Thursday, February 12, 2009

30'th year Diary


ကျွန်တော် လွန်ခဲ့တဲ့ (၅)ရက်လောက်က အသက်(၃၀)ပြည့်ပါတယ်။ အသက်(၃၀) မပြည့်ခင်ကတည်းက ကဗျာလေးတစ်ပုဒ် ရေးအုံးမယ် စဉ်းစားတယ်။ သိတဲ့အတိုင်းပဲ ရေးလည်းမရေးတတ်၊ စိတ်ခံစားမှုကလည်း ဟိုရောက်လိုက် ဒီရောက်လိုက် ကိုယ်တိုင်မဖမ်းနိုင်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်လိုက်တာပါပဲ။ သုံးဆယ်ပြည့်အမှတ်တရပါ။ အမှတ်တမဲ့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါမှမဟုတ် သုံးဆယ်ပြည့် မှတ်တိုင်လေးတစ်ခုပဲပေါ့။



“အနှစ်သုံးဆယ်ပြည့် မှတ်တမ်း”


သူငယ်ချင်း
၃၀ တဲ့၊ မပြုံးမရယ်
၃၀ ကိုငါကျော်ဖြတ်ပြီ။

မင်းသိလား -
အဲဒီလူပေါ့ ၃၀ မှာ အင်ပါယာထူထောင်တယ်။
အဲဒီလူပေါ့ ၃၀ မှာ ကြွယ်ဝမှုထိပ်ဆုံးရောက်သတဲ့။
အဲဒီလူပေါ့ ၃၀ မှာ ကမ္ဘာ့စာပေကို ကိုင်လှုပ်ခဲ့တယ်။
အဲဒီလူပေါ့ ၃၀ မှာ ဂီတကို ဘာလို့ရှာတွေ့တာ။
အဲဒီလူပေါ့ ၃၀ မှာ ငြိမ်းချမ်းရာလမ်းကိုရှာသွားတာ။

သူငယ်ချင်း ခဏတော့နားကွာ
ဒီတစ်ခါ ငါ့အကြောင်းပြောမယ် --
၃၀ မှာ ငါထမင်းနပ်မှန်ပါတယ်။
၃၀ မှာ မိဘကို ပြုံးပြတတ်လာတယ်။
၃၀ မှာ ငါမပျော်တဲ့ အလုပ်ကိုလုပ်တယ်။
၃၀ မှာ နှလုံးသားက ပိုင်ရှင်မဲ့ဆဲ။
၃၀ မှာ ငါ့အနာဂတ်ဟာ မနက်ဖြန်ဖြစ်လာတယ်။
၃၀ မှာ ချစ်ရသူအားလုံးရဲ့ အဝေးမှာ။
၃၀ မှာ ငါ ရေငုပ်လို့ ဗူးခြောက်ကိုရှာချင်လာတယ်။
၃၀ မှာ ကြွတက်ငယ်လူကိုချစ်တတ်ပြီ။
၃၀ မှာ ငါ ရွာရိုးကိုးပေါက် လျှောက်ချင်လာတယ်။
၃၀ မှာ မိတ်ဆွေတစ်ယောက် နိုင်ငံခြားရောက်တယ်။
၃၀ မှာ ငါ မေးခွန်းတွေကို မုန်းလာတယ်။
၃၀ မှာ အကြွေးဆိုတဲ့ မိတ်ဆွေတစ်ယောက်တိုးတယ်။
၃၀ မှာ ငါ့နောင်တတွေ တောင်ပုံရာပုံ။
၃၀ မှာ ကာရံကို ငါနားမလည်ဘူး။
၃၀ မှာ ငါ့စိတ်ပုတီးလည်း အလုပ်ရှုပ်တယ်။
၃၀ မှာ ညီနောင်တို့ ဒုက္ခကို စာနာတတ်လာတယ်။
၃၀ မှာ ငါ့ဘဝပွဲစဉ်ကို ကြေငြာချင်တယ်။
၃၀ မှာ မိန်းကလေးအရေအတွက် များမှန်းသိလာတယ်။
၃၀ မှာ ငါ စာဖတ်ချင်တယ်။
၃၀ မှာ ယဉ်ကျေးမှုတို့ ပေါင်းစပ်သံကြားတယ်။
၃၀ မှာ ငါ သူ့ကိုချစ်တာ ၅နှစ်ကြာသွားတယ်။
၃၀ မှာ ဇာတိမြို့က တိုးတက်နေတယ်။
၃၀ မှာ ငါသိပြီးသားတွေကို ပိုသိချင်လာတယ်။
၃၀ မှာ ရုပ်ရှင်ရုံမရောက်တာကြာပြီ။
၃၀ မှာ ငါ အအေးပိုတဲ့ဆောင်းနဲ့ တွေ့တယ်။
၃၀ မှာ မီဒီယာနဲ့ ဆုံဖက်ချင်တယ်။
၃၀ မှာ ငါ အဆိပ်မျိုးစုံကို ရှောင်နေရတယ်။
၃၀ မှာ အသိဉာဏ်တိုးတဲ့ မိတ်ဆွေကိုလိုချင်လာတယ်။
၃၀ မှာ ငါတို့ရဲ့ကမ္ဘာကြီးက ဖန်လုံအိမ်ထဲရောက်နေသတဲ့။
၃၀ မှာ ငါက ကိုယ့်ကိုကိုယ် အပြစ်တင်တတ်သူ ဖြစ်နေပါပေါ့။

ကဲ - သူငယ်ချင်း
ငါကိုယ်တိုင်ခန့်မှန်းခက်တဲ့
ခပ်ရိတ်ရိတ်ပြေးသွားတဲ့စိတ်
အတိတ် အနာဂတ်
ဘယ်ကမ်းမှာကပ်ကပ်
ဒါ သက်တမ်းတစ်ဝက်ဆိုကျေနပ်ပါတယ်။ ။

သုခမိန်

7 comments:

pandora said...

၃၀ ပြည့်သွားပြီကိုး။

မွေးနေ့ကို မသိလိုက်ဘူး။ ပျော်ရွှင်ပါစေ.။

ဇနိ said...

သုံးဆယ် နှစ်လီ ခြောက်ဆယ်...
(ပင်စင်ယူချိန်ပဲ...)
၇၀- ၈၀ - ၉၀ - ၁၀၀ နေရသမျှ အဆင်ပြေပါစေ၊ ပျော်ရွှင်ပါစေ..

Anonymous said...

သုံးဆယ်မှာ ပြုံးရယ်ပါ။
ပြုံးရယ်ခြင်းအနုပညာမှာ မာစတာဖြစ်ပါစေဗျာ။

Welcome said...

ဘ၀အဓိပ္ပာယ်တွေနဲ့ ပြည့်စုံတဲ့ ၃၀ ပါပဲ အစ်ကိုရေ။ ဘ၀နဲ့ဆန္ဒ ထပ်တူနိုင်ပါစေ ..

လေးစားလျက်
ဝင်းဇော်

ဝါခေါင်မိုး said...

ကိုယ့်ကိုကိုယ် သိတာကိုက
တော်လို့ပဲပေါ့။

ရွှန်းမီ said...

နောက်မွေးနေ့တွေမှာလည်း ကဗျာတွေအများကြီး ဆက်ရေးနိုင်ပါစေ =)

Anonymous said...

ဟာ ကျနော်လဲ ၆လပိုင်းဆို ၃၀ပြည့်တော့မှာဗျ
ကဗျာလေး သဘောကျတယ်ဗျာ မွေးနေ့ကျရင်
ဒီကဗျာလေးကို လိုသလို ပြုပြင် အသုံးချခွင့်ပေး
ဗျာ သဘောကျလို့ ပေးနော်။ ကြိုက်လို့