Tuesday, February 22, 2011

မဆုံဖြစ်တော့သော ငယ်သူငယ် ချင်း တစ်ချို့ အကြောင်း (၁)

မဆုံဖြစ်တော့သော ငယ်သူငယ် ချင်း တစ်ချို့ အကြောင်း

တွေ့ဆုံကြုံကွဲ လောကထဲမှာ ကျနော်တို့ လူရယ်လို့ ဖြစ်လာခဲ့ကြတယ်။
လူဆိုတာက Social Animal ဆိုတော့ ကျနော်တို့ မှာ ပတ်ဝန်းကျင်၊ အသိုင်း အ၀ိုင်း၊ အပေါင်းအဖော်ဆိုတာ ရှိလာခဲ့ကြတယ်။ လူတိုင်းလူတိုင်းမှာ သတိရစရာ အတိတ်တွေ ရှိတတ်ကြတယ်။ ကျနော့်မှာလည်း ရှိတယ်။ အဲဒီ အမှတ်တရတွေထဲက သူငယ်ချင်းတစ်ချို့ အကြောင်း ပြောပြချင်ပါတယ်။ အမှတ်တရ ရှိနေပေမယ့် ပြန်မဆုံဖြစ်တော့တဲ့ ကျနော့် ငယ်သူငယ်ချင်း ၃ ယောက် အကြောင်းပါ။ တကယ်လို့ သူတို့ ဒီစာကို ဖတ်မိရင်လည်း ကျနော်တို့ ပြန်ဆုံဖြစ်မယ် ဆိုတဲ့ မျှော်လင့်ချက် ခပ်ပါးပါးလေးလည်း ပါပါတယ်။ ခုနှစ်အလိုက် ငယ်စဉ်ကြီးလိုက် စီထားပြီး ပြောပြပါမယ်။

၁။ ဇော်ဇော်အောင် (ပထမတန်း ၁၉၈၅)

ဇော်ဇော်အောင့် အကြောင်း မပြာခင် ကျနော်တို့ ပထမတန်းနဲ့ ကျောင်းရဲ့ ပုံစံကို အရင်ပြောပြပါ့မယ်။
ကျနော်တို့ အခြေခံ ပညာ သင်ယူခဲ့တဲ့ ကျနော်တို့မြို့လေးရဲ့ တစ်ခုထည်းသော အ.ထ.က ကျောင်းတော်ကြီးက ပြည်တော်သာ စီမံကိန်းနဲ့အတူ ပေါ်လာခဲ့တာဆိုတော့ အဲဒီခေတ်က State ကျောင်းတွေ ပုံစံအတိုင်း အင်္ဂလိပ် အက္ခရာ အီး (E) ပုံသဏ္ဍန် ရှိတယ် ။ ကျနော်တို့ ပထမတန်းရယ် နောက် သူငယ်တန်းရယ်က အဲဒီ အီးအက္ခရာ ရဲ့ အောက်ဘက် တောင်ပံက ထောင့်စွန်ဖြစ်တဲ့ အခန်းကျယ်ကြီးထဲမှာ အတူတူ။

သူငယ်တန်းက ကော်ရစ်ဒါကနေ ၀င်တဲ့ တခါးဘက်ကို မျက်နှာလှည့်တယ်။ ကျနော်တို့ ပထမတန်းက ကျာင်းရဲ့ နောက်ဖေးဘက်ဖြစ်တဲ့ လယ်ကွင်းတွေ ဘက်ကို မျက်နှာလှည့်တယ်။ (မျက်နှာလှည့်တယ်=အဲဒီဘက် နံရံမှာ ကျောက်သင်ပုန်း တပ်ထားတယ်) ။ အတန်းပိုင်ဆရာမက ကနော့် အဖေ ငယ်ငယ်ထဲက ဆရာမတော်ဘူးတဲ့ ဒေါ်သန်းကြွယ်။ ဆရာမက သားသမီး မရှိ၊ လူကလည်း ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ၊ ဘာသာတရားဘက်လည်း ကိုင်းရှိုင်းတော့ ဆရာမက သူ့အသက်ထက် တော်တော်ငယ်တယ် ထင်ရလောက်အောင် နုပျိုတယ်။

ကဲ အခုမှ ဇော်ဇော်အောင် အကြောင်းက စမှာ . . . :D

မှတ်မှတ် ရရ ပထမဆုံး တစ်ယောက်က ဇော်ဇော်အောင် ။ သူနဲ့ ကျနော်နဲ့က ပထမတန်းမှာ တစ်ခုံထည်း အတူထိုင်ခဲ့ကြတာ။ ကျနော်တို့ ခေတ်တုံးက လူကောင်တွေက ထွားကြတယ်။ ထူးထူးခြားခြား သူက အခန်းထဲမှာ အညှက်ဆုံး ကျောင်းသား။ ကျနော်တို့ ပထမတန်းမှာ ကျောင်းသားဘယ်နှစ်ယောက်လောက် အတူတူ တက်ခဲ့ကြ တယ်ဆိုတာတော့ ကျနော် မမှတ်မိတော့ပါဘူး ။ မှတ်မိနေသေးတာက Column သုံးခု ရှိတယ် ။ကျောက်သင်ပုန်းကို မျက်နှာမူထားရင် တဘက် ဘယ်အစွန်က ကောင်မလေးတွေချည့်ပဲ။ အလယ်က ပထမ ၂ တန်းက ကောင်မလေး၊ နောက်က ယောက်ကျားလေး။ ပြီးတော့ ကျနော်တို့ ယောက်ကျားလေးတွေချည့်က ညာအစွန်။ ခင်ဇော်အောင်ရယ်၊ ဇော်ဇော်အောင်ရယ်၊ ကျနော် ကိုတာတူးရယ်က ညာစွန် ယောက်ကျားလေး Column ရဲ့ ဒုတိယမြောက် အတန်းမှာ ဘယ်မှ ညာ အစဉ်လိုက်ထိုင်ကြတယ်။ ကျနော်က လူကောင်ထွားပြီး အရပ်က မြင့်ပေမယ့် ဆရာ၊ ဆရာမ တွေရဲ့ သားသမီးတို့ ထုံးစံအတိုင်း ကျောင်းရဲ့ မျက်နှာသာ ပေးမှုအရ ဒုတိယမြောက် အတန်းမှာ ထိုင်ခွင့်ရခဲ့တယ်။

ဇော်ဇော်အောင်ရဲ့ အဖေက ကျနော်တို့မြို့လေးမှာ တာဝန်ကျလို့ သူက အဲဒီနှစ်ကမှ ပြောင်းလာတဲ့ ကျောင်းသားသစ်။ ဘယ်ဌာနက ဘယ်ရာထူးနဲ့ ဆိုတာတော့ ကျနော် မသိပါဘူး။ သူ့အဖေကိုတော့ ကျနော် တို့ ခွဲသွားကြတဲ့အထိ လုံးဝ မမြင်ဘူးလိုက်ဘူး ။သူ့ကို သူ့အမေက ကျောင်းလိုက်ပို့တယ်၊ကျောင်းလာကြိုတယ်။ ကျနော်တို့ ခေတ်တုံးက ကျောင်းသားတွေ အတန်းထဲအထိ မိဘတွေက လာစောင့်ပြီး ကြို၊ ပို့ လုပ်လို့ ရသေးတယ်။ သူ့မှာ ညီမလေး တယောက်ရှိတယ်။ အဲဒီ ကောင်မလေးက အဲဒီတုံးက ၃ နှစ်သမီးလောက်ပဲ ရှိဦးမယ် ။

ဇော်ဇော်အောင်က အဲဒီတုံးက ငယ်သွား မလဲသေးတော့ သွားကျိုးလေးဗျ။ သူ့ရှေ့သွားတွေ အားလုံးက အကောင်းတစ်ခုမှ မရှိတော့ဘူး သွားပိုးစားထားလို့ မဲမဲလေးတွေပဲ မြင်ရတယ် ။ သူက အတန်းထဲမှာ လူတော်တော်များများကို ကြောက်ရတယ်။ အဲလို ကြောက်တတ်တဲ့ ပင်ကိုယ် သဘာဝလည်း ရှိတယ်။ ကစား ရင် သူပဲ ခံရတာများတယ်။ ကစားဖို့ Break ပေးတဲ့ အချိန် တော်တော်များများမှာ သူက သူ့အမေရယ် ၊ သူ့ညီမလေးရယ် အနားမှာပဲ နေပြီး အတန်းသားတွေ ကစားတာကို ငေးနေလေ့ ရှိတယ်။ အဲလိုမျိုး သူ့ကို အမှတ်တရ ရှိအောင်ကို သူက တကယ့် တသီးတခြားလေး။ ကျနော်တို့ ငယ်တုံးက ကလေးတွေ ထုံးစံအတိုင်း ထိုင်ခုံပေါ်မှာ မျဉ်းသားပြီး သူ့ဘက်၊ ငါ့ဘက် စည်းမကျော်ကြေး၊ စည်းကျော်ရင် ကျော်တဲ့လက်ကို သစ်သားပေတံနဲ့ ရိုက်ကြေး အဲလိုတွေလည်း စိတ်ဆိုးတဲ့ အခါတွေ အခန့်မသင့်တဲ့ အခါတွေ ရှိခဲ့ကြဘူးတယ်။ အိမ်က ထည့်ပေးတဲ့ မုန့်တွေကို အတူတူဝေစားပြီး ရှေ့ကအတန်း နောက်က အတန်းတွေနဲ့လည်း စစ်ဖြစ်ခဲ့ကြဘူးတယ်။

ကျနော်တို့ ပထမတန်း ပြီးခါနီးမှာ သူ့အဖေက ပဲခူးဘက်ကို ပြောင်းရတယ်။ အဲဒါနဲ့ပဲ သူ့အတန်းတင် စာမေးပွဲပြီးတော့ သူရယ်၊ သူ့အမေရယ်၊ သူ့ညိမလေးရယ်က ပြောင်းပြီး လိုက်သွားကြတယ်။ ကျနော်တို့က နယ်မြို့လေးမှာဆိုတော့ အမှတ်တရ ကျွေးတာတွေ၊ လက်ဆောင် ဖလှယ်တာတွေ မရှိခဲ့ပါဘူး။ အဲဒီနောက်လည်း ကျနော်တို့ ပြန်ဆုံတာ မရှိတော့ပါဘူး။ ပထမတန်း အတန်းတင် စာမေးပွဲ နောက်ဆုံးနေ့ကနောက်ဆုံး တွေ့ဖြစ်ခဲတာဆိုတော့ ကျနော်တို့ ပြန်မဆုံ ဖြစ်ကြတာ ခုဆို ၂၅ နှစ်ကျော်ကျော် ရှိပြီ။ ကျနော်တို့ တစ်နှစ်ထည်းပဲ အတန်းအတူတူ တက်ဘူးပေမယ့် ထူးထူးခြားခြား သူ့ကို ကျနော် အမှတ်တရ ရှိနေဆဲ ။

(စာဖတ်ရတာတွေ များမှာစိုးလို့ နောက်နှစ်ယောက် အကြောင်းကို နောက်နေ့မှပဲ ဆက်ပါတော့မယ် ။ )

လေးစားခင်မင်လျက်

တာတူး

No comments: