Sunday, September 6, 2009

“နှုတ်ချို… သျှိုတပါး…”


ကျွန်မတို့ ကြားဘူးတဲ့ မြန်မာ စကားပုံ တခု ရှိပါတယ် . . . . .
“ နှုတ်ချို သျှို တပါး ” ဆိုတာပါ။ စကားကို ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး ပြောဖို့ သတိပေးတဲ့ စကားပုံလေး တခုပါ။ ဘယ်သူ မဆို ချိုချို သာသာ ပြောဆို ဆက်ဆံတာ ပဲ လိုလားကြတာပါ။ စကားပြော မာကြောတာ နဲ့ ပက်သတ်ပြီး ကျွန်မ ကိုယ်တွေ့လေး တခုကို မျှဝေရင်း၊ ကိုယ့်ကိုယ်ကိုလည်း ဆုံးမရင်း ဒီပို့စ်လေးကို e-journal မှာ မျှ လိုက်ပါတယ်ရှင်။



တကယ်တမ်းတော့ ကျွန်မဘဘ(အဖေ)က ကျွန်မအိမ်ပြန်ရောက်တိုင်း၊ ကျွန်မနဲ့ ဖုန်းပြောတဲ့ အချိန်တိုင်း အမြဲဆုံးမခဲ့တာကို ကျွန်မ သတိထားပြီး မလိုက်နာမိခဲ့တာပါ…
“သမီး ဘယ်ကိစ္စကိုပဲပြောပြော ဘယ်ကိစ္စကိုပဲလုပ်လုပ် ဘာပဲပြောပြော ဘာပဲလုပ်လုပ် ဘယ်အချိန်မှာပဲလုပ်လုပ် သတိထားပြီးပြောပါ လုပ်ပါ … အချိန်တိုင်းမှာ သတိကပ်ပြီး ပြောဆိုပြုမူပါ “ တဲ့…
ကျွန်မလည်း သတိလက်လွတ်ပြောဆိုပြုမူတာတွေများနေပါပြီ…
ကိုယ့်ကိုယ်ကို သတိထားမိတဲ့အခါ ရှိသလို သတိမထားမိတဲ့ အကြိမ်အရေအတွက်က လည်း များလာပါတယ်…
ဒီနေ့ညမှ တိုက်တိုက်ဆိုင်ဆိုင် မောင်လေးတစ်ယောက်ကလည်း
ကျွန်မရဲ့ အပြောအဆို အပြုအမူနဲ့ ပတ်သက်ပြီး ထောက်ပြလာတယ်…
ကျွန်မကိုယ်တိုင် သတိမထားမိတဲ့ အပြောအဆိုတွေကြောင့် …
သူများ ထောက်ပြတာ ခံရဖူးတာ ဒုတိယအကြိမ်ပါ…
ပထမတစ်ကြိမ်က အလုပ်ကိစ္စနဲ့ ဖုန်းပြောရင်း ဖြစ်သွားတဲ့ကိစ္စလေးပါ..
ကိုယ်ကိုယ်တိုင်လည်း သတိမထားမိပါဘူး…
သူများကတဆင့် ပြန်ပြောလို့ သိလိုက်ရတာပါ…
ပြောတဲ့သူက “ကျွန်တော်ဖုန်းဆက်ရင် သူနဲ့တွေ့မှာ ကြောက်တယ်… သူရဲ့အသံက တည်ငြိမ်ပြတ်သားပြီး ရေခဲတုံးလို အေးစက်မာကြောတဲ့အသံတဲ့…”
ကျွန်မလည်း လူတစ်ယောက်ကို စကားပြောတဲ့အချိန်မှာ မောက်မာတဲ့စိတ်…
နစ်နာစေလိုတဲ့စိတ် . . နဲ့ ပြောဆိုတာမျိုးမရှိခဲ့ဖူးပါဘူး…
အလုပ် အရမ်းရှုပ်နေတဲ့အချိန် စိတ် အရမ်းပင်ပမ်းနေတဲ့အချိန် မျိုးမှာတော့ စကားပြောရင် သိပ်စိတ်မရှည်တတ်ဘူး… လေသံက အရမ်း မာနေတတ်တာကို တော့ သတိထားမိပါတယ်…
ကိုယ်ကိုယ့်ကို သတိထားမိတဲ့အချိန် ဆိုရင်တော့ တတ်နိုင်သမျှ စကားမပြောပဲနေတယ်…
ဖုန်းလာရင်လည်း ကိုယ်ရေးကိုယ်တာကိစ္စပဲဖြစ်ဖြစ်… အလုပ်ကိစ္စပဲဖြစ်ဖြစ် … အရေးမကြီးရင် ဖုန်းမကိုင်တော့ပါဘူး…
ကျွန်မ သူငယ်ချင်းတစ်ယောက်ကလည်း ပြောဖူးပါတယ်…
သူ့အထက်အရာရှိက ကိစ္စတစ်ခုခု ပြောရင် လေသံမာမာနဲ့ ပြောတတ်တဲ့ အကျင့်ရှိတော့… သူက သူ့အရာရှိကို ပြောတယ်တဲ့ …
“ ဆရာ အေးဆေးပြောလည်း ဒီစကားပဲ လေသံမာမာနဲ့ ပြောလည်း ဒီစကားပဲ အေးအေးဆေးဆေးပြောတော့ နားထောင်တဲ့သူလည်း နာခံသာတယ်… ကြားရတဲ့ သူလည်း ကြားလို့ ကောင်းတယ်”
အဲဒီတုံးက ကျွန်မကိုယ်တိုင်လည်း သူငယ်ချင်းပြောတာ မှန်တယ်လို့ ထောက်ခံခဲ့ပါတယ် ။
ဒါပေမဲ့ ကျွန်မကိုယ်တိုင် loading အရမ်းများလာတဲ့အချိန် pressure တွေ အရမ်း များလာတဲ့ အချိန်မှာ ကျွန်မပြောဆိုတဲ့ လေသံက မာကြောလာပါတယ်…
ခက်တာကလည်း စကားတခွန်းဟာ ပြောဆိုတဲ့ Tone ကွာတာနဲ့ အကျိုး သက်ရောက်မှုက ကွာတာပါပဲ…
ဥပမာ - နေမကောင်းလို့ အိပ်ယာပေါ်လဲနေတဲ့ လူတစ်ယောက်ကို ကိုယ်က သတင်းသွားမေးတယ်…
မျက်နှာတည်တည်နဲ့ “နေလို့ သက်သာလား” လို့ မေးတာရယ်…
စိတ်မကောင်းတဲ့အသံနဲ့ “နေလို့ သက်သာရဲ့လား” လို့မေးတာရယ်…
ရုပ်ပြောင်နဲ့ “နေကောင်းရဲ့လား” လို့ မေးတာရယ်…
အဓိပ္ပါယ်ကောက်တာက လွဲသွားနိုင်ပါတယ်…
အလေးအနက်ပြောရမယ့် ကိစ္စတခုကို ရီပြီး ပြောလိုက်ရင် နားထောင်တဲ့သူရဲ့ စိတ်ထဲမှာ ပေါ့ပေါ့လေးပါလို့ ခံစားသွားရတာမျိုး ရှိပါတယ်…
အလေးအနက်ထားလုပ်ရမယ့် ကိစ္စတခုက ပြောတဲ့လေသံပေါ်မူတည်ပြီး လေးနက်မှူ ကွာသွားတာ ရှိပါတယ်…
ဒါပေမယ့် ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် နားထောင်သူ နာခံသာအောင် ချိုသာတဲ့ စကားနဲ့ ပြောတတ်ရင် အခြေအနေနဲ့ အချိန်အခါလိုက်ပြီး ပြောဆိုပြုမူတတ်ရင် အကောင်းဆုံးဖြစ်မှာပါ…
ကျွန်မကိုယ်တိုင်လည်း သတိ ဆိုတဲ့အရာလေး ကပ်ပြီး ပြောဆိုပြုမူတတ်အောင် ၊ချိုသာသောစကား ဆိုတတ်အောင် လေ့ကျင့်ရဦးမှာပါ…
ကျွန်မရဲ့အမှားကို ထောက်ပြပေးတဲ့မောင်လေးကိုရော၊ ကျွန်မတို့ကို နားလည်အောင် ပြောဆိုဆုံးမခဲ့တဲ့ တီချယ်ကိုလည်း ကျေးဇူးတင်ပါတယ်….
E-journal မောင်နှမတွေအားလုံးနဲ့ လာလည်သူအပေါင်းလည်း ကောင်းသောစကား… အကုသိုလ်ကင်းသောစကား၊ ချိုသာသော စကားများကိုသာ ဆိုနိုင်ကြပါစေ…ဆိုဖြစ်ကြပါစေ . . . .
မိမိကိုယ်တိုင်လည်း ကောင်းသောစကား… အကုသိုလ်ကင်းသောစကား …. ချိုသာသော စကားများကိုသာ ပြောဆိုရပါလို၏လို့ ဆန္ဒပြုရင်း …
(မယ် : 6.9.09 : 2:40am)

2 comments:

မယ့်ကိုး said...

ဒီစာလေးကောင်းလိုက်တာ ကျွန်မလည်း နှုတ်မချိုလို့ အမေက အမြဲပြောတယ်။
ပြီးတော့ စာရေးသူက မယ်တဲ့လား။ ကျွန်မကလောင်လည်း မယ်ပါလို့ ချစ်ခင်သူတွေက မယ်လို့ခေါ်ပြီး ချစ်ခင်လေးစားရတဲ့ အစ်မတွေကို မယ်ကလေ ဆိုပြီး အမြဲ ပြောမိတယ်။
နာမည်ကြိုက်ပုံချင်း တူနေတာ သိရလို့ ဝမ်းသာမိပါတယ်။

တားမြစ် ထားသော... said...

ဟုတ်ကဲ့။
သတိထားသင့်တဲ့ အပြုအမူတွေပါပဲ။
စကားပုံလေးကိုထည့်ညွှန်းပေးထားတော့ ပြည့်စုံသွားတာပေါ့လေ။
“““ကျွန်တော်ကတော့ စိတ်မတိုသေးသရွေ့ စကားကို အတော်အေးအေးပြောတတ်တယ်လို့ (ကိုယ့်ကိုကိုယ်)ထင်မိတာပဲ။

အသိပေးစာလေးအတွက် ကျေးဇူးပါ “မယ်”ရေ..

သုခမိန်