Friday, October 9, 2009

Puzzle!


"ပျော်စရာ ပဠေဟိလေး တစ်ခု"

လာလည် ကြသော ညီ အကို မောင် နှမများ အတွက် အပျင်းပြေ ပဠေဟိ လေး တစ်ခု နဲ့ ဧည့် ခံ လိုက်ပါတယ် ခင်ဗျာ။


ဟိုးရှေးရှေးတုံးက ဘုရင်ကြီး တပါးဟာ တိုင်းပြည်တခုမှာ အုပ်စိုးသတဲ့ ။ အဲဒီ ဘုရင်က ပညာတတ် ဘုရင် ဖြစ်လေတော့ သူ့တိုင်းပြည်က ပြည်သူပြည်သားတွေကို ကျေးတော် ကျွန်တော် တွေလို့ အထင်အမြင် သေးသေး မထားပဲ သူက အဲဒီလူတွေရဲ့ ဦးဆောင်သူ တယောက်မျှသာ ဖြစ်တယ်လို့ သူ့စိတ်ထဲမှာ ခံယူတော်မူသတဲ့။ မင်းဘဏ္ဍာတော် ရဖို့ အခွန်အတုပ်တွေ နင်းကန် မကောက်ပဲ မျှတရုံ တော်သင့်ရုံသာ ကောက်၊ လယ်ယာ ကိုင်းကျွန်း စည်ပင်ပြန့်ပွားဖို့ တိုးတက်ကောင်းမွန်ဖို့ စွမ်းစွမ်းတမံ ဆောင်ရွက်၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လူမှု့ရေး ၊ အစစ အရာရာ မျှတအောင် တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်တော် မူတယ်တဲ့။ တိုင်းပြည်ကလည်း ဦးဆောင်သူ ဘုရင်က ကောင်းလေတော့ စည်စည်ပင်ပင် ဖွံ့ဖွံ့ဖြိုးဖြိုးပေါ့။ အမှိုက်သိမ်းတဲ့ လူက အစ ဆယ်လူလာ ခါးကြားညှပ်လို့၊ အိမ်ခြေ ယာခြေမဲ့ ဆိုတာကလည်း နတ္ထိ။ အသက်အရွယ်တွေကြီးရင့်မှ မနိုင်ဝန်တွေ လုပ်နေရတဲ့ အိုကြီး အိုမတွေလည်း မရှိ။ အလှူတွေ ပွဲလမ်းသဘင်တွေ ကြက်ပျံမကျနဲ့ မုဆိုးမတောင် ဘုရားတည်နိုင် လောက်အောင် ပြည့်ဝ စည်ပင်လို့ ပေါ့။





