Tuesday, October 27, 2009

သတင်းနှင့် အတွေးအမြင် ... .. .



ဆင်းရဲမှုထောင်ချောက်.... သယံဇာတကျိန်စာ

အောက်ဆုံးမှ သန်း ၁၀၀၀ (တစ်နည်း စူပါကာက သန်း ၁၀၀၀)တို့ မှီတင်းနေထိုင်ရာ နိုင်ငံများမှာ ၂၁ ရာစုကို ဖြတ်သန်းနေရသော်လည်း၊ သူတို့တစ်တွေ၏ အရပ်ရပ်ရေချိန်မှာ ၁၄ ရာစုအဆင့်တွင်သာ တန့်ရပ်ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။
..... ဤသို့ ဘာ့ကြောင့် နောက်ကျ ကျန်ရစ်ရသည်ကို ဆန်းစစ်ကြည့်ရာ၊ “ဆင်းရဲမှုထောင်ချောက်” (poverty trap)ထဲ ပိတ်မိနေသောကြောင့်ဟု အဖြေထုတ်သည်။

ကျမ်းရှင်၊ ပါမောက္ခ ကို(လ)လီယာ၏အလိုအရ၊ အဆိုပါနိုင်ငံများ ပိတ်မိနေသော ဆင်းရဲမှုထောင်ချောက်တွင် လက္ခဏာ ၄ ပါးရှိသည်ဟု ဆိုသည်။
ကုန်းတွင်းပိတ်နိုင်ငံများဖြစ်နေခြင်း (being landlocked)
သယံဇာတပေါကြွယ်ဝခြင်း (abundant natural resources)
အုပ်ချုပ်မှုဆိုးဝါးညံ့ဖျင်းခြင်း (bad governmace) နှင့်
ပြည်တွင်းစစ် (civil wars) တို့ဖြစ်သည်။ ဤလက္ခဏာတစ်ခုချင်းစီကိုလည်း သူက ရှင်းပြသည်။
ပထမလက္ခဏာကို ရှင်းပြရာတွင် ပထဝီအရ ကုန်းတွင်းပိတ်ဖြစ်တိုင်း ပြဿနာရှိသည်မဟုတ်။ အိမ်နီးချင်းနိုင်ငံများကပါ ဆင်းရဲပြီး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် သီးခြားကင်းလွတ်နေသည်ကသာ တကယ့်ပြဿနာဟုဆိုသည်။
.....................................................................

သယံဇာတပေါကြွယ်မှုမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝပေးလက်ဆောင်ဟု ဆိုနိုင်သည့်တိုင် လက်တွေ့တွင်ဤသို့မဖြစ်။ နိုင်ငံရေးအီလစ်များကြား အကျင့်ပျက်ခြစားမှုနှင့်၊ အုပ်စုတိုက်ပွဲ (တစ်နည်း သယံဇာတလုပွဲ)များအတွက်သာ ရေခံမြေခံဖြစ်နေသည်။ ဤအနေအထားကို တတိယလက္ခဏာ (အုပ်ချုပ်မှု ဆိုးဝါးညံ့ဖျင်းခြင်း)က အားဖြည့်လျက်ရှိရာ၊ ကံကောင်းခြင်းလက်ဆောင်သည်ပင် ကျိန်စာတစ်ခုလို ဖြစ်လာရတော့သည်။ ဤသည်ကို နောက်ပိုင်းပညာရှင်များက “သယံဇာတကျိန်စာ”(resource curse) ဟု ခေါ်သည်။

ဆိုခဲ့ပါလက္ခဏာသုံးပါးကို ပို၍သည်းသန်ပြင်းထန်စေပြီး၊ နောက်ဆုံး တွင်းမည်းကြီးထဲသို့ ဆွဲခေါ်သွားနိုင်သည်မှာ၊ စတုထ္ထလက္ခဏာပြည်တွင်းစစ်ဟု ကျမ်းရှင်က သုံးသပ်ပြပါသည်။

EDITOR'S CHOICE , THE WAVES MAGAZINE 7/09.NOVEMBER.2009 မှ ထုတ်နုတ်ပါသည်။




2 comments:

Unknown said...

ဆင်းရဲမှု ထောင်ချောက်လို့ ရေးတာ ပိုမှန်မယ် ထင်ပါတယ်။ စာရေးအားကောင်းတဲ့ ဘလော့မှာ သတ်ပုံအလွဲနဲ့ဆိုတော့ နည်းနည်း ရုပ်ဆိုးလို့ပါ။ စိတ်မရှိပါနဲ့ဗျာ။

Anonymous said...

လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ခင်မျာ။ အခုလို ရဲရဲရင့်ရင့် ရိုးရိုးသားသား ထောက်ပြပြင်ဆင်ပေးသူမျိုး အလည်လာတာ ဂုဏ်ယူဝမ်းသာလှပါတယ်။ ကျေးဇူးအထူးတင်ပါတယ်ဆိုတဲ့စကား နှလုံးသားဖြင့် ဆိုပါတယ်။ အခုပဲ ပြင်လိုက်ပါ့မယ်။ မင်္ဂလာရှိသွားတာပေါ့ခင်မျာ။