“တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူး - တဲ့
အမေ့ဂူထဲမှာ ခြင်္သေ့သုံးကောင်
ယောင်လို့တောင် မဟောင်ကြ
ထူးခြားလှချည်လားကွယ်။”
အမေ့ကဗျာထဲက ခြင်္သေ့နှစ်ကောင်
မောင်လေးတို့ တကယ်မဟောင်ခဲ့ကြဘူးနော်။
နေ့တူနာမ်တူ “အလတ်”ချင်းလည်းတူ
ဒါပေမယ့် အစ်မကတော့ ဘယ်တုန်းကမှ မလစ်လပ်ခဲ့သူ။
အကြိမ်အကြိမ်အခါခါ မှားနေတဲ့သူ့မောင်အား
မရမက ဂုဏ်ယူဝံ့ကြွားသူ။
တက္ကသိုလ်ဆိုတာ မမြင်ဖူးတဲ့မောင်လေးကို
မာစတာတန်းကသူငယ်ချင်းတွေနဲ့အတူ စာကူရှင်းဖို့ တောင်းဆိုသူ။
ဟိုယောင်ယောင် ဒီယောင်ယောင် သူ့မောင်
အစာအိမ်ပါယောင်တဲ့အခါ
သူ့နားကအဆောင်မှာခေါ်ထား
ရုံးသွားတိုင်း ထမင်းချိုင့်ထွက်ပေးခဲ့သူ။
သူ့ကျောင်းနေသက်ကို သိုးမွေးချည်တွေ၊ တက်တင်းချည်တွေနဲ့ ဆက်ခဲ့သူ။
သူ့အခန်းဖော်ဟူသမျှ၊ သူ့အတန်းဖော်ဟူသမျှ
သူ့လက်ရာအင်္ကျီတွေနဲ့လှနေကြပေမယ့်
သူ့အဝတ်သေတ္တာမှာ အမေဝယ်ပေးထားတာပဲရှိသူ။
သူဟာ ငါတို့အိမ်ရဲ့ထောင်မှာကျနေတဲ့ အိမ်ထောင်မရှိသူ အပျိုစင်
သူဟာ ငါတို့ရဲ့ မာသာထရီဇာ
သူ့ကိုယ်သူမှတစ်ပါး တစ်မိသားစုလုံးအား ပူပန်သူ။
အစ်မကြီးမဟုတ်သော်ငြား အမိအရာထားထိုက်သူ။
မိုးခါးရေထက်ခါးတဲ့ အမှန်တရားနဲ့ ရွတ်ရွတ်ချွန်ချွန်မှားနေသူ။
အရိုးသားဆုံးထက်ရိုးသား အကြိုးစားထက်ကြိုးစားကာ
ဘဝနေနည်းအနုပညာမှာ ခရတ်ဒစ်မပါသူ။
အလှတရားကို သနပ်ခါးထက် ပိုမသိသူ။
စိန်ဥမုန့်ဟင်းခါးပင် မသိသော်ငြား အမေ့ပါးကို ပြောင်စေသူ။
ထို သူ (သို့) သူမ….
ကိုးရက်တစ်လမှာ
အဖိုးဖြတ်မရတဲ့ ငါတို့အစ်မဖြစ်လာခဲ့တယ်။………။
မာရေးသျှင်
၉၊၁၊၂၀၁၀ (အစ်မရည်လေးမွေးနေ့)
ဆုံရပ် 1st Dec 2024
1 week ago
No comments:
Post a Comment