အဲဒီလိုနဲ့ တိုင်းပြည်ကြီးက စည်ပင်ဝပြောလာတော့ အရေးအရာတွေ လုပ်စရာတွေက များလာ သပေါ့။ တချို့ အရာတွေကျတော့ ဘုရင် ကိုယ်တော်တိုင် ပြုလုပ် အဆင်ပြေပေမယ့် တချို့ အရာတွေကျ အဆင်မပြေလှပေဘူးပေါ့။ အမျိုးသမီး ရေးရာတို့၊ မိခင်နဲ့ ခလေးတို့လို ကိစ္စတွေပေါ့လေ။ အဲဒါနဲ့ ဘုရင်ကြိးက သူ့အတွက် တိုင်းပြည်ထဲက အမျိုးသမီး တယောက်ယောက်ကို မိဖုရား မြှောက်ဖို့ အကြံ ဖြစ်သတဲ့။ သူ့ရဲ့ အကြံပေး မူးကြီး မတ်ကြီးတွေ ပရောဟိတ်ဆရာကြီးတွေနဲ့ ခေါင်းချင်ဆိုင် တိုင်ပင်သတဲ့။
ရုပ်ရည် ရူပကာ လှပယုံလေး ဆိုရင်လည်း သူ့တိုင်းပြည်ထဲ ဗြူတီပါလာ တွေသာ များလာမယ် တိုင်းပြည်က ဒီထက်စည်ပင်ဖို့ မိဖုရားရဲ့ အထောက်အကူ မရနိုင်ပေဘူးပေါ့။
အသံ သာတာလေး ရွေးမယ်ဆိုတော့လည်း သူ့တိုင်းပြည်ထဲ ကာရာအိုကေ ဆိုင်တွေသာ မိုးဥိးကျ မှိုတွေ ထသလိုသာ ဖြစ်လာမယ် တိုင်းပြည်က တိုးတက်မယ် မဟုတ်ပေဘူးပေါ့။
စာတတ်ပေတတ်တွေ ရွေးမယ် ကြံတော့လည်း ကြက်တူရွေးလို စာတွေ သင်ပြီး စာတွေပဲ တတ်တာတွေ ရွေးမိမှာလည်း စိုးရိမ်တော် မူပြန်တယ်တဲ့။
တော်ကြာ ပညာတော့ တတ်ပါရဲ့ မိဖုရား ဖြစ်လောက်တဲ့ ရုပ်ရည် မရှိပြန်ရင်လည်း အခြားတိုင်းပြည်တွေက ကဲ့ရဲ့ကြမှာ စိုးရိမ်တော် မူကြပြန်သတဲ့။
အဲဒါနဲ့ နောက်ဆုံးကျတော့ အကောင်းဆုံး ဖြစ်မယ်ထင်တာနဲ့ ဒီဘက်ခေတ်ဆို Miss Universe ရွေးသလိုပေါ့ အဆင်းလေးရော အချင်းလေးရော မျှတပြိး ပါအောင် ရွေးဖို့ လုပ်ကြသတဲ့။ တိုင်းပြည်ထဲမှာ ရှိတဲ့ အိမ်ထောင်မကျသေးသော အပျိုဟူသမျှ လွပ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရသတဲ့။ တန်းတူ ညီမျှ အခွင့်အရေးပေါ့လေ။ ၀န်ကြီး သမီးမို့၊ စစ်ကဲကြီး သမီးမို့၊ ရွာစား သမီးမို့၊ လယ်သူမမို့၊ ကောက်စိုက်သမမို့၊ ဇီးသီးသည်မို့ ခွဲခြားထားတာတွေ မရှိ၊ စည်းမျဉ်းတွေက တန်းတူပေါ့။ အဲဒါနဲ့ လူတန်းစား အလွှာအသီးသီးက လုံမပျိုတွေနဲ့ ပြည်လုံးကျွတ် မိဖုရား ရွေးချယ်ပွဲ အဆင့်ဆင့် ကျင်းပလာလိုက်တာ . . . . . . . . . နောက်ဆုံးကျတော့ စကာတင် ၃ ယောက်ပဲ ကျန်သတဲ့။

အဲဒါနဲ့ ဘုရင်ကြီးက အဲဒီ မိဖုရာလောင်း ၃ ဦးကို သူကိုယ်တော်တိုင် နောက်းဆုံး မေးခွန်း၂ခု မေးပြီး ရွေးချယ်တော် မူမယ်လို့ မိန့်တော်မူသတဲ့။
အဲဒီ နောက်ဆုံး မေးခွန်း မေးမယ့်နေ့ကျတော့ ဘုရင်ကြီးက လုံမပျို ၃ ယောက်ကို ဖိုခနောက်ဆိုင်ပုံ (၃ နားညီ တြိဂံ ပုံစံ) တစ်ဦးမျက်နှာ တစ်ဦး မြင်သာအောင် ထိုင်ခိုင်းလိုက်ပြီး
အသင် လုံမပျိုတို့ သင်တို့သည် ငါတို့ တိုင်းပြည်ထဲမှ အထူးချွန် အလိမ္မာဆုံး လုံမပျိုများ ဖြစ်ကြသည်။ ယခု အချိန်အထိ အသင်တို့ ၃ဦးစလုံးသည် မိဖုရား ဖြစ်ဖို့ အခွင့်အရေး တန်းတူ ရှိကြသည်။ သို့သော် သင်တို့အထဲမှ အထူးချွန် အလိမ္မာဆုံးသောသူသာ မိဖုရား ဖြစ်ခွင့် ရှိသည်။ မိဖုရား ဖြစ်သူသည် ငါနှင့်အတူ တိုင်းပြည် အကျိုး ဦးစီး ဆောင်ရွက် တော်မူရမည်။ မိဖုရား မဖြစ်သူများကလည်း တိုင်းပြည် အကျိုးကို မိမိတို့ အစွမ်းရှိသမျှ ဆောင်ရွက်ဖို့ ကြိုတင် မိန့်မှာ လိုပေသည်။ ယခု မေးခွန်းများ မမေးခင်
သင်တို့ မျက်နှာတွေကို ပ၀ါစဖြင့် ဘာမှ မမြင်ရအောင် စည်းထားမည်။ နောက် သင်တို့ ဦးခေါင်းတွေပေါ်မှာ ငါကိုယ်တော် သရဖူ တခုစီတင်ပေးမည်။ သင်တို့ ဦးခေါင်းပေါ်က သရဖူသည် ရွှေသရဖူ ဖြစ်ချင် ဖြစ်မည်၊ ငွေသရဖူ ဖြစ်ချင်ဖြစ်မည်။ သုံးဦး လုံး၏ ဦးခေါင်းပေါ်တွင် သရဖူ အသီးသီး တင်ပြီးပါက သင်တို့ မျက်လုံးကို စည်းထားသော ပ၀ါစများကို တပြိုင်နက် ဖြူတ်ချပေးလိုက်မည်။ ထိုအခါ သင်တို့အထဲမှ အခြား နှစ်ဦးကို အသင်တို့ ရှေ့တွင် မြင်ရမည်။ သင်တို့ ရှေ့ရှိ နှစ် ဦးထဲမှ တစ်ဦး၏ ဦးခေါင်းပေါ်တွင်ဖြစ်စေ ၊ နှစ်ဦး စလုံး၏ ဦးခေါင်းပေါ်တွင်ဖြစ်စေ ရွှေသရဖူ မြင်ပါက သင်တို့၏ ညာလက်ကို မြှောက်ထားရမည်။

သင်တို့ဦးခေါင်းပေါ်တွင် ရှိသော သရဖူသည် မည်သည့် သရဖူ ဖြစ်သည်ကို သင်တို့ မှန်းဆ သိရှိလိုက်လျှင်လိုက်ချင်း သင်၏ ထောင်ထသော လက်ကို ချရမည်။ ထို့နောက်
(၁) သင့်ဦးခေါင်းပေါ်တွင် မည်သည့် သရဖူ ရှိသည်ကို ထုတ်ဖော်ပြောပြရမည်။

(၂) ထိုအဖြေကို မည်ကဲ့သို့ ရရှိလာသည်ကို လည်း ရှင်း ပြရမည်။ ”

ထိုကဲသို့ မိန့်တော် မူပြီးနောက် ဘုရင်ကြီးက သူ၏မင်းချင်းများကို လုံမပျို ၃ ယောက်စလုံး၏ မျက်နှာတွင် ပ၀ါများ စည်းစေပြီးနောက် သူကိုယ်တော်တိုင်ပင် ၃ ယောက်စလုံး၏ ဥိးခေါင်းထက်တွင် ရွှေသရဖူ တစ်ခုစီ တင်ပေး လိုက်သည်။
ထို့နောက် သူ၏် မင်းချင်းများကို လုံမပျိုများ မျက်နှာပေါ်မှ စည်းထားသော ပ၀ါများကို တပြိုင်နက်တည်း ဖြူတ်ချ ခိုင်းလိုက်သည်။

တခဏမျှ နေပြိးနောက် မိန်းမပျို ၃ ဦး စလုံး သူတို့၏ ညာလက်များကို မြှောက်လိုက်ကြသည် ။ နန်းတော် တစ်ခုလုံးကလည်း မိမိအသက်ရှူသံကို ပြန်ကြားရလောက်အောင် ရင်ခုန်စွာဖြင့် တိတ်တိတ်ဆိတ်ဆိတ်. . . ။ အချိန် အတော်ကြာမှ ( စက္ကန့်၃၀လောက် အကြာမှ ) သူတို့ ၃ ဥိးထဲမှ တစ်ဦးက သူမ၏် မြှောက်ထားသော လက်ကိုချလိုက်ပြိး သူမ ဦးခေါင်းထက်မှ သရဖူသည် . . . .
ဖြေဆိုလိုက်ပြိး သူမသည် ဘုရင်ကြီး၏ မိဖုရား ဖြစ်သွားကာ တိုင်းပြည်ကို သာယာဝပြော ပိုမိုစည်ပင်အောင် ကူညီ သွားသတဲ့ ကွယ် . . . .

ပုံပြင်လေး အဲ မှားလို့ ပဠေဟိလေးက နံပတ် (၁) နဲ့( ၂) ပါ။ အဲဒီ လုံမပျိုလေး အဖြေကို ဘယ်လိုရသွားသလဲ ဆိုတာ ကူညီ စဉ်းစားပေးကြပါ။

အပျော် လေး ပေါ့ ခင်ဗျာ. . .

လေးစား ခင်မင်လျက် . . .
တာ တူး


7 comments:

Anonymous said...

(၁) ရွှေသရဖူပါပဲခင်မျာ။ အဲ -- ရှင်။
(၂) ရှေ့ကနှစ်ဦးလုံးရဲ့ဦးခေါင်းတွေပ်ါမှာ ရွှေသရဖူတစ်ခုဆီရှိတာကြောင့် ကျမဦးခေါင်းပေါ်မှာလည်း ရွှေသရဖူတာပါ။
ဟဲ ဟဲ ဂျာနယ်ဝိုင်းတော်သားများ မဖြေရဆိုတဲ့ သတ်မှတ်ချက်မပါတာကြောင့် ဝင်ရောက်ဖြေလိုက်တာပါ ဆရာတာ။

Waing said...

ဟိဟိ မာရေးသျှင် ပြောသွားသလိုပဲ အဖြေပေးလိုက်တယ်နော် :)

ဝါခေါင်မိုး said...

"သူကိုယ်တော်တိုင်ပင် ၃ ယောက်စလုံး၏ ဥိးခေါင်းထက်တွင် ရွှေသရဖူ တစ်ခုစီ တင်ပေး လိုက်သည်။ မိန်းမပျို ၃ ဦး စလုံး သူတို့၏ ညာလက်များကို မြှောက်လိုက်ကြသည်။"......ဆိုတော့
အဖြေက "မဟုတ်မှလွဲရော" ရွှေသရဖူပဲပေါ့။

ကဗျာဦး said...

ဖတ်သည် မှတ်သည်

နှင်းရည် said...

လာဖတ်ပါတယ်
မာရေးသျှင်ရေးသလိုပ်ပဲ

Unknown said...

ဘုရင်က ကောင်းလေတော့ စည်စည်ပင်ပင် ဖွံ့ဖွံ့ဖြိုးဖြိုးပေါ့။ အမှိုက်သိမ်းတဲ့ လူက အစ ဆယ်လူလာ ခါးကြားညှပ်လို့၊ အိမ်ခြေ ယာခြေမဲ့ ဆိုတာကလည်း နတ္ထိ။ အသက်အရွယ်တွေကြီးရင့်မှ မနိုင်ဝန်တွေ လုပ်နေရတဲ့ အိုကြီး အိုမတွေလည်း မရှိ။ အလှူတွေ ပွဲလမ်းသဘင်တွေ ကြက်ပျံမကျနဲ့ မုဆိုးမတောင် ဘုရားတည်နိုင် လောက်အောင် ပြည့်ဝ စည်ပင်လို့ ပေါ့။

တကယ်ဖြစ်ရင်ကောင်းမယ်

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုမာရေးသျှင် ရေ အဖြေက မှန်ပါတယ် ခင်ဗျာ။
ကျနော် သိထားတဲ့ စဉ်းစားပုံလေးကို နောက်ထပ် Post တစ်ခုနဲ့ ထပ်မံ အချိုပေါ် သကာလောင်း ပေးပါရစေ။ အဖြေလေးကို သိမ်းချင်တာရော ၊post အတင်ကျဲနေလို့ လူလည်ကျတာရော နှစ်ခုပေါင်းပြီး :P

Waing ရေ အဖြေက ကိုမာရေးသျှင်အတိုင်းပဲ ဆိုတော့ မှန်ပါတယ် ခင်ဗျာ။ ကြုံရင် မုန့်ဝယ်ကြွေးပါ့မယ် ။ :D

ဝါခေါင်မိုးရေ အဖြေလေးက တစ်ဝက်မှန်ပါတယ် ။
ဟီးဟိး . . တ၀က်ပဲ ဖြေတာကိုး ။

ကဗျာဦးရေ လာဖတ်တာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အဖြေ လေးကို လာဖြေထားသော ညီအကို မောင်နှမ များ အဖြေတွေ နဲ့ ရနိုင်ပါတယ်။ ဒါ့အပြင် နောက် Post တစ်ရေးပြီး ကျနော့် အဖြေလေးနဲ့ ထပ်မံ သကာလောင်းပေးထားပါတယ်။

အေးမြနှင်းရည် ရေ ကိုမာရေးသျှင်လိုဆိုတော့ အဖြေ မှန်ပါတယ် ခင်ဗျာ။

Nan ရေ ကျနော်တို့လည်း အဲလို ဖြစ်လာပါစေလို့ ဆန္ဒတွေ အထပ်ထပ်ပြုလျက်ပါ . . .။

လာလည်ပြီး ဖတ်သွားကြသော၊ အဖြေပေးသွားကြသော မောင်နှများအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။
လေးစား ခင်မင်လျက်

တာတူး