Friday, October 24, 2008

to my lovely Mom!


အနှိုင်းမဲ့ မေတ္တာရှင်

မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ
နေကောင်းပါစေ မွေးမေမေ။



(၁)
မေမေ…
အားအင်တွေကိုဖြည့်ဆည်း
ချစ်သမီးရဲ့ ဘဝခရီး လမ်း
ကြမ်းတမ်းမှုတွေကင်းဝေး
ပန်းခင်းထားတဲ့လမ်း ဖြစ်စေဖို့အရေး
ကိုယ် ကိုယ်တိုင်ကတော့
ခရောင်းလမ်းကိုဖြတ်
ဆူးခင်းလမ်းဖြစ်လည်း ခရီးဆက်ခဲ့တယ်။

(၂)
ချစ်ရတဲ့သား
ကြီးတဲ့အခါ အားဖြစ်စေဖို့။
ချစ်ရတဲ့သမီး
ကြီးတဲ့အခါ ထီးဖြစ်စေဖို့။
ဘဝရဲ့လှိုင်းဒဏ် ရုန်းကန်လို့ရင်ဆိုင်ရင်း
သားလေးမျက်နှာ သော်တာငွေစင်
သမီးလေးမျက်နှာ သီတာရေစင် လို့
စိတ်မှာစွဲမှတ်
သားသမီးတွေအတွက် ပေးဆပ်ခဲ့တယ်။

(၃)
မိဘတို့ဝတ္တရား ငါးပါးထက်မက
ပိုပြီးများလှတဲ့ အနန္တမေတ္တာတွေနဲ့
လုပ်ကျွေးပြုစု ယုယပိုက်ထွေး
လိုချင်တာတွေ ဖြည့်ဆည်းပေးရင်း
ကိုယ်ပိုင်တဲ့ ကိုယ့်နေရာလေး
သေချာစွာ ရဖို့အတွက်
ဘွဲ့တစ်ခုကိုလည်း အပ်နှင်း လို့ပေးခဲ့သေးတယ်။

(၄)
ဆယ်ကျော်သက်အရွယ်
အသိဉာဏ် မကြွယ်သေးခင်က
ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းပဲရောက်
မတောက်တခေါက် အတွေးတွေကြောင့်
လမ်းပျောက်လို့ မသွားရအောင်
နူးညံ့တဲ့အပြုံး ချိုသာတဲ့စကားလုံးတွေနဲ့
လမ်းမှန်ပေါ်ကိုဆွဲတင်
အရာရာကိုမြင်တတ်အောင်
မေမေက သင်ပေးခဲ့တယ်။

(၅)
မေမေပေးလိုက်တဲ့ ဘွဲ့တစ်ခု
ကိုယ်ကိုယ်တိုင် အသုံးပြုဖို့
လောကကြီးထဲကိုတိုးဝင်
ခြေချလို့မှ မရသေးခင်မှာ
လူတွေရဲ့အကြောင်း လောကရဲ့အကြောင်း
ကောင်းကောင်းသိစေဖို့အရေး
လက်တွေ့ကျကျ ပညာရအောင်
မေမေက သင်ပြပေးခဲ့သေးတယ်။

(၆)
လောကရဲ့ဇာတ်ခုံမှာ
ဘဝအဖုံဖုံနဲ့ လှုပ်ရှားရင်း
ကယ်မလိုနဲ့ ဖယ်ခွာ
ကူမလိုနဲ့ ရှုတ်ချ
ဝမ်းနည်းသယောင်နဲ့ ဟားတိုက်ကြတဲ့
တချို့တချို့သော လူတွေရဲ့
ဟန်ဆောင် မျက်နှာဖုံးအတုတွေအကြောင်း
မေမေကိုယ်တိုင် သိစေခဲ့တယ်။

(၇)
တစ်ခါတစ်ခါ လူတွေနဲ့အဆင်မပြေ
လောကကြီးနဲ့ မကြေလည်လေတော့
အရာရာကို စိတ်တိုင်းမကျ
အဆိုးဘက်ကချည်း မြင်လေတဲ့အခါ
အမေ့ဘဝကိုပမာပြု
သမီး အံတုနိုင်အောင် အားပေးခဲ့တယ်။
….. ကံကြမ္မာဂြိုဟ်ဆိုးဝင်လို့
အဆိုးတွေနဲ့ ရင်ဆိုင်၊ အရှုံးတွေကို ဆင်နွှဲ
လူတွေလည်း ဝိုင်းပြီးပြစ်တင်ချိန်မှာ
မေမေ့ရင်မှာ ခေါင်းဝှက်စေရင်း
သမီးဘက်ကအမြဲ
ရပ်တည်လို့ပေးမဲ့ အမေ
အရှုံးမပေးစတမ်းတဲ့လေ။

(၈)
ဘယ်အရွယ်ပဲရောက်ရောက်
အမေ့ရဲ့မျက်စိအောက်မှာတော့
သမီးက ကလေးပဲရှိသေးတယ်။
ဘယ်လိုပဲနေနေ
အမေ့မျက်လုံးထဲမှာတော့
သမီးက အလှဆုံးပဲတဲ့လေ။
သမီးပျော်ရင် အမေလည်းပျော်သလို
သမီးငိုကြွေးတဲ့အခါမှာလည်း
အမေက ပူဆွေးတတ်သေးတယ်။


မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ ကျေးဇူးဆပ်ခွင့်ပြုပါအမေ။
မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ
အမေနဲ့သမီး၊ သမီးနဲ့အမေ
ဘယ်လိုဘဝမှာပဲနေနေ
အမြဲထာဝရ အမေ့ရဲ့သမီးဘဝ
ရပါရစေ မာတာမိခင် မွေးမေမေ။…..။
Rhyme (10:45 PM)

7 comments:

မယ် said...

Rhyme ရေ...
ကဗျာလေးကအရမ်းကောင်းတယ်...
ှဆက်ရေးပါဦး...
(မယ်)

မသက်ဇင် said...

လောကရဲ့ဇာတ်ခုံမှာ
ဘဝအဖုံဖုံနဲ့ လှုပ်ရှားရင်း
ကယ်မလိုနဲ့ ဖယ်ခွာ
ကူမလိုနဲ့ ရှုတ်ချ
ဝမ်းနည်းသယောင်နဲ့ ဟားတိုက်ကြတဲ့
တချို့တချို့သော လူတွေရဲ့
ဟန်ဆောင် မျက်နှာဖုံးအတုတွေအကြောင်း
မေမေကိုယ်တိုင် သိစေခဲ့တယ်။

Rhyne---တဲ့လား
မိခင်မေတ္တာကို ရိုးရိုးလေး ဖွဲ့ထားတာပါ--
ပထမဆုံးဖတ်တာပါ---
မေမေ့ ကျေးဇူးကို သတိတရ ကဗျာရေးသူ
တွေရဲ့ စိတ်နှလုံးသားဟာ နူးညံ့ကြပါတယ်--
ကိုယ်ကတလှည့် မိခင်ဖြစ်လာမှာမို့---
နူးညံ့သိမ်မွေ့သော မေမေ ကဗျာများ
ဆက်လက်ရေးသားနိုင်ကြပါစေ--
ခင်မင်လျက်
မသက်ဇင်

Anonymous said...

အနှိုင်းမဲ့ မေတ္တာရှင် ဆိုတဲ့ မေတ္တာဘွဲ့ကဗျာလေးကို ဖတ်ရှုခံစားမိတဲ့အခါ ကဗျာရှင်ရဲ့ မိခင်အပေါ်မြတ်နိုးတန်ဖိုးထားပုံကို ၀မ်းမြောက်ဝမ်းသာခံစားမိပြီး ကြည်နှုးပီတိဖြစ်မိပါတယ်၊ မိဘမေတ္တာဆိုတာကို ကျွန်တော်တို့ ဖွဲ့ဆိုသီကုံးတိုင်း ဘယ်တော့မှ ဆုံးခန်းမတိုင်သလို ဘယ်တော့မှလည်း မရိုးအီနိုင်ပါဘူးဗျာ။

အသီအကုံးအဖွဲ့အနွဲ့နဲ့ ကဗျာလေးရဲ့ရသက ဆွဲဆောင်အားသိပ်ကောင်းလွန်းတော့ အိမ်မက်ရှင်ကိုယ်တိုင် ကဗျာရှင်နဲ့ ထပ်တူထပ်မျှ လိုက်ပါခံစားရပြီး မိဘမေတ္တာကို ပိုပိုပြီး သိမြင်ခံစားလာရပါတယ်။ ကမ္ဘာပေါ်က မိခင်တိုင်းရဲ့ ထပ်တူညီတဲ့ မေတ္တာကို ပိုပိုပြီးနားလည်သဘောပေါက်လာအောင် ဖွဲ့နွဲ့သီကုံးတဲ့ ကဗျာရှင်ကို အထူးလေးစားဂုဏ်ယူ ပြီး ကျေးဇူးအထူးလည်း တင်နေမိပါကြောင်းခင်ဗျား။

ခင်မင်လေးစားစွာဖြင့်

Chaos said...

ကဗျာကောင်းတယ်

တားမြစ် ထားသော... said...

အလုပ်တွေ အရမ်းများတဲ့ကြားကနေ အခုလို ကျွန်တော် နားပူနားဆာလုပ်တာကို မေတ္တာနဲ့ မျှဝေပေးလို့ ကျေးဇူးပါ။

ကဗျာကတော့ အမေကိုလွမ်းတမ်းတနေတာ။ ကိုယ်တိုင်တောင် ဖတ်နေရင်းနဲ့ အမေ့အပေါ် တာဝန်မကျေတာတွေအတွက် ရှက်မိသလိုလိုဗျ။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

Rhyme ရေ ကျနော်တို့အားလုံးမှာ ရဲရင့်စေသော၊ ခွန်အားဖြစ်စေသော ထို့ထက် ဇွဲမာန် ပြည့်စေသော စကားလုံး တစ်ခုရှိတယ် အဲဒါ “အမေ” လို့ လှိုက်လှိုက်လှဲလှဲ ခေါ်ရတဲ့ အရာပါပဲ ။ ကဗျာလေးကို ဖတ်ပြီး အမေ့ကို လွမ်းသွားပါတယ် ခင်ဗျာ ။

Anonymous said...

အရေအတွက်က အဓိကလား
အရည်အချင်းက အဓိကလား
ချစ်သောနှမလေး Rhyme ဟာ မဟာ့မဟာ ကဗျာဆရာဆိုတာ ဒီတစ်ပုဒ်တည်းနဲ့တင် လုံလောက်ပါတယ်
ကဗျာကောင်းကောင်းတစ်ပုဒ်အကြောင်းပြောတဲ့အခါ
ဒီကဗျာဟာ ရှေ့ ဆုံးကပါ ပါလိမ့်မယ်။