Thursday, November 8, 2007

"အမေ" ၊ "ထယ်ခဲ ကြားထဲက ကြာပန်းတစ်ပွင့်"

တာတူး အမေရဲ့ အသက် ၆၀နှစ်ပြည့် အမှတ်တရ Post တင်တာပါ။တာတူးမှာ မဟုတ်မခံတတ်သော၊ တရားမျှတမှူ့ကိုမြတ်နိုးသော၊ အားနည်းသည့်ဘက် မှန်သည့်ဘက်တို့မှ ရပ်တည်တတ်သော ဂုဏ်ယူဖွယ်ရာ မိဘများရှိပါတယ်။ သား တို့ရဲ့ ထုံးစံအတိုင်း တာတူးက အမေကို ပိုချစ်ပါတယ်။ လူ့ဘ၀ထက်ဝက်ကျိုးလာချိန်အထိ လူမဖြစ်သေးသော (လုဘ၀က မတတ်သေးသော) တာတူးဆိုတဲ့သားတစ်ယောက်ကို အသက်နှင့်ရင်း၍မွေးဖွားပေးခဲ့သော ကျေးဇူးရှင်အမေရဲ့အကြောင်းပါ ။
"ထယ်ခဲ ကြားထဲက ကြာပန်းတစ်ပွင့်" အကြောင်းကို မပြည့်စုံသေးသော်လည်း တာတူးတတ်နိုင်သမျှ ပုံဖော်ထားတာပါ။


အမေက အခြေခံပညာရေးဘက်က ကျောင်းဆရာမတစ်ယောက်ပါ။ အမေ့အမည်က ဒေါ်သန်းရှင်လို့ခေါ်ပါတယ် ။ငယ်ငယ်ကထဲက မဟုတ်မခံတတ်သောကြောင့်မိနှုတ်သီးလို့ ခေါ်ကြပါတယ်။ အမေက သူတို့မောင်နှမ (၇)ယောက်မှာ သမီးဦး ပြီးတော့ တာဝန်လည်း သိတတ်တော့ မိဘလက်ငုတ်လယ်ယာအလုပ်ကို ဆက်မလုပ်ပဲ သူမအိမ်မက်ဖြစ်သော ကျောင်းဆရာမ အလုပ်ကို လုပ်ခဲ့ရတာဟာ လွယ်ကူသောလမ်းကြောင်းတော့ မဟုတ်ခဲ့ပါ။ ငယ်ငယ်ကတည်းက ရွာဦးကျောင်းမှာ သင်္ဂြိုလ် တွေ ၊ သင်ပုန်းကြီးတွေ သင်ကတည်းက ဥာဏ်ကောင်းပြီး စွာလည်းစွာလို့ လူသိများတယ်လို့ ဆရာတော်ကြီးက မိန့်ကြားဘူးပါတယ်။ အမေက ရွာကျောင်းမှာ လေးတန်းအောင်ပြီးတော့ ၈ တန်းအထိကို မြို့ကျောင်းမှာ ခြေလျင်သွားပြီးတက်ခဲ့ရတာပေါ့။ အမေတို့ခေတ်တုန်းက စက်ဘီးဆိုတာကလည်း လူတန်းစားတစ်ရပ်ရဲ့ အဆောင်အယောင်တစ်ခုအဖြစ်ရပ်တည်ဆဲကာလပါ ။ ၉တန်း (အဲဒီခေါတ်က တန်းမြင့်ကျောင်းလို့ ခေါ်သော) မှာတော့ အနီးအနားမှ မြို့ကြီးတစ်ခုမှာ မနက် စာပို့လော်ကယ်နဲ့သွား ညနေ စာပို့လော်ကယ်နဲ့ပြန်လာ ပြီးကျောင်းတက်ရတာပေါ့ ။ ခြံထဲက အသီးအနှံရောင်းဖို့ ရှိရင်လည်း ကျောင်းလွယ်အိတ်ကို တောင်းထဲမှာထည့်ရွက်ပြီး ကျောင်းမတက်ခင် ဈေးရောင်းပြီး ကျောင်းတက်ခဲ့ရတဲ့ ဘ၀ပါ။ ပညာဆိုတာကို လိုချင်စိတ်ရှိလွန်းလို့သာ ဒုက္ခခံပြီးကြိုးစားခဲ့ရတာလို့ အမေက သူ့အတိတ်ကို ပြန်ဆောင်ပါတယ်။
သူနဲ့ကျောင်းသွားဖော်တွေအကြောင်းကို ယခုအထိ အမေက မမောနိုင် မပန်းနိုင်ပြောပြချင်တတ်ဆဲ။ ပိုက်ဆံရှိပြီး အနည်းငယ်ရုပ်လှသော်လည်း အလှပြင်ရန်ထက် ပညာတတ်ဖို့ စာတတ်ဖို့သာ အားသန်ခဲ့သော မိသန်းရှင် လို့အမေ့သူငယ်ချင်းများက ပုံဖော်ကြပါတယ် ။
အမေက (၉)တန်းအောင်တော့ ကျောင်းဆရာမ၀င်လုပ်ပါတယ်။ သူမအိမ်နဲ့ဝေ:ကွာလှသော တောစပ်ကရွာလေးတစ်ရွာမှာ တာဝန်ကျပါတယ် ။ အဲဒီကာလက ခေတ်ပျက်ကြီးဆိုတော့ အမေ့အိမ်က သွားရောက်တာဝန်ထမ်းဆောင်ဖို့ သဘောမတူပါ။ ရွာကျောင်းမှာပဲ ဆရာမ လုပ်ဖို့ သွေးဆောင်ကြတာပေါ့။ အမေကတော့ ခေါင်းမာစွာနဲ့ တောကိုထွက်ခဲ့သူပါ။ နောက်ဆုံးကျတော့ အဘိုးရဲ့ ကျောင်းနေဖက် ရဲဘော်ဖြူ အဲဒီဒေသခေါင်းဆောင်က တာဝန်ခံပေးမှ အိမ်က သဘောတူပြီး အမေက သူ့ဆရာမဘ၀ကို စတင်နိုင်ခဲ့တာပါ။ ခေတ်က မငြိမ်တော့ အမေတို့ကျောင်းလေးလည်း ဖွင့်လိုက်ပိတ်လိုက် ပြေးလိုက်ပုန်းလိုက်ပေါ့။ တောထဲမှာတိုက်ပွဲဖြစ်နေပြီ ကျောင်းလွှတ်တော့ဆိုရင် ကျောင်းလွှတ် ၊ တိုက်ပွဲက နီးနေရင် ဘုန်းကြီးကျောင်း အောက်ထပ်က ခုတင်တွေ ၊ စာသင်တဲ့ စတိတ်ခုံတွေအောက်မှာ ပုန်းရင်း ၀ပ်ရင်း သင်ကြားခဲ့ရသော သူ့ရဲ့ ဦးဆုံးအတွေ့အကြုံကိုဝေမျှရင်း တာတူးကိုလည်း နိုင်ငံကောင်းအောင် လုပ်စေချင်ခဲ့သောအမေပါ။
ဆရာမလုပ်နေရင်းကနေပြီး အိမ်ကရော အမေ့သူငယ်ချင်းတွေကပါ ၀ိုင်းပြောတော့မှ အမေက (၁၀)တန်းကို ညကျောင်းတက်ပြီးဖြေပါတယ်။ အောင်တော့ ပြည်ဆရာအတတ်သင်သိပ္မံ ၊ နောက် မော်လမြိုင်ဆရာအတတ်သင်သိပ္မံများကိုဆက်တက်ပါတယ် ။
အဲ . . . . . အရေးကြီးသော ပြောစရာ တစ်ခုကျန်တာက အဖေနဲ့ မော်လမြိုင်မှာကျောင်းတက်ရင်းဖူးစာစုံပါတယ် ။ အမေက သူ့ဆရာမဘ၀ကို မစွန့်ချင်၍ အဝေးသင်တက်ပြီး ဘွဲ့တစ်ခု ယူပါတယ် ။ တာတူးက တိုက်တွန်းလွန်း၍ တာတူး (၁၀) တန်းနှစ်ရောက်မှ အမေက B.Ed ပြန်တက်ပေးပါတယ်။ ကျောင်းပြီးသော်လည်း အမေက အုပ်ချုပ်ရေးကို ၀ါသနာမပါလှပါ။ သူမ၏ ပညာရေးအရာရှိ ဆရာများ ၊ သူငယ်ချင်းများ ကတိုက်တွန်းသော်လည်း အမေက သင်ကြားရေးပေါ်မှာပဲ အာရုံစိုက်ချင်သူပါ။
အမေက ယခုအချိန်အထိ သူမ၏ တပည့်ဟောင်းများ ၊တပည့်များအကြောင်းကို ပြောမဆုံးပါ။ လူနဲ့နာမည်နဲ့ တွဲပြီးမှတ်မိဆဲ ၊သတင်းနားစွင့်ဆဲ။ သူမ၏တပည့်ဟောင်းကြီးများကိုလည်း ယနေ့အထိ အမြင်မတော်လျင်ခေါင်းခေါက်တတ်သော ဆုံးမတတ်သော ၊တပည့်များကလည်း လိုလားစွာ ကျေနပ်လက်ခံသော အသိုင်းအ၀န်းကြားမှ ကျောင်းဆရာမကြီးတစ်ယောက်ပါ။
သူကဘယ်သူ့သား ၊ငါကဘယ်သူ့သမီး ဆိုတာတွေလည်းမရှိ ဆရာဆုံးမတာကို ကျေကျေနပ်နပ်လက်ခံကြတာလို့ အမေက သူ့အတိတ်ကို တစ်ခါတစ်ခါတော့လည်း လွမ်းပြပါတယ်။
ယခုအထိ အမေ့ဝန်းကျင်မှာ ဆရာမလေးခေါ်သံတွေ ရှိဆဲပါ။ သူမရဲ့တပည့်တွေကလည်း ဈေးရောင်းလာရင် ဆရာမဖို့ အသီးအနှံ တစ်ခုခု ပါလာဆဲ၊ အမေကလည်းရှိတာ ချကျွေးတတ် ဆဲ။သူ့မြေးတပည့်တွေကို လည်းတက်တက်ကြွကြွ စာသင်ပေးနေဆဲ။
ဘုရား၊တရား၊သံဃာကိုမမေ့ဖို့ ၊ကိုယ်တတ်သမျှကို ဖြန့်ဝေဖို့၊ ကူညီတတ်ဖို့ ၊ကိုယ်ချင်းစာတရားရှိဖို့ ၊အမှန်အမှားဝေခွဲတတ်ဖို့၊ ချင့်ချိန်စဉ်းစားတတ်ဖို့ အမေက အမြဲဆုံးမပါတယ် ။
အမေက သူမ ၁၉ နှစ်သမီးထဲက လုပ်လာခဲ့သော ကျောင်းဆရာမအလုပ်ကို အတော့်ကို (အရမ်း) မြတ်နိုးတန်ဖိုးထားသူ၊သံယောဇဉ်ကြီးသူပါ။
သူမ သက်စေ့ပင်စင်ယူသော နောက်ဆုံးနှုတ်ဆက်ပွဲ နေ့မှာ တာတူးက အမေ့ရဲ့ ဟိုးအဝေးကြီးတစ်နေရာမှာပါ။ အမေငိုနေလိမ့်မယ်ဆိုတာ သေချာပါတယ် ။လူလေးလို့ အမေခေါ်တဲ့ တာတူးက အမေ့ကို နှစ်သိမ့်ပေးနိုင်တဲ့အကွာအဝေးမှာရှိမနေခဲ့ပါဘူး။ ၀မ်းသာမျက်ရည်တွေကျနေမယ့်အမေ့ကို လွမ်းဆွတ်ရင်း ဒီစာစုလေးနဲ့ သား ကန်တော့ပါတယ်အမေ ။

4 comments:

တားမြစ် ထားသော... said...

ဒီအမေနဲ့ ဒီသား၊ အလွန်ချစ်ကြမယ် ထင်ပါတယ်။ အမေတူသားလို့ပဲ ပြောရမလား၊ အဖေ့အကြောင်းကတော့ မဖတ်ဘူးသေးဘူး။ ဘာပဲပြောပြောပါ အမေ့ကို လွမ်းနေတဲ့စိတ်ကို ထပ်တူခံစားမိပါတယ်။ ကိုတာတူးရဲ့ ကြာပန်းလေး နှောင်နှစ်ပေါင်းများစွာတိုင်အောင် မွှေးပြန့်နိုင်ပါစေလို့ ဆန္ဒပြုရင်း .....

သုခမိန်

မျှားပြာ said...

အမေ့ရဲ့မွေးနေ့မှသည် နောင်နှစ်များစွာတိုင် အေးချမ်း
ပြော်ရွှင်ပါစေ အမေ ...။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကျးဇူးတင်ပါတယ်ဗျာ ။ အဖေ့ အကြောင်းကတော့ နောက်များမှပေါ့ ။

ရွှေဂျမ်း said...

ကျွန်မအမေကလည်း ဆရာမတစ်ယောက်မို့ ဒီပို့စ်လေး ဖတ်ပြီး အမေ့ကို အရမ်း သတိရမိတယ်။ ကိုတာတူးရဲ့ အမေလိုပဲ တပည့်တွေကို ပင်စင်ယူပြီးတာတောင် ဆူခဲ့ ဆုံးမခဲ့တဲ့ ဆရာမတစ်ယောက်ပါ။ ကိုတာတူးရဲ့ အမေ ကျန်းမာသက်ရှည်ဖို့ ဆုတောင်းပေးပါတယ်နော်။