင်သမျှ ပုံဖော်ထားတာပါ။
အမေက အခြေခံပညာရေးဘက်က ကျောင်းဆရာမတစ်ယောက်ပါ။ အမေ့အမည်က ဒေါ်သန်းရှင်လို့ခေါ်ပါတယ် ။ငယ်ငယ်ကထဲက မဟုတ်မခံတတ်သောကြောင့်မိနှုတ်သီးလို့ ခေါ်ကြပါတယ်။ အမေက သူတို့မောင်နှမ (၇)ယောက်မှာ သမီးဦး ပြီးတော့ တာဝန်လည်း သိတတ်တော့ မိဘလက်ငုတ်လယ်ယာအလုပ်ကို ဆက်မလုပ်ပဲ သူမအိမ်မက်ဖြစ်သော ကျောင်းဆရာမ အလုပ်ကို လုပ်ခဲ့ရတာဟာ လွယ်ကူသောလမ်းကြောင်းတော့ မဟုတ်ခဲ့ပါ။ ငယ်ငယ်ကတည်းက ရွာဦးကျောင်းမှာ သင်္ဂြိုလ် တွေ ၊ သင်ပုန်းကြီးတွေ သင်ကတည်းက ဥာဏ်ကောင်းပြီး စွာလည်းစွာလို့ လူသိများတယ်လို့ ဆရာတော်ကြီးက မိန့်ကြားဘူးပါတယ်။ အမေက ရွာကျောင်းမှာ လေးတန်းအောင်ပြီးတော့ ၈ တန်းအထိကို မြို့ကျောင်းမှာ ခြေလျင်သွားပြီးတက်ခဲ့ရတာပေါ့။ အမေတို့ခေတ်တုန်းက စက်ဘီးဆိုတာကလည်း လူတန်းစားတစ်ရပ်ရဲ့ အဆောင်အယောင်တစ်ခုအဖြစ်ရပ်တည်ဆဲကာလပါ ။ ၉တန်း (အဲဒီခေါတ်က တန်းမြင့်ကျောင်းလို့ ခေါ်သော) မှာတော့ အနီးအနားမှ မြို့ကြီးတစ်ခုမှာ မနက် စာပို့လော်ကယ်နဲ့သွား ညနေ စာပို့လော်ကယ်နဲ့ပြန်လာ ပြီးကျောင်းတက်ရတာပေါ့ ။ ခြံထဲက အသီးအနှံရောင်းဖို့ ရှိရင်လည်း ကျောင်းလွယ်အိတ်ကို တောင်းထဲမှာထည့်ရွက်ပြီး ကျောင်းမတက်ခင် ဈေးရောင်းပြီး ကျောင်းတက်ခဲ့ရတဲ့ ဘ၀ပါ။ ပညာဆိုတာကို လိုချင်စိတ်ရှိလွန်းလို့သာ ဒုက္ခခံပြီးကြိုးစားခဲ့ရတာလို့ အမေက သူ့အတိတ်ကို ပြန်ဆောင်ပါတယ်။
သူနဲ့ကျောင်းသွားဖော်တွေအကြောင်းကို ယခုအထိ အမေက မမောနိုင် မပန်းနိုင်ပြောပြချင်တတ်ဆဲ။ ပိုက်ဆံရှိပြီး အနည်းငယ်ရုပ်လှသော်လည်း အလှပြင်ရန်ထက် ပညာတတ်ဖို့ စာတတ်ဖို့သာ အားသန်ခဲ့သော မိသန်းရှင် လို့အမေ့သူငယ်ချင်းများက ပုံဖော်ကြပါတယ် ။
အမေက (၉)တန်းအောင်တော့ ကျောင်းဆရာမ၀င်လုပ်ပါတယ်။ သူမအိမ်နဲ့ဝေ:ကွာလှသော တောစပ်ကရွာလေးတစ်ရွာမှာ တာဝန်ကျပါတယ် ။ အဲဒီကာလက ခေတ်ပျက်ကြီးဆိုတော့ အမေ့အိမ်က သွားရောက်တာဝန်ထမ်းဆောင်ဖို့ သဘောမတူပါ။ ရွာကျောင်းမှာပဲ ဆရာမ လုပ်ဖို့ သွေးဆောင်ကြတာပေါ့။ အမေကတော့ ခေါင်းမာစွာနဲ့ တောကိုထွက်ခဲ့သူပါ။ နောက်ဆုံးကျတော့ အဘိုးရဲ့ ကျောင်းနေဖက် ရဲဘော်ဖြူ အဲဒီဒေသခေါင်းဆောင်က တာဝန်ခံပေးမှ အိမ်က သဘောတူပြီး အမေက သူ့ဆရာမဘ၀ကို စတင်နိုင်ခဲ့တာပါ။ ခေတ်က မငြိမ်တော့ အမေတို့ကျောင်းလေးလည်း ဖွင့်လိုက်ပိတ်လိုက် ပြေးလိုက်ပုန်းလိုက်ပေါ့။ တောထဲမှာတိုက်ပွဲဖြစ်နေပြီ ကျောင်းလွှတ်တော့ဆိုရင် ကျောင်းလွှတ် ၊ တိုက်ပွဲက နီးနေရင် ဘုန်းကြီးကျောင်း အောက်ထပ်က ခုတင်တွေ ၊ စာသင်တဲ့ စတိတ်ခုံတွေအောက်မှာ ပုန်းရင်း ၀ပ်ရင်း သင်ကြားခဲ့ရသော သူ့ရဲ့ ဦးဆုံးအတွေ့အကြုံကိုဝေမျှရင်း တာတူးကိုလည်း နိုင်ငံကောင်းအောင် လုပ်စေချင်ခဲ့သောအမေပါ။
ဆရာမလုပ်နေရင်းကနေပြီး အိမ်ကရော အမေ့သူငယ်ချင်းတွေကပါ ၀ိုင်းပြောတော့မှ အမေက (၁၀)တန်းကို ညကျောင်းတက်ပြီးဖြေပါတယ်။ အောင်တော့ ပြည်ဆရာအတတ်သင်သိပ္မံ ၊ နောက် မော်လမြိုင်ဆရာအတတ်သင်သိပ္မံများကိုဆက်တက်ပါတယ် ။
အဲ . . . . . အရေးကြီးသော ပြောစရာ တစ်ခုကျန်တာက အဖေနဲ့ မော်လမြိုင်မှာကျောင်းတက်ရင်းဖူးစာစုံပါတယ် ။ အမေက သူ့ဆရာမဘ၀ကို မစွန့်ချင်၍ အဝေးသင်တက်ပြီး ဘွဲ့တစ်ခု ယူပါတယ် ။ တာတူးက တိုက်တွန်းလွန်း၍ တာတူး (၁၀) တန်းနှစ်ရောက်မှ အမေက B.Ed ပြန်တက်ပေးပါတယ်။ ကျောင်းပြီးသော်လည်း အမေက အုပ်ချုပ်ရေးကို ၀ါသနာမပါလှပါ။ သူမ၏ ပညာရေးအရာရှိ ဆရာများ ၊ သူငယ်ချင်းများ ကတိုက်တွန်းသော်လည်း အမေက သင်ကြားရေးပေါ်မှာပဲ အာရုံစိုက်ချင်သူပါ။
အမေက ယခုအချိန်အထိ သူမ၏ တပည့်ဟောင်းများ ၊တပည့်များအကြောင်းကို ပြောမဆုံးပါ။ လူနဲ့နာမည်နဲ့ တွဲပြီးမှတ်မိဆဲ ၊သတင်းနားစွင့်ဆဲ။ သူမ၏တပည့်ဟောင်းကြီးများကိုလည်း ယနေ့အထိ အမြင်မတော်လျင်ခေါင်းခေါက်တတ်သော ဆုံးမတတ်သော ၊တပည့်များကလည်း လိုလားစွာ ကျေနပ်လက်ခံသော အသိုင်းအ၀န်းကြားမှ ကျောင်းဆရာမကြီးတစ်ယောက်ပါ။
သူကဘယ်သူ့သား ၊ငါကဘယ်သူ့သမီး ဆိုတာတွေလည်းမရှိ ဆရာဆုံးမတာကို ကျေကျေနပ်နပ်လက်ခံကြတာလို့ အမေက သူ့အတိတ်ကို တစ်ခါတစ်ခါတော့လည်း လွမ်းပြပါတယ်။
ယခုအထိ အမေ့ဝန်းကျင်မှာ ဆရာမလေးခေါ်သံတွေ ရှိဆဲပါ။ သူမရဲ့တပည့်တွေကလည်း ဈေးရောင်းလာရင် ဆရာမဖို့ အသီးအနှံ တစ်ခုခု ပါလာဆဲ၊ အမေကလည်းရှိတာ ချကျွေးတတ် ဆဲ။သူ့မြေးတပည့်တွေကို လည်းတက်တက်ကြွကြွ စာသင်ပေးနေဆဲ။
ဘုရား၊တရား၊သံဃာကိုမမေ့ဖို့ ၊ကိုယ်တတ်သမျှကို ဖြန့်ဝေဖို့၊ ကူညီတတ်ဖို့ ၊ကိုယ်ချင်းစာတရားရှိဖို့ ၊အမှန်အမှားဝေခွဲတတ်ဖို့၊ ချင့်ချိန်စဉ်းစားတတ်ဖို့ အမေက အမြဲဆုံးမပါတယ် ။
အမေက သူမ ၁၉ နှစ်သမီးထဲက လုပ်လာခဲ့သော ကျောင်းဆရာမအလုပ်ကို အတော့်ကို (အရမ်း) မြတ်နိုးတန်ဖိုးထားသူ၊သံယောဇဉ်ကြီးသူပါ။
သူမ သက်စေ့ပင်စင်ယူသော နောက်ဆုံးနှုတ်ဆက်ပွဲ နေ့မှာ တာတူးက အမေ့ရဲ့ ဟိုးအဝေးကြီးတစ်နေရာမှာပါ။ အမေငိုနေလိမ့်မယ်ဆိုတာ သေချာပါတယ် ။လူလေးလို့ အမေခေါ်တဲ့ တာတူးက အမေ့ကို နှစ်သိမ့်ပေးနိုင်တဲ့အကွာအဝေးမှာရှိမနေခဲ့ပါဘူး။ ၀မ်းသာမျက်ရည်တွေကျနေမယ့်အမေ့ကို လွမ်းဆွတ်ရင်း ဒီစာစုလေးနဲ့ သား ကန်တော့ပါတယ်အမေ ။
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 6:39 PM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် တာတူး (ဝါ) အမေ့ခံလူတစ်ယောက်, အရောင်စုံ အတွေးများ . . . . .
Some Funny Pictures
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:31 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကေဇက်, ပျော်စရာလေးတွေ
Wednesday, November 7, 2007
လိမ္မာခြင်းနှင့် မိုက်မဲခြင်း
အင်္ဂလိပ်ဗြူရိုကရက် အရာရှိများက “သခင်” အခေါ်ခံနေရချိန်၊ ၎င်းတို့အား “ဘုရား” ထူးနေရချိန်တွင် တို့ဗမာအစည်းအရုံးဝင်များက မိမိတို့၏ နာမည်ရှေ့တွင် သခင်-သခင်မ တပ်၍ ရေးသားကြ - ခေါ်ဝေါ်လာကြလေသည်။ သခင်မျိုးဟေ့ တို့ဗမာဟု ကြွေးကြော်လာကြလေသည်။ လာမည့်ဘေး ပြေးတွေ့ ဟူသည်မှာ တို့ဗမာအစည်းအရုံးကြီး၏ ရဲရဲတောက် ဆောင်ပုဒ်တခု ဖြစ်လေသည်။
““လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိမွဲခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်း ကြံခြင်း၊ အမေနှင့်ငါ မာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊ ကိုယ့်အကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်ခြင်း၊ ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်း ဖြစ်ပါမူ၊ အို-..အချင်းတို့၊ ငါတို့သည် မလိမ္မာလိုပါပြီ။ မိုက်သာမိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့မိုက်ပါရစေ။””
““ – ”” .. ၁၉၃၂-ခု၊ ဇန်နဝါရီလ ၂-ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ်၊ အတွဲ-၇၊ အမှတ် ၃၊ တို့ဗမာ သတင်းစဉ် မှတ်တမ်းမှကောက်နှုတ်ချက်။
စာရေးဆရာ (ဦး) မောင်တင်ရွှေ ရေးသားတဲ့ “သခင်ကိုယ်တော်မှိုင်း” ၊ ပထမအကြိမ်၊ ၁၉၇၆-ခု၊ ဇန်နဝါရီလ။ စာအုပ်မှ ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်များစွာမှ မြန်မာ့လူငယ်များ၏ လွတ်လပ်မှုနှင့် မတရားမှုများကို တွန်းလှန်ရန်အတွက် စိတ်ဓါတ်ရေးရာ ခွန်အားဖြည့် စာသားများဖြစ်ဟန်တူသည်။ အဓိပ္ပါယ်ပြည့်ဝသော၊ ခွန်အားအပြည့်ပါသော စာများ၊ စကားများသည် ခေတ်ကာလ မည်သို့ပင် ပြောင်းစေကာမူ ရှင်သန်ဆဲဖြစ်လေ့ရှိသည်။ ယနေ့ ကျွန်တော်တို့ခေတ်တွင်လည်း ယခုစကားစုလေးသည် အဓိပ္ပါယ်ပြည့်ဝဆ၊ဲ ခွန်အားရှိဆဲ ဖြစ်နေသည်ဟု တွေးမိသဖြင့် မျှဝေလိုက်ပါကြောင်း။
သုခမိန်
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 11:21 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သမိုင်းထဲမှ ပန်းပွင့်များ, သုခမိန်, သုတ ပန်းခင်း
Tuesday, November 6, 2007
အကြောင်းရင်းငါးခု
အာလုံးလည်း ပြီးဆုံးသွားခဲ့ပြီ
ကုန်လွန်ခဲ့တဲ့အချိန်တွေလည်း မနည်းတော့ဘူးလေ
တစ်ယောက်တည်းနေတတ်အောင်လည်း သင်ယူမတတ်မြောက်ခဲ့ပါဘူး
ပထမအချက်ကတော့- မင်းပါပဲ
ဒုတိယအချက်ကတော့ - မင်းရဲ့ အိပ်မက်တွေပေါ့
တတိယအချက်ကတော့ - မင်းပြောခဲ့တဲ့စကားတွေပါ
အဲဒါတွေကို ငါကမှ မယုံကြည်ခဲ့တာ
စတုတ္ထအချက်ကတော့ - မုသားတွေလေ
ဘယ်သူမှန်တယ်၊မှားတယ်တော့ အဖြေမရှာပါနဲ့တော့
ပဉ္စမအချက်ကတော့ - ဒဏ်ရာတွေပါ
အဲဒါကြောင့်ပဲ အချစ်တွေသေဆုံးခဲ့တာပေါ့။
ဒီနေ့ ငါမင်းကို အိပ်မက်ထဲမှာတွေ့တယ်တယ်
ပြုံးတော့ပြပါရဲ့၊ ငါ့ကိုတော့ မဟုတ်ဘူးလေ
မင်းက တစ်စိမ်းယောက်ျားတွေ ကမ္ဘာကိုထွက်သွားပြီပဲ
မင်းမှာလည်း အကြောင်းပြချက်ငါးခုနဲ့ပဲလေ
ပထမအချက်ကတော့- ငါပါပဲ
ဒုတိယအချက်ကတော့ - မင်းရဲ့ သူငယ်ချင်းတွေပေါ့
တတိယအချက်ကတော့ - မင်းရဲ့ အချစ်သစ်
အဲဒါကတော့ ပြောမပြလည်း နားလည်ပါတယ်
စတုတ္ထအချက်ကတော့ - မုသားတွေလေ
ဘယ်သူမှန်တယ်၊မှားတယ်တော့ အဖြေမရှာပါနဲ့တော့
ပဉ္စမအချက်ကတော့ - ဒဏ်ရာတွေပါ
အဲဒါကြောင့်ပဲ အချစ်တွေသေဆုံးခဲ့တာပေါ့။
I. Nikolaev ၏စာသားများအားပြန်ဆိုသည်။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 12:13 AM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, ကေဇက်
Sunday, November 4, 2007
Our World
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 5:04 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုတ ပန်းခင်း, ကေဇက်
Thursday, November 1, 2007
Buddhabrot
Buddhabrot ဆိုတာက Mandelbrot Set ကိုအထူးပြုပြင်ထားတာပါ။
သူကို့ နည်းနည်းလေးလှည့်ကြည့်လိုက်ရင် ဗုဒ္ဓပုံတော်နဲ့ ခပ်ဆင်ဆင်တူလို့ အဲသလိုနာမည်ပေးလိုက်ကြတာပါ။
သင်္ချာတွေကလည်း ထူးဆန်းပါပေ့။
စာညွှန်းတယ်ပဲဆိုပါတော့။ ၀ီကီပီးဒီးယားမှာ ဖတ်လိုက်ရင် ရှင်းသွားမှာပါ။
ဒီမှာသွားဖတ်လိုက်ကြပါ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 12:01 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုတ ပန်းခင်း, ကေဇက်